နှစ်ပေါင်း ၃၀အထိ စောင့်ခဲ့ရတဲ့ လီဗာပူးလ် ရှုံးပွဲမရှိ စံချိန်နဲ့ ချန်ပီယံဖြစ်မလား

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နှစ်ပေါင်း ၃၀အထိ စောင့်ခဲ့ရတဲ့ အမှတ်ပေးဖလားကို လီဗာပူးလ် အတွက် ယူပေးမယ့် ကလော့ပ်
ရေးသားခဲ့သည်။

ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်မှာ ဆက်တိုက် ခြေစွမ်းပြနေပြီး ဇယားထိပ်မှာ ရပ်တည်နေတဲ့အသင်းပါ။ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးကတည်းက ချန်ပီယံ မဖြစ်ဖူးသေးတဲ့ လီဗာပူးလ်အသင်းရဲ့ တစ်ကျော့ပြန် ခရီးကတော့ အနီးစပ်ဆုံးလို့ ပြောရမှာပါ။ လီဗာပူးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ပွဲသာ ကစားထားပေမယ့် ၁၇ပွဲအထိ နိုင်ထားပြီး မန်ချက်စတာယူနိုက်တက်နဲ့ တစ်ပွဲသာ သရေကျခဲ့တာပါ။ စုစုပေါင်း ရမှတ် ၅၂မှတ် အထိရထားပြီး ဒုတိယနေရာက လက်စတာကို ၂ပွဲလျော့ ၁၀မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာပါ။

လီဗာပူးလ်ဟာ ကလော့ပ် လက်ထက်မှာ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းအဖြစ်သာမက ကမ္ဘာ့အကောင်းဆုံး အသင်းအဖြစ် ခြေစွမ်းပြနေသလို ဥရောပ ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနဲ့ ဖီဖာ ကမ္ဘာ့ကလပ် ချန်ပီယရှစ် ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ထားတာပါ။ အဓိက ပြိုင်ဖက်ဖြစ်တဲ့ မန်ချက်စတာစီးတီးရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းမျိုးဖြစ်နေချိန် ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ပွဲဆက်နေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ရာသီ အစ ပွဲစဉ် ၂ကတည်းကနေ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ ဦးဆောင်ခွင့်ရလာခဲ့တာ လက်ရှိ အချိန်အထိပါ။ ကစားခဲ့တဲ့ ပွဲတွေမှာ အဓိက ပြိုင်ဖက်တွေလည်းဖြစ် အသင်းကြီးတွေလည်းဖြစ်တဲ့ လက်စတာကို နှစ်ကျော့၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ စပါး၊ မန်စီးတီးတို့ကို နိုင်ပြီး မန်ချက်စတာယူနိုက်တက် တစ်သင်းထဲကိုသာ သရေကျခဲ့တာပါ။ ကလော့ပ်ရဲ့ အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ပရီးမီးယားလိဂ် ၉ပွဲဆက်တိုက်ကိုလည်း အနိုင်ရထားတာပါ။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လီဗာပူးလ်ဟာ အိမ်ကွင်းမှာ ၄၉ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားတာပါ

အိမ်ကွင်း စံချိန်သစ်

ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ လက်ရှိမှာ အိမ်ကွင်းပွဲတိုင်း အနိုင်ရထားသလို အန်းဖီးလ်မှာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲပေါင်း ၄၉ပွဲအထိ ရှုံးပွဲမရှိ ကစားထားတာပါ။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် မော်ရင်ညိုရဲ့ ချယ်လ်ဆီးပြီးရင် ဒုတိယ အကောင်းဆုံး စံချိန်လည်းဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ ချယ်လ်ဆီးကတော့ အိမ်ကွင်းမှာ ၈၆ပွဲအထိ စံချိန်တင်ထားပြီး ကလော့ပ်အတွက်တော့ ဒီစံချိန်ကိုမီဖို့ အများကြီးလိုအပ်နေသေးပေမယ့် သမိုင်း တစ်လျောက်မှာတော့ တတိယ အများဆုံး စံချိန်ကို တင်ထားနိုင်ပြီ ဖြစ်ပါတယ်။ ၁၉၈၀ခုနှစ်ကာလက လီဗာပူးလ်အသင်းကတာ့ ချယ်လ်ဆီးပြီးရင် အကောင်းဆုံး စံချိန်အဖြစ် တင်ထားတဲ့အသင်းဖြစ်ပြီး အဲ့ဒီတုန်းက အိမ်ကွင်းမှာ ပွဲပေါင်း ၆၃ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တာပါ။

အင်္ဂလန် အိမ်ကွင်းရှုံးပွဲမရှိ စံချိန်များ

၁) ချယ်လ်ဆီး ( ၂၀၀၈ ) - ၈၆ပွဲ ( ၆၂ပွဲနိုင်၊ ၂၄ပွဲသရေ )

၂) လီဗာပူးလ် ( ၁၉၈၀) - ၆၃ပွဲ ( ၄၉ပွဲနိုင်၊ ၁၄ပွဲသရေ )

၃) လီဗာပူးလ် ( ၂၀၁၉) - ၄၉ပွဲ ( ၃၉ပွဲနိုင်၊ ၁၀ပွဲသရေ)

၃) နော့တင်ဟမ်ဖောရက်စ် ( ၁၉၇၉) - ၃၂ပွဲနိုင်၊ ၁၇သရေ)

၅) ဆန်းဒါးလန်း ( ၁၈၉၃) - ၃၈ပွဲနိုင်၊ ၆ပွဲသရေ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လီဗာပူးလ်အတွက် နိုင်ငံတကာ ဖလား ၃လုံးရအောင် စွမ်းဆောင်ပေးထားတဲ့ ကလော့ပ်

ရှုံးပွဲမရှိ စံချိန်နဲ့ ချန်ပီယံဖြစ်မလား

ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ၂၀၁၉ခုနှစ်အတွင်း အောင်မြင်မှုတွေ ဆက်တိုက် ရခဲ့သလို ၂၀၂၀မှာ သူတို့ အရမ်းလိုချင်နေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဆုဖလားကြီးကို ပထမဆုံးအကြိမ် ရဖို့ နီးစပ်နေတာပါ။ မီဒီယာတွေနဲ့ နာမည်ကျော် ဘောလုံးသမား ဟောင်းတွေကတော့ ကလော့ပ်ရဲ့ အသင်းက အရင် အာစင်ဝင်းဂါးရဲ့ အာဆင်နယ် စွမ်းဆောင်ခဲ့သလိုမျိုး တစ်ရာသီလုံးရှုံးပွဲမရှိ စံချိန်နဲ့ ချန်ပီယံဖြစ်မယ်လို့ သုံးသပ်နေကြတာပါ။ အာဆင်နယ်ဟာ သူတို့ ရှုံးပွဲမရှိ စံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့တုန်းက ပွဲစဉ် ၁၈အပြီးမှာ ၁၂ပွဲနိုင်၊ ၅ပွဲသရေကျခဲ့ပြီး သွင်းဂိုး ၃၄ဂိုး၊ ဂိုးကွာခြားချက် ၂၂ဂိုးသာရှိခဲ့သလို အဆင့် ၂နေရာမှာပဲ ရပ်တည်နေခဲ့တာပါ။ လက်ရှိ ကလော့ပ်ရဲ့ အသင်းကတော့ ၁၈ပွဲအပြီးမှာ ၁၇ပွဲအထိနိုင်ထားပြီး တစ်ပွဲပဲ သရေကျခဲ့သလို ဒုတိယနေရာက အသင်းတွေကိုပါ ၁၀မှတ်အထိ အသာရထားတာ ဖြစ်ပါတယ်။ ဒီရလဒ်တွေကိုကြည့်ရင် ကလော့ပ်အသင်းတောင် ပိုကောင်းနေတယ်လို့ ဘောလုံးသမားဟောင်းတွေက သုံးသပ်နေတာပါ။

အာဆင်နယ်ဟာ ၂၀၀၃-၀၄ ရာသီ ၃၈ပွဲအပြီးမှာတော့ ၂၆ပွဲနိုင်၊ ၁၂ပွဲသရေကျပြီး ရှုံးပွဲမရှိ စံချိန်ရခဲ့သလို ရမှတ် ၉၀နဲ့ ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် အတွက်တော့ ခရီး တစ်ဝက်မှာ အာဆင်နယ်ထက်ပိုကောင်းတဲ့ ရလဒ်မျိုးကို ပိုင်ဆိုင်ထားပေမယ့် ဒုတိယအကျော့မှာ မန်စီးတီး၊ စပါး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးတို့နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရှုံးပွဲမရှိ ကစားထားနိုင်ပေမယ့် ဒုတိယအကျော့ ပွဲကျပ်တွေအပြင် စီးတီး၊ စပါး၊ အာဆင်နယ်တို့ကို အဝေးကွင်း သွားကန်ရမယ့်ပွဲတွေ၊ တစ်ခါ ချန်ပီယံလိဂ် ပွဲကျပ်နဲ့ အခြားပြိုင်ပွဲတွေကြောင့် အာဆင်နယ်လို့ တစ်ရာသီလုံးရှုံးပွဲမရှိဖို့ ခက်ခဲနိုင်ဖွယ် ရှိပေမယ့် သူတို့အတွက်တော့ ဒီလို စံချိန်မျိုးကို ရဖို့ အခွင့်အရေးကတော့ ရှိနေတာဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပရီးမီးယားလိဂ် သမိုင်းထဲက ရှုံးပွဲမရှိ စံချိန်နဲ့ ချန်ပီယံဖြစ်တဲ့ အာဆင်နယ်

မှတ်တမ်းဆိုးကို ဖျက်ရမယ့် ကလော့ပ်

လီဗာပူးလ်ဟာ ခရစ္စမတ်ကလာအတွင်းမှာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့တာ အရင်က ၄ကြိမ်အထိရှိခဲ့ဖူးပါတယ်။ ၁၉၉၆-၉၇ ရာသီ၊ ၂၀၀၈-၀၉ ရာသီ၊ ၂၀၁၃-၁၄ ရာသီနဲ့ ၂၀၁၉-၂၀ ရာသီတွေမှာ ထိပ်ဆုံးရှိခဲ့ပေမယ့် အဲ့ဒီ ၄ကြိမ် စလုံး အမှတ်ပေးဖလားနဲ့ လွဲချော်ခဲ့ဖူးပါတယ်။ ၁၉၉၆-၉၇ တုန်းက ရာသီကုန်မှာ အဆင့် ၄နဲ့ အဆုံးသတ်ခဲ့ပေမယ့် ကျန် ၃ကြိမ်မှာတော့ ဒုတိယ ၃ကြိမ်ရခဲ့တာပါ။ လီဗာပူးလ်အတွက် ၅ကြိမ်မြောက် ခရစ္စမတ်ကာလမှာ ထိပ်ဆုံးကို တက်လာနိုင်တာဖြစ်ပြီး ဒီတစ်ကြိမ် ကံကောင်းဖို့ လိုအပ်နေသလို လက်ရှိ အမှတ်ကွာဟချက်ကလည်း များနေတော့ ကလော့ပ် တစ်ယောက် လီဗာပူးလ်ရဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ဖွယ်ရှိနေပါတယ်။

လီဗာပူးလ်ဟာ လက်ရှိမှာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲပေါင်း ၂၇ပွဲမှာ ၂၆ပွဲအထိ အနိုင်ရထားတဲ့ မှတ်တမ်းကောင်း၊ အသင်းလိုက် ကစားပုံနဲ့ တစ်ဦးချင်း စွမ်းရည်မြင့်တဲ့ ကစားသမားတွေကြောင့် နှစ်ပေါင်း ၃၀အတွင်း လီဗာပူးလ် ပရိသတ်တွေ အလိုချင်ဆုံး ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီးကို ရဖို့ နီးစပ်နေတာပါ။ အဓိက ပြိုင်ဖက် ဂွါဒီယိုလာကိုယ်တိုင် ချန်ပီယံ လုပွဲက ပြီးဆုံးခဲ့ပြီလို့ ပြောဆိုခဲ့သလို လီဗာပူးလ်ရဲ့ ခြေစွမ်းပိုင်းကလည်း အကောင်းဆုံး ပုံစံမှာရှိနေလို့ အာစင်ဝင်းဂါးတင်ခဲ့တဲ့ ရှုံးပွဲမရှိ စံချိန်နဲ့ အမှတ်ပေး ချန်ပီယံဖြစ်၊ မဖြစ်ကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပထမဆုံးအကြိမ် ဖီဖာ ကလပ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်

လီဗာပူးလ်ရဲ့ နောက်ဆုံး ၁၀ရာသီ ပရီးမီးယားလိဂ် ရပ်တည်မှု

၂၀၁၈-၁၉) အဆင့် ၂ - ၉၇မှတ်

၂၀၁၇-၁၈) အဆင့် ၄ - ၇၅မှတ်

၂၀၁၆-၁၇) အဆင့် ၄ - ၇၆မှတ်

၂၀၁၅-၁၆) အဆင့် ၈ - ၆ဝမှတ်

၂၀၁၄-၁၅) အဆင့် ၆- ၆၂မှတ်

၂၀၁၃-၁၄) အဆင့် ၂ - ၈၄မှတ်

၂၀၁၂-၁၃) အဆင့် ၇ - ၆၁မှတ်

၂၀၁၁-၁၂) အဆင့် ၈ - ၅၂မှတ်

၂၀၁၀-၁၁) အဆင့် ၆ - ၅၈မှတ်

၂၀၀၉-၁၀) အဆင့် ၇- ၆၃မှတ်

လီဗာပူးလ်နဲ့ ယာဂမ် ကလော့ပ်ရဲ့ အောင်မြင်မှု

ချန်ပီယံလိဂ် - ၁ကြိမ်

ဥရောပ စူပါဖလား - ၁ကြိမ်

ဖီဖာ ကလပ် ချန်ပီယံ - ၁ကြိမ်

ယူရိုပါလိဂ် ဖိုင်နယ် - ၁ကြိမ်

လိဂ်ဖလား ဖိုင်နယ် - ၁ကြိမ်