နယူးဆောက်ဝေးလ် တစ်ပြည်နယ်လုံး မိုးခေါင်

ရေးသားခဲ့သည်။

ဩစတြေးလျ နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ် ဖြစ်တဲ့ နယူးဆောက်ဝေးလ် ပြည်နယ် တစ်ခုလုံး မိုးခေါင်တဲ့ ဒဏ် ခံနေရပြီ ဆိုတဲ့ တရားဝင် သတိပေးချက် ထွက်ပေါ် လာပါတယ်။

ဩစတြေးလျ နိုင်ငံရဲ့ အရှေ့ပိုင်း ဖြစ်တဲ့ အဲဒီ ဒေသအတွက်တော့ မိုးခေါင်တဲ့ ပြဿနာကို သမိုင်းတလျှောက် အဆိုးရွားဆုံး ကြုံနေရတာပဲ ဖြစ်ပါတယ်။

နယူး ဆောက်ဝေးလ်စ် ပြည်နယ်ဟာ ဩစတြေးလျ နိုင်ငံရဲ့ စိုက်ပျိုး ထွက်ကုန်တွေ ၄ ပုံ ၁ ပုံ ထိ ထုတ်လုပ် ပေးတဲ့ နေရာ ဖြစ်ပါတယ်။

အခုတော့ အဲဒီ ပြည်နယ် တစ်ခုလုံး တနေရာမှ မကျန် အင်မတန် ခြောက်သွေ့တဲ့ ဆောင်းရာသီ ဒဏ် ခံနေရပြီး ရာခိုင်နှုန်းပြည့် မိုးခေါင် နေပြီလို့ ဩဂုတ်လ ၈ ရက်နေ့မှာပဲ ဩစတြေးလျ အာဏာပိုင်တွေက တရားဝင် သတ်မှတ် ကြေညာလိုက်ပါတယ်။

ဒီ အခြေအနေဟာ ပြည်နယ်တွင်း စိုက်ပျိုး မွေးမြူရေး သမားတွေ အတွက်တော့ အိပ်မက် ဆိုးကြီး သဖွယ် ဖြစ်နေပြီး ဇူလိုင်လထဲ တချို့ နေရာတွေမှာ ရွာတဲ့ မိုးရေချိန်ဟာ ၁ဝ မီလီလီတာတောင် မပြည့်ပါဘူး။

မွေးထားတဲ့ တိရိစ္ဆာန်တွေ အတွက် ဒေသတွင်း အစာ မလုံလောက်တော့တဲ့ အတွက် တတ်နိုင်သူ တချို့ကတော့ ကုန်ကျစားရိတ် ပိုကျခံပြီး အစာတွေ မှာယူ နေခဲ့ကြရပါတယ်။

ဒီလိုမျိုးအခြေအနေကို ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး ဆိုပြီး ပြောနေကြသလို၊ တချို့ ဆိုရင် ငတ်နေတဲ့ တိရိစ္ဆာန်တွေကို ဝေဒနာ မခံစား စေချင်တော့လို့ သေနတ်နဲ့ ပစ်သတ် ခဲ့ကြရတယ် ဆိုတဲ့ သတင်းတွေလည်း ရထားပါတယ်။

"ရာသီဥတု အကြောင်း ကျွမ်းကျင်လှပါတယ် ဆိုတဲ့ ဘယ်လို ဂုရုကြီးမှ ခုလို ရာသီဥတုမျိုး ဘယ်လောက် ကြာကြာ ဆက်ခံနေရဦးမလဲ ဆိုတာ မပြောနိုင် ကြပါဘူး။ ဒီတော့ ကျနော်တို့ အနာဂတ် အတွက် မျက်ကန်းလို ဖြစ်နေတယ်။ မိုးရွာချပါစေ ဆိုပြီး ဆုတောင်း နေယုံက လွဲပြီး ဘာမှ မတတ်နိုင်ဘူး" လို့ ဒူရီဆိုတဲ့ အရပ်က စိုက်ပျိုးရေး သမားကြီး ကိုးလ် ဘာတန်က ဆိုပါတယ်။

ဒီလို အခက်အခဲ အခြေအနေဟာ ကျေးလက်နေ စိုက်ပျိုး မွေးမြူရေး သမားတွေ အပေါ် ဘယ်လောက်တောင် ဖိစီး နေသလဲ ဆိုရင် ကျေးလက် အရပ်တွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတဲ့ နှုန်းဟာ မြို့ပြနဲ့ နှိုင်းယှဉ်ရင် ၄ဝ ရာခိုင်နှုန်း မက ပိုပြီး များပြား နေတယ်လို့ Sane Australia လို့ ခေါ်တဲ့ စိတ်ကျန်းမာရေး အဖွဲ့က ဆိုပါတယ်။

ဩစတြေးလျ နိုင်ငံမှာ အခုလို ကြုံတွေ့နေရတာ နယူးဆောက်ဝေးလ်စ် ပြည်နယ် တစ်ခုတည်းတင်မက ကပ်လျက် ရှိနေတဲ့ ကွင်းစ်လန် ပြည်နယ်မှာ ဆိုရင်လည်း ပြည်နယ်ရဲ့ ထက်ဝက်ကျော် အလားတူ မိုးခေါင်တဲ့ ဒဏ် ခံနေရသလိုပဲ၊ ဗစ်တိုးရီးယားနဲ့ ဆောက်သ် ဩစတြေးလျ ပြည်နယ်တွေရဲ့ နေရာ တချို့မှာလည်း အင်မတန် ခြောက်သွေ့တဲ့ ရာသီဥတုဒဏ် ခံနေရပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲတဲ့ ပြဿနာလိုပဲ အခု ဩစတြေးလျ နိုင်ငံ ကြုံနေရတာကလည်း လူတွေရဲ့ ပယောဂကြောင့် သဘာဝ ပျက်စီး၊ အဲဒီ ကနေမှ ရာသီဥတု ဖောက်ပြန် ဆိုတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ လူတွေရဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏ မြင့်လာတဲ့ အပေါ် သိပ္ပံပညာရှင်တွေက ထောက်ပြ နေကြပါတယ်။

ဒီပြဿနာဟာ ရေရှည် ကိုင်တွယ် သွားရမှာ ဖြစ်သလို၊ လောလောဆယ်မှာတော့ စိုက်ပျိုး မွေးမြူရေး သမားတွေကို ပေးနေတဲ့ တစ်နှစ် ထောက်ပံ့ငွေ ဩစတြေးလျ ဒေါ်လာ တစ်သောင်း ခြောက်ထောင် အပေါ်မှာ နောက်ထပ် ဒေါ်လာ တစ်သောင်း နှစ်ထောင်ထိ ထပ်ဆောင်း ပေးမယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွမ် တန်းဘူးလ်က ကြေညာထားပါတယ်။