ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့်-ကင် ဆွေးနွေးပွဲ သဘောတူညီမှု မရဘဲ အဆုံးသတ်
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲဟာ တစ်စုံတစ်ရာ သဘောတူညီချက် မရဘဲ အဆုံးသတ်ခဲ့တယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
"အခု တစ်ခေါက်မှာ သဘောတူညီချက် မရခဲ့ပါဘူး၊ ဒါပေမယ့် နှစ်ဖက်စလုံး အနာဂတ်မှာ ဆက်လက်ဆွေးနွေးကြဖို့ ရည်ရွယ်ထားကြပါတယ်" လို့ အိမ်ဖြူတော် ပြောခွင့်ရ ဆာရာဆန်းဒါ့စ်က ကြေညာချက်မှာ ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်က ခက်ခဲတဲ့ အရေး ကိစ္စ တစ်ခု ဖြစ်တဲ့ နျူကလီးယား ကင်းစင်ရေး အတွက် ခေါင်းဆာင်နှစ်ဦးက သတောတူညီချက် တစ်ခုခု ကြေညာနိုင်ဖို့ မျှော်လင့်ခဲ့ကြတာပါ။
ထိပ်သီးဆွေးနွေးပွဲကို သူတက်ရောက်လာခဲ့တာက မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး အတွက် ဆန္ဒရှိ ကြောင်း ပြသရာ ရောက်တယ်လို့ မစ္စတာ ကင်က ပြောပါတယ်။
မြောက်ကိုရီးယားက သူတို့ အပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆန္ဒရှိပေမယ့် အမေရိကန် အနေနဲ့ ဒါကို အခု လောလောဆယ်မှာ လိုက်လျော မပေးနိုင်သေးဘူးလို့ သမ္မတ ထရမ့်က ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
"တစ်ခါတစ်ရံ မှာ ဒီလို ပဲ (ဆွေးနွေးပွဲကနေ) ထွက်ရတာတွေ ရှိတယ်၊ အခုက အဒီလို ဖြစ်ခဲ့တာပါ" လို့ ဆွေးနွေးပွဲ ၂ နာရီ စောပြီး အဆုံးသတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်က မှတ်ချက်ပြုပါတယ်။
တတိယအကြိမ် ထိပ်သီးပွဲ ကျင်းပဖို့ကိုတော့ လောလောဆယ် အစီအစဉ် မသတ်မှတ်ရသေးဘူးလို့ မစ္စတာ ထရမ့်က ဟနွိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဗီယက်နမ်ထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့ (နောက်ဆုံးနေ့) ဆွေးနွေးပွဲ မစတင်ခင်မှာတော့ မြောက်ကိုရီးယား နျူကလီးယား အရေး သဘောတူညီမှု ရဖို့က မြန်ဆန်ဖို့ မလိုဘဲ မှန်ကန်ဖို့သာ လိုတယ်လို့ သမ္မတထရမ့်က ပြောဆိုထားပါတယ်။
"ကျွန်တော့်မှာသာ (နျူကလီးယား ဖြုတ်သိမ်းဖို့) ဆန္ဒ မရှိရင် ဒီနေရာကို ရောက်ကိုမလာဘူး" လို့ ဆွေးနွေးပွဲ နောက်ဆုံးရက် ဖြစ်တဲ့ ကြာသပတေးနေ့ အစောပိုင်းမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ထိပ်သီးပွဲ နောက်ဆုံးရက် အစီအစဉ်မှာ "ပူးတွဲ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနား" နဲ့ ခေါင်းဆောင် နှစ်ဦးရဲ့ အလုပ်သဘော နေ့လယ်စာ စားပွဲ ပြုလုပ်မယ့် အစီအစဉ်တွေ ထည့်သွင်းထားပေမယ့် အဆုံးမှာတော့ အဲဒီ နှစ်ခုစလုံးကို ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် အခု ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲ ကလည်း ပြီးခဲ့တဲ့ ပထမအကြိမ် စင်္ကာပူ ဆွေးနွေးပွဲ တုန်းကလိုပဲ ခေါင်းဆောင် နှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိရှိ ဆွေးနွေးနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။. စင်္ကာပူ ဆွေးနွေးပွဲ တုန်းက ခိုင်မာတဲ့ သဘောတူညီချက် ရလဒ် ထွက်ပေါ်မှု အားနည်းခဲ့လို့ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပြီး ဟနွိုင်း ထိပ်သီးပွဲမှာတော့ နျူကလီးယား ဖြုတ်သိမ်းရေး အတွက် ညှိနှိုင်းဆွေးနွေးမှုက ခရီးပေါက်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။
မြောက်ကိုရီးယား အရေးမှာ နှစ်ဖက်စလုံးက ဆိုလိုတဲ့ နျူကလီးယား ဖြုတ်သိမ်းရေး အဓိပ္ပာယ် ဖွင့်ဆိုမှုမှာ မသေချာ မရေရာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေ မရုပ်သိမ်းမီ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်တွေ တစ်ဖက်သတ် စွန့်လွှတ်ပေးရမယ်လို့ ဝါရှင်တန်အစိုးရဘက်က အရင်က ဆိုထားပါတယ်။ ဒါကလည်း မြောက်ကိုရီးယား အတွက် လက်ခံနိုင်ဖို့ ခက်ခဲမယ့် အခြေအနေဖြစ်နေပါတယ်။
"ကျွန်တော့် အတွက်တော့ ဒါက သိပ်ကို သေချာတဲ့ အချက်ပါ၊ (မြောက်ကိုရီးယားရဲ့) နျူကလီးယား လက်နက်တွေကို ဖြုတ်ချင်ပါတယ်" လို့ အခု သတင်းစာရှင်းလင်းပွဲမှာလည်း သမ္မတ ထရမ့်က ပြောသွားခဲ့ပါတယ်။
"အမေရိကန် အနေနဲ့ အခြား ရွေးချယ်စရာတွေ ရှိခဲ့ပေမယ့် အခု အချိန်မှာ တခြား နည်းလမ်း တစ်ခုခု မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်"လို့ သမ္မတ ထရမ့်က ပြောပါတယ်။
ဒါပေမယ့် အခု ဆွေးနွေးပွဲကို သမ္မတ ထရမ့် က အကောင်းမြင် ပါတယ်။ အနာဂတ်မှာ ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်မယ် အကောင်းဆုံး အနေအထေား တစ်ခုနဲ့ ထိပ်သီးပွဲက ပြီးဆုံးခဲ့တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
ဟနွိုင်း ဆွေးနွေးပွဲ အပေါ် မျှော်လင့်ချက်တွေ မြင့်မားခဲ့ပြီး သဘောတူချက် ထွက်မလာတဲ့ အနေအထား ဖြစ်ခဲ့ပေမယ့် ဒီ ဒုတိယအကြိမ် ထိပ်သီးပွဲက အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုလို့တော့ ဆိုနိုင်ပါတယ်။
၂၀၁၇ ခုနှစ် တုန်းကတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ "ဒုံးပျံလူလေး"၊ "စိတ်ဖောက်ပြန်နေတဲ့ လူကြီး" အစရှိသလို တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် စကားစစ်ထိုး ခဲ့ကြတာပါ။
ဒါပေမယ့် အခု အချိန်မှာတော့ မစ္စတာ ကင်နဲ့ သူနဲ့ ကြား ဆက်ဆံရေး ခိုင်မာနေပြီး မစ္စတာကင်က ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ ဟနွိုင်း ထိပ်သီးပွဲအပြီးမှာ သမ္မတ ထရမ့်က ပြောပါတယ်။
ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို ထားခြင်း မရှိသေးဘဲ စစ်ဆိုင်းကာလ သဘောသာ ဖြစ်နေသေးတဲ့ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲ တရားဝင် အဆုံးသတ်ကြောင်း ကြေညာနိုင်ဖို့ကိုလည်း ဒီထိပ်သီးပွဲ မတိုင်ခင်တုန်းကတော့ ယူဆခဲ့ကြပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်ရဲ့ ဗဟိုချက်မ ဖြစ်တဲ့ အငြင်းပွားဖွယ် ယုံဗြောင်း နျူးကလီးယား စက်ရုံကို ဖျက်ဆီးပေးမယ် ဆိုတဲ့ မစ္စတာ ကင်ရဲ့ ကတိစကားကို မျှော်လင့်ခဲ့ကြတာတွေလည်း ရှိပါတယ်။