ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန် မြေမှာ စိန်ခေါ်သူကို ထပ်မံ အနိုင်ယူလိုက်တဲ့ အောင်လ
မြန်မာ့ စပါးအုံး လို့ လူသိများတဲ့ ကချင် တိုင်းရင်းသား အောင်လ အန်ဆန်း တစ်ယောက် ဂျပန် နိုင်ငံ တိုကျို မြို့မှာ ထိုးသတ်တဲ့ One Championship ကိုယ်ခံပညာ ပေါင်းစုံ အသတ်အပုတ် ပြိုင်ပွဲမှာလည်း လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ ဘွဲ့ ကို ကာကွယ် နိုင်ခဲ့ပါတယ်။
အောင်လ ဟာ လိုက်ဟဲဗီးဝိတ်တန်း သရဖူ ကာကွယ်ပွဲ အဖြစ် စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန် ဗဲရာကို ဒုတိယ အချီ ၃ မိနစ် နဲ့၂၃ စက္ကန့် မှာ အလဲထိုး အနိုင်ရယူ ခဲ့တာပါ။
ဂျပန်မှာ ကျင်းပ တဲ့ ပွဲ ကို မြန်မာတွေ အတော်များများက လည်းတိုက်ရိုက်ရုပ်သံ ကနေကြည့်နေကြသလို အင်တာနက်ကနေလည်းတိုက်ရိုက်ကြည့်သူတွေလည်းရှိပါတယ်။ ဂျပန်ရောက်မြန်မာတွေလည်းကွင်းထဲကို လာရောက်အားပေးခဲ့ကြပါတယ်။
အောင်လ ဘယ်လိုထိုးခဲ့သလဲ
ဒီပွဲဟာအပြန်အလှန် ထိုးသတ်ကြသလို ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး အောင်လရဲ့ တံတောင် နဲ့ ရိုက်တာကို ဗဲရာ မခံနိုင်ဘဲ လဲကျသွားခဲ့ချိန်မှာ အောင်လန်က သူ့ရဲ့ အားသာတဲ့ ဘယ်လက်သီးထိုးချက်တွေနဲ့ ၁၀ချက်မ ကထိုးသတ်ခဲ့လို့ ဒိုင်လူကြီး ဖြစ်သူက ပွဲရပ်ပြီး အနိုင်ပေးခဲ့ပါတယ်။ အောင်လအန်ဆန်အတွက် လိုက်ဟဲဗီးဝိတ်တန်း ကာကွယ်ပွဲမှာ ဒုတိယအချီရဲ့ ၃မိနစ်၊ ၂၃စက္ကန့်အကြာမှာ အကောင်းဆုံး ထိုးသတ်ခဲ့ပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ဘရန်ဒန်ဟာ ပထမအချီ၊ ဒုတိယအချီတွေမှာ အောင်လကို ဒူးတိုက်ချက်တွေနဲ့ အလဲထိုးဖို့ ပြင်ဆင်ခဲ့သလို အောင်လကလည်း သူ့ရဲ့ အကွက်တွေကို အကောင်းဆုံးပြင်ဆင်ပြီး ဖိအားပေးခဲ့ပါတယ်။ အောင်လဟာ သူ့ရဲ့ ကြိုတင်ပြင်ထားတဲ့အတိုင်း အကောင်းဆုံး ထိုးသတ်ခဲ့ပြီးနောက် ဒုတိယအချီမှာတင် အနိုင်ရခဲ့တာပါ။ One Championship မှာ ပထမချီတိုင်းမှာတင် အနိုင်ယူခဲ့တဲ့ ဘရန်ဒန် ဗဲရာအတွက် ပထမဆုံး ထိုးရတဲ့ ဒုတိယအချီမှာ ရှုံးခဲ့တာပါ။ အောင်လအတွက်တော့ မစ်ဒယ်ဝိတန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေရဲ့ ချန်ပီယံအဖြစ် ဆက်ရှိခဲ့ပြီး အကောင်းဆုံးဆိုတာကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ မြန်မာ့စပါးအုံး ဆိုပြီး အဖမ်း၊ အချုပ်မှာ နာမည်ကျော်သူပါ။
ဒါပေမဲ့ အလဲထိုး၊ အလဲကန်၊ အနိုင်ချုပ် နည်းမျိုးစုံနဲ့ အောင်ပွဲခံနိုင်သူလည်း ဖြစ်ပါတယ်။
ဒီပွဲနဲ့ အောင်လအန်ဆန်ဟာ MMA ဖြတ်သန်းမှု
One Championship ပြိုင်ပွဲရဲ့ Century ပြိုင်ပွဲကြီးကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာ့ ဂုဏ်ဆောင် ကမ္ဘာ့ နှစ်ထပ်ကွမ်း ချန်ပီယံ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံနှစ်ခုကို ရထားတဲ့ အောင်လအန်ဆန်ကို အမေရိကန်ဖွား ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန် ဗဲရာက စိန်ခေါ်ထားခဲ့တာပါ။
အောင်လရဲ့ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကို လုဖို့ စိန်ခေါ်ထားခဲ့တာဖြစ်ပြီး သူတို့ နှစ်ဦးစလုံးရဲ့ ပွဲက အောက်တိုဘာ ၁၃ ရက် One Championship Century ရဲ့ နောက်ဆုံး ပွဲလည်း ဖြစ်ပါတယ်။
အသက် ၃၄နှစ် အရွယ်ရှိတဲ့ အောင်လအန်ဆန်ဟာ MMA သိုင်းပေါင်းစုံပြိုင်ပွဲ သမိုင်းတစ်လျောက် ၃၅ပွဲ ထိုးထားပြီး ၂၄ပွဲနိုင်၊ ၁၀ပွဲ ရှုံးထားပါတယ်။ ရှုံးပွဲ အများစုကတော့ သူ့ရဲ့ အစောပိုင်း ကာလတွေမှာ ရှုံးခဲ့တာဖြစ်ပြီး နောက်ဆုံး ထိုးသတ်ထားတဲ့ ၁၁ပွဲမှာ ၁၀ပွဲအထိ အနိုင်ရထားသူဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာ One Championship နဲ့ စတင်လက်တွဲခဲ့ပြီးနောက် ဆက်တိုက် အောင်ပွဲရခဲ့တဲ့ အောင်လအန်ဆန်အတွက် ဝိတ်တန်း ၂ခုမှာ ချန်ပီယံဖြစ်တဲ့အထိ အောင်မြင်မှု ရခဲ့တာပါ။
အောင်လရဲ့ နောက်ဆုံး ရှုံးပွဲကတော့ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလက၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပြီး MMA မှတ်တမ်းတွေအရ ၂၀၁၃ခုနှစ်ကနေ လက်ရှိအချိန်အထိ ၆နှစ်ကျော်အတွင်းမှာ ၂ပွဲပဲ ရှုံးဖူးသေးတာ ဖြစ်ပါတယ်။
ဘရန်ဒန်က ဘယ်လိုလူလဲ
အောင်လအန်ဆန်ရဲ့ ပြိုင်ဖက် ဖြစ်တဲ့ ဘရန်ဒန်ဗဲရာကတော့ အသက် ၄၁နှစ် အရွယ်ရှိသူဖြစ်ပြီး ဟဲဗီးဝိတ်တန်းရဲ့ ချန်ပီယံပါ။
အရင်က အမေရိကန် အခြေစိုက် နာမည်ကျော် UFC ပြိုင်ပွဲတွေကို ဝင်ရောက် ထိုးသတ်ခဲ့ဖူးသူဖြစ်ပြီး MMA သိုင်းပေါင်းစုံပြိုင်ပွဲသမိုင်းတစ်လျောက် ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး၊ ၇ပွဲ ရှုံးထားပါတယ်။ ဘရန်ဒန်ရဲ့ ရှုံးပွဲ ၇ပွဲစလုံးဟာ UFC မှာ ထိုးသတ်ခဲ့တဲ့ ပွဲတွေချည်းဖြစ်ပြီး One Championship ပြိုင်ပွဲနဲ့ လက်တွဲခဲ့တာကတော့ ၂၀၁၄ခုနှစ်မှာဖြစ်ပါတယ်။
One Championship ပြိုင်ပွဲတွေမှာ ၄ပွဲသာ ထိုးထားရပေမယ့် ဟဲဗီးဝိတ်တန်း ချန်ပီယံဆုကို ဒုတိယမြောက် ထိုးသတ်ခဲ့တဲ့ ပွဲအပြီးမှာ ရခဲ့တာပါ။ ဟဲဗီးဝိတ်တန်း ချန်ပီယံဆုကိုတော့ ၂ကြိမ်တိုင်တိုင် ကာကွယ်ထိုးသတ်ထားသူဖြစ်ပေမယ့် လိုက်ဟဲဗီးဝိတ်တန်းကိုတော့ ပထမဆုံးအကြိမ် စိတ်ခေါ် ထိုးသတ်တာလည်း ဖြစ်ပါတယ်။
အောင်လအန်ဆန်ကတော့ သူ့ရဲ့ အဓိက ဝိတ်တန်းဖြစ်တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ၂၀၁၇ခုနှစ်မှာ စတင်ရခဲ့ပြီးနောက် ၃ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့ပေမယ့် အခုဂျပန်မှာကျင်းပတဲ့ လိုက်ဟဲဗီးဝိတ်တန်း ကာကွယ်ပွဲကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
One Championship Part 1 မှာ ဝင်ရောက် ထိုးသတ်ခဲ့တဲ့ မြန်မာနိုင်ငံက ဖိုးသော်ကတော့ ကီလို ၇၀ရှိတဲ့ ဖယ်သာဝိတ်တန်းမှာ တောင်ကိုရီးယားက ယွန်ကို ပထမအချီမှာတင် ရှုံးနိမ့်ခဲ့ပါတယ်။
One Championship ဝိတ်တန်းအလိုက် ချန်ပီယံများ
ဟဲဗီးဝိတ်တန်း - ဘရန်ဒန် ဗဲရာ ( ဖိလစ်ပိုင်)
လိုက်ဟဲဗီးဝိတ်တန်း - အောင်လအန်ဆန် ( မြန်မာ )
မစ်ဒယ်ဝိတ်တန်း - အောင်လအန်ဆန် ( မြန်မာ)
ဝယ်လ်တာဝိတ်တန်း - Zebaztian Kadestam ( ဆွီဒင်)
လိုက်ဝိတ်တန်း - ခရစ္စတီယန် လီ ( စင်ကာပူ)
ဖယ်သာဝိတ်တန်း - မာတင် ( သြစတြေးလျ)
ဘန်တန်ဝိတ်တန်း - ဘီဘီယာနို ဖာနန်ဒတ်စ် ( ဘရာဇီး)
ဖလိုင်းဝိတ်တန်း - အက်ဒရီယာနို မိုရေစ် ( ဘရာဇီး)
အောင်လအန်ဆန်ရဲ့ MMA မှတ်တမ်း
အသက် - ၃၄နှစ်
ထိုးပွဲ - ၃၆ပွဲ
နိုင်ပွဲ - ၂၅ပွဲ
အလဲထိုး - ၁၁ပွဲ
ရှုံးပွဲ - ၁၀ပွဲ
ဘရန်ဒန် ဗဲရာရဲ့ MMA မှတ်တမ်း
အသက် - ၄၁နှစ်
ထိုးပွဲ - ၂၅ပွဲ
နိုင်ပွဲ - ၁၆ပွဲ
အလဲထိုး - ၁၁ပွဲ
ရှုံးပွဲ - ၈ပွဲ