ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောင်လအန်ဆန်ရဲ့ ရှေ့ရည်မှန်းချက်က ဘာလဲ
အောင်လအန်ဆန် - "UFC ရဲ့ Level ဘယ်လောက်လဲ၊ ကျွန်တော့်ရဲ့ Level ဘယ်လောက်လဲ ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်..။"
စင်္ကာပူ အခြေစိုက် One Championship က ကျင်းပတဲ့ ကမ္ဘာ့ သိုင်းပေါင်းစုံ အားကစားနည်း ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်း (Middleweight) နဲ့ လိုက်ဟဲဗီးဝိတ်တန်း (Light heavyweight / Cruiserweight) ရွှေခါးပတ် နှစ်ခုရှင် အောင်လအန်ဆန်ဟာ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဘွဲ့ကို ၂ ကြိမ် တိုင်တိုင် ကာကွယ် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ရန်ကုန်က သုဝဏ္ဏ မိုးလုံလေလုံ ကစားကွင်းကြီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်တုန်းက ကျင်းပခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ကာကွယ်ပွဲမှာတော့ အောင်လအန်ဆန်ဟာ အဖမ်း၊ အချုပ် ကျွမ်းကျင်တဲ့ အာရပ် ကမ္ဘာက ချန်ပီယံ စိန်ခေါ်သူ မိုဟာမက်ခရာခီကို ပထမ အချီ ၂ မိနစ် ၂၁ စက္ကန့် မှာတင် လက်သီးထိုးပြီး အနိုင်ယူခဲ့ပါတယ်။
ရှေ့လာမယ့် ပွဲကတော့ သူ့ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်ကို ကာကွယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ အောင်လအန်ဆန်က အဲဒီပွဲအပြီး ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ထုတ်ပြောခဲ့ပါတယ်။
လက်ရှိ One Championship ရဲ့ ဟဲဗီးဝိတ်တန်း (Heavyweight) ချန်ပီယံက အရင် UFC အားကစားသမား ဘရန်ဒန်ဗီရာ (ဖိလစ်ပိုင်) ဖြစ်ပါတယ်။ သူကလည်း ကိုယ်အလေးချိန် ချပြီး လိုက်ဟဲဗီးဝိတ်တန်းရဲ့ ရွှေခါးပတ်ကို အောင်လအန်ဆန် ဆီကနေ အရယူဖို့ ဆန္ဒရှိနေပါတယ်။
အခု သီးသန့် မေးမြန်းခန်း ရုပ်သံ အစီအစဉ်မှာ အောင်လအန်ဆန်က ပြီးခဲ့တဲ့ ပွဲ အပေါ် နည်းဗျူဟာ သုံးသပ်ချက်၊ Ultimate Fighting Championship (UFC) က သိုင်းပေါင်းစုံ အားကစားသမားတွေ အပေါ် သူ့ရဲ့ အမြင်နဲ့ ရှေ့လာမယ့် သူ့ရဲ့ ရည်မှန်းချက်တွေကို ရှင်းပြထားပါတယ်။