ကြံ့ခိုင်မှု အခြေအနေကြောင့် ဘက်တစ်နဲ့ ပွဲကိုလည်း လွဲချော်ဦးမယ့် မက်ဆီ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၅ဝ မှာ ၅၁ဂိုးအထိ သွင်းယူခဲ့တဲ့ မက်ဆီဟာ ဘက်တစ်နဲ့ ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။
ရေးသားခဲ့သည်။

ဘာစီလိုနာကြောင့် မက်ဆီဖြစ်လာခဲ့သလို မက်ဆီ မပါတဲ့ ဘာစီလိုနာက လည်း သာမန်အသင်း တစ်သင်းဆိုတာ အားလုံး သိကြမှာပါ။ ရာသီအစ ဘီလ်ဘာအိုနဲ့ပွဲမှာ မက်ဆီ မကစားနိုင်တဲ့ ဘာစီလိုနာဟာ ရုန်းကန်ခဲ့ရသလို အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့တာပါ။

မက်ဆီဟာ ခြေသလုံး ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး ဒီကနေ့ ည ကစားမယ့် ဘက်တစ်နဲ့ ပွဲကိုပါ လွဲချော်ရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရဆဲပါ။ နွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်ရဲ့ ပြင်သစ် တိုက်စစ်မှူး ဂရီးဇ်မန်းကို ပေါင်သန်း ၁ဝဝကျော် သုံးပြီး ခေါ်ထားပေမယ့် မက်ဆီမပါတဲ့ တိုက်စစ်ပိုင်း ဘာမှ အလုပ်မဖြစ်ခဲ့ဘူးဆိုတာ ဘီလ်ဘာအိုနဲ့ ပွဲမှာ တွေ့ခဲ့ပြီ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ဆွာရက်ဇ်ကလည်း ဒဏ်ရာကြောင့် လွဲချော်တော့မှာ ဖြစ်လို့ ဘက်တစ်နဲ့ ပွဲအတွက် နည်းပြ ဗယ်လ်ဗာဒေးတစ်ယောက် လူရွေးချယ်ဖို့ အခက်တွေ့နေတာပါ။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘာစီလိုနာ တိုက်စစ်ပိုင်းကို ဉီးဆောင်ရမယ့် ဂရီးဇ်မန်း

ဘာစီလိုနာဟာ ဖလား ၃လုံး မျှော်လင့်ချက် ရှိခဲ့ပြီးမှ ချန်ပီယံလိဂ်နဲ့ စပိန်ဘုရင့် ဖလားပွဲတွေမှာ မထင်မှတ်ဘဲ ရှုံးခဲ့ပြီးနောက် ရာသီသိမ်း မကောင်းခဲ့ပေမယ့် မက်ဆီကတော့ သူ့အလုပ် သူလုပ်နေဆဲပါ။ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၅ဝမှာ ၅၁ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာ သွင်းဂိုးတွေရဲ့ အများစုကို သွင်းယူပေးခဲ့သူပါ။ သူမပါတဲ့ တိုက်စစ်ပိုင်းအတွက် ဂရီးဇ်မန်းကို အားကိုးရမှာ ဖြစ်ပေမယ့် ဆွာရက်ဇ်၊ ဒမ်ဘီလီတို့ ဒဏ်ရာတွေကြောင့် နားနေသလို ကော်တင်ညိုလည်း မရှိတော့တဲ့ ဘာစီလိုနာအတွက် ရာသီအဖွင့်မှာတင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ခြေသလုံးက ဒဏ်ရာက ပြန်ကောင်းနေပေမယ့် ကြံ့ခိုင်မှု မပြည့်သေးတဲ့ မက်ဆီကို ဘာစီလိုနာ အရဲစွန့်ပြီး မသုံးသင့်ကြောင်း ကစားသမားဟောင် ရီဗာလ်ဒိုကတော့ ဆိုပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်၊ ဒမ်ဘီလီတို့ မပါဝင်နိုင်တဲ့ တိုက်စစ်မှူး ဂရီးဇ်မန်း ဘယ်လို ဦးဆောင်မလဲ၊ နည်းပြ ဗယ်လ်ဗာဒေး ဘယ်လို ပြင်ဆင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။