အိန္ဒိယ တံတားပြိုကျမှု လူပေါင်း ၁၄၀ ထက်မနည်း သေဆုံး
ဂူဂျာရက် ပြည်နယ်မှာ တနင်္ဂနွေနေ့က တံတားတစင်း ပြိုကျခဲ့မှုကြောင့် လူပေါင်း ၁၄ဝ ထက်မနည်း သေဆုံးခဲ့တယ်လို့ အိန္ဒိယနိုင်ငံ အနောက်ပိုင်း အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ တံတားဟာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံချက် ရမထားတဲ့ တံတား ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တံတား ပြန်မဖွင့်ခင် ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ Oreva က မိုဘီမြို့က အသွားအလာတွေ ရပ်ဆိုင်းထားတဲ့ ဒီတံတားကို ၇ လကြာ ပြုပြင်မွမ်းမံတာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြုပြင်မွမ်းမံတာတွေ လုပ်ပြီးနောက်ပိုင်း ထောက်ခံချက် ထုတ်မပေးရသေးဘူးလို့ မြို့ အာဏာပိုင်တွေက ပြောပါတယ်။
တံတားအလယ်မှာ လူ အများအပြား ရှိနေခဲ့ပြီး တချို့ဟာ ဒီကြိုးတံတားကို လှုပ်ယမ်းဖို့ ကြိုးစားခဲ့ကြတယ်လို့ ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
တံတားပြိုကျချိန်မှာ အားလပ်ရက် ပွဲတော်ရာသီတွေအတွက် လာရောက်အပန်းဖြေကြသူ ရာနဲ့ချီနဲ့ တံတားပေါ်မှာ လူပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။
အပြည့်အစုံကိုတော့ ကိုဇေယျာက ပြောပြပေးမှာပါ။