ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုံးလွှတ်တင်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေသလား
မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံးယမ်း အနီးမှာရှိတဲ့ နေရာတခုကနေ ဒုံး ဒါမှမဟုတ် ဂြိုဟ်တုတလုံး လွှတ်တင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။
ဒီဓာတ်ပုံတွေဟာ ဂြိုဟ်တုကနေ ရိုက်ကူးထားတယ်ဆိုပြီး အမေရိကန် လူထုရေဒီယို ကွန်ရက် အန်ပီအာရ်က ထုတ်ပြန်ပါတယ်။
ပဲ့ထိန်းစနစ်နဲ့ ပစ်ခတ်ရတဲ့ တိုက်ချင်းပစ်ဒုံးတွေ၊ ဒုံးကျည်တွေ ထားရှိတဲ့ ဆန်အွမ်ဒေါင် ဆိုတဲ့ နေရာမှာ ဂြိုဟ်တု ဒါမှမဟုတ် ဒုံးတွေ စမ်းသပ်မယ့် လှုပ်ရှားမှုတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။
ဆန်အွမ်ဒေါင် အနီးမှာ ကြီးမားတဲ့ ယာဉ်တွေ ဥဒဟို သွားလာ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ အရင်က ဒုံးတွေ ပစ်လွှတ်ရင် အခုလိုပဲ သွားလာ လှုပ်ရှားမှုများတာကို တွေ့ခဲ့ရတဲ့ သာဓက တွေရှိခဲ့ဖူးပါတယ်။
မြောက်ကိုရီးယားမှာ အဓိက ဂြိုဟ်တု နဲ့ ဒုံးအင်ဂျင်တွေ စမ်းသပ်ပစ်လွှတ်နေတဲ့ ဆိုဟေး ဒုံးပျံလွှတ်တင်ရေးစခန်းမှာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ ခဲ့ပြီး ရက်ပိုင်းမှာပဲ အခုလို ဓာတ်ပုံတွေ ထပ်မံ ထပ်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆိုဟေးစခန်းကို ဖျက်သိမ်းဖို့ မြောက်ကိုရီးယားက စတင်လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်နဲ့ ဆွေးနွေး ပြောဆိုမှု ရှေ့မဆက်နိုင်လို့ ရပ်တန့်ထားခဲ့ပါ တယ်။
ဆိုဟေး ဆိုတဲ့နေရာက ဂြိုဟ်တုတွေ အင်ဂျင်တွေ စမ်းသပ်ဖို့ အသုံးပြုတဲ့နေရာ ဖြစ်ပြီး ပဲ့ထိန်း စနစ်နဲ့ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကိုတော့ တခါမှ မစမ်းသပ်ခဲ့ဖူးပါဘူး။
ဒီနေရာမှာရှိတဲ့ ဒုံးတွေ ပစ်လွှတ်တဲ့နေရာကို ပြင်ဆင် တည်ဆောက်မှုတွေ လုပ်နေတယ်ဆိုတဲ့ ဓာတ်ပုံတွေကို အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ကျွမ်းကျင်တဲ့ အဖွဲ့တွေ၊ တောင်ကိုရီးယား ထောက်လှမ်းရေးတို့က ဒီသတင်းပတ် အတွင်းမှာ ထုတ်ပြန်ခဲ့ ပါတယ်။
မြောက်ကိုရီးယား အရေး လေ့လာသုံးသပ်သူတွေက အခုလုပ်ဆောင်မှုတွေက ဒုံးထက် ဂြိုဟ်တု လွှတ်တင်ဖို့ ဖြစ်နိုင်ချေများတယ်လို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ ဒီသတင်းပတ် အစောပိုင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သမ္မတ ထရမ့်ကို ပေးထားတဲ့ ကတိကဝတ်တွေ အတိုင်း လုပ်ဆောင်တာ မတွေ့ရဘူး လို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။
ဘီဘီစီရဲ့ တောင်ကိုရီးယား ဆိုလ်း အခြေစိုက် သတင်းထောက် လော်ရာ ဘစ်ကာ က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ သမ္မတ ထရမ့်နဲ့ ခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ တွေ့ဆုံပွဲ မအောင်မြင်ဖြစ်ခဲ့ရပြီးတဲ့နောက် အခုလို လုပ်ဆောင်ချက်တွေက မြောက်ကိုရီးယားက အမေရိကန်ကို စမ်းသပ်တဲ့ သဘောလို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ အခု စမ်းသပ်ရာမှာ သုံးနေတဲ့ ဒုံးတွေက တာဝေးပစ် ဒုံးတွေ ဖြစ်ပုံမရဘဲ ဂြိုဟ်တု လွှတ်တင်ရာမှာ သုံးတဲ့ ဒုံးတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြနေတဲ့အကြောင်း သူက ပြောပါတယ်။
မြောက်ကိုရီးယား အနေနဲ့ လက်နက် စမ်းသပ်တာတွေ ပြန် လုပ်ရင် အရမ်းကို စိတ်ပျက်မိမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၈ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
အဲဒီနေ့မှာပဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကလည်း သူနဲ့ သမ္မတထရမ့်တို့ ဟနွိုင်းမှာ တွေ့ဆုံမှုက နေ သဘောတူညီချက် တစုံတရာ မရနိုင်ခဲ့ဘူးလို့ သူ့ ပြည်သူတွေကို ချပြခဲ့ပါတယ်။
သမ္မတထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဗီယက်နမ်မှာ တွေ့ဆုံခဲ့ကြရာမှာ အမေရိကန်ဘက်က ချမှတ် ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု မရုပ်သိမ်းမီ မြောက်ကိုရီးယားဘက်က နျူကလီးယားအစီအစဉ်တွေ ဘယ်လောက်အထိ ဖျက်သိမ်းဖို့ ဆန္ဒရှိနေသလဲ ဆိုတဲ့အပေါ်မှာ သဘောထား ကွဲလွဲခဲ့ပြီး တစုံတရာ သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က နျုလက်နက်ဖျက်သိမ်းရေးအတွက် တစုံတရာ တိုးတက်အောင်မလုပ်ဆောင်နိုင်ဘူး ဆိုရင် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်ရင်ဆိုင်းရ နိုင်တယ်လို့ ပြောပါတယ်။
၂၀၁၈ မှာ အမေရိကန် သမ္မတထရန့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ပထမဆုံအကြိမ် တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားက နျူကလီးယားလက်နက်ဖျက်သိမ်းဖို့ ဂတိပေးခဲ့ပေမယ့် တိုးတက်မှု မရှိသလောက် ဖြစ်နေခဲ့ပါတယ်။