စိတ်ဝင်စားဖွယ် ကမ္ဘာ့ဖလား သမိုင်း

    • ရေးသားသူ, ချမ်းဟိန်း
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။

ကမ္ဘာ့ တဝှမ်းက အားကစားပြိုင်ပွဲတွေနဲ့ ဘောလုံးပြိုင်ပွဲတွေထဲ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံးဖြစ်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ရုရှားနိုင်ငံမှာ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၁၉၃ဝ ခုနှစ်ကတည်းကနေ ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အခုဆိုရင် ၂၁ ကြိမ်မြောက်ကို ရောက်လာခဲ့ပါပြီ။ ပြိုင်ပွဲ ကျင်းပလာခဲ့တဲ့ တလျှောက်လုံး ဘောလုံး အင်အားကြီးနိုင်ငံတွေရှိကြတဲ့ တောင်အမေရိကနဲ့ ဥရောပတိုက် တို့က တစ်လှည့်စီ ဗိုလ်စွဲခဲ့ကြတာပါ။ တောင်အမေရိကတိုက်က ၉ ကြိမ်နဲ့ ဥရောပ တိုက်က ၁၁ကြိမ် ဗိုလ်စွဲထားပါတယ်။

စတင်ပေါ်ပေါက်လာပုံ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြင်သစ်လူမျိုး ဂျူးရီးမေရဲ့ ဦးဆောင်မှုနဲ့ ပရော် ဖက်ရှင်နယ် ကစားသမားတွေပါဝင်တဲ့ ဘောလုံးပြိုင်ပွဲကြီးတခုကို ၁၉၃ဝ ခုနှစ်က စတင် လုပ်ခဲ့ရာ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ပေါ်ပေါက်လာခဲ့တာပါ။ ဥရုဂွေးနိုင်ငံက အိမ်ရှင် စလုပ်ခဲ့တဲ့ ၁၉၃ဝ ပြိုင်ပွဲ ကစလို့ ပြီးခဲ့တဲ့ ၂၀၁၄ ဘရာဇီးပြိုင်ပွဲအထိ ကျင်းပခဲ့တဲ့ အကြိမ် ၂ဝ မှာ တောင်အမေရိကတိုက်နဲ့ ဥရောပတိုက်က အသင်းတွေသာ ဗိုလ်စွဲနိုင်ခဲ့ကြ တာပါ။ တောင်အမေရိကတိုက်က ဘရာဇီးက ၅ ကြိမ်နဲ့ အာဂျင်တီးနား၊ ဥရုဂွေးတို့က ၂ ကြိမ်စီ ဗိုလ်စွဲခဲ့ကြပြီး ဥရောပတိုက်က ဂျာမနီနဲ့ အီတလီက ၄ ကြိမ်စီ၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်တို့က တကြိမ်စီ ဗိုလ်စွဲခဲ့ကြပါတယ်။ အအောင်မြင်ဆုံးဖြစ်တဲ့ ဘရာဇီးဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲတိုင်းကို ခြေစစ်ပွဲအောင်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်သလို ဘရာဇီးရဲ့ ဂန္ထဝင်ကစားသမား ပီလီကလည်း ပြိုင်ပွဲ ၃ကြိမ်မှာ ချန်ပီယံဖြစ်ဖူးတဲ့ တစ်ဦး တည်းသော ကစားသမား ဖြစ်ပါတယ်။ ၂ဝ၁၄ ချန်ပီယံ ဂျာမနီအသင်းက ပြိုင်ပွဲ သမိုင်း တစ်လျောက် ဂိုးအများဆုံး သွင်းနိုင်တဲ့အသင်းဖြစ်ပြီး စုစုပေါင်း ၂၂၄ ဂိုးထိ သွင်းယူနိုင်ခဲ့ တာပါ။ ဂျာမနီ တိုက်စစ်မှူးဟောင်း ကလိုဆေးကလည်း ၁၆ ဂိုးနဲ့ ဂိုးအများဆုံး သွင်းထား သူ ဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ ဂျာမနီတို့ ဟာ ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ၃ ကြိမ်စီ ဆုံတွေ့ ခဲ့ဖူးပြီး ဂျာမနီက ၂ ကြိမ်နဲ့ အာဂျင်တီးနားက ၁ ကြိမ် နိုင်ထားပါတယ်။

တဦးချင်း စံချိန်များ

ကင်မရွန်းတိုက်စစ်မှူး ရော်ဂျာ မေလာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် အသက်အကြီးဆုံး ဂိုးသွင်းနိုင်သူ ဖြစ်ပါတယ်။ ရော်ဂျာမေလာဟာ ၁၉၉၄ ပြိုင်ပွဲတုန်းက အသက် ၄၂ နှစ်အရွယ်မှာ ရုရှားဘက်ကို သွင်းခဲ့တာပါ။ ဘရာဇီးရဲ့ ပယ်လေကတော့ ၁၉၅၈ ကမ္ဘာ့ဖလားတုန်းက အသက် ၁၇ နှစ် အရွယ်မှာပဲ ဝေးလ်စ်ဘက်ကို ဂိုးသွင်းပြီး အသက်အငယ်ဆုံး ဂိုးသွင်းယူသူအဖြစ် စံချိန်တင်ခဲ့သူ ဖြစ်ပါတယ်။ ဂျာမနီအသင်းခေါင်းဆောင်ဟောင်း လိုသာမားသီးယပ်စ်ကတော့ ၂၅ ပွဲနဲ့ ပွဲအများဆုံး ကစားခဲ့တဲ့ ကစားသမားဖြစ်ပြီး အီတလီနောက်ခံလူဟောင်း ပေါ်လို မာလ်ဒီနီက မိနစ်ပေါင်း ၂၂၁၇ မိနစ်နဲ့ ကမ္ဘာ့ဖလားမှာ ပွဲချိန် အကြာဆုံး ကစားသူအဖြစ် မှတ်တမ်း တင်ထားပါတယ်။

နိုင်ငံ စံချိန်များ

ဘရာဇီးနဲ့ ဂျာမနီအသင်းတို့ဟာ ကမ္ဘာ့ဖလားရဲ့ အုပ်စုအဆင့်ပွဲတွေကို ၁ရကြိမ် အထိ ကျော်ဖြတ်နိုင်တဲ့ အသင်းတွေဖြစ်ပြီး စကော့တလန်အသင်းကတော့ ခြေစစ်ပွဲ အောင်ခဲ့တဲ့ ၈ကြိမ်စလုံးမှာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာပါ။ ၂ဝ၁၈ ကမ္ဘာ့ဖလားမှာတော့ အိမ်ရှင် ရုရှားအပါအဝင် အသင်းကြီးတွေ များစွာပါဝင်ကြမှာ ဖြစ်ပေမယ့် ကမ္ဘာ့ဖလားမှာ အစဉ်လာကြီးမားတဲ့ ၄ ကြိမ် ချန်ပီယံဟောင်း အီတလီကတော့ ၁၉၅၈ နောက်ပိုင်း ခြေစစ်ပွဲမအောင်ပဲ ကျန်ရစ်ခဲ့ပါတယ်။

၂၀၁၈ ရုရှား ကမ္ဘာ့ဖလား

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး အိမ်ရှင် ရုရှား အသင်းနဲ့ အာရှတိုက်က ဆော်ဒီအာရေဗျအသင်းတို့ ဖွင့်ပွဲကို စတင်ကစားရမှာပါ။ လက်ရှိ ချန်ပီယံ ဂျာမနီက အုပ်စု F မှာပါဝင်ပြီး စပိန်က အုပ်စု B ယူရိုချန်ပီယံ ပေါ်တူဂီနဲ့ တအုပ်စုထဲ ကစားရမှာပါ။ ပြင်သစ်က အုပ်စု C ၊ အာဂျင်တီးနားက အုပ်စု D ၊ ဘရာဇီးလ်က အုပ်စု E နဲ့ အင်္ဂလန်နဲ့ ဘယ်ဂျီယံတို့က အုပ်စု G မှာ အတူ ဆုံတွေ့မှာ ဖြစ်ပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားမှာ ခြေစွမ်း၊ ကစားသမား ဖွဲ့စည်းမှုနဲ့ အစဉ်အလာတွေကြောင့် လက်ရှိချန်ပီယံ ဂျာမနီပဲ ချန်ပီယံထပ်ဖြစ်မယ်လို့ ရေပန်းစား နေပြီး လူအင်အား တောင့် တင်း ဘရာဇီးက ဂျာမနီရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာဖွယ်ရှိတယ်လို့ မီဒီယာတွေက သုံးသပ်နေပါတယ်။

ကမ္ဘာ့ဖလား အုပ်စုများ

အုပ်စု က - ရုရှား( အိမ်ရှင်) ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဥရုဂွေး

အုပ်စု ခ - ပေါ်တူဂီ၊ စပိန်၊ မော်ရိုကို၊ အီရန်

အုပ်စု ဂ - ပြင်သစ်၊ သြစတြေးလျ၊ ပီရူး၊ ဒိန်းမတ်

အုပ်စု ဃ - အာဂျင်တီးနား၊ အိုက်စလန်၊ ခရိုအေးရှား၊ နိုင်ဂျီးရီးယား

အုပ်စု င - ဘရာဇီး၊ ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆားဘီးယား

အုပ်စု စ - ဂျာမနီ ( လက်ရှိချန်ပီယံ)၊ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယား

အုပ်စု ဆ - ဘယ်ဂျီယံ၊ ပနားမား၊ တူနီးရှား၊ အင်္ဂလန်

အုပ်စု ဇ - ပိုလန်၊ ဆီနီဂေါ၊ ကိုလံဘီယာ၊ ဂျပန်။

အောင်မြင်မှု

၁) ဘရာဇီး - ၅ ကြိမ်

၂) ဂျာမနီ - ၄ ကြိမ်

၃) အီတလီ - ၄ ကြိမ်

၄) အာဂျင်တီးနား - ၂ ကြိမ်

၅) ဥရုဂွေး - ၂ ကြိမ်

၆) စပိန် - ၁ ကြိမ်

၇) အင်္ဂလန် - ၁ ကြိမ်

၈) ပြင်သစ် - ၁ ကြိမ်

ရေပန်းစားမှု

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကစားသမား စာရင်းထွက်ပေါ်အပြီးမှာတော့ လက်ရှိချန်ပီယံ ဂျာမနီအသင်းက ထပ်မံဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ဂျာမနီအသင်းဟာ နည်းပြ ယာဂမ်လိုးလက်ထက် အစဉ်လာ၊ အတွေ့အကြုံ၊ လူစာရင်း၊ စိတ်ဓာတ်မာကြောမှု ပိုင်းမှာ ပြိုင်ဖက်အသင်းတွေထက် အများကြီး အသာရနေတာကြောင့် ဗိုလ်စွဲဖို့ တစ်ပေးခံ ထားရတာပါ။ လူအင်အားတောင့်တင်းတဲ့ ဘရာဇီးလ်ကလည်း ၂ဝဝ၂ နောက်ပိုင်း ချန်ပီယံ ရဖို့ အခွင့်အရေးကောင်းနေသလို၊ စပိန်၊ ပြင်သစ်တို့ကလည်း အဓိက စောင့်ကြည့်ရမယ့် အသင်းတွေ ဖြစ်ပါတယ်။ ရေပန်းစားနေတဲ့ အဲ့ဒီ ၄ သင်းအပြင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီရဲ့ အာဂျင်တီးနား၊ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီ၊ ဟယ်ရီကိန်းရဲ့ အင်္ဂလန်တို့ကရော အခွင့်အရေးရှိနိုင်မလား။ ဘီဘီစီ မြန်မာပိုင်းရဲ့ ဘောလုံးချစ် ပရိသတ်တွေကရော ဘယ်လိုထင်ပါသလဲ……။