မြောက်ကိုရီးယား ဆိုဟေး ဒုံးကျည် စခန်း ပြန် ဆောက်နေ

ဓာတ်ပုံ ရင်းမြစ်, AFP
ဖြိုဖျက်နေပြီလို့ မြောက်ကိုရီးယားက ကြေညာထားတဲ့ ဆိုဟေး နျူကလီးယား စခန်းမှာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နေတာကို ကောင်းကင် ဂြိုဟ်တု ဓာတ်ပုံတွေက ညွှန်ပြနေတယ်လို့ လေ့လာသူတွေက ပြောလိုက်ပါတယ်။
နျူကလီးယား လက်နက်ဖြုတ်သိမ်းရေး သဘောတူညီမှု မရခဲ့ဘဲ အဆုံးသတ်ခဲ့ရတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန် ထိပ်သီး ဆွေးနွေးပွဲ အပြီး ၂ ရက် အကြာမှာ ဓာတ်ပုံတွေကို ရိုက်ယူခဲ့တယ် ဆိုပါတယ်။
ဆိုဟေး စခန်းကို အရင်က ဂြိုဟ်တု ပစ်လွှတ်ဖို့နဲ့ စက်အင်ဂျင် စမ်းသပ်တာတွေ အသုံးပြုခဲ့ပြီး ပဲ့ထိန်း ဒုံးကျည် ပစ်လွှတ်မှု အတွက်တော့ အသုံးမပြုခဲ့ပါဘူး။
ဒီစခန်း ဖြိုဖျက်မှုကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ပေမယ့် အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှု ကြန့်ကြာနေလို့ ဖျက်ဆီးမှု လုပ်ငန်းတွေ ရပ်တန့်ခဲ့ပါတယ်။
ဒီစခန်း ဖြိုဖျက်မယ် ဆိုတဲ့ ကတိက ပြုံယမ်းနဲ့ ဝါရှင်တန် ကြားက ယုံကြည်မှု တည်ဆောက်ရေး အဖြစ် ရှုမြင်ထားကြတာပါ။
တပြိုင်တည်းမှာပဲ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး အစီအစဉ်တွေ ဆက်လက် ဆောင်ရွက်တာ မရှိတော့ရင် အရေးယူ ပိတ်ဆို့တာတွေ ထပ်တိုးလာနိုင်တယ် ဆိုပြီးလည်း အမေရိကန်က သတိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့နဲ့ အမေရိကန် အကြံပေးလေ့လာရေး အဖွဲ့ အချို့ရဲ့ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေအရ ဆိုဟေး ဒုံးကျည် စခန်းမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ အလျင်အမြန်နဲ့ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ဆိုဟေး စခန်းဟာ ၂၀၁၂ ခုနှစ်ကတည်းက မြောက်ကိုရီးယားရဲ့ အဓိက ဂြိုဟ်တုစခန်း တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ အရင်က အမေရိကန် နယ်နိမိတ် အထိ ရောက်နိုင်တဲ့ ဒုံးကျည် အင်ဂျင် စမ်းသပ်မှု တွေ ပြုလုပ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲဒီ စခန်းမှာ ရန်လိုတဲ့ အပြုအမူကို ထင်ရှားစေတဲ့ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်မှုတွေကိုတော့ မပြုလုပ်ခဲ့ဖူးပါဘူး။
"ရှုမြင်ပုံ ကွဲပြားမှုက အရေးကြီးပါတယ်" လို့ စောင့်ကြည့်လေ့လာရေး အဖွဲ့ 38 North ရဲ့ အမှုဆောင် အယ်ဒီတာ ဂျယ်နီတောင်းက ဘီဘီစီကို ပြောပါတယ်။
ပြန်လည် တည်ဆောက်ရေး လုပ်ငန်းက ဒုံးကျည် အတွက် မဟုတ်ဘဲ အရပ်သား အာကာသ လုပ်ငန်းစဉ် အတွက်လို့ မြောက်ကိုရီးယားက ရှုမြင်နိုင်တယ်လို့ သူက ဆိုပါတယ်။ အရင်တုန်းကလည်း အလားတူ အကြောင်းပြချက်မျိုး စဉ်ဆက်မပြတ် ပေးခဲ့ဖူးပါတယ်။
"အခြားတဖက်ကလည်း ဒီလို ပြန်လည် တည်ဆောက်လာတာက နျူကလီးယား ဖျက်သိမ်းရေး လုပ်ငန်းစဉ်မှာ ယုံကြည်မှု လျော့နည်းစေတယ် ဆိုပြီး ရှုမြင်နိုင်တယ်" လို့ မစ္စတောင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပိတ်ဆို့ အရေးယူမှု တိုးလာမယ် ဆိုပြီး ခြိမ်းခြောက်တာက အလုပ် ဖြစ်ပါ့မလား
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်းမှာ ၂ ရက် ကြာ ပြုလုပ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ရဲ့ ထိပ်သီး ဆွေးနွေးပွဲက သဘောတူညီမှု မရဘဲ ပြီးဆုံးခဲ့ပါတယ်။
အမေရိကန်ဘက်က မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူမှု တချို့ ရုပ်သိမ်း မပေးမီ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးကို ဘယ် အတိုင်းအတာ အထိ ဆောင်ရွက်ရမလဲ ဆိုတဲ့ အချက် အပေါ်မှာ နှစ်ဖက် ခေါင်းဆောင်တွေ ညှိနှိုင်းမရ ဖြစ်ခဲ့ပါတယ်။
နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး အစီအစဉ် တိုးတက်မှု မရှိရင် မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူမှုတွေ တိုးလာနိုင်တယ် ဆိုပြီး အင်္ဂါနေ့က ရုပ်သံ အင်တာဗျူး တစ်ခုမှာ အမေရိကန် နိုင်ငံတော် လုံခြုံရေး အကြံပေး ဂျွန်ဘော်လတန်က ပြောခဲ့ပါတယ်။
ပြုံယမ်း အစိုးရ အနေနဲ့ နျူကလီးယား ဖျက်သိမ်းရေး အပေါ် ဘယ်လောက် အာမခံ ချက် ရှိရှိနဲ့ ဆောက်ရွက်မလဲ ဆိုတာကို ဝါရှင်တန်က ဆက်လက် စောင့်ကြည့်နေပြီး အရာအားလုံးက အဲဒီ အချက် အပေါ်မှာ မူတည်နေတယ် လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား စီမံကိန်းတွေကို မစွန့်လွှတ်ရင် သမ္မတ ထရမ့် ဘက်က တုံ့ပြန်မှာက ရှင်းလင်းပါတယ် လို့လည်း မစ္စတာ ဘော်လတန်က ပြောပါတယ်။ ။ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းမှာ မဟုတ်သလို အရေးယူတာတွေ တိုးဖို့ကိုတောင် စဉ်းစားလာနိုင်တယ်လို့ သူက ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်ဘက်က မြောက်ကိုရီးယား အပေါ် အဲဒီလို ပိတ်ဆိုအရေးယူမှု အသစ်တွေ ထပ် လုပ်ခဲ့မယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက လုံးဝ ရပ်တန့် သွားနိုင်တယ် ဆိုပြီး လေ့လာသူတွေက သတိပေးပါတယ်။










