ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကို အောင်နိုင်ပြီး စိန်ခေါ်သူနဲ့ ရွှေခါးပတ် ကာကွယ်မယ့် အောင်လအန်ဆန်
စင်္ကာပူ အခြေစိုက် ONE Championship သိုင်းပေါင်းစုံ ပြိုင်ပွဲ ဟာ ကိုဗစ်ကပ် ဖြစ်ပြီး နောက်ပိုင်း ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲ အဖြစ် အောက်တိုဘာ ၃၀ ကျရင် စင်္ကာပူ မှာ ONE: Inside The Matrix အမည်နဲ့ Mixed Martial Arts သိုင်းပေါင်းစုံ ပြိုင်ပွဲ ကို ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲမှာ ONE ရဲ့ ဝိတ်တန်း ၄ ခု ကမ္ဘာ့ချန်ပီယံ လုပွဲ ရှိတဲ့ အနက်က မြန်မာ့စပါးအုံး Burmese Python အောင်လအန်ဆန်နဲ့ နယ်သာလန်က ရိုင်နာဒီရစ်ဒါ တို့ ရဲ့ မစ်ဒယ်ဝိတ်တန်းပွဲက အဲဒီည ပွဲရဲ့ ခေါင်ပွဲ အဖြစ် နောက်ဆုံးမှာ ကစားဖို့ ရှိနေပါတယ်။ အဲဒီ ပွဲ အတွက် ပြင်ဆင်နေမှုနဲ့ ကိုဗစ် ဖြစ်ပြီး ပြန်လည် တည်ဆောက်ယူရတဲ့ ကာလတွေ အကြောင်းကို ဘီဘီစီက အောင်လအန်ဆန်ကို သီးသန့် မေးမြန်း ထားပါတယ်။
ဘီဘီစီ။ ။ ကိုဗစ် ကပ်ကာလ မှာ ကိုယ်တိုင်လည်း ကိုဗစ်ရောဂါဒဏ် ခံခဲ့ရတော့ ဒါက လာမယ့် ပွဲ အပေါ် ဘယ်လောက် သက်ရောက်မှုရှိလဲ။
အောင်လအန်ဆန်။ ။ ဘီဘီစီပရိသတ်တွေ အားလုံး မင်္ဂလာပါ။ အခုလို မျိုး ပြန်ဆုံရတဲ့ အတွက် ကျွန်တော် အရမ်း ဝမ်းသာ တယ်။ အားလုံးလည်း နေကောင်းပါစေ။ ကျန်းမာပါစေ။
ကျွန်တော် ကိုယ်တိုင် ကိုဗစ် ဖြစ်တယ်။ မိသားစု၊ တစ်မိသားလုံးလည်း ကိုဗစ် ဖြစ်တယ်။ Symptoms တွကတော့ အဖျားတက်တာနဲ့ ကိုယ်ခန္ဓာ ကိုက်တယ်။ အဲဒါပြီးတော့ အသက်ရှု မဝတာ။ အဲသလောက်ပါပဲ။ တခြားတော့ အထူးအဆန်းလည်း အများကြီးတော့ မဖြစ်ပါဘူး။ အမျိုးသမီးလည်း ဘာမှ မဖြစ်ပါဘူး။ အဲဒီ အချိန်မှာ ၅ လ ရှိပြီ ဖြစ်တဲ့ ကျွန်တော်ရဲ့ ကလေး လည်း ဘာမှ မဖြစ်ပါဘူး။
ဒါပေမယ့် လေ့ကျင့်ခန်း ပြန် ဆင်းတော့ ကျွန်တော် ကောင်းကောင်းမွန်မွန် အချိန်ယူရတာပေါ့နော်။ ၂ ပတ်လောက် Cardio က သိပ်မကောင်းဘူး။ ကျွန်တော့်ရဲ့ Conditioning က သိပ်မကောင်းဘူး။ အဲ့တော့ အချိန် နည်းနည်း ယူပေးရတယ်။ ဒါပေမယ့် အဲဒီထက်တော့ အထူးလည်း ဘာမှ မဖြစ်ပါဘူး။
ဘီဘီစီ။ ။ အဲဒါက လ အပိုင်းအခြားနဲ့ ဆိုရင် ကောင်းကောင်းမွန်မွန် ကိုယ် Fit ဖြစ်နေတာ ဘယ်လောက် ကြာသွားပြီလဗျာ။
အောင်လအန်ဆန်။ ။ အဲဒါက ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လ ရှိပြီပေါ့နော်။ အခုတော့ ကောင်းကောင်းမွန်မွန် ပြင်ဆင်လို့ ရပါတယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့။ အဲ့တော့ ဒီ ၃ လ အတွင်းမှာတော့Training ပုံစံက ဘယ်လို ချ ပြီ ပြင်ဆင်လဲဗျာ။
အောင်လအန်ဆန်။ ။ အတူတူပါပဲ။ Gym တွေ ပြန်ဖွင့်ပြီ။ ကျွန်တော်တို့ ဖလော်ရီဒါမှာတော့ Stage 3 ဆိုတော့ ဖွင့်ခိုင်းပြီ။ Training လုပ် လို့ ရပြီ။ အားလုံး Normal (ပုံမှန် အနေအထား) လောက် ဖြစ်နေပြီ။
ဘီဘီစီ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ပြိုင်ဘက် အကြောင်းကို နည်းနည်း ကြည့်ရအောင်ပါဗျာ။ ပြိုင်ဘက်က ဘယ်လို ပြိုင်ဘက်မျိုးလဲ။ သူ့အကြောင်းကို ဘယ်လောက် အထိ သိထားလဲ ဗျာ။
အောင်လအန်ဆန်။ ။ Reinier de Ridder က ဂျူဂျစ်ဆု အရမ်းကောင်းတယ်။ ရှုံးပွဲလည်း မရှိဘူး။ အဲတော့ သူက Confidence အများကြီး ရှိမယ်လို့ ကျွန်တော် သိတယ်။ ယုံကြည်တယ်။ သူက ONE Championship မှာ ၃ ပွဲ စလုံး သူ ကောင်းကောင်းမွန်မွန် နိုင်ထားတယ် ဆိုတော့ သူ့ကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ပြီးတော့ ကောင်းကောင်းမွန်မွန် ကစားရမယ်လို့ ယုံကြည်တယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့ဗျာ။ ပြိုင်ဘက်က ဘယ်မှာ အခြေပြုပြီး လေ့ကျင့်တာလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ဒီပြိုင်ပွဲကို လာမလဲ ဗျာ။
အောင်လအန်ဆန်။ ။ သူက ဟော်လန်ကပေါ့နော်။ ဟော်လန်မှာက အားကစားသမား အကောင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ရဲ့ Trainer လည်း ဟော်လန်ကပဲနော်။ Henri Hooft ကလည်း ဟော်လန်ကပဲ။ ဟော်လန်မှာ ရှိတဲ့ လူတွေက ကောင်းတယ်။ Trainer တွေလည်း ကောင်းတယ်။ Training Gym တွေလည်း အရမ်းကောင်းတယ်။ အဲတော့ ဒီပွဲကတော့ ပေါ့ပေါ့ပါးပါးနဲ့ ကျွန်တော် အဲ့လိုမျိုး ထားလို့ မရဘူး။ အရမ်း အရေးကြီးတဲ့ ပွဲ အနေနဲ့ ကျွန်တော် ကြိုးစားရမယ်။
ဘီဘီစီ။ ။ သူ ဥရောပကနေ စင်္ကာပူကို လာဖို့ အနေအထားနဲ့ ကိုယ်ကရော အမေရိကန်ကနေ စင်္ကာပူ ကို လာဖို့ အနေအထားပေါ့လေ။ လက်ရှိ ကိုဗစ် အခြေအနေမှာ ဘယ်လို ကန့်သတ်ချက်တွေ ရှိနေမလဲဗျာ။
အောင်လအန်ဆန်။ ။ မသွားခင်ပေါ့နော်။ ၇၂ နာရီ မတိုင်မီ ကိုဗစ် ပိုး စစ်ရမယ်။ အဲဒါပြီး ရောက်တဲ့ အချိန်မှာလည်း ကိုဗစ် စစ်ရမယ်။ Quarantine (အသွားအလာကန့်သတ်မှု) လုပ်ရမယ်။ သူတို့ ကောင်းကောင်းမွန်မွန်တော့ ပြင်ဆင်ထားပါတယ်။ Regulations (စည်းကမ်းကန့်သတ်ချက်) တွေ အများကြီး ရှိပါတယ်။
ကျွန်တော့် ပြိုင်ဘက်က နယ်သာလန်ကနေ လာရမယ်။ ဟော်လန်ကလာမယ်။ ကျွန်တော်ကတော့ အမေရိကန် ဖလော်ရီဒါ ပြည်နယ်က လာရမယ်။ Time Zone Difference အချိန်ကွာခြားချက်က ကျွန်တော့်အတွက် ဆိုတော့ ပိုများတာပေါ့နော်။
ဘီဘီစီ။ ။ ဟုတ်ကဲ့။ ကိုအောင်လ ဘယ်လောက် ကြိုတင်ပြီး သွားမယ်လို့ စိတ်ကူးထားလဲ။ အဲဒါကရော ကိုယ် ကောင်းကောင်း ဟိုဘက်မှာ ပြန်ပြီးတော့ ခရီးပန်းမှု ဒဏ်ကို ပြန် ပြေပျောက် နိုင်မယ့် အနေအထား ရှိလား။ ဒီခရီးက၊ ဒီအချိန်က သာမန် နဲ့ မတူတဲ့ အချိန်မှာ ကစားရတာ ဖြစ်တဲ့ အတွက် ကြိုတင် သတိထားမှုမျိုး၊ ပြင်ဆင်မှုမျိုး၊ ပြီးတော့ အနှောင့်အယှက် ဖြစ်လာနိုင်တာမျိုး ဘာတွေ ထည့်တွက် ပြင်ဆင်ထားလဲဗျာ။
အောင်လအန်ဆန်။ ။ ဟုတ်ကဲ့၊ ဒီပွဲ အတွက် ဆိုပြီးတော့ တစ်ပတ် အလိုတော့ သွားရမယ်။ အဲ့ထက်လည်း ပိုပြီးတော့ မသွားခိုင်းဘူး။ ၁၄ ရက် ၂ ပတ် အတွင်း မှာ (စင်္ကာပူကို) ဝင်ပြီးတော့ ပြန်ထွက်ရမယ်။ ၁၄ ရက်ပဲ အချိန်ပေးတယ်။ အဲ့တော့ ကျွန်တော့်ဆီမှာ တခြား ပွဲလောက် Time Zone အတွက် Time Difference အတွက် အချိန် သိပ်မရဘူးနော်။ နားဖို့ အချိန် သိပ်မရဘူး။ ဒါပေမယ့် ကျွန်တော် ဒီထက် ပို ကပ်ပြီးတော့ ကစားဖူးတယ်။ ကျွန်တော် တရုတ်ပြည်မှာ ကစားတော့ ၅ ရက် ပဲ အချိန်ရတယ်။ အဲ့တော့ အဆင်ပြေမှာပါ။ ကျွန်တော် ယုံကြည်တယ်။
ဘီဘီစီ။ ။ တခြား ပရိသတ် မပါတဲ့ ပွဲမျိုးကိုရော ကိုအောင်လ အရင် ကစားဖူးလားဗျာ။ ဒီ ပရိသတ်မပါတဲ့ အနေအထားက ဘယ်လိုမျိုး အခြေအနေရှိလဲဗျာ။
အောင်လအန်ဆန်။ ။ ကျွန်တော့် အတွက်တော့ မထူးပါဘူးနော်။ ကျွန်တော် ပွဲတွေ အများကြီး ကစားဖူးတယ်။ ကိုဗစ် ဖြစ်တဲ့ အချိန်မှာလည်း ကျွန်တော့် သူငယ်ချင်း အများကြီးကို Cornerman လုပ်ဖူးတယ်။ ဆိုတော့ ဘယ်လိုမျိုး Environment (ပတ်ဝန်းကျင်မျိုး) ရှိမယ် ဆိုတာ ကျွန်တော် သိတယ်။ အရင်လမှာပဲ ကျွန်တော်ရဲ့ သူငယ်ချင်း တစ်ယောက်က Audience (ပရိသတ်) မရှိတဲ့ နေရာမှာ ကစားရတယ်။ ကျွန်တော့် စိတ်မှာတော့ ဘာမှတော့ သိပ်မထူးပါဘူး။
ဘီဘီစီ။ ။ အခုကတော့ ဒီ အာရှဘက်ကို ပြန် ခြေချရပြီ။ စင်္ကာပူ အထိတော့ ရောက်လာပြီပေါ့လေ။ အနေအထားက မြန်မာ ပရိသတ်နဲ့ ပြန်ဆက်နွှယ်ဖို့ ဆိုရင် ရှေ့မှာ အနေအထားက မြန်မာပြည် အထိ ပြန်လာ ကစားနိုင်ဖို့ ဆိုရင် ဘယ်လောက် အထိ မျှော်လင့်ထားလဲ။ ပြင်ဆင်ထားတာ ရှိလဲဗျာ။
အောင်လအန်ဆန်။ ။ နောက်နှစ်လောက်တော့ အဆင်ပြေမယ်လို့ ယုံကြည်တယ်။ Vaccine (ကာကွယ်ဆေး) ရတာနဲ့ ချက်ချင်းပဲ တခြား နိုင်ငံတွေလည်း ပြန်ဖွင့်လို့ ရမယ် ယုံကြည်တယ်။ အဲတော့ Vaccine အနေအထား Vaccine ရတဲ့ အချိန်မှာ ကျွန်တော်တို့ သိရမယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့၊ ပြိုင်ဘက် အကြောင်း ပြန် သွားချင်ပါတယ်။ ပြိုင်ဘက်က ဂျူဂျစ်ဆု ကျွမ်းကျင်တဲ့ သူမျိုးဆိုတော့ Ground ကို ပို ကျွမ်းကျင်တဲ့ သူမျိုးလား။ ပြိုင်ဘက်ကို ဘယ်လို သုံးသပ်လဲ။
အောင်လအန်ဆန်။ ။ Ground မှာတော့ ကျွန်တော်တို့ Wrestling (နပန်း) ရှိတယ်၊ ဂျူဂျစ်ဆု ရှိတယ်။ Wrestling နဲ့ ဂျူဂျစ်ဆုက သိပ်မတူဘူး။ ဒါပေမယ့် သူက ဂျူဂျစ်ဆုမှာ အားအရမ်းသန်တယ်။ သူက ဂျူဂျစ်ဆု Black Belt (ခါးပတ်နက်)။ ပြီးတော့ သူကောင်းတာက ဘာလဲ ဆိုတော့ ဂျူဂျစ်ဆု သုံးပြီးတော့ သူ့ရဲ့ Opponent (ပြိုင်ဘက်) ကို ချုပ်တာတွေ၊ Strike (တိုက်ခိုက်တာ) တွေ၊ Ground and Pound (ပြိုင်ဘက်ကို လှဲချပြီး အပေါ်ကနေ အသာစီးယူ) တိုက်ခိုက်တာ ကောင်းတယ်။ အဲဒီနေရာမှာ အတော်သန်တယ်။
အဲဒါပြီးတော့ သူက အရပ် လည်း ရှည်တယ်။ ၆ ပေ ၃ လက်မ ရှိတယ်။ သူ့ရဲ့ လက်တွေ ဆို ရှည်တယ်။ ဆိုတော့ ချုပ်ဖို့က သူ့အတွက် အရမ်းလွယ်တယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့။ အဲ့ အတွက်ရော ကိုယ့်ဘက်က ဘယ်လိုမျိုး ပြင်ဆင်ထားလဲဗျာ။
အောင်လအန်ဆန်။ ။ ကျွန်တော့် အသင်းမှာလည်း ဂျူဂျစ်ဆု အရမ်း ကျွမ်းတဲ့ သူတွေ အများကြီး ရှိပါတယ်။ သူတို့နဲ့ ကောင်းကောင်းမွန်မွန် Training ဆင်ထားပါတယ်။
ဘီဘီစီ။ ။ ပြိုင်ပွဲမှာ အဓိက ဘယ်လို နည်းဗျူဟာမျိုးပေါ့လေ ပိုပြီး သုံးရမယ်လို့ ကိုယ်ထင်ထားလဲဗျာ။
အောင်လအန်ဆန်။ ။ ဟုတ်ကဲ့၊ သူ့ရဲ့ အားသာချက်ကတော့ ဂျူဂျစ်ဆု ပေါ့နော်။ သူ့ရဲ့ ပြောရမယ် ဆိုရင် အားနည်းချက်တော့ သိပ်တော့ မရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက် ရှိမယ် ဆိုရင် Stand up fighting (မတ်တပ်ရပ် ထိုးကြိတ် ကန်ကျောက်) မှာ သူက အားနည်းချက် ရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါပေမယ့် ဟောလန်မှာ ကစ်ဘောင်ဆင် အများကြီး ရှိတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် ဆိုရင်တော့ပေါ့နော်၊ အလွယ်ဆုံး နည်းလမ်းနဲ့ သွားမယ် ဆိုရင်တော့ Stand up fighting နဲ့ ကစားမယ်လို့ စဉ်းစားထားတာပေါ့နော်။ Strategy (နည်းဗျူဟာ) ထားတာပေါ့။
ဘီဘီစီ။ ။ ပြိုင်ဘက်ရဲ့ ပြိုင်ပွဲတွေကိုရော ဘယ်လို အထိ လေ့လာထားလဲ၊ ဘယ်လောက် အထိ ကြည့်ဖူးလဲဗျာ။
အောင်လအန်ဆန်။ ။ ရှိတဲ့ဟာ အားလုံး ကြည့်ပြီးပြီပေါ့နော်။ သူ့ရဲ့ ပွဲ အားလုံး ကြည့်ပြီးပြီ။ ပြီးတော့ ဆရာတွေနဲ့လည်း ကောင်းကောင်းမွန်မွန် Study (လေ့လာ) လုပ်ဖြစ်တယ် ပေါ့နော်။ ဒါပေမယ့် လူက အရင် ကစားတဲ့ ပွဲတွေပဲ ကြည့်လို့ မရဘူး။ သူ့ရဲ့ Stand (အနေအထား) ဘယ်လိုလဲ၊ သူ့ရဲ့ Strength (အား) သူ့ရဲ့ Tendency (သဘော သဘာဝ) ကို ကြည့်ရဦးမယ် နော်။ သူ လုပ်တာ များများ၊ ဘာတွေ လုပ်သလဲဆိုတာ သူ့ကို ကြည့်ရမယ်။ ကောင်းကောင်းမွန်မွန် ပြင်ဆင်ရမှာပေါ့။ အများကြီးလည်း ကြည့်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ပွဲတိုင်းက မတူဘူး။
ဘီဘီစီ။ ။ ဒီနှစ် တစ်နှစ်လုံးကတော့ ဗျာ။ ကမ္ဘာကြီးနဲ့ ယှဉ်ကြည့်ရင်လည်း တကယ့်ကို ကပ်ကာလကြီးလည်း ဖြစ်နေတာ့ ကျတော့ ကိုယ့် အတွက် ကလည်း ပြိုင်ပွဲ ကလည်း မကစားခဲ့ရဘူး။ ကိုယ့်အတွက်မှာ ရောဂါကလည်း ကြုံခဲ့တယ်ပေါ့လေ။ ဆိုတော့ ဒီနှစ် တစ်နှစ်လုံးပြန်ကြည့်ရင် ပြန်သုံးသပ်မယ်ဆိုရင် တကယ့်ရော ၁၀၀ ရာခိုင်နှုန်း အပြည့် ဆိုပြီးတော့ ဒီအချိန်မှာ ပြောလို့ ရနိုင်လားဗျာ။
အောင်လအန်ဆန်။ ။ ၁၀၀ ရာခိုင်နှုန်း အပြည့်ကတော့ လူတိုင်းက ၁၀၀ ရာခိုင်နှုန်း မဖြစ်နိုင်ဘူးပေါ့နော်။ Injury (ထိခိုက်ဒဏ်ရာ) အများကြီး ရှိတယ်။ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း နဲ့ မကစားတဲ့ ပွဲတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ပွဲတိုင်းမှာ ကျွန်တော့်ရဲ့ စိတ်ကနေ ၁၀၀ ရာခိုင်နှုန်း ပေးတယ်။ အဲဒါ အရေးကြီးဆုံးပဲ။ လူက ဘယ်တော့မှ ၁၀၀ ရာခိုင်နှုန်းဆိုတာ မရှိဘူး။ ပထမဦးဆုံး ဗီဒတ်ချ် နဲ့ ကစားတုန်းက ကျွန်တော့် ဒူးတွေ နည်းနည်းနာတယ်။ အဲ့ဒီလိုမျိုး။ အမြဲတမ်းတော့ ၁၀၀ ရာခိုင်နှုန်း ဘယ်တော့မှ မဖြစ်ဘူး။ ဒါပေမယ့် ကစားတဲ့အချိန်မှာ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ပေးဖို့က အရမ်း အရေးကြီးတယ်။
ဘီဘီစီ။ ။ လက်ရှိကာလ အတွက် ဆိုရင် ကိုယ့် အနေနဲ့ ဥပမာ ဆိုရင် Team (အသင်း) တစ်ခုလုံး ခေါ်သွားနိုင်မလား။ ဘယ်လို အနေအထား ရှိလဲဗျာ။ လက်ရှိမှာ အရင်နဲ့ မတူတာမျိုး ရှိလားဗျာ။ ကိုယ့် Team ကို ဘယ်လို တည်ဆောက်လို့ ရလဲ။
အောင်လအန်ဆန်။ ။ Team (အသင်း) တစ်ခုလုံးတော့ ကျွန်တော်ခေါ်ချင်သလောက်တော့ ခေါ်လို့ မရဘူး။ သူတို့ရဲ့ Limit (ကန့်သတ်ချက်) တွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆရာ ပါမယ် ဆိုတော့ ဘာမှ မခက်ခဲပါဘူးနော်။ အဲဒါပြီးတော့ ကျွန်တော့်ရဲ့ သူငယ်ချင်း မာတင်ငုယင်လည်း ရှိတယ်။ သူလည်း အဲဒီနေ့မှာပဲ ပွဲထိုးရမယ်ဆိုတော့ သူလည်း ကျွန်တော့် အသင်းက နောက်တစ်ယောက် ခေါ်လို့ ရတယ်။ အဲ့တော့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ အသင်းက အန်ထိုနီယို ဆိုတာ သူလည်း ကစားမယ်။
ဘီဘီစီ။ ။ ရွှေခါးပတ် ကာကွယ်ပွဲတွေက ဘယ်လောက် လောက် ထပ် ထိုးရဖို့ ရှိလဲဗျာ။ မစ်ဒယ်ဝိတ်နဲ့ ယှဉ်မယ် ဆိုရင်။
အောင်လအန်ဆန်။ ။ ကျွန်တော့် စိတ်မှာ မစ်ဒစ်ဝိတ်မှာပဲ ကစားဖို့ ဆိုပြီး စဉ်းစားထားတယ်။ လိုက်ဟဲဗီးဝိတ် ကစားတိုင်း ကျွန်တော်က ဝိတ်နည်းနည်း သူများကို ပေးရတာပေါ့နော်။ ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာ နဲ့က မစ်ဒယ်ဝိတ်က အကောင်းဆုံးပဲ။ နောက်ပွဲဆိုရင် ကျွန်တော် မစ်ဒယ်ဝိတ်မှာပဲ ကာကွယ်မယ်။
ဘီဘီစီ။ ။ လိုက်ဟဲဗီးဝိတ်ကျရော နောက်ပိုင်းမှာ ဘယ်လိုများ စီစဉ်သွားဖို့ ရှိလဲဗျာ။
အောင်လအန်ဆန်။ ။ လိုက်ဟဲဗီးဝိတ်က ကျွန်တော် သိပ်မစဉ်းစားသေးဘူး။ Challenger (စိန်ခေါ်သူ) ကောင်းကောင်း ရှိရင်တော့ ကျွန်တော် သွားမယ်။ မဟုတ်ဘူးဆိုရင်တော့ မစ်ဒယ်ဝိတ်မှာပဲ ကစားမယ်။
ဘီဘီစီ။ ။ အားလုံးခြုံပြီးတော့ အပိတ်အနေနဲ့ ကိုယ့်ရဲ့ ပြိုင်ဘက်ရော၊ ကိုယ်ရော၊ နည်းစနစ် ပြင်ဆင်နေမှုရော ဆိုရင် မြန်မာ ပရိသတ် ကို ဘယ်လိုများ သတင်း စကားပါးချင်လဲဗျာ။
အောင်လအန်ဆန်။ ။ ဒီကိုဗစ် အချိန်မှာ ကျွန်တော်တို့ အတွက် ဘယ်သူ့မဆို အတွက် ဒီ ကိုဗစ် အချိန်မှာတော့ မလွယ်ဘူး။ ခက်ခဲတယ်။ ဒါပေမယ့် ဒီကိုဗစ် နှစ် အချိန်မှာ ကျွန်တော့် ကိုယ်ပိုင် ကိုယ်ကျွမ်းကျင်တဲ့ အားကစား သမား တစ်ယောက် ဖြစ်အောင် ကျွန်တော် ကြိုးစားနေတယ်။ အဲ့တော့ ဒီပွဲမှာလည်း ပရိသတ်တွေ ကျေနပ်အောင် ဝမ်းမြောက်အောင် ဆိုပြီး ကျွန်တော် အနိုင်ရအောင် ကျွန်တော် ကြိုးစားမယ်။ ပရိသတ်တွေလည်း ပြောချင်တာပေါ့နော်။ ဒီလိုမျိုး ကိုဗစ်က ဘယ်သူ့ အတွက်မှ မလွယ်ဘူးနော်။ အခက်အခဲတွေ အများကြီး ဖြစ်တယ်။ ဒါပေမယ့် ကိုယ်က မနှစ်ကထက် ပို ကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်၊ ပို ကျွမ်းကျင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားပါလို့ ကျွန်တော် တိုက်တွန်းချင်တယ်။