နွေရာသီမှာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ထိပ်တန်း အပြောင်းအရွှေ့များ

ဓာတ်ပုံ ရင်းမြစ်, transfer market
ပြီးခဲ့တဲ့ ရက်ပိုင်းက မန်ချက်စတာယူနိုက်တက်က ပဲလေ့စ် နောက်ခံလူ ဝမ်ဘတ်ဆာကာကို ပေါင်သန်း ၅၀နဲ့ ခေါ်ယူခဲ့ပြီး ဗြိတိန် အပြောင်းအရွှေ့ကိုစလိုက်ပါတယ်။ စပိန်ဖက်မှာ ဇီဒန်းရဲ့ ရီးယဲယ်က ငွေတွေ အများကြီးသုံးပြီး ဟာဇက် အပါအဝင် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူထားတာ တွေ့ရသလို ဂျူဗင်တပ်စ်ကလည်း ထိပ်သီး ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။
လက်ရှိ ဈေးကွက်အနေအထား၊ ရုပ်သံစာချုပ်သစ်ကြောင့် အင်္ဂလန် ကလပ်တွေဟာ ကစားသမားတွေကို လိုအပ်တာထက် ပိုပြီး ဈေးပိုပေးနေရလို့ ပရီးမီးယားလိဂ် ကလပ်တွေအတွက် ကစားသမားသစ် ခေါ်ယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ နွေရာသီမှာ အကြီးမားဆုံး လှုပ်ရှားနေတဲ့ ရီးယဲယ်လိုပဲ ပြိုင်ဖက် ဘာစီလိုနာကလည်း နေမာ၊ ဂရီးဇ်မန်းတို့လို ထိပ်တန်း အဆင့်ရှိတဲ့ ကစားသမားတွေကို ချိတ်ဆက်နေပါတယ်။ အသင်းပြောင်းဖို့ သတင်းတွေ ထွက်နေပြီး ထိပ်တန်း အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့တွေကို လေ့လာကြည့်တော့ အခုလို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၁) နေမာ - ပီအက်စ်ဂျီ
စိတ်ဝင်စားနေတဲ့ အသင်းများ - ရီးယဲယ်မက်ဒရစ်၊ ဘာစီလိုနာ
လက်ရှိ ပေါင်ဈေး - ယူရို ၁၈၀ သန်း
နေမာဟာ ဒီလိုမျိုး ထိပ်တန်း အပြောင်းအရွှေ့တစ်ခုကို ၂၀၁၇ခုနှစ်မှာ အားလုံးကို အံ့အားသင့်အောင် လုပ်ခဲ့သူပါ။ ပီအက်စ်ဂျီမှာ မပျော်ရွှင်တော့တဲ့ သူ့ကို လာလီဂါ ကလပ်တွေက ပြန်ခေါ်ဖို့ ကြိုးစားနေသလို သူကိုယ်တိုင်လည်း စပိန်ကို ပြန်ချင်နေတာပါ။ ပီအက်စ်ဂျီ အသင်းပိုင်ရှင်ကတော့ နေမာအပေါ် သည်းခံစိတ် ကုန်ဆုံးနေပြီလို့ သတင်းတွေမှာ ဖော်ပြထားပြီး သူတို့ ပေးခဲ့ရတဲ့ ယူရို ၂၂၂သန်း ပြန်ရရင် ရောင်းချဖွယ်ရှိ နေတယ်လို့ ဆိုပါတယ်။ နေမာရဲ့ လက်ရှိ ဈေးကွက် ပေါက်ကြေးအရ ယူရိုသန်း ၁၈၀သာ ရှိပေမယ့် အသင်းဟောင်း ဘာစီလိုနာက ရီးယဲယ်ကို ကျော်ပြီး ခေါ်နိုင်ဖို့ နည်းမျိုးစုံ သုံးနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၂) ဂရီးဇ်မန်း - အက်သလက်တီကို
စိတ်ဝင်စားနေတဲ့ အသင်းများ - ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ယူ
လက်ရှိ ပေါင်ဈေး - ယူရို ၁၃၀ သန်း
ကမ္ဘာ့ချန်ပီယံ ပြင်သစ်ရဲ့ အဓိက ကစားသမား ဂရီးဇ်မန်းကတော့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပေမယ့် ဘယ်အသင်းကို ရောက်မလဲ အားလုံးက စိတ်ဝင်စား နေတာပါ။ စပိန်မှာ ဖော်ပြထားတဲ့ သတင်းတွေအရ ဂရီးဇ်မန်းဟာ ဘာစီလိုနာကို လျော်ကြေးစာချုပ် ဖျက်ပြီး ရောက်မယ်လို့ သိထားပေမယ့် သူ့ကို ပီအက်စ်ဂျီ၊ မန်ယူတို့ ကလည်း စိတ်ဝင်စားနေတာပါ။ ဘာစီလိုနာကတော့ မနက်ဖြန်မှာ ယူရို ၁၂၀ သန်း နဲ့ ၅နှစ် စာချုပ်ချုပ်ပြီး ခေါ်မယ်လို့ ဆိုထားပြီး သူ့ကို ယူရို ၁၇သန်းအထိ လစာပေးဖို့ သဘောတူထားတာပါ။ ယူနိုက်တက်ကတော့ ဘာစီလိုနာထက် ဈေးပိုပေးပြီး ဂရီးဇ်မန်းကို အရခေါ်ယူဖို့ စီစဉ်နေပေမယ့် ဘယ်လိုတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ။
၃) ဒမ်ဘီလီ - ဘာစီလိုနာ
စိတ်ဝင်စားနေတဲ့ အသင်းများ - ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ လီဗာပူးလ်
လက်ရှိ ပေါင်ဈေး - ယူရို ၁၀ဝ သန်း
ဘာစီလိုနာမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြဿနာတွေက ဒမ်ဘီလီအတွက် အခက်တွေ့နေတာပါ။ ဒေါ့မန်ကနေ ခေါ်ယူခဲ့ပြီးမှ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ကြိုးစားနေရသလို နေမာကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အနေအထားတွေက ဒမ်ဘီလီကို အသင်းပြောင်းဖို့ ဖိအားတွေ ဖြစ်လာစေတာပါ။ သူ့ကို ဘိုင်ယန်၊ ပီအက်စ်ဂျီနဲ့ လီဗာပူးလ်တို့က စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာကတော့ အနည်းဆုံး ယူရိုသန်း ၁၂၀ လောက် အလို ရှိနေပါတယ်။
၄) ဆာနေ - မန်စီးတီး
စိတ်ဝင်စားနေတဲ့ အသင်းများ - ဘိုင်ယန်မြူးနစ်
လက်ရှိ ပေါင်ဈေး - ယူရို ၁၀ဝ သန်း
ပတ်ဂွါဒီယိုလာရဲ့ အသင်းမှာ ပုံမှန် ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဆာနေဟာ ဘိုင်ယန်ရဲ့ အဓိက ပစ်မှတ်ကစားသမားပါ။ မန်စီးတီးကတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပေမယ့် ဘိုင်ယန်ကတော့ နောက်ဆုံး အချိန်အထိ ကြိုးပမ်းနေတာပါ။ သူ့ရဲ့ တန်းကြေးက မန်စီးတီးခေါ်တုန်းကထက် ၂ဆကျော် တက်လာခဲ့သလို ဖြစ်လာဖို့ ခက်ခဲတဲ့ အပြောင်းအရွှေ့ပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
၅) ပေါ့ပ်ဘာ - မန်ယူ
စိတ်ဝင်စားနေတဲ့ အသင်းများ - ဂျူဗင်တပ်စ်၊ ရီးယဲယ်မက်ဒရစ်၊ ပီအက်စ်ဂျီ
လက်ရှိ ပေါင်ဈေး - ယူရို ၁၀ဝ သန်း
ယူနိုက်တက်ရဲ့ စံချိန်တင်ကြေးနဲ့ ခေါ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းက ထွက်ခွာချင်နေသူလည်း ဖြစ်ပါတယ်။ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်နေချင်ပေမယ့် ရီးယဲယ်၊ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေတာပါ။ ပေါ့ပ်ဘာ ကိုယ်တိုင်က အိုးထရက်ဖို့ဒ်မှာ ဆက်ရှိဖို့ မသေချာတော့သလို စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ချင်တယ်လို့ ဆိုထားပြီး အေးဂျင့်ဖြစ်သူရဲ့ ကြိုးပမ်းမှုနဲ့ အသင်းပြောင်းဖို့ လုပ်နေပါတယ်။ ယူနိုက်တက်က သူ့ကို ယူရို ၁၅၀ သန်းအထိ ဈေးသတ်မှတ်ထားပေမယ့် ဘယ်လိုတွေ ဖြစ်လာမလဲ စိတ်ဝင်စားစရာ ရှိမယ့် အပြောင်းအရွှေ့ပါ။
၆) အဲရစ်ဆင် - တော့တင်ဟမ်ဟော့စပါး
စိတ်ဝင်စားနေတဲ့ အသင်းများ - ရီးယဲယ်မက်ဒရစ်၊ မန်ယူ၊ အင်တာမီလန်
လက်ရှိ ပေါင်ဈေး - ယူရို ၁၀ဝ သန်း
လာမယ့် ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အဲရစ်ဆင်ကို စပါးက ရောင်းချဖို့ ပြင်ဆင်နေပါပြီ။ မာကာ သတင်းစာ ကတော့ အဲရစ်ဆင်တစ်ယောက် မိသာစုနဲ့အတူ မက်ဒရစ်မှာ အိမ်ရှာဖွေနေပြီလို့ ဖော်ပြထားသလို စပါး အသင်း ဥက္ကဌ ဒန်နီလီဗီးလ် ကလည်း ရီးယဲယ်ကို ရောင်းချဖို့ ပီရက်ဇ်ကို ဆက်သွယ်ထားပါတယ်။ အဲရစ်ဆင်ကို ယူနိုက်တက်နဲ့ အင်တာတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၇) ကော်တင်ညို - ဘာစီလိုနာ
စိတ်ဝင်စားနေတဲ့ အသင်းများ - ပီအက်စ်ဂျီ၊ မန်ယူ၊ လီဗာပူးလ်
လက်ရှိ ပေါင်ဈေး - ယူရို ၉၀ သန်း
နေမာရဲ့ အပြောင်းအရွှေ့ဟာ ကော်တင်ညိုရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေး ဖွယ်ရှိ နေတာပါ။ လာလီဂါ ဘောလုံး ကျွမ်းကျင်သူတွေကတော့ ဘာစီလိုနာဟာ နေမာအတွက် ကော်တင်ညိုနဲ့ ငွေသားပေးပြီး ကမ်းလှမ်းထားတာကို ပီအက်စ်ဂျီက လက်ခံဖို့ရှိတယ်လို့ ဆိုပါတယ်။ ကော်တင်ညိုကိုယ်တိုင်ကလည်း လာမယ့်ရာသီ ဘယ်အသင်းမှာ ကစားရမယ်ဆိုတာကို မသိဘူးလို့ ဆိုထားပြီး သူ့ကို အသင်းဟောင်း လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။
၈) ဒီဘာလာ - ဂျူဗင်တပ်စ်
စိတ်ဝင်စားနေတဲ့ အသင်းများ - အင်တာမီလန်၊ မန်ယူ၊ ဘိုင်ယန်၊ အက်သလက်တီကို
လက်ရှိ ပေါင်ဈေး - ယူရို ၈၅ သန်း
ရော်နယ်လ်ဒို ရောက်လာပြီးနောက်ပိုင်း ဒီဘာလာရဲ့ ပွဲထွက်ကစားခွင့်က ကန့်သတ်ချက်ဖြစ်လာလို့ အသင်းပြောင်းဖွယ်ရှိနေတာပါ။ လက်ရွေးစင်နဲ့ ကလပ်မှာ ကစားခွင့်မရတဲ့ ဒီဘာလာတစ်ယောက် နည်းပြသစ် ဆာရီလက်ထက်မှာလည်း အခွင့်အရေးရဖို့ နည်းလျက်ရှိနေပါတယ်။ ဒီဘာလာကို အင်တာ၊ အက်သလက်တီကို၊ ယူနိုက်တက်နဲ့ ဘိုင်ယန်တို့က စိတ်ဝင်စားနေကြပြီး ဂျူဗင်တပ်စ်ကတော့ သူ့အတွက် အနည်းဆုံး ယူရို သန်း၁၀၀ အလိုရှိနေပါတယ်။
၉) ရိုဒရီ - အက်သလက်တီကို
စိတ်ဝင်စားနေတဲ့ အသင်းများ - မန်စီးတီး၊ ဘိုင်ယန်
လက်ရှိ ပေါင်ဈေး - ယူရို ၈၀ သန်း
အက်သလက်တီကိုက ရီးယဲယ်ကွင်းလယ်လူ လော်ရန်တေးကို အပြီးသတ် ခေါ်ယူပြီးနောက် ရိုဒရီကို ရောင်းချဖို့ သေချာနေပြီလို့ ဆိုရမှာပါ။ မန်စီးတီးက သူ့ရဲ့ လျော်ကြေးစာချုပ် ယူရို သန်း ၇၀ကို ပေးဖို့ သဘောတူထားပေမယ့် ဘိုင်ယန်ကလည်း စိတ်ဝင်စားနေတာပါ။ နိုက်နဲ့ စာချုပ်သက်တမ်းမကုန်သေးလို့ မန်စီးတီးက ရိုဒရီရဲ့ အပြောင်းအရွှေ့တွေကို တရားဝင် မကြေငြာသေးဘဲ စောင့်နေတာပါ။
၁၀) အကာဒီ - အင်တာမီလန်
စိတ်ဝင်စားနေတဲ့ အသင်းများ - နာပိုလီ၊ ဂျူဗင်တပ်စ်
လက်ရှိ ပေါင်ဈေး - ယူရို ၈၀ သန်း
အင်တာမီလန်မှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလို အာဂျင်တီးနားကပါ ချန်ထားခံခဲ့ရတဲ့ အကာဒီ တစ်ယောက် အသင်းကနေ ထွက်ဖို့ ကြိုးပမ်းနေပါတယ်။ အင်တာရဲ့ ပြိုင်ဖက် ဂျူဗင်တပ်စ်ကို ပြောင်းချင်ပေမယ့် နာပိုလီကလည်း စိတ်ဝင်စား နေပါတယ်။ သတင်းတွေအရ အင်တာဟာ လူကာကူအတွက် အကာဒီကို အလိုက်ပေးပြီး ယူနိုက်တက်ကို ပြောင်းဖွယ်ရှိတယ်လို့ ဆိုပေမယ့် စီးရီးအေမှာသာ ဆက်နေဖွယ် ရှိနေသူပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
၁၁) ဒီလစ် - အားယက်စ်
စိတ်ဝင်စားနေတဲ့ အသင်းများ - ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်
လက်ရှိ ပေါင်ဈေး - ယူရို ၇၅ သန်း
ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ ဒီလစ်ကို အသင်းတိုင်းက အလိုရှိနေကြပြီး စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်ကို ရောက်ဖို့ နီးစပ်နေပါတယ်။ ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှု ရထားပြီးလို့ နှစ်အသင်းအကြား ပြောင်းရွှေ့ကြေးကို ဆက်လက် ဆွေးနွေးနေတာပါ။ ဒီလစ်ကို အစောပိုင်းက ဘာစီလိုနာ၊ ယူနိုက်တက်တို့က စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိမှာ တော့ ဂျူဗင်တပ်စ်နဲ့အပြိုင် ပီအက်စ်ဂျီ၊ ဘိုင်ယန်တို့က ကြိုးပမ်းနေပါတယ်။ သူ့ရဲ့ တန်ကြေးက ယူရို ၇၅သန်းရှိပါတယ်။
၁၂) လူကာကူ - မန်ယူ
စိတ်ဝင်စားနေတဲ့ အသင်းများ - အင်တာမီလန်
လက်ရှိ ပေါင်ဈေး - ယူရို ၇၅ သန်း
ကွန်တေရဲ့ အင်တာမီလန်ကတော့ ချယ်လ်ဆီးတုန်းက မခေါ်လိုက်နိုင်ခဲ့တဲ့ လူကာကူကို ပြန်ခေါ်ဖို့ ကြိုးပမ်းနေပါတယ်။ ယူနိုက်တက်ကတော့ အနည်းဆုံး ယူရို ၇၅သန်း အလိုရှိနေပေမယ့် အင်တာကတော့ နှစ်ရာသီ အငှားနဲ့ အရင်ခေါ်ပြီးမှ အပြီးသတ် ချင်နေတာပါ။ ပယ်ရာဆစ်၊ အကာဒီတို့လို ကစားသမားတွေကို အလိုက်ပေးပြီး ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အိုးထရက်ဖို့ဒ်က ထွက်ချင်နေတဲ့ လူကာကူတစ်ယောက် အသင်းပြောင်းဖို့ များနေပါတယ်။
အခြား ထိပ်တန်း အပြောင်းအရွှေ့များ
၁၃) ဖိလစ် - ဘင်ဖီကာမှ အက်သလက်တီကို
၁၄) အန်ဒွန်ဘီလီ - လီယွန်မှ စပါး
၁၅) ဘရူနို ဖာနန်ဒက်စ် - စပို့တင်းမှ မန်ယူ၊ စပါး၊ လီဗာပူးလ်၊ မန်စီးတီး
၁၆) ပီပီ - လိုင်လီမှ ဘိုင်နယ်၊ အက်သလက်တီကို၊ အင်တာ၊ လီဗာပူးလ်








