အသက် ၉၁ အရွယ်မှာ တက္ကသိုလ်က ဘွဲ့ ရတဲ့ ထိုင်းဘွားဘွား

အသက် ၉၁ အရွယ် ထိုင်း နိုင်ငံက ဘွားဘွား Kimlan Jinakul တက္ကသိုလ် ဘွဲ့ ရယူ
ဓာတ်ပုံ ပုံစာ, ဒီနှစ်မှာ ဘွဲ့ယူကြတဲ့ ကျောင်းသား ထောင်ချီထဲမှာ Kimlan ကတော့ ထူးခြားနေပါတယ်။
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံက အသက် ၉၁ နှစ် အရွယ် အဘွား တယောက်ဟာ ၁၀ နှစ်ကျော် ကြိုးစားပြီးနောက်မှာ တက္ကသိုလ် ဒီဂရီကို အရယူနိုင်ခဲ့ပါတယ်။

Kimlan Jinakul အမည်နဲ့ အဲဒီ အဘွားဟာ ငယ်ငယ်တုန်းကတည်းက တက္ကသိုလ်တက်ခဲ့ချင်ပေမယ့် ငယ်ရွယ်တဲ့ အမျိုးသမီးငယ်ဘဝမှာ အခွင့်အရေးမရခဲ့ဘူးလို့ ဆိုပါတယ်။

ပညာသင်ကြားဖို့ ဆိုတာမှာ အိုတယ်လို့ မရှိဘူးလို့ ဘီဘီစီ ထိုင်းဌာနက Watchiranont Thongtep နဲ့ မေးမြန်းခန်းမှာ ဘွားဘွား Kimlan Jinakul က ပြောခဲ့ပါတယ်။

ဘွားဘွား Kimlan Jinakul ဟာ ပညာရေး အရေးပါပုံကို နားလည်ပြီး သူ့ ကလေးတွေ ပညာသင်ကြားခွင့်ရဖို့ကို အလိုရှိခဲ့ပါတယ်။ သူ့ရဲ့ သားသမီး ၅ ယောက်ထဲမှာ ၄ ယောက်က မဟာဘွဲ့ရထားပြီး ၁ ယောက်က ဆိုရင် အမေရိကန်နိုင်ငံက ပါရဂူဘွဲ့ ရယူထားပါတယ်။

သားသမီးတွေ ပညာရေး ပန်းတိုင် အောင်မြင်မှုတွေကလည်း ဘွားဘွား Kimlan Jinakul ကို တက္ကသိုလ် ပညာ သင်ယူဖို့ တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် မှာတော့ ဆေးရုံမှာ အလုပ်ဝင်နေပြီ ဖြစ်တဲ့ သူ့ သမီးတယောက်က Sukhothai Thammathirat အလွတ်တမ်း တက္ကသိုလ်က အတန်း ၁ ခု မှာ ပညာသင်ကြားရာမှာ ဘွားဘွား Kimlan Jinakul ကလည်း အတူ လိုက်ပါတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ ဒီ သင်တန်းကို စတင် ကျောင်းအပ်ခဲ့တုန်းက အသက် ၇၂ နှစ် ပါ။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ သူနဲ့ အတူ သင်တန်းတက်နေတဲ့ သမီးဖြစ်သူ သေဆုံးသွားခဲ့လို့ နှစ် အနည်းငယ်အကြာ ကျောင်းနားခဲ့ရပါတယ်။

အသက် ၈၅ နှစ် အရွယ်မှာတော့ ဒုတိယ အကြိမ် ကျောင်းပြန်ဝင်ခဲ့ပြီး Human Ecology ဘာသာရပ်ကို အထူးပြု သင်ယူခဲ့ပါတယ်။ အဲဒီ ဘာသာရပ်က ဘဝမှာ ဘယ်လို ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်သလဲ ဆိုတာ သူ့ကို သင်ကြားပေးနိုင်လို့ ဖြစ်ပါသတဲ့။

ဘွားဘွားရဲ့ တက္ကသိုလ် ပညာရေးလမ်းကြောင်းမှာ စာမေးပွဲတွေ ကျရှုံးလို့ ပြန်ဖြေခဲ့ရတာတွေလည်း ရှိတယ် ဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဘဝတခုလုံးနီပါးစောင့်ဆိုင်းခဲ့ရတဲ့ တက္ကသိုလ်ဘွဲ့ကို အောင်အောင်မြင်မြင်နဲ့ သူ အရယူနိုင်ခဲ့ပါတယ်။ အောင်မြင်မှုအတွက် သူ့ရဲ့ လျှိ့ဝှက်ချက်ကတော့ ဇွဲရှိမှုနဲ့ ရည်မှန်းချက် ကြီးမားမှု ပါတဲ့။

အသက် ၉၁ အရွယ်မှာ တက္ကသိုလ်က ဘွဲ့ရတဲ့ ထိုင်း ဘွားဘွား Kimlan Jinakul ကို ဘွဲ့ယူတဲ့ နေ့မှာ မိသားစုဝင်တွေနဲ့ အတူ တွေ့မြင်ရပုံ
ဓာတ်ပုံ ပုံစာ, ဘွဲ့ယူတဲ့ နေ့မှာ မိသားစုဝင်တွေနဲ့ အတူ တွေ့မြင်ရတဲ့ Kimlan

ဘွားဘွား Kimlan Jinakul ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို သူ့ရဲ့ မိသားစုဝင် အားလုံး နီးပါး တက်ရောက်ခဲ့ကြပါတယ်။

အခုလို ဘွဲ့ရခဲ့ပေမယ့် သူ့ကို ဘယ်သူမှ အလုပ်ခန့်မှာ မဟုတ်ဘူးလို့ ဘွားဘွား Kimlan Jinakul က အရွှန်းဖောက်ပါတယ်။

သူ့ရဲ့ မြေးတွေကို ဆက်လက် ကြည့်ရှုစောင့်ရှောက်တဲ့ အလုပ်ကိုပဲ ဆက်လုပ်မယ်လို့ ဘွားဘွားက ပြောပါတယ်။