ပြိုင်ဖက်ဟောင်းတွေ အားပြိုင်မယ့် ပရီးမီးယားလိဂ် ထိပ်တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
၂ဝဝဝခုနှစ်တွေမှာ အောင်မြင်မှုတွေ ဆက်တိုက် ရခဲ့ပြီး ဘောလုံးပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကတော့ ဒီကနေ့မှာ ကစားဖို့ရှိပါတယ်။ နန်းကျဘုရင်တွေလို့ ပြောရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် တို့ဟာ ပြိုက်ဖက်ဟောင်းတွေပီပီ ထိပ်တိုက်ဆုံတွေ့ပွဲမှာတော့ အနိုင်မခံ၊ အရှုံးမပေးဘဲ ကစားနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၀၄ခုနှစ်မှာ နောက်ဆုံး ပရီးမီးယားလိဂ် ရခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကတော့ ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ ၂၀၁၃မှာ နောက်ဆုံးရခဲ့တာပါ။
ထိပ်တိုက်ဆုံတွေ့မှု
မန်ချက်စတာယူနိုက်နဲ့ အာဆင်နယ်တို့ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲမှာ ယူနိုက်တက်က ၃ပွဲနိုင်ထားပြီး အာဆင်နယ်က ၂ပွဲနိုင်ထားကာ သရေ ၂ပွဲကျထားပါတယ်။ အိုးထရက်ဖို့ဒ်မှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်ကို လိဂ်ပြိုင်ပွဲတွေမှာ ၁၂ပွဲဆက်တိုက် ရှုံးမရှိ ကစားထားနိုင်သလို ၂၇ ပွဲမှာ ၃ပွဲသာ ရှုံးထားတာပါ။ အာဆင်နယ်ဟာ ယူနိုက်တက်ကို ဒီဖက်နှစ်တွေမှာ ရလဒ်ကောင်းအောင် ကစားနိုင်ခဲ့ပေမယ့် အစဉ်လာအရတော့ အဝေးကွင်းမှာ အမြဲရုန်းကန်နေရဆဲက ရလဒ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒဏ်ရာ ပြဿနာ
မန်ယူအသင်းမှာတော့ တိုက်စစ်ပိုင်း အားနည်းနေပြီး အားထားရတဲ့ မာရှယ်လ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ အထောင်တိုက်စစ်မှူး မရှိတဲ့ ယူနိုက်တက်မှာ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ပွဲထွက်ကစားဖို့ ရှိနေပါတယ်။ ကွင်းလယ်ပိုင်းမှာ ပေါ့ပ်ဘာ ပြန်ကစားနိုင်ပြီ ဖြစ်ပေမယ့် ရော့ချ်ဒလ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ထပ်ရသွားလို့ စောင့်ကြည့်ရဦးမှာပါ။ အာဆင်နယ်မှာတော့ လာကာဇက် လွဲချော်မှာဖြစ်ပြီး နောက်ထပ် ဒဏ်ရာရ စာရင်းမရှိတာတွေ့ရပါတယ်။ ဘယ်လာရင်၊ တယ်နီ၊ ဟိုးဒင်းတို့ အားလုံး ပြန်ကောင်းနေပြီဖြစ်ပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝနေလို့ ခံစစ်မှာ တွေ့ရဖွယ်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘယ်အသင်းအနိုင်ရမလဲ
ယူနိုက်တက်ဟာ ဆိုးလ်ရှားလက်ထက်မှာ ပြဿနာတွေ များစွာဖြစ်နေပြီး အသင်းမှာ နေရာစုံ လိုအပ်ချက်တွေရှိနေဆဲပါ။ ပွဲတိုင်း ဂိုးရဖို့ ရုန်းကန်နေရသလို အမှားများနေတဲ့ ကစားသမားတွေကြောင့် အသင်း ကစားပုံကလည်း အားရစရာမရှိဘဲ ဖြစ်နေပါတယ်။ အာဆင်နယ်က ကစားပုံ မဆိုးပေမယ့် ခံစစ်ကတော့ ဂိုးတွေ ပေးထားနေရဆဲဖြစ်ပါတယ်။ အဘာမီယန်း ဂိုးမြူးနေသလို ပက်ပေလည်း ဂိုးပေါက် ပြန်တွေ့တာက အာဆင်နယ်အတွက် အားရစရာပါ။ ဒါ့အပြင် ခံစစ်မှာလည်း လူစုံပြန်ပါလာပြီ ဖြစ်လို့ အာဆင်နယ်အတွက် အခွင့်အရေးရှိလာနိုင်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာဖြစ်လို့ အိမ်ရှင်အသင်း အသာရလေ့ရှိပေမယ့် ခြေစွမ်းပိုကောင်းတဲ့ အာဆင်နယ်တို့ ရလဒ်ဆိုးတွေကို ပြန်လည် ချေဖျက်ဖို့ ကြိုးစားမှာ သေချာပါတယ်။
နောက်ဆုံး ၄ရာသီ နှစ်သင်း ဆုံတွေ့မှု
အာဆင်နယ် ၂-၀ မန်ယူ (၂၀၁၈-၁၉)
အာဆင်နယ် ၁-၃ မန်ယူ ( အက်ဖ်အေ)
မန်ယူ ၂-၂ အာဆင်နယ် (၂၀၁၈-၁၉)
မန်ယူ ၂-၁ အာဆင်နယ် (၂၀၁၇-၁၈)
အာဆင်နယ် ၁-၃ မန်ယူ (၂၀၁၇-၁၈)
အာဆင်နယ် ၂-၀ မန်ယူ (၂၀၁၆-၁၇)
မန်ယူ ၁-၁ အာဆင်နယ် (၂၀၁၆-၁၇)
မန်ယူ ၃-၂ အာဆင်နယ် (၂၀၁၅-၁၆)
အာဆင်နယ် ၃-၀ မန်ယူ (၂၀၁၅-၁၆)

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီနှစ်ရာသီ ရလဒ်များ
မန်ယူ ၄-၀ ချယ်လ်ဆီး
ဝုလ်ဖ် ၁-၁ မန်ယူ
မန်ယူ ၁-၂ ပဲလေ့စ်
ဆောက်သမ်တန် ၁-၁ မန်ယူ
မန်ယူ ၁-၀ လက်စတာ
ဝက်စ်ဟမ်း ၂-၀ မန်ယူ
မန်ယူ - အာဆင်နယ်
နယူးကာဆယ် ၀-၁ အာဆင်နယ်
အာဆင်နယ် ၂-၁ ဘန်လေ
လီဗာပူးလ် ၃-၁ အာဆင်နယ်
အာဆင်နယ် ၂-၂ စပါး
ဝက်ဖို့်ဒ် ၂-၂ အာဆင်နယ်
အာဆင်နယ် ၃-၂ ဗီလာ
မန်ယူ - အာဆင်နယ်








