ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုကျို ဆေးတက္ကသိုလ်က အမျိုးသမီး ဝင်ခွင့် တင်းကျပ်
ဂျပန်နိုင်ငံမှာ နာမည်အကြီးဆုံး ဆေးကျောင်းတွေ ထဲမှာ ပါတဲ့ တက္ကသိုလ် တခုမှာ ကျောင်းသူ လက်ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ဝေဖန်နေကြပါတယ်။
ကျောင်းသူ အရေအတွက်ကို ၃ဝ ရာခိုင်နှုန်းအောက်မှာ ရှိအောင် ၂ဝ၁၁ က စပြီး တိုကျို ဆေးတက္ကသိုလ်က ဝင်ခွင့် စာမေးပွဲ ရလဒ်တွေကို ပြင်ပစ်တယ်ဆိုပြီး ယိုမီယူရီရှင်ဘွန်း သတင်းစာ က ရေးသားပါတယ်။
ဒီလို ခွဲခြား ဆက်ဆံတယ် ဆိုတဲ့ သတင်းထွက်နေတာကို စုံစမ်း စစ်ဆေးမယ်လို့ ပုဂ္ဂလိက ဆေးတက္ကသိုလ်ဘက်က တုံ့ပြန်ပါတယ်။
ဒီအရှုပ်တော်ပုံ ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန် အစိုးရကို အင်တာနက်မှာ ပြစ်တင်နေကြပါတယ်။
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက လုပ်ငန်းခွင်မှာ အမျိုးသမီး ဦးရေတိုးလာအောင် ကြိုးစားမယ်လို့ ကြေညာထားတာကို ဒီကိစ္စက ပြောင်လှောင်သလို ဖြစ်နေပြီလို့ ဝေဖန်နေကြပါတယ်။
ဂျပန်ရဲ့ အကြီးဆုံး သတင်းစာကြီး ဖြစ်တဲ့ ယိုမီယူရီရှင်ဘွန်းကနေပြီး ဒီဝင်ခွင့် စာမေးပွဲအကြောင်း သတင်းကို ဖော်ပြလိုက်ပြီးနောက် ဂယက်ရိုက်သွားတာ ဖြစ်ပါတယ်။
အမျိုးသမီးဘွဲ့ရတွေက ကျန်းမာရေး လုပ်ငန်းခွင်မှာ တကယ်ဝင်မလုပ်ကြတာတွေ ရှိလို့ ဒီလို ကျောင်းသူ အရေအတွက် လျှော့ဖို့ အာဏာပိုင်တွေ တိတ်တဆိတ် နားလည်မှု ယူထားတယ် ဆိုပြီး အမည်မဖော်တဲ့ ရင်းမြစ်တွေကို ကိုးကားပြီး သတင်းစာက ဖော်ပြပါတယ်။
အမျိုးသမီးတွေဟာ ဆေးကျောင်းကို ပြီးအောင်မတက်ကြတာ၊ ဆရာဝန်ဖြစ်သွားပြီးနောက်ပိုင်း အိမ်ထောင်ကျတဲ့အခါမှာလည်း ဆေးကုတဲ့အလုပ်ကို စွန့်လွှတ်သွားကြတာကြောင့် အဲဒီ ဆေးတက္ကသိုလ်က အဲလို လုပ်တာလို့လည်း သတင်းတွေ က ရေးပါတယ်။
ဒီလို ဝင်ခွင့်တွေ မကန့်သတ်ခင်က ကျောင်းသူ အရေအတွက်က ၄ဝ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီနှစ်ဆန်းမှာ ကျောင်းဝင်ခွင့် နှစ်ခါ လက်ခံပြီးတဲ့နောက် ကျောင်းသူ ၃ဝ ပဲ လက်ခံပြီး ကျောင်းသားက ၁၄၁ ယောက် ရှိတယ်လို့လည်း သတင်းစာက ရေးပါတယ်။
ရှင်ဇိုအာဘေး လက်ထက် စီးပွားရေး မူအနေနဲ့ အမျိုးသမီး အလုပ်သမား ပိုများလာရေးကို နှိုးဆော်နေချိန်မှာ ဒီသတင်း ထွက်ပေါ်လာတာပါ။
ပညာရှင် အမျိုးသမီး အလုပ်သမား ဦးရေက အစဉ်အလာအားဖြင့် ဂျပန်မှာ နည်းပါတယ်။
ရာထူးကြီးတွေနဲ့ မန်နေဂျာ အဆင့်၊ နောက် ဥပဒေပြု လွှတ်တော်အမတ် ၁၂ ရာခိုင်နှုန်းပဲ အမျိုးသမီးတွေ ရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
အင်တာနက်မှာ ကြိုက်နှစ်သက်သူ သုံးသောင်းလောက် ရှိတဲ့ မှတ်ချက် တခုကဆိုရင် ခေတ်ကုန်နေတဲ့ စိတ်ဓာတ်တွေ လို့တောင် ရေးပါတယ်။
ဒီတက္ကသိုလ် ခံစားနေတဲ့ အခွင့်အရေးတွေကို ရုပ်သိမ်းသင့်တယ်လို့တောင် ရေးသူ ရှိပါတယ်။
အဆင့်မြင့် ပညာရေး အရာရှိကြီး တယောက်သားကို တိုကျို ဆေးတက္ကသိုလ်က တက္ကသိုလ်ဝင်ခွင့် အမှတ်တိုးပေးပြီး သူ့ဆီကနေ တက္ကသိုလ်အတွက် ငွေကြေး အထောက်အပံ့တွေ ရအောင် ကြိုးစားတယ် ဆိုပြီး စွပ်စွဲမှုတွေကို ဖြေရှင်း နေချိန်မှာ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။
ဒီအရာရှိကြီးကိုလည်း အရင်လကတည်းက ဖမ်းထားပါတယ်။