ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး စျာပန- စိန့်ဂျော့ချ် ဘုရားကျောင်းက ဆုတောင်းပွဲပြီး၊ မိသားစုတွေ ပြန်ထွက်ခွာ

အသက် ၉၆ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဗြိတိန်ရဲ့ နန်းသက်အရှည်ဆုံး အုပ်ချုပ်သူ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ နိုင်ငံတော် စျာပန အခမ်းအနား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဗြိတိန် ထီးနန်းကို နန်းသက် အရှည်ဆုံး စိုးစံခဲ့သူ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ နိုင်ငံတော် စျာပနဲ့ ဆုတောင်းပွဲတွေကို ဝက်စ်မင်စတာ ဘုရားကျောင်းနဲ့ ဝင်ဆာရဲတိုက် စိန့်ဂျော့ချ် ဘုရားကျောင်းတို့မှာ ကျင်းပခဲ့ပုံတွေကို ဘီဘီစီရဲ့ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။

    ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။

    ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံခဲ့တဲ့ သတင်းနဲ့ ဆက်စပ်သတင်းတွေ၊ ဆောင်းပါးတွေကို ဘီဘီစီရဲ့ ပုံမှန်တင်ဆက်နေကျ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဆက်လက်ဖတ်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

  2. ချားလ်စ်ဘုရင်ရဲ့ စာမျက်နှာသစ်စပြီ

    အခုဆိုရင် ပြည်သူတွေကြားမှာ နှစ်ပေါင်း ၇၀ ကျော် ရှိခဲ့တဲ့ ဘုရင်မကြီးရဲ့ အခန်းကဏ္ဍ အပြီးသတ် သွားပြီ ဖြစ်ပြီး ချားလ်စ် ဘုရင်ရဲ့ နန်းသက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

  3. စိန့်ဂျော့ချ် ဘုရားကျောင်းက ဆုတောင်းပွဲ ပြီးဆုံး၊ ဘုရင်နဲ့ မိသားစုတွေ ပြန်ထွက်ခွာ

    ဘုရင်မ နန်းတော်ကို စီမံရတဲ့ လော့ဒ် ချိန်ဘာလိန်က သူ့ရဲ့ အဆောင်အယောင် နှင်တံကို အလယ်က ချိုးပြီး သူ့ရဲ့ အမှုထမ်းမှု ပြီးဆုံးကြောင်း ပြသပြီး နှင်တံချောင်းတွေကို ဘုရင်မရဲ့ ခေါင်းတလားပေါ်တင်ထားလိုက်ပါတယ်။

    အဲဒီနောက် ဘုရင်မကြီးရဲ့ ခေါင်းတလားကို မြေအောက် တော်ဝင် သင်္ချိုင်းထဲကို တဖြည်းဖြည်းချင်း ချထားလိုက်ပါတယ်။ ညပိုင်းမှာတော့ မိသားစု သီးသန့် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

    အဲဒီနောက် ဝမ်းနည်းနှုတ်ဆက် တေးသွားကို တီးမှုတ်ပါတယ်။ နောက် ကန်တာဘရီ ဘုန်းတော်ကြီးချုပ်က ဆုတောင်းရွတ်ဆိုမှု ပြုလုပ်ပါတယ်။

    ဆက်လက်ပြီး နိုင်ငံတော်သီချင်းကို သီဆိုကြပါတယ်။ အခမ်းအနားအပြီးမှာတော့ ဘုရင်နဲ့အတူ မိသားစုတွေ ဘုရားကျောင်းက ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

    ညနေ၇ နာရီခွဲမှာတော့ မိသားစု သီးသန့် ဆုတောင်းပွဲနဲ့ ဘုရင်မကြီးကို မြှုပ်နှံဖို့ ဘုရင်နဲ့ မိသားစုတွေ ဘုရားကျောင်းကို ပြန်လာကြမှာ ဖြစ်ပါတယ်။

  4. ဘုရင်မကြီးရဲ့ ရုပ်အလောင်း မြှုပ်နှံထားရှိမယ့် စိန့်ဂျော့ချ်ဘုရားကျောင်း

    ဝင်ဆာရဲတိုက်၊ စိန့်ဂျော့ချ် ဘုရားကျောင်းဟာ တော်ဝင်မိသားစုတွေရဲ့ လက်ထပ်ပွဲတွေ၊ ဘာသာရေးပွဲတွေနဲ့ စျာပနအခမ်းအနားတွေ ကျင်းပဖို့ ရွေးချယ်လေ့ရှိတဲ့ နေရာ ဖြစ်ပါတယ်။

    အဲဒီမှာ ဆပ်ဆက်စ် မြို့စားနဲ့ မြို့စားကတော်၊ မင်းသားဟယ်ရီနဲ့ မက်ဂန်တို့ လက်ထပ်ပွဲ၊ ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးရဲ့ စျာပနတို့ ကျင်းပခဲ့ပါတယ်။

  5. ဘုရင်မကြီးရဲ့ အဆောင်အယောင်တွေကို ခေါင်းတလားပေါ်က ဖယ်ရှား

    ဘုရင်မကြီးရဲ့ ခေါင်းတလားပေါ်က ဘုရင့် အဆောင်အယောင် ရတနာတွေကို ဖယ်ရှားလိုက်ပါပြီ။

    ဘုရင်မ သရဖူ၊ အဆောင်အယောင် ကျောက်မျက်ရတနာလုံးကြီးနဲ့ ကျိုင်းတို့ကို ခေါင်းတလားပေါ်ကနေ ဘုရင့် ရတနာတော်ထိန်းက ဖယ်ရှားလိုက်ပါတယ်။

    အဲဒီအဆောင်အယောင်တွေကို အစီအစဥ်တွေ အားလုံးပြီးတဲ့အခါ လန်ဒန်မျှော်စင်မှာ ပြန်လည်ထားရှိမှာ ဖြစ်ပါတယ်။

  6. စိန့်ဂျော့ချ်ဘုရားကျောင်းက ဆုတောင်းပွဲ

    ဝင်ဆာရဲတိုက် စိန့်ဂျော့ချ် ဘုရားကျောင်းမှာ ဘုရင်မကြီး စီစဥ်ခဲ့တဲ့အတိုင်း ဘုရင်မိသားစုရဲ့ မိသားစုတွေ တက်ရောက်တဲ့ ဆုတောင်းပွဲ ပြုလုပ်နေပါတယ်။

    ဒီအခမ်းအနားကို ဝင်ဆာရဲတိုက် ဘုန်းတော်ကြီးချုပ် ဒေးဗစ်ကော်နာက ဦးဆောင်မှာ ဖြစ်ပါတယ်။

    ဆုတောင်းရွတ်ဆိုမှုကို ကန်တာဘရီ ဘုန်းတော်ကြီးချုပ် ဂျက်စတင် ဝယ်လ်ဘီက ပြုလုပ်မှာ ဖြစ်ပါတယ်။

  7. ဘုရင်မကြီး ရုပ်အလောင်း စိန့်ဂျော့ချ် ဘုရားကျောင်းကို ရောက်ရှိပြီ

  8. ဘုရင်မကြီးကို စောင့်ကြိုနေတဲ့ သူ့ရဲ့ ခွေးငယ်လေးတွေ

    ဘုရင်မကြီးကို နောက်ဆုံးနှုတ်ဆက်ဂါရဝပြုကြတာမှာ သူ့ချစ်တဲ့ ခွေးငယ်လေးတွေ မပါရင်ပြည့်စုံမှာ မဟုတ်ပါဘူး။

    ဘုရင်မကြီးနောက်ဆုံး ပိုင်ဆိုင်ခဲ့တဲ့ ခွေးလေးနှစ်ကောင်က ဘုရင်မကြီးရဲ့ ရုပ်အလောင်း စိန့်ဂျော့ချ် ဘုရားကျောင်းဆီ စီတန်းလှည့်လည်လာတာကို စောင့်ကြိုနေကြတာကို တွေ့ရပါတယ်။

    အခုတော့ အဲဒီခွေးငယ်လေး နှစ်ကောင်ကို မင်းသား အန်ဒရူးနဲ့ သူ့ရဲ့ ဇနီးဟောင်း ဆာရာ ဖာဂူဆန်တို့ရဲ့ စောင့်ရှောက်မှုအောက်မှာ ထားရှိထားပါတယ်။

    ဒီခွေးငယ်လေးတွေ ဘုရင်မကြီးတို့ မိသားစုဆီ ဘယ်လိုစရောက်လာသလဲ စတဲ့ အကြောင်းအပါဝင် ဘုရင်မကြီး ငယ်စဥ်ဘဝကနေ ဗြိတိန်ရဲ့ နန်းသက်အရှည်ဆုံး စိုးစံသူ ဖြစ်ခဲ့တဲ့ ဘဝဖြတ်သန်းမှုတွေကို - ဓာတ်ပုံတွေက ပြောတဲ့ ဘုရင်မကြီးရဲ့ ဘဝရုပ်ပုံလွှာများ အကြောင်းမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

  9. စိန့်ဂျော့ချ်ဘုရားကျောင်းဆီ အတီးအမှုတ် တေးသံတွေနဲ့ သယ်ဆောင်လာတဲ့ ပုံရိပ်များ

  10. ဘုရင်မကြီးကို ခေါင်းတလားကို စိန့်ဂျော့ချ် ဘုရားကျောင်းဆီ သယ်ဆောင်နေပြီ

    လန်ဒန်မြို့လမ်းတွေကို ဖြတ်ပြီးသယ်ဆောင်လာတဲ့ ဘုရင်မကြီးရဲ့ ခေါင်းတလား ဒေသအချိန် ၃ နာရီ ကျော်စမှာ ဝင်ဆာရဲတိုက်အဝင်ကို ရောက်ရှိလာပါတယ်။

    ဝင်ဆာအဝင်ကို ရောက်ရှိချိန်မှာတော့ ယာဥ်တန်းကို ရပ်နားပြီး အသင့်စောင့်ကြိုနေတဲ့ ချီတက်လှည့်လည်တဲ့ စစ်ရေးပြအဖွဲ့က လောင်းဝေါ့ခ်လမ်းမတစ်လျှောက် ချီတက်လှည့်လည်ပြီး နောက်ဆုံးခရီးစဥ် စိန့်ဂျော့ချ်ဘုရားကျောင်းဆီ သယ်ဆောင်မှာ ဖြစ်ပါတယ်။

    ဘုရင်မကြီးရဲ့ ရုပ်အလောင်း ဝင်ဆာရဲတိုက်အဝင်ကို ရောက်ရှိလာတာနဲ့ တစ်မိနစ်စီခြားပြီး ပစ်ဖောက်တဲ့ အမြောက်ပစ်ဖောက် အလေးပြုတာနဲ့ ရဲတိုက်က စဘက်စတာပိုး ခေါင်းလောင်းတီး အလေးပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

  11. ၀င်ဆာအသွား လမ်းတွေမှာ အများပြည်သူ စောင့်ကြို ဂါရဝပြု

    ဘုရင်မကြီးရဲ့ ခေါင်းတလား ဝင်ဆာရဲတိုက်ဆီကို သယ်ဆောင်လာတဲ့ လမ်းတစ်လျှောက်မှာ ထောင်ပေါင်းများစွာသော ပြည်သူတွေက စောင့်ကြို ဂါရဝပြုကြပါတယ်။

    ခေါင်းတလားသယ်ဆောင်လာတဲ့ယာဥ် လန်ဒန်မြို့ကို ဖြတ်သန်းသွားတာကို လူတွေ စောင့်ကြိုကြည့်ရှုနေကြပြီး တချို့က ယာဥ်တန်းရှိရာကို ပန်းတွေ ပစ်ပေါက် ကြိုဆိုကြပါတယ်။

  12. မယ်တော်ဘုရင်မကြီးအတွက် သားတော်ဘုရင်ရဲ့ နှုတ်ဆက်စကား

    ဘုရင်မကြီးရဲ့ ရုပ်အလောင်းထည့်ထားတဲ့ ခေါင်းတလားပေါ်မှာ လက်ရေးနဲ့ရေးထားတဲ့ ကတ်ပြားလေးတစ်ခုပါလာပါတယ်။ အဲဒါကတော့ သားတော်ကြီးချားလ်စ်က မိခင်ကြီးအတွက် နှုတ်ဆက်စကားလေးပါ။ "ချစ်ခင်မြတ်နိုးလေးစားစွာအမှတ်ရလျက်" ဆိုပြီး ချားလ်စ်က လက်မှတ်ထိုးထားပါတယ်။ ဒီပန်းစည်းမှာပါတဲ့ ပန်းတွေကိုလည်း ချားလ်စ်ကပဲ ရွေးပေးခဲ့တာဖြစ်ပြီး ဘုရင်မကြီး မင်္ဂလာပွဲတုန်းကရခဲ့တဲ့ ပန်းစည်းထဲက အပင်စိုက်ထားတဲ့ ပန်းတွေလည်းပါပါတယ်။

    ဒီပန်းတွေကို တော်ဝင်မိသားစုတွေရဲ့ နေအိမ်ပန်းခြံတွေက ခူးပြီး ပန်းခြင်းလုပ်ခဲ့တာလို့ သိရပါတယ်။

  13. ဘုရင်မကြီးစျာပနတက်ရောက်တဲ့ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေ

  14. ဝင်ဆာရဲတိုက်ဆီကို ယာဥ်တန်းနဲ့ စတင်သယ်ဆောင်

    ဘုရင်မကြီးရဲ့ ခေါင်းတလားကို ရုပ်အလောင်းမြှုပ်နှံထားရှိမယ့် ဝင်ဆာရဲတိုက် စိန့်ဂျော့ချ် ဘုရားကျောင်းရှိရာကို နိဗ္ဗာန်ယာဥ်ပေါ်ကို ပြောင်းရွှေ့ပြီး စတင်သယ်ဆောင်နေပါပြီ။

    အဲဒီမှာ ကျင်းပမယ့် အခမ်းအနားမှာ ဧည့်ပရိသတ် ၈၀၀ လောက် တက်ရောက်ဖွယ်ရှိပါတယ်။ အဲဒါဟာ မကြာခင်က ပြီးစီးခဲ့တဲ့ ဝက်စ်မင်စတာဘုရားကျောင်းက အခမ်းအနားကထက်စာရင် အရေအတွက် ပိုနည်းတာ ဖြစ်ပါတယ်။

    ညနေပိုင်းမှာတော့ မိသားစုသီးသန့် ဆုတောင်းဝတ်ပြုပွဲပြုလုပ်ပြီး ဘုရင်မကြီး ရုပ်အလောင်းကို မြှုပ်နှံမှာ ဖြစ်ပါတယ်။

    ဝယ်လင်တန်အာ့ချ်ကနေ ယာဥ်ထွက်တာနဲ့ စစ်ရေးပြအဖွဲ့တွေက အလေးပြု နုတ်ဆက်ခဲ့ကြပြီး နိုင်ငံတော်သီချင်းကိုလည်း ထပ်မံတီးမှုတ်ခဲ့ပါတယ်။

    အခုအခါမှာတော့ ဘုရင်၊ ဘုရင့်ကြင်ရာတော် မိဖုရားနဲ့ တော်ဝင်မိသားစု အကြီးတန်းမိသားစုဝင်တွေဟာ ဝင်ဆာရဲတိုက်ဆီကို ယာဥ်တန်းနဲ့လိုက်ပါသွားကြပါတယ်။

  15. ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဝင်ဆာရဲတိုက်ဆီ သယ်ဆောင်ပြီ

    ဝက်စ်မင်စတာဘုရားကျောင်းမှာ ဆုတောင်းပွဲ ကျင်းပပြီးတဲ့နောက်ဒုတိမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ခေါင်းတလားကို နောက်ဆုံးခရီးစဥ် ဖြစ်တဲ့ဝင်ဆာရဲတိုက်ဆီကို စတင်သယ်ဆောင်ခဲ့ပါတယ်။

    လမ်းတစ်လျှောက်မှာ ဝါရဝပြု လူအုပ်ကြီးကစောင့်ဆိုင်းနေကြပါတယ်။

    ခေါင်းတလား သူတို့ရှေ့ ရောက်လာချိန်မှာတော့ လူထုကြီးက ငြိမ်ငြိမ်သက်သက်ဂါရဝပြုခဲ့ကြပါတယ်။

    ဘုရင်မကြီးရဲ့ ခေါင်းတလားနောက်မှာ လမ်းလျှောက်လိုက်ပါလာတဲ့ ဘုရင်မကြီးမိသားစုဝင်တွေထဲမှာ တော်ဝင်မိသားစု တာဝန်ထမ်းဆောင်ခြင်း မရှိတဲ့ မင်းသား ဟယ်ရီ ကတော့စစ်ဝတ်စုံ ဝတ်ဆင်ထားခြင်း မရှိပါဘူး။

  16. ဘုရင်မကြီးရဲ့ ခေါင်းတလားကို အမြောက်တင်ယာဥ်နဲ့တင်ဆောင်သယ်ယူ

    ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးရဲ့ခေါင်းတလားကို တော်ဝင်ရေတပ်အဖွဲ့ဝင်တွေဆွဲတဲ့ အမြောက်တင်ယာဥ်နဲ့ တင်ဆောင်ပြီး ဝက်စ်မင်စတာ ဘုရားကျောင်းကနေ ဝယ်လင်တန်အာ့ချ်ဆီကို သယ်ယူကာ စီတန်းလှည့်လည်မှု စတင်နေပြီဖြစ်ပါတယ်။

    အဲဒီအမြောက်တင်ယာဥ်ကို ဘုရင်မကြီးရဲ့ကြင်ယာတော် ဖိလစ်မင်းသားကြီးရဲ့ ဦးရီးတော် လော့ဒ် မောင့်ဘက်တန်ရဲ့ ၁၉၇၉ ခုနှစ် စျာပနမှာ နောက်ဆုံးတွေ့မြင်ခဲ့ကြရပြီး တော်ဝင်ရေတပ်က ရေတပ်သား ၁၄၂ ယောက် အင်အားနဲ့ ဆွဲယူသယ်ဆောင်ခဲ့ပါတယ်။

    လန်ဒန်မြို့က လမ်းတွေပေါ်မှာတော့ လူထုဟာ ဘုရင်မကြီးရဲ့ခေါင်းတလားစီတန်းလှည့်လည်မှုကို ကြည့်ရှုရင်း နောက်ဆုံးနှုတ်ဆက်နေကြတာမို့ အရင် ၁၀ ရက်တုန်းကနဲ့မတူဘဲ လမ်းတွေဟာ လူတွေပြည့်နေပေမဲ့ တိတ်ဆိတ်ငြိမ်သက်လွန်းနေပါတယ်။

    လန်ဒန်မြို့က လမ်းတွေပေါ် စျာပနစီတန်းလှည့်လည် တဖြည်းဖြည်းရွေ့နေချိန်မှာပဲ ဘစ်ဘန် နာရီစင်ကြီးကလည်း စက္ကန့် ၆၀ တိုင်း နာရီတစ်ချက်မြည်သံ ထွက်ပေါ်လာနေပါတယ်။

  17. ရုပ်အလောင်းကို စီတန်းလှည့်လည် သယ်ဆောင်မှု စတင်

    ဘုရင်မကြီးရဲ့ ရုပ်အလောင်း ဝက်စ်မင်စတာ ဘုရားကျောင်းကနေ စတင်ထွက်ခွာလာပြီ ဖြစ်ပါတယ်။

    အခုအခါမှာ ဘုရင်နဲ့ အကြီးတန်း တော်ဝင်မိသားစုဝင် လမ်းလျှောက်လိုက်ပါလာတဲ့နောက်မှာ ဘုရင့်ကြင်ရာတော်နဲ့ ဝေလမင်းသားရဲ့ ကြင်ရာတော်တို့ က ကားနဲ့ လိုက်ပါလာမှာ ဖြစ်ပါတယ်။

    နောက်က ယာဥ်မှာတော့ မင်းသား ဟယ်ရီရဲ့ ဇနီးနဲ့ တော်ဝင်မိသားစုတွေ ဆက်လက်လိုက်ပါလာကြမှာ ဖြစ်ပါတယ်။

    တော်ဝင် ကနေဒီယံ မြင်းစီးရဲတပ်ဖွဲ့က အခမ်းအနားကို ရှေ့ဆုံးက ဦးဆောင်တာ ဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ နိုင်ငံတကာက ဧည့်သည်တော်တွေက နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ် ကလဲဗာလီရဲ့ ဧည့်ခံမှု ရှိရာကို သွားရောက်နေကြပါတယ်။

  18. ဆုတောင်းပွဲ အဆုံးမှာ နိုင်ငံတော်သီချင်း တီးမှုတ်

    ဆုတောင်းပွဲ အပြီးမှာ ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဝက်စ်မင်စတာ ဘုရားကျောင်းကနေ ဝယ်လင်တန်အာ့ချ်ကို စီတန်းလှည့်လည် သယ်ဆောင်မှာ ဖြစ်ပါတယ်။

  19. ဝက်စ်မင်စတာ ဘုရားကျောင်းကြီးထဲက ဘုရင်မကြီးအတွက် ဝတ်ပြုဆုတောင်းမှုများ

    ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်ကြီးရဲ့ နိုင်ငံတော်စျာပန အခမ်းအနားအစဖြစ်တဲ့ ဝက်စ်မင်စတာ ဘုရားကျောင်းကြီးထဲမှာတော့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေကဦးဆောင်ပြီး ဘုရင်မကြီးအတွက်ရည်စူးကာ ဝတ်ပြုဆုတောင်းတာတွေ ပြုလုပ်နေပါတယ်။

    ဝက်စ်မင်စတာဘုရားကျောင်းကြီးဟာ ဘုရင်မကြီးရဲ့ နန်းတက်ပွဲနဲ့ မင်္ဂလာပွဲ ကျင်းပခဲ့ရာနေရာဖြစ်သလို ဘုရင်မကြီးကိုယ်တိုင် တော်ဝင်မိသားစုဝင်တွေရဲ့ မင်္ဂလာပွဲတွေကို အကြိမ်ကြိမ်တက်ရောက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

    ဘုရားကျောင်းကြီးထဲက စျာပနအခမ်းအနားကိုတော့ ကန်တက်ဘရီ ဂိုဏ်းချုပ်ဆရာတော် ဂျက်စတင် ဝယ်လ်ဘီက ဦးဆောင်ပြီး ဒေသနာဟောကြားတာ၊ နောက် ဘုရင်မကြီးနတ်ရွာမစံခင် ရက်ပိုင်းအလိုကမှ ခန့်အပ်ခဲ့တဲ့ ဝန်ကြီးချုပ် လစ်ဇ် တရက်စ်က သမ္မာကျမ်းစာဖတ်ကြားကာ စျာပနပွဲမှာ ပါဝင်ခဲ့ပါတယ်။

    ဘုရားကျောင်းကြီးထဲ ကျင်းပနေတဲ့ စျာပနပွဲမှာတော့ ဓမ္မတေးအဖွဲ့က ဆာလံကျမ်းမှာပါဝင်ပြီး စျာပနပွဲအတွက်သီးသန့်ရေးဖွဲ့ထားတဲ့စာသားတွေကို ရွတ်ဖတ်သီဆိုတာ၊ ဘုရင်မကြီးရဲ့နန်းတက်ပွဲတုန်းက သီဆိုခဲ့တဲ့ဆာလံကျမ်းအမှတ်တွေကို ပြန်လည်သီဆိုတာတွေ ပြုလုပ်ထားပါတယ်။

  20. ဘုရင်မကြီးရဲ့ခေါင်းတလားတော်ထက် ဘာတွေလွှမ်းထား၊ တင်ထားမှာလဲ