အင်္ဂလန် နောက်ခံလူဟောင်း အက်ရှ်လေကိုးလ် ဘောလုံးသမား ဘဝမှ အနားယူ

ဓာတ်ပုံ ရင်းမြစ်, AFP
အသက် ၃၈နှစ် အရွယ်ရှိတဲ့ အက်ရှ်လေ ကိုးလ်ဟာ အင်္ဂလန် ဘယ်နောက်ခံလူတွေထဲ အကောင်းဆုံး ဘောလုံးသမား တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူဖြစ်ပြီး အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ အောင်မြင်မှုတွေ များစွာ ရခဲ့သူပါ။ ကစားသမားဘဝ နှစ်ပေါင်း ၂ဝနီးပါး ဖြတ်သန်းခဲ့တဲ့ အက်ရှ်လေ ကိုးလ်ဟာ မနှစ်က လမ်းပတ်ရဲ့ ဒါဘီမှာ နောက်ဆုံး ကစားခဲ့ပြီးနောက် ကစားသမား ဘဝကို အဆုံးသတ် လိုက်တာ ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၀၇ ပွဲအထိ ကစားခဲ့ဖူးပြီး ကလပ်အသင်း အဆင့်မှာ အောင်မြင်မှုတွေ များစွာ ရခဲ့တဲ့ ကိုးလ်ဟာ ကစားသမား သက်တမ်းတစ်လျောက် ပွဲပေါင်း ၆၉၇ ပွဲအထိ ကစားခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ် နိုဝင်ဘာလက မစ်ဒယ်ဘရော့နဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရခဲ့တဲ့ အက်ရှ်လေကိုးလ်ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၃၈၅ပွဲအထိ ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ အက်ရှ်လေကိုးလ် ပါဝင် ကစားခဲ့တဲ့ ၃၈၅ပွဲမှာ ပွဲပေါင်း ၂၄ဝအထိ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
ရီးယဲယ်မက်ဒရစ်လို ထိပ်တန်း အသင်းကြီးက ကမ်းလှမ်းခဲ့ပေမယ့် အင်္ဂလန်မှာပဲ ရှိခဲ့တဲ့ အက်ရှ်လေကိုးလ်ဟာ အာဆင်နယ်၊ ပဲလေ့စ်၊ ချယ်လ်ဆီး၊ ရိုးမား၊ LA ဂလက်ဆီနဲ့ ဒါဘီအသင်းတွေမှာ ကစားခဲ့သူပါ။ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ရွှေဖလား အပါအဝင် အမှတ်ပေး ချန်ပီယံ ၂ကြိမ်ရခဲ့သလို ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ် ဖလားတွေလည်းရခဲ့သူ ဖြစ်ပါတယ်။ လန်ဒန် ထိပ်တန်း ကလပ် နှစ်ခုမှာ ခြေစွမ်းပြခဲ့တဲ့ အက်ရှ်ကိုးလ်ဟာ ဆုဖလားပေါင်း ၁၃ခုအထိ ရရှိခဲ့သူဖြစ်ပြီး လမ်းပတ် ကိုင်ခဲ့တဲ့ ဒါဘီမှာ သူ့ရဲ့ ကစားသမား ဘဝ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
အက်ရှ်လေကိုးလ်ဟာ ပြီးခဲ့တဲ့ တစ်ပတ် Super Sunday မှာ ဘောလုံးသုံးသပ်သူ အဖြစ် ပါဝင်ခဲ့သလို မကြာခင် နည်းပြဘဝကို စတင်ဝင်ရောက်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ သတင်းတွေအရ အက်ရှ်လေကိုးလ်ဟာ အသင်းဟောင်း ချယ်လ်ဆီးကိုပြန်ပြီး ရာထူး တစ်ခုရယူဖို့ ရှိတယ်လို့ ဖော်ပြနေကြပေမယ့် မကြာခင် သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။
ကစားသမား ဘဝမှာ လူမှုရေး အရှုပ်အရှင်းတွေ ရှိခဲ့ပေမယ့် အက်ရှ်လေကိုးလ်ကတော့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ သာမက အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်းတွက်ပါ အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့တာတော့ အားလုံးက လက်ခံကြမှာ သေချာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အက်ရှ်လေကိုးလ် အောင်မြင်မှု
အာဆင်နယ်
ပရီးမီးယားလိဂ် - ၂ကြိမ် ( ၂၀၀၂၊ ၂၀၀၄)
အက်ဖ်အေကပ် - ၃ကြိမ် ( ၂၀၀၂၊ ၀၃၊ ၀၅)
ကွန်မြူနတီဒိုင်း - ၂ကြိမ် ( ၂၀၀၂၊ ၀၄)

ဓာတ်ပုံ ရင်းမြစ်, AFP
ချယ်လ်ဆီး
ပရီးမီးယားလိဂ် - ၁ကြိမ် ( ၂၀၁၀)
အက်ဖ်အေကပ် - ၄ကြိမ် ( ၂၀၀၇၊ ၀၉၊ ၁၀၊ ၁၂)
လိဂ်ဖလား - ၁ကြိမ် ( ၂၀၀၇)
ကွန်မြူနတီဒိုင်း - ၁ကြိမ် ( ၂၀၀၉)
ချန်ပီယံလိဂ် - ၁ကြိမ် ( ၂၀၁၂)
ယူရိုပါလိဂ် - ၁ကြိမ် ( ၂၀၁၃)
ကစားသမားဘဝ မှတ်တမ်း
ဆုဖလား - ၁၃ကြိမ်
ပရီးမီးယားလိဂ် - ၃ကြိမ်
ချန်ပီယံလိဂ် - ၁ကြိမ်
ပွဲပေါင်း - ၆၉ရပွဲ
လက်ရွေးစင်ပွဲပေါင်း - ၁ဝရပွဲ








