ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိလစ်ပိုင် အပူပိုင်းမုန်တိုင်းကြောင့် လူ၁၀ဝကျော်သေဆုံး
တန်ဘင်မုန်တိုင်းကြောင့် မင်ဒါနာအိုကျွန်းမှာ ရေကြီးမြေပြိုတာတွေဖြစ်ခဲ့ပါတယ်။
တူဘို့နဲ့ ပိုင်ဂပို မြို့နှစ်မြို့မှာတော့ ဆိုးဆိုးဝါးဝါး ပျက်စီးတာတွေဖြစ်ခဲ့ပြီး အိမ်တော်တော်များများဟာ ကျောက်တုံးတွေအောက် မြေမြှုပ်သလို ဖြစ်ခဲ့ပါတယ်။
တန်ဘင်မုန်တိုင်းတိုက်ခတ်မှုဟာ လေတိုက်နှုန်း ၈၀ကီလိုမီတာအထိ မင်နာဒါအိုကျွန်းကို ဖြတ်တိုက်ခဲ့ပြီး အခုအခါမှာ တောင်ပိုင်း ပလာဝမ်ကို ဦးတည်နေပါတယ်။
ဖိလစ်ပိုင်ဟာ ဒီလို ဆိုးဆိုးဝါးဝါး အပူပိုင်းမုန်တိုင်းတွေကို ပုံမှန်တိုက်ခတ်ကြုံတွေ့ရလေ့ ရှိပေမယ့် မင်ဒါနာအိုကျွန်းအတွက်ကတော့ တခါတလေမှ ဒီလို ကြုံတွေ့ရတာပါ။
ဖိလစ်ပိုင်မှာတော့ ဗင်တာမုန်တိုင်းလို့ လူသိများတဲ့ တန်ဘင်မုန်တိုင်းဟာ သောကြာနေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တချို့နေရာတွေကို အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
ဖိလစ်ပိုင်နေ့စဉ် အင်ကွာရီ သတင်းစာက သဘာဝစီမံခန့်ခွဲမှု အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး လာနီယိုဒီနော့မှာ ၆၂ယောက်၊ ဇမ်ဘိုဂါ မှာ ၄၆ယောက်နဲ့ လာနိုဒီဆာမှာ ၁၈ ယောက် အနည်းဆုံး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တူဘို့ ရဲအရာရှိ တဦးဖြစ်တဲ့ ဂါရီပါရမီကတော့ အေအက်ပီ သတင်းဌာနကို လာနိုဒီဆာမှာ ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူက မြစ်ကမ်းဘေးက နေအိမ်အတော်များများ ရေနဲ့မျောပါသွားပြီး ။ ရွာတွေ မရှိလောက်တော့ လို့ဆိုပါတယ်။
စေတနာ့ဝန်ထမ်းကယ်ဆယ်ရေး သမားတွေဟာ ရွှံတွေထဲကနေ အလောင်းတွေကို တူးဖော်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှုတွေကြောင့်လည်း ကယ်ဆယ်ရေးကို ပိုပီးနှောင့်နှေးစေပါတယ်။
ဒီတန်ဘင်မုန်တိုင်းဟာ ပလာဝမ် တောင်ပိုင်းအစွန်းကနေ နောက်သုံးရက်အတွင်း ဗီယက်နမ်တောင်ပိုင်း ကို ရောက်မယ်လို့ ခန့်မှန်းကြပါတယ်။