ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး စျာပန- စိန့်ဂျော့ချ် ဘုရားကျောင်းက ဆုတောင်းပွဲပြီး၊ မိသားစုတွေ ပြန်ထွက်ခွာ

အသက် ၉၆ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဗြိတိန်ရဲ့ နန်းသက်အရှည်ဆုံး အုပ်ချုပ်သူ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ နိုင်ငံတော် စျာပန အခမ်းအနား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ခေါင်းတလားတော် ဝက်စ်မင်စတာဘုရားကျောင်းဆီကိုရောက်ပြီ

    ဝက်စ်မစ်စတာခန်းမအလယ်မှာ ရက်နဲ့ချီကြာအောင် ဂါရဝပြုခံခဲ့တဲ့ ဘုရင်မကြီးရဲ့ခေါင်းတလားတော်ဟာ စျာပနအခမ်းအနားမယ့် ဝက်စ်မင်စတာ ဘုရားကျောင်းကြီးရဲ့ အနောက်ဂိတ်ကို ရောက်ရှိပြီဖြစ်ပါတယ်။

    အဲဒီနောက် ဘုရားကျောင်းခန်းမထဲကို သယ်ယူသွားတာလည်းတွေ့ရပါတယ်။

    ဝက်စ်မင်စတာခန်းမကနေ ဘုရားကျောင်းကြီးထဲအထိ စီတန်းလှည့်လည်မှုအတွင်း ဘုရင်မကြီးရဲ့ခေါင်းတလားအနောက်မှာ သားတော် တတိယမြောက် ချားလ်စ်ဘုရင်၊ မြေးတော် မင်းသားတွေလည်း ခြံရံလိုက်ပါလာတာတွေ့ရပါတယ်။

  2. ဘုရင်မကြီးရဲ့နောက်ဆုံးခရီး - ဝက်စ်မင်စတာဘုရားကျောင်းဆီသို့

    ဝက်စ်မစ်စတာခန်းမအလယ်မှာ ရက်နဲ့ချီကြာအောင် ဂါရဝပြုခံခဲ့တဲ့ ဘုရင်မကြီးရဲ့ခေါင်းတလားတော်ကို စျာပနအခမ်းအနားကျင်းပမယ့် ဝက်စ်မင်စတာ ဘုရားကျောင်းကြီးဆီ မကြာခင်မှာပဲ သယ်ယူဖို့ရှိပါတယ်။

    ဝက်စ်မင်စတာနန်းတော်ရဲ့တစိတ်တပိုင်းဖြစ်တဲ့ ဝက်စ်မင်စတာခန်းမကနေ ဘုရားကျောင်းကြီးဆီသယ်ယူမှာဖြစ်ပါတယ်။ ခရီးတိုပေမဲ့ စီတန်းလှည့်လည်မှုနဲ့သယ်ယူမှာပါ။

    အခေါင်းတော်ကို တော်ဝင်ရေတပ်အဖွဲ့ဝင်တွေ ဆွဲမယ့် အမြှောက်တော်တင်လှည်းနဲ့ ဘုရားကျောင်းအနောက်ဂိတ်ပေါက်ကို တင်ဆောင်သယ်ယူမှာဖြစ်ပါတယ်။

    ဒီနေ့မှာ ဘုရင်မကြီးရဲ့ခေါင်းတလားနဲ့အတူ သားတော် ချားလ်စ်ဘုရင်မင်းမြတ်၊ မြေးတော်တွေဖြစ်တဲ့ အိမ်ရှေ့စံ ဝီလျံနဲ့ မင်းသား ဟယ်ရီတို့အပါအဝင် တခြားတော်ဝင်မိသားစုဝင်တွေ နောက်ကနေ ခြံရံလိုက်ပါမှာဖြစ်ပါတယ်။

  3. ဓနသဟာယအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေရောက်ရှိ

    ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူး အပါအဝင် ဓနသဟာယအဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ဘုရင်မကြီးရဲ့စျာပနကျင်းပမယ့် ဝက်စ်မင်စတာ ဘုရားကျောင်းကြီးထဲကို ရောက်လာတာတွေ့ရပါတယ်။

    ဝန်ကြီးချုပ်ကတော့ ဘုရင်မကြီးနဲ့အကြိမ်ကြိမ်တွေ့ဆုံ စကားပြောဆိုဖူးတဲ့ သူ့အမှတ်တရပုံရိပ်တွေကို ပြောဆိုလေ့ရှိသူဖြစ်ပါတယ်။

    နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒင်းန်လည်း ဘုရားကျောင်းထဲကိုရောက်နေပြီး ဒီနေ့မှာ သူ့အနေနဲ့ ဘက်စ်ကားစီးရလို့ အပန်းမကြီးဘူးလို့ မနေ့တုန်းကပဲ ဘီဘီစီကိုပြောထားပါတယ်။

    ဒီနေ့ စျာပနအခမ်းအနားကိုတက်ရောက်ဖို့ ဓနသဟာအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ဩစေတးလျနဲ့ နယူးဇီလန်နိုင်ငံတို့က ဝန်ကြီးချုပ်တွေလည်း ပြီးခဲ့တဲ့တစ်ပတ်ကတည်းက လန်ဒန်ကို ရောက်နေပါတယ်။

  4. ဝက်စ်မင်စတာ ဘုရားကျောင်းကြီးထဲကို ကမ္ဘာခေါင်းဆောင်တွေ ဝင်ရောက်နေရာယူကြပြီ

    ဘုရင်မကြီးရဲ့နိုင်ငံတော်စျာပနကျင်းပရာ ဝက်စ်မင်စတာ ဘုရားကျောင်းကြီးထဲကို အမေရိကန်နဲ့ ပြင်သစ်လို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက သမ္မတတွေဟာ သူတို့ရဲ့ဇနီးသည်တွေနဲ့အတူ ဝင်ရောက်နေရာယူနေကြပြီဖြစ်ပါတယ်။

    ပြင်သစ်သမ္မတ အီမာနျူရယ် မာခွန်းကတော့ ဇနီးသည်ကို လက်ချိတ်ပြီး ဘုရားကျောင်းထဲက လျှောက်လမ်းပေါ် လှမ်းလျှောက်ရင်း မိတ်ဆွေတစ်ဦးကို ရှာသလို ခေတ္တရပ်တန့်သွားတာတွေ့ရပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဇနီးသည်လက်ကိုဆွဲလို့ ဘုရားကျောင်းခန်းမလျှောက်လမ်းထက် တန်းတန်းမတ်မတ် လျှောက်သွားပါတယ်။

    ဒီနေ့ စျာပနအခမ်းအနားကိုတက်ရောက်ဖို့ ဓနသဟာအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ဩစေတးလျနဲ့ နယူးဇီလန်နိုင်ငံတို့က ဝန်ကြီးချုပ်တွေလည်း ပြီးခဲ့တဲ့တစ်ပတ်ကတည်းက လန်ဒန်ကို ရောက်နေပါတယ်။

  5. ဘုရင်မကြီးရဲ့နိုင်ငံတော်စျာပနအခမ်းအနားရုပ်သံကို ဘယ်နေရာကနေ တိုက်ရိုက်ကြည့်ရှုနိုင်မလဲ

    ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ နိုင်ငံတော် စျာပနအခမ်းအနားကို တင်ဆက်ပေးနေတဲ့ အထူးစာမျက်နှာဖြစ်ပါတယ်။

    ဗြိတိန်ဒေသစံတော်ချိန် မနက် ၁၁ နာရီ(မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ)မှာ စတင်မယ့် နိုင်ငံတော်စျာပန အခမ်းအနား ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုကို အခုစာမျက်နှာအပြင် ဘီဘီစီမြန်မာပိုင်းရဲ့ယူကျူ့မှာလည်း တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။ ဒီလင့်ခ် ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    ကမ္ဘာတဝန်းစောင့်မျှော်ကြည့်ရှုနေကြတဲ့ ဒီအခမ်းအနား နောက်ဆုံးရသတင်းတွေ လည်း အခုစာမျက်နှာကနေ ဆက်လက်တင်ဆက်ပေးနေမှာမို့ မပြတ်စောင့်ကြည်ဖို့လည်း ဖိတ်ခေါ်ပါတယ်။

  6. ဝက်စ်မင်စတာ ဘုရားကျောင်းထဲကို ဧည့်သည်တော်တွေရောက်နေပြီ

    ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ နိုင်ငံတော်စျာပနကျင်းပမယ့် ဝက်စ်မင်စတာ ဘုရားကျောင်းအတွင်းကို ဗြိတိန်အစိုးရအရာရှိတွေနဲ့ ဧည့်သည်တော်တွေ ဝင်ရောက်နေရာယူနေကြပြီဖြစ်ပါတယ်။

    ဗြိတိန်တော်ဝင်မိသားစု၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ ပြည်ပကတော်ဝင်မိသားစုဝင်တွေပါဝင်တဲ့ဧည့်သည်တော် ၂၀၀၀ က စျာပနပွဲကိုတက်ရောက်ဖို့ရှိပါတယ်။

    သက်တော် ၉၆ နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးဟာ ဗြိတိန်နိုင်ငံမှာထီးနန်းကို နှစ် ၇၀ ကြာစိုးစံခဲ့သူဖြစ်တာကြောင့် နိုင်ငံ့သမိုင်းမှာ နန်းသက်အရှည်အကြာဆုံး ဘုရင်မကြီးဖြစ်ပြီး စက်တင်ဘာလ ၈ ရက်တုန်းက နတ်ရွာစံခဲ့တာဖြစ်ပါတယ်။

  7. ဘုရင်မကြီးရဲ့နိုင်ငံတော်စျာပန - ရဲတွေ အသင့်ပြင်နေသလို လူတွေလည်း စောင့်ဆိုင်းနေကြ

    ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ နိုင်ငံတော် စျာပနကျင်းပမယ့် ဒီနေ့ တနင်္လာနေ့ မနက်ခင်းမှာတော့ လန်ဒန်မှာ စျာပနလုံခြုံရေးအတွက် ရဲတွေအသင့်ဖြစ်နေပြီဖြစ်သလို လူထုကလည်း စျာပနပွဲကို ရှေ့ဆုံးကနေ ပါဝင်ကြည့်ရှုနိုင်ဖို့ ညလုံးပေါက်စောင့်ဆိုင်းရာကနေ တန်းစီနေကြပြီဖြစ်ပါတယ်။

    ''ဒီအခမ်းအနားတစ်ခုတည်းဆိုပေမဲ့၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲ၊ နောက် ဘုရင်မကြီးရဲ့ နန်းသက် ၇၀ ပြည့် ပလက်တီနမ်ရတုပွဲတွေထက်ကြီးမားပါတယ်’’လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ ကပြောပါတယ်။

    စျာပနပွဲ အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ ပြီးမြောက်နိုင်အောင် ရဲတပ်ဖွဲ့ဝင် အင်အား တစ်သောင်းကျော်အထိသုံးသွားမှာဖြစ်ပါတယ်။

    ဒီအခမ်းအနားလုံခြုံရေးပိုင်းအတွက်ဆယ်စုနှစ်ချီကြာအောင် စီစဥ်ခဲ့ပေမဲ့လည်း အခမ်းအနားတက်ရောက်မယ့်သူတွေအတွက် လုံခြုံရေးပိုင်း မလစ်ဟာအောင် လုပ်ထားတာတွေ့ရတယ်လို့ ဘီဘီစီ ပြည်ထဲရေးဆိုင်ရာ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

    စျာပနအခမ်းအနားကျင်းပမယ့် နှစ်ပေါင်း ၈၀၀ သက်တမ်းရှိတဲ့ ဝက်စ်မင်စတာဘုရားကျောင်းထဲကို နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ အကြီးတန်းတော်ဝင် မိသားစုတွေ တက်ရောက်ဖို့ရှိနေတာ ဖြစ်ပါတယ်။

  8. ဂါရဝပြုခံအစီအစဥ်ပြီးပြီ

    ဝက်စ်မင်စတာခန်းမကြီးထဲမှာ ထားရှိတဲ့ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ခေါင်းတလားတော်ကိုလူထုက လာရောက် ဂါရဝပြုခံတဲ့အစီအစဥ် ပြီးဆုံးပြီဖြစ်ပါတယ်။

    ဗြိတိန်နိုင်ငံအနှံ့နဲ့ ကမ္ဘာတဝန်းကနေ လန်ဒန်အထိလာရောက်ခဲ့ကြတဲ့ ထောင်သောင်းချီတဲ့လူတွေဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကနေ ဒီနေ့ တနင်္လာနေ့ မနက်ပိုင်းအထိ လာရောက်ဂါရဝပြုနိုင်ခဲ့ကြတာဖြစ်ပါတယ်။

    သောကြာနေ့ညနေပိုင်းတုန်းကတော့ ဘုရင်မကြီးရဲ့ သားတော် သမီး‌တော်တွေ၊ နောက် စနေနေ့ညနေခင်းမှာ မြေးတော်တွေက ဂါရဝပြုခံတဲ့နေရာအထိလာပြီး ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

    အခုတော့ နောက်ဆုံးစျာပနအခမ်းအနားအတွက် ခန်းမထဲကို ဝင်တဲ့တံခါးကို မနက်ခင်းမှာ ပိတ်လိုက်ပြီဖြစ်ပါတယ်။

  9. ဘုရင်မကြီးရဲ့စျာပနကို တက်မယ့် အာဆီယံထဲက တော်ဝင်ခေါင်းဆောင်တွေ

    လန်ဒန်မြို့မှာ ဒီနေ့ ကျင်းပဖို့ရှိတဲ့ ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးရဲ့စျာပနကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှ ဘုရင်စနစ်ရှိနေသေးတဲ့ နိုင်ငံတွေက တော်ဝင် ခေါင်းဆောင်အချို့လည်း တက်ရောက်ဖို့ရှိနေပါတယ်။

    အာဆီယံနိုင်ငံထဲ ဘုရင်စနစ်ကို အလုံးစုံကျင့်သုံးတဲ့ ဘရူနိုင်းနိုင်ငံကတော့ နိုင်ငံ့ဘုရင်လည်းဖြစ်၊ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဘုရင် ဟတ်ဆနယ် ဘောလ်ခိုင်းကိုယ်တိုင် စျာပနပွဲ တက်ရောက်မှာဖြစ်ပါတယ်။

    စည်းမျဥ်းခံဘုရင်စနစ်ကျင့်သုံးတဲ့ထိုင်းနိုင်ငံကတော့ တော်ဝင်မိသားစုကိုယ်တိုင် စျာပနပွဲ တက်ရောက်မှာမဟုတ်ဘဲ လန်ဒန်မှာရှိတဲ့ ထိုင်းသံအမတ်ကပဲ ဦးဆောင်တက်ရောက်မယ်လို့ သိရပါတယ်။

    အလားတူဘုရင်စနစ်ရှိသလို အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကတော့ ဘုရင်ကိုယ်တိုင် စျာပနတက် မတက် ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ မလေးရှားနိုင်ငံကတော့ ဘုရင်ကိုယ်တိုင် တက်ရောက်ဖို့ရှိနေပါတယ်။

  10. မင်းသားလေးဂျော့နဲ့ မင်းသမီးလေး ရှားလော့တို့လည်း စျာပနပွဲတက်မယ်

    ဘုရင်မကြီးရဲ့မြစ်တော် အသက် ၉ နှစ်အရွယ် မင်းသားလေး ‌ဂျော့နဲ့ ၇ နှစ်အရွယ် မင်းသမီးလေးရှားလော့တို့လည်း ဘုရင်မကြီးရဲ့စျာပနပွဲတက်မယ့် ဧည့်သည်တော် ၂၀၀၀ ထဲမှာ ပါဝင်မှာပါဖြစ်ပါတယ်။

    သူတို့ ၂ နှစ်ဦးဟာ လက်ရှိမှာ အိမ်ရှေ့စံဖြစ်လာတဲ့ ဝေလမင်းသား ဝီလီယံနဲ့ ကြင်ယာတော် ကက်သရင်းတို့က မွေးဖွားလာကြသူတွေဖြစ်ပါတယ်။

    တော်ဝင်မိသားစုက ဝက်စ်မင်စတာဘုရားကျောင်းမှာ ဘုရင်မကြီးရဲ့ စျာပနပွဲကို ဦးဆောင်ကျင်းပတဲ့အခါ သူတို့ ၂ ဦးလည်း တော်ဝင်မိသားစုနဲ့အတူ တက်ရောက်မှာဖြစ်ပါတယ်။

    အဲဒီအခမ်းအနားကိုတော့ ဘုရင်မကြီးရဲ့သားတော် တတိယမြောက် ချားလ်စ် ဘုရင်နဲ့ ကြင်ယာတော် မိဖုရား ကမ်မီလာတို့က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

  11. လန်ဒန်မြို့လယ်မှာ ညလုံးပေါက် စောင့်ဆိုင်းနေကြသူတွေ

    ဘုရင်မကြီးရဲ့စျာပနပွဲကို ရှေ့ဆုံးကနေ ပါဝင်နိုင်ဖို့ရည်ရွယ်ထားတဲ့လူတွေဟာလည်း လန်ဒန်မြို့လယ်မှာ ညလုံးပေါက် စောင့်ဆိုင်းနေခဲ့ကြတာကိုတွေ့ရပါတယ်။

    အဲဒီလိုစောင့်ဆိုင်းခဲ့ကြသူတွေထဲမှာ အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်ကနေလာတဲ့ အသက် ၇၉ နှစ်အရွယ် ဒေးဗစ်လည်းပါဝင်ပါတယ်။ ဗြိတိန်ဖွား ဒေးဗစ်ဟာ ဘုရင်မကြီးရဲ့ခေါင်းတလားကို ဂါရဝပြုဖို့ ၁၄ နာရီကြာ စောင့်ဆိုင်းခဲ့ရသူဖြစ်ပါတယ်။ အခုတော့ သူဟာ စျာပနပွဲကို ထပ်မံစောင့်ဆိုင်းနေပါတယ်။

  12. စျာပနပွဲတက်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေ

    ဒီနေ့ကျင်းပဖို့ရှိတဲ့ ဘုရင်မကြီးရဲ့စျာပနကို ကမ္ဘာတဝန်းကနိုင်ငံ့ဥသျှောင်တွေနဲ့ခေါင်‌ဆောင်းဆောင်တွေ စုစုပေါင်း ၅၀၀ နီးပါး တက်ရောက်ဖို့ရှိနေပါတယ်။

    အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လည်း လန်ဒန်မြို့ကို တနင်္ဂနွေနေ့ကတည်းကရောက်နေပြီး ဝက်စ်မင်စတာခန်းမမှာ ဂါရဝပြုခံအနေနဲ့ထားရှိတဲ့ဘုရင်မကြီးရဲ့ ခေါင်းတလားဆီ သွားရောက် ဂါရဝပြုထားပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူရယ် မာခွန်းလည်း တက်ရောက်ဖို့ရှိသလို ဂျာမနီသမ္မတနဲ့ အီတလီသမ္မတတို့ စျာပနကို တက်ရောက်ဖို့ရှိပါတယ်။

    ဘုရင်မကြီး ဈာပနကို တက်ရောက်မယ့် နိုင်ငံခေါင်းဆောင်တွေထဲမှာ ဓနသဟာယအဖွဲ့ ဝင်နိုင်ငံ ခေါင်းဆောင်တွေလည်းပါဝင်ပြီး အဲဒီထဲက ကနေဒါဝန်ကြီးချုပ်၊ ဩစတေးလျဝန်ကြီးချုပ်နဲ့ နယူးဇီလန်ဝန်ကြီးချုပ်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက လန်ဒန်ကိုရောက်နေတာဖြစ်ပါတယ်။

    စျာပနပွဲကို တက်နိုင်ချေရှိတဲ့ ဓနသဟာယနိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ သီရိလင်္ကာသမ္မတတို့လည်း တက်ရောက်နိုင်ချေရှိနေပါတယ်။

    အာရှကဆိုရင်တော့ အိန္ဒိယသမ္မတကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံကတော့ ဒုတိယသမ္မတတက်ရောက်မှာဖြစ်ပါတယ်။

  13. ဘုရင်မကြီး ဈာပန ဒီနေ့ ‌ဒေသစံတော်ချိန် မနက် ၁၁နာရီမှာ နိုင်ငံတော်အခမ်းအနားနဲ့စတင်ကျင်းပမယ်

    ကွယ်လွန်သူ အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ စျာပနကို ခမ်းနားတဲ့ နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ်လာမယ့် နာရီအနည်းငယ်အတွင်း ဒေသစံတော်ချိန် မနက် ၁၁နာရီမှာကျင်းပတော့မှာဖြစ်ပါတယ်။

    အဲဒီစျာပနအခမ်းအနားစတင်တဲ့အချိန်ဟာ မြန်မာစံတော်ချိန်အရဆိုရင် ညနေ ၄နာရီ၊ မိနစ် ၃၀ မှာ စတင်မှာဖြစ်ပါတယ်။

    ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဗြိတိသျှပါလီမန်အတွင်း ဝက်စ်မင်စတာ ခန်းမမှာ စက်တင်ဘာလ ၁၄ရက်ကနေ ၁၉ ရက်နေ့အထိ ဂါရဝပြုခံဖို့ထားရှိခဲ့တာပါ။

    စက်တင်ဘာ ၁၉ရက် ဒေသစံတော်ချိန်မနက် ခြောက်နာရီခွဲမှာတော့ အဲဒီထားရှိ ဂါရဝပြုခံမှု ပြီးဆုံးပြီး မနက် ၁၁ နာရီမှာတော့ ဝက်စ်မင်စတာ ဘုရားကျောင်းမှာ ဈာပန အခမ်းအနားပြုလုပ်မှာ ဖြစ်ပါတယ်။

    ထောင်နှင့်ချီသောအသင်းတော်တွေရှေ့မှာ ဘာသာရေးဝတ်ပြုဖို့အတွက် ဝက်စ်မင်စတာဘုရားကျောင်း ကို ပထမဆုံးပို့ဆောင်ပြီးနောက် အောက်မေ့ဆု‌တောင်းမှုတွေလုပ်ဆောင်ကြဖို့ရှိပါတယ်။

    အောက်မေ့ဆုတောင်းပွဲကိုတော့ ဝက်မင်န်စတာ ဘုန်းတော်ကြီးချုပ် ဒေးဗစ်ဟွိုင်လီရဲ့ ဦးစီးမှုနဲ့ ကန်တာဘရီ ဂိုဏ်းချုပ် ဂျက်စတင်ဝဲလ်ဘီတို့ရဲ့ ဟောပြောဆုတောင်းမှုတို့နဲ့အတူ ကျင်းပဖွယ် ရှိပါတယ်။

    ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝန်စတန်ချာချီပြီးနောက်ပိုင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်ကတည်းက မရှိတော့တဲ့ ဝမ်းနည်းဖွယ်နဲ့ ခမ်းနားကြီးကျယ်တဲ့ နိုင်ငံတော်စျာပန ကျင်းပတဲ့ နေ့တနေ့လည်းဖြစ်ပါတယ်။

  14. စာနာနှစ်သိမ့်မှုတွေအတွက် လူထုကို ကျေးဇူးတင်ကြောင်း ချားလ်စ်ဘုရင်ပြော

    တတိယမြောက်ချားလ်စ်ဘုရင်က သူ့ရဲ့မယ်တော် ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးကို နောက်ဆုံးဂါရဝလာပြုကြသူ များပြားတဲ့အပေါ် ပြောမပြတတ်အောင် ခံစားရတယ်လို့ ထုတ်ပြောလာပါတယ်။

    ''ကျွန်ုပ်နဲ့ ကြင်ယာတော်တို့ဟာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ဒီနိုင်ငံအတွင်းကရော၊ ကမ္ဘာတဝန်းနေပါ ပေးပို့လာကြတဲ့ စာနာဝမ်းနည်းကြောင်း နှစ်သိမ့်စကားတွေကြောင့် နက်နက်ရှိုင်းရှိုင်းခံစားရပါတယ်'' လို့ သူက ပြောပါတယ်။

    ''လန်ဒန်၊ အီဒင်ဘရာ၊ ဟေးလ်စ်ဘရောနဲ့ ခါဒစ်တို့မှာဆိုရင် ကံတော်ကုန်သွားတဲ့ မွေးသမိခင် မယ်တော် ဘုရင်မကြီးကို ဒုက္ခခံပြီး နောက်ဆုံးဂါဝရပြုခဲ့ကြသူတွေကြောင့်လည်း ပြောမပြတတ်အောင်ခံစားရပါတယ်''

  15. ဂါရဝပြုမယ့် လူတန်းကို ပိတ်လိုက်ပြီ

    ဘုရင်မကြီးရဲ့ခေါင်းတလားတော် ထားရှိရာ ဝက်စ်မင်စတာခန်းမထဲကို ဝင်ရောက် ဂါရဝပြုဖို့ တန်းစီနေတဲ့လူတန်းကို ဖြတ်လိုက်ပြီဖြစ်ပါတယ်။

    ဒီလိုဂါရဝပြုခံတဲ့အစီအစဥ်ကို ဗြိတိန်စံတော်ချိန် တနင်္လာနေ့မနက် ၆ နာရီခွဲမှာ အဆုံးသတ်မှာဖြစ်တာကြောင့် လူတန်းကို အခုလို ဝင်ရောက်ခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

    ဗြိတိန်နိုင်ငံတဝန်းက လူထုဟာ ဘုရင်မကြီးကို နောက်ဆုံးဂါရဝပြုနိုင်ဖို့ ၂၄ နာရီကြာအောင် တန်းစီခဲ့ကြရသူတွေလည်း ရှိခဲ့ပါတယ်။

    အခုလို လူတန်းစီတာကို ပိတ်လိုက်တဲ့အတွက် စိတ်မကောင်းဖြစ်ကြရသူတွေလည်း ရှိနေပါတယ်။

    ချစ်ဝဲလ်မြို့ကနေလာပြီး တနင်္ဂနွေနေ့ ညနေကတည်းက တန်းစီခဲ့ကြသူတွေကတော့ ဝင်ခွင့်ပေးတဲ့နေရာအရောက်မှာ လူတန်းကို ဖြတ်လိုက်ပြီဖြစ်လို့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောဆိုကြပါတယ်။

  16. မင်္ဂလာပါ။

    ဗြိတိန်မှာ သက်တမ်းအရှည်ကြာဆုံးနန်းသက်ကို စိုးစံခဲ့သူ ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ နိုင်ငံတော်စျာပနအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေတဲ့ အထူးစာမျက်နှာဖြစ်ပါတယ်။

    ဘုရင်မကြီးရဲ့ နိုင်ငံတော်စျာပနကို လန်ဒန်မြို့က ဝက်စ်မင်စတာခန်းမမှာ ဗြိတိန်စံတော်ချိန် မနက် ၁၁ နာရီ (မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ)မှာ စတင်မှာဖြစ်ပါတယ်။

    ဘုရင်မကြီးမိသားစုက ဦး‌ဆောင်မယ့်ဒီစျာပနပွဲကို ပြည်ပနိုင်ငံက တော်ဝင်မိသားစုတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြဖို့ရှိပါတယ်။

    နိုင်ငံတော်စျာပနနဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာကနေ စုစည်းတင်ဆက်ပေးမှာဖြစ်တာကြောင့် ဆက်လက်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။