ပထမဆုံးအကြိမ် ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ဖလားကို လီဗာပူးလ် ရယူနိုင်မလား

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သမိုင်းမှာ ပထမဆုံးအကြိမ် ရဖို့ ပစ်မှတ်ထားနေတဲ့ လီဗာပူးလ်
ရေးသားခဲ့သည်။

ဖီဖာ ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကြီးဆိုတာကတော့ ကမ္ဘာ့တိုက်ကြီး အလိုက်ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ခဲ့ကြတဲ့ အသင်းတွေသာ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို စတင်ကျင်းပခဲ့တာကတော့ ၂၀၀၀ခုနှစ်မှာဖြစ်ပြီး ဘရာဇီးလ်က အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပခဲ့တာပါ။ အဲ့ဒီတုန်းက ဥရောပက ချန်ပီယံ မန်ချက်စတာယူနိုက်တက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု ပုံစံနဲ့ ကျင်းပခဲ့တာပါ။ ပြိုင်ပွဲဝင် အသင်းပေါင်း ၈သင်းကို ၄သင်း နှစ်အုပ်စု ကစားစေပြီး အမှတ်အများဆုံး ၂သင်း ဗိုလ်လုပွဲကို တက်ခဲ့တာပါ။ ယူနိုက်တက်နဲ့အတူ ၁၉၉၈ ကမ္ဘာ့ကလပ် ချန်ပီယံ ရီးယဲယ်လည်း ပါဝင်ခဲ့လို့ ထိပ်သီး နှစ်သင်း ဝင်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ရီးယဲယ်ရော ယူနိုက်တက်တို့ နှစ်သင်းစလုံး အုပ်စု ပထမမရခဲ့လို့ ဗိုလ်လုပွဲ မတက်နိုင်ခဲ့ဘဲ ဖြစ်ခဲ့တာပါ။ အုပ်စု ဗိုလ်ရခဲ့ကြတဲ့ ဘရာဇီးလ် နှစ်သင်းရဲ့ ပွဲမှာ ကိုရီသီယန်က ဗာတ်စ်ကို ဒါဂါးမားကို ပင်နယ်တီ အဆုံးအဖြတ်မှာနိုင်ပြီး ပထမဆုံး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရီးယဲယ်က တတိယ နေရာ လုပွဲမှာ ရှုံးပြီး အဆင့် ၄သာ ရခဲ့ပြီး ယူနိုက်တက်ကတော့ အဆင့် ၅နဲ့ အဆုံးသတ် ခဲ့ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘာစီလိုနာဟာ ၃ကြိမ် ချန်ပီယံဖြစ်ဖူးပြီး တစ်ကြိမ် ဒုတိယရဖူးပါတယ်။

ပုံစံသစ်နဲ့ ပြိုင်ပွဲ

၂၀၀၅ခုနှစ်မှာတော့ လက်ရှိ ကျင်းပနေတဲ့ ပုံစံကိုပြောင်းပြီး ရှုံးထွက် အဆင့်ပုံစံမျိုးနဲ့ ပြိုင်ပွဲ အသစ်ကို လုပ်ခဲ့ပါတယ်။ ကမ္ဘာ့တိုက်ကြီးတွေက ကလပ်ချန်ပီယံတွေကို အဆင့်သတ်မှတ်ချက်အလိုက် ကွာတားဖိုင်နယ်ကနေ စခဲ့ပြီး ယှဉ်ပြိုင်စေခဲ့ပါတယ်။ အဲ့ဒီနှစ်တုန်းက အစ္စတန်ဘူလ်မှာ ဗိုလ်စွဲခဲ့တဲ့ လီဗာပူးလ်က ဥရောပ ချန်ပီယံအဖြစ် ဝင်ကစားခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကပဲ ဆော်ပေါ်လိုကို ၁ဂိုး-ဂိုးမရှိနဲ့ ရှုံးလို့ ဒုတိယသာရခဲ့ပါတယ်။

ဖီဖာ ကမ္ဘာ့ကလပ် ပြိုင်ပွဲတွေကိုတော့ နိုင်ငံတွေမှာ အလှည့်အကျအနေနဲ့ ကျင်းပခဲ့တာပါ။ ပထမဆုံးကျင်းပတဲ့ ပြိုင်ပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် လုပ်ခဲ့ပေမယ့် ၂၀၀၅ကနေ ၂၀၀၈ အထိ ဂျပန်က အိမ်ရှင်အဖြစ် လုပ်ခဲ့ပါတယ်။ ၂၀၀၉၊ ၂၀၁၀ ခုနှစ်တွေမှာ ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် ၂ကြိမ် ကျင်းပခဲ့ပြီး အဲ့ဒီနောက် ဂျပန်က ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၆ တွေမှာ အိမ်ရှင်အဖြစ် ၄ကြိမ် ထပ်ပြီး ကျင်းပခွင့်ရခဲ့ပါတယ်။ အာဖရိကတိုက်က မော်ရိုကိုက ၂၀၁၃၊ ၂၀၁၄ တွေမှာ ကျင်းပခဲ့သလို ၂၀၁၇၊ ၂၀၁၈ တွေမှာ ယူအေးအီမှာ တစ်ကျော့ပြန် ကျင်းပခဲ့ပါတယ်။ ၂၀၁၉ခုနှစ်နဲ့ ၂၀၂၀ ပြိုင်ပွဲ နှစ်ကြိမ်ကိုတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားတဲ့ ကာတာနိုင်ငံက ကျင်းပမှာဖြစ်ပြီး လာမယ့် ၂၀၂၁မှာတော့ ပြိုင်ပွဲပုံစံသစ်နဲ့ တရုတ်နိုင်ငံက အိမ်ရှင်ဖြစ် လက်ခံကျင်းပခွင့်ရရှိမှာ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရီးယဲယ်ဟာ နောက်ဆုံး ၃ကြိမ်ဆက် ရထားတဲ့ ပထမဆုံး အသင်းပါ

အောင်မြင်မှု

ကမ္ဘာ့ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲသမိုင်းတစ်လျောက်မှာတော့ အအောင်မြင်ဆုံး အသင်းတွေက စပိန်ကလပ်တွေပါ။ ထိပ်သီး ရီးယဲယ်နဲ့ ဘာစီလိုနာတို့က နောက်ဆုံး ၁၀ကြိမ်အတွင်း ၇ကြိမ် ချန်ပီယံဖြစ်ထားတာပါ။ ၃နှစ်ဆက်တိုက် ချန်ပီယံလိဂ် ရခဲ့တဲ့ ရီးယဲယ်က သမိုင်းတစ်လျောက် အများဆုံးအဖြစ် ၄ကြိမ်ရခဲ့ဖူးတာ ဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ၂၀၀၆မှာ ရှုံးခဲ့ပေမယ့် ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅မှာ ချန်ပီယံဖြစ်ပြီး ဒုတိယ အအောင်မြင်ဆုံး ကလပ်လည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ ဘာစီလိုနာ၊ ရီးယဲယ် မဟုတ်တဲ့ အသင်းတွေထဲ ၂၀၁၃ခုနှစ်မှာ နောက်ဆုံးခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်က ၂၀၁၀မှာ စီးရီးအေ ကလပ်တွေအတွက် နောက်ဆုံးရခဲ့ဖူးပြီး ၂၀၁၂ခုနှစ်မှာ ကိုရီသီယန်ကတော့ တောင်အမေရိက တိုက်ကိုယ်စား ဘရာဇီးအတွက် နောက်ဆုံးရခဲ့တာပါ။ အင်္ဂလန် ကလပ်တွေ အတွက်တော့ ၂၀၀၈ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်က နောက်ဆုံးခဲ့တာဖြစ်ပြီး လီဗာပူးလ်ကတော့ ဒီဆုကို ပထမဆုံးရဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပရီးမီးယားလိဂ် ကလပ်တွေထဲ နောက်ဆုံးရခဲ့တာက မန်ချက်စတာယူနိုက်တက်ဖြစ်ပြီး ၂၀၀၈မှာ ရခဲ့တာပါ

ဆုကြေးငွေ

ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကလည်း ဆုကြေးငွေ များစွာ ပေးတဲ့ ပြိုင်ပွဲ တစ်ခုဖြစ်ပါတယ်။ ချန်ပီယံဖြစ်မယ့်အသင်းက အမေရိကန် ဒေါ်လာ ၅သန်းအထိ ရရှိနိုင်မှာဖြစ်ပြီး ဒုတိယရတဲ့ အသင်းက ၄သန်း၊ တတိယရမယ့်အသင်းက ၂.၅သန်းနဲ့ စတုတ္ထရတဲ့ အသင်းက ၂သန်းရရှိနိုင်မှာ ဖြစ်ပါတယ်။ ယာဂမ် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကတော့ ဆီမီးဖိုင်နယ်ကနေ စတင် ကစားရမှာဖြစ်လို့ ဒီပြိုင်ပွဲ ဝင်ခွင့်ရတာနဲ့တင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂သန်း ရတာ ဖြစ်ပါတယ်။ အဆင့် ၅ ရမယ့်အသင်းက ၁.၅သန်း၊ အဆင့် ၆ ရမယ့်အသင်းက ၁သန်းနဲ့ အဆင့် ၇ ရမယ့်အသင်းက အမေရိကန် ဒေါ်လာ ၅သိန်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၉ ပြိုင်ပွဲ

ကာတာနိုင်ငံမှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ဥရောပ ချန်ပီယံ လီဗာပူးလ်က ဆီမီးဖိုင်နယ် အဆင့်ကနေ စတင် ကန်ရမှာဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲကိုတော့ ဥရောပ ချန်ပီယံ လီဗာပူးလ်၊ တောင်အမေရိက ချန်ပီယံ ဖလာမင်ဂို၊ အာရှ ချန်ပီယံ အယ်ဟီလယ်၊ အာဖရိက ချန်ပီယံ Esperance de Tunis နဲ့ မြောက် အမေရိက ချန်ပီယံ မွန်တာရေနဲ့ သမုဒ္ဒရာပိုင်း ချန်ပီယံ Hienghene Sport နဲ့ အိမ်ရှင် ကာတာ ကလပ် အယ်ဆတ်တို့ ပါဝင်ကြမှာပါ။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်ဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းပါ

ဆီမီးဖိုင်နယ်

ဥရောပ ချန်ပီယံ လီဗာပူးလ်က ကွာတားဖိုင်နယ်မှာ အိမ်ရှင် ကာတာကလပ် အယ်ဆတ်ကို အနိုင်ယူလာခဲ့တဲ့ မြောက်အမေရိက ချန်ပီယံ မက္ကဆီကိုကလပ် မွန်တာရေနဲ့ ဆီမီးဖိုင်နယ်မှာ ဆုံတွေ့မှာ ဖြစ်ပါတယ်။ တစ်ဖက် ဆီမီးမှာတော့ တောင်အမေရိက ချန်ပီယံ ဖလာမင်ဂိုက အာရှချန်ပီယံ ဆော်ဒီကလပ် အယ်ဟီလယ်နဲ့ ရင်ဆိုင်ရမှာပါ။ အဲ့ဒီအသင်းမှာ ပရီးမီးယားလဂ် ကစားသမားဟောင်း ဂိုမစ်နဲ့ အရင် ဂျူဗင်တပ်စ် ကစားသမားဟောင်း ဂျိုဗင်ဂိုတို့ ကစားနေတဲ့ အသင်းပါ။

ဖီဖာ ကမ္ဘာ့ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ရက်နေ့ ကတည်းက စတင်ကျင်းပလာခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲတွေကို လာမယ့် ဒီဇင်ဘာ ၁၇ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ ကစားမှာပါ။ လီဗာပူးလ်ကတော့ ၁၈ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ ကန်မှာဖြစ်ပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၁ရက်နေ့ တနင်္ဂနွေနေ့မှာ ကန်မှာ ဖြစ်ပါတယ်။