ဟယ်ရီ မက်ဂွိုင်းယား - ဂရိမှာ ဖမ်းခံခဲ့ရစဉ် အသက် အန္တရာယ် အတွက် စိုးရိမ် ခဲ့ရတယ်

ဗီဒီယို ပုံစာ, အရာရာက ရှင်းရှင်းလင်းလင်း ရှိခဲ့တယ်။
ရေးသားခဲ့သည်။

ဂရိမှာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ဖမ်းဆီးခံရစဉ် သူ့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ခဲ့ရတယ်လို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား က ပြောပါတယ်။

အရပ်ဝတ် ရဲအရာရှိတွေက မည်သူမည်ဝါ ဖြစ်ကြောင်း မပြောဘဲ နဲ့ သူတို့ စီးလာတဲ့ မီနီဘတ်စ ကို ရပ်တန့်ခိုင်းပြီး သူ့ကို ဆွဲထုတ်သွားခဲ့တယ်လို့ အင်္ဂလန် လက်ရွေးစင်က ဘီဘီစီ အားကစား သတင်း အယ်ဒီတာ ဒန် ရိုအန်ကို ပြောပြပါတယ်။ အဆိုပါရဲတွေကပဲ သူ့ရဲ့ ခြေထောက်ကို ကန်ခဲ့ပြီး မင်းရဲ့ ဘောလုံးသမားဘဝတော့ အဆုံးသတ်ပြီလို့ ပြောခဲ့တယ်လို့လည်း ဟယ်ရီ မက်ဂွိုင်းယား က ဆိုပါတယ်။

သူ့ကို ဖမ်းဆီးသူတွေဟာ ဘယ်သူဘယ်ဝါတွေမှန်း မသိတာကြောင့် လက်ထိတ် တစ်ဖက်တည်းနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ အသက် ၂၇ အရွယ် ခံစစ်မှူးက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့၊ အင်္ဂါနေ့မှာတော့ ဂရိ နိုင်ငံ ဆိုင်းရော့စ် ကျွန်းက တရားရုံးမှာ မက်ဂွိုင်းယား ကို ဆိုင်းငံ့ ထောင်ဒဏ် ၂၁ လ နဲ့ ၁၀ ရက် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို အဆက်မပြတ် ထိခိုက် နာကျင်စေမှု၊ လာဘ်ပေးရန် ကြံစည်မှု၊ ပြည်သူ့ ဝန်ထမ်းတွေကို အကြမ်းဖက် စော်ကားမှုတွေနဲ့ မီကိုနို့စ် ကျွန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့မှာတော့ မက်ဂွိုင်းယားရဲ့ ဥပဒေ အကျိုးတော်ဆောင်တွေက ပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ အယူခံ ဝင်ခဲ့ကြပါတယ်။ ဂရိနိုင်ငံ ဥပဒေ ထုံးစံတွေနဲ့ အညီ အယူခံဝင်ခဲ့ကြတာ ဖြစ်ပြီး အထက် တရားရုံး တစ်ခုမှာ စစ်ဆေးသွားဖို့လည်း ရှိနေပါတယ်။

ဆိုးရွားတဲ့ အတွေ့အကြုံနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး၊ ဒီအတွက် မယုံမကြည် ဖြစ်ခဲ့ရတယ်လို့လည်း ဘီဘီစီ နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ငိုကြွေးပြီး ပြန်ပြောပြခဲ့ပါတယ်။

သူ့ဟာ ဘယ်သူ့ကိုမှလည်း ထိုးကြိတ် ခဲ့တာ မရှိသလို၊ လာဘ်ထိုးဖို့လည်း မကြိုးစားခဲ့တာကြောင့် သူ့အနေနဲ့ တောင်းပန်ဖို့ လိုအပ်တယ်လို့ မထင်ဘူးလို့လည်း သူက ပြောပါတယ်။

''တောင်းပန်တယ် ဆိုတာ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်မှ လုပ်ရတာ မဟုတ်လား'' လို့ သူက မှတ်ချက် ပေးပါတယ်။

ဒီလို အဖြစ်အပျက်မျိုးကို တစ်ဦးတစ်ယောက်ကိုမှ မဖြစ်စေချင်တဲ့ အပြင်၊ ပရိသတ် အများဆုံးရှိတဲ့ အသင်းက ကစားသမား တစ်ယောက် အနေနဲ့ ဒီလို အဖြစ်မျိုး ဖြစ်ခဲ့တဲ့အတွက် နောင်တရမိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အမှားအယွင်း တစ်ခုမှ လုပ်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

လူအားလုံးကြုံတွေ့နိုင်တဲ့ အခြေအနေ တစ်ခုမျိုးကို သူကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘယ်လောက် နာကျင်ရသလဲလို့ မေးတဲ့ အခါမှာတော့ သူ့ ခြေထောက်ကို အကြိမ်ပေါင်းများစွာ အကန် ခံရပြီး၊ ဒါကိုတော့ စိတ်ထဲမှာ မထားနိုင်ဘဲ၊ စိုးရိမ်သောကတွေက ပိုများခဲ့ပါတယ်။ သူ့ အသက် အန္တရာယ် အတွက် စိုးရိမ် ပူပန်ခဲ့မိတယ်လို့ ပြောပါတယ်။

သူ့ထက် မိသားစု တွေက ပိုခံစားခဲ့ရတာကိုလည်း ရှင်းရှင်းလင်းလင်း သိနေတယ်လို့ သူက ဆိုပါတယ်။

ဂရိမှာ ရှိနေတဲ့ ညက ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို အတိအကျ သိပြီး၊ အမှန်တရားကိုလည်း သိတယ်လို့ သူက ထပ်လောင်းပြောပြပါတယ်။ ဒါတွေကို ပြန်ပြောနေတဲ့ အချိန်မှာလည်း စိတ်ဆိုး ဒေါသ ထွက်မိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ သူ့အနေနဲ့ အကောင်းဆုံး ပြန်လာ နိုင်မယ်လို့ ကတိပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ မက်ဂွိုင်းယား ကို လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၈၀ နဲ့ မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အသင်းခေါင်းဆောင်ဟောင်း အက်ရှ်လေယန်း အင်တာမီလန် ကို ပြောင်းရွှေ့သွားတဲ့ အခါမှာတော့ မက်ဂွိုင်းယားဟာ မန်ယူ ရဲ့ အသင်းခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

မန်ယူ အသင်းခေါင်းဆောင် ဖြစ်ခွင့်ရတာကို ဂုဏ်ယူကြောင်းနဲ့ အသင်းခေါင်းဆောင် မဖြစ်ရင်တောင်မှ မန်ယူလို အသင်းအတွက် ကစားရတာ သူ့အတွက် တကယ့် အခွင့်အရေးပဲလို့ ဆိုပါတယ်။

ဒီအဖြစ်အပျက် ကြောင့် အိုက်စ်လန် နဲ့ ဒိန်းမတ်တို့နဲ့ ကစားဖို့ ရှိတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းကနေ ချန်လှပ် ခံခဲ့ရပြီး၊ ဒီအတွက် စိတ်ပျက်ရပေမယ့် သူနားလည် လက်ခံကြောင်း ပြောဆို သွားခဲ့ပါတယ်။

မက်ဂွိုင်းယား ပြောပြတဲ့ ဂရိက အဖြစ်အပျက်

  • မက်ဂွိုင်းယားဟာ ဂရိကို အပန်းဖြေခရီး သွားရောက်ခဲ့တာ ဖြစ်ပြီး သူနဲ့ စေ့စပ် ထားတဲ့ အမျိုးသမီး ဖြစ်သူ ဖန်န် လည်း လိုက်ပါခဲ့ပါတယ်။ ဒါ့အပြင် သူ့ညီမ ဒေစီ၊ ညီ ဖြစ်သူနဲ့ ညီရဲ့ ချစ်သူ မိန်းကလေး နဲ့ တခြား သူငယ်ချင်း နှစ်ယောက်စုံတွဲတွေလည်း ပါပါတယ်။
  • မီကိုနို့စ် ကျွန်းမှာ အပြင်ထွက် သောက်စားခဲ့ပြီး ပြန်ဖို့ မီနီဘ်စ ကားမောင်းသူကို SMS စာတို ပေးပို့ကာ အိမ်ပြန်ဖို့ ခေါ်ယူခဲ့ပါတယ်။
  • မီနီဘက်စ မောင်းသူဟာ မိနစ် ၂၀ နောက်ကျ ခဲ့ပြီး သူနဲ့ သူအဖော်တွေက ပင်ပန်းနေတဲ့ အတွက် နားခိုရာ နေရာကို ပြန်ဖို့ပဲ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
  • လူ နှစ်ယောက်က ဒေစီ့ အနား ချည်းကပ်လာပြီး ဘယ်ကလာတာလဲလို့ မေးတာကို မက်ဂွိုင်းယား ရဲ့ အမျိုးသမီး ဖန်န် က တွေ့မြင်ခဲ့ပြီး အဲဒီ အချိန်မှာ ဒေစီက ကားဆီကို ပြေးလာခဲ့ပါတယ်။ အနားရောက်တော့ ဒေစီဟာ သတိလစ်ချင်သလို ဖြစ်နေပါပြီ။
  • ဒီအချိန်မှာတော့ အနားမှာ ရှိတဲ့ လူတွေ အားလုံးက အော်ဟစ်နေပါပြီ။ အရပ်ဝတ် ဝတ်ထားတဲ့ ဂရိ ၃ ယောက်လည်း ပါဝင်ခဲ့ပါတယ်။
  • လုံးထွေး သတ်ပုတ် တာတွေ မဖြစ်အောင်လို့ ကြိုးစားခဲ့ကြပြီး အော်ဟစ် ပြောဆိုတာ အနည်းငယ် ရှိခဲ့ပါတယ်။ ဒါပေမယ့် ရန်ဖြစ်တာ၊ ထိုးနှက်တာ မျိုးတို့တော့ မရှိဘူးပါဘူး။
  • ဂရိတွေက အခြေအနေကို တည်ငြိမ်အောင် ကြိုးစားပေမယ့် အနည်းငယ် စိတ်ဆိုးနေတဲ့ ပုံမှာ ရှိပါတယ်။
  • အဲဒီအချိန်မှာ မီနီဘတ်စ ရောက်လာလို့ ဒေစီကို တက်ခိုင်းလိုက်ပါတယ်။ ဒါပါပဲ။ ဒါပေမယ့် အော်ဟစ် ပြောဆိုတာ တချို့တော့ ရှိခဲ့ပါတယ်။
  • ကနဉီးတုန်းက ဒေစီ့ကို ဆေးရုံကို ပို့ဖို့ စီစဉ် ထားခဲ့ပေမယ့် နေပြန်ကောင်းလာတဲ့ အတွက် တည်းခိုရာ နေရာကို ပြန်ပို့ပေးဖို့ မီနီဘတ်စ မောင်းသူကို ပြောခဲ့ပါတယ်။
  • ၅ မိနစ်၊ ၁၀ မိနစ်လောက် ကားမောင်းပြီးခဲ့တဲ့ အခါမှာတော့ မီနီဘတ်စက လမ်းဘေးမှာ ရပ်လို့ ကြည့်လိုက်တဲ့ အခါမှာတော့ အရပ်ဝတ် လူ ၈ ယောက်လောက် လာဝိုင်းထားတာကို ခံခဲ့ရပါတယ်။
  • ကားတံခါးဖွင့်ပြီး သူတို့တွေ အားလုံ အပြင်ကို ဆွဲထုတ် ခံခဲ့ရတယ်။
  • အဲဒီ လူတွေက ဘာမှ မပြောတဲ့ အတွက် သူတို့တော့ ပြန်ပေးဆွဲ ခံရပြီလို့ ထင်မိကြောင်း မက်ဂွိုင်းယား က ပြောပါတယ်။
  • သူနဲ့ သူ့သူငယ်ချင်းတွေက လမ်းမကြီးပေါ် ပြေးထွက်ပြီး အေးဂျင့် ဖြစ်သူကို အကူအညီပေးဖို့ ဖုန်းခေါ်ခဲ့ပါတယ်။ WhatsApp ဂရုထဲမှာလည်း မက်ဆေ့ချ်တွေ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။
  • နောက်တော့ ကားရှိရာဆီကို ပြန်လာတဲ့အခါမှာ သူ့သူငယ်ချင်းတွေ အားလုံးကို လူတွေက ဝိုင်းထားပြီး တချို့က သူ့ဆီ လျှောက်လာပါတယ်။
  • မြေကြီးပေါ်မှာ ဒူးထောက် အနေအထားနဲ့ နေခဲ့ရပြီး လက်တွေကိုလည်း လေထဲကို မြှောက်ထားတဲ့ အချိန်မှာ အဲဒီလူတွေက စပြီး သူ့ခြေထောက်ကို ရိုက်နှက်ကြပါတယ်။ လက်တစ်ဖက်ကိုလည်း လက်ထိတ် ခတ်လိုက်ပြီးတော့ မင်းရဲ့ ဘောလုံးသမား ဘဝတော့ သွားပြီလို့ ပြောပါတယ်။ ဒီလို ဖြစ်ချိန်မှာတော့ ဒီလူတွေဟာ ရဲမဖြစ်နိုင်ဘူးလို့ သူက တွေးခဲ့မိတယ်လို့ ဆိုပါတယ်။ သူတို့ ဘယ်သူဘယ်ဝါတွေ ဆိုတာ မသိတဲ့ အတွက် ထွက်ပြေးဖို့ ကြိုးစားခဲ့မိတယ်။ လက်ထိတ်ခတ်ခံထားရတဲ့ လက်တစ်ဖက်နဲ့ ရုန်းကန်ခဲ့မိတယ်။ ဒါကြောင့် အပြစ်ပေးခံခဲ့ရတာပါ။ ဒီအခိုက်အတန့်လေးကို သူတို့ကို တိုက်ခိုက်တယ်၊ ဖမ်းဆီးခံဖို့ ငြင်းဆန် တယ်လို့ ပြောကြတာ။ ပြန်ပြီး ထိုးခဲ့တာလည်း မရှိဘူး။ သူတို့ဟာ ရဲတွေပါ ဆိုတာလည်း မယုံဘူး။

ဂရိ ရဲတွေကတော့ ဒီလို ပြောဆိုချက်တွေကို ငြင်းချက် ထုတ်ပါတယ်။ မက်ဂွိုင်းယား နဲ့ သူ့သူငယ်ချင်းတွေဟာ ကိုယ်ထိလက်ရောက် ရန်လုပ်ခဲ့တဲ့ အပြင် ဆဲဆိုမှုတွေလည်း လုပ်ခဲ့တယ်လို့ ရဲတွေက ပြောကြပါတယ်။

  • ဒီနောက်တော့ ရဲစခန်းကို ခေါ်သွားခဲ့ကြပြီး အချုပ်ခန်းထဲမှာ ထည့်ထားခံရပါတယ်။ အဲဒီအချိန်မှာတော့ သူ့ အနေနဲ့ အရိုက် မခံရတော့တဲ့အတွက် စိတ်သက်သာရာ ရမိတယ်လို့ မက်ဂွိုင်းယား က ဆိုပါတယ်။
Manchester United's Harry Maguire

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ မှာ လက်စတာ စီးတီး အသင်းကနေ စတာလင်ပေါင် သန်း ၈၀ နဲ့ မန်ယူက ခေါ်ယူခဲ့