ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အမေရိကန် ရွေးကောက်ပွဲ

အမေရိကန် ရွေးကောက်ပွဲ သတင်းများ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု

  2. ကလေးသူငယ်တွေအပေါ် အကြမ်းမဖက်ဖို့ စစ်ကောင်စီကို ကုလထိပ်တန်း သံတမန်တွေ တောင်းဆို

    မြန်မာအာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေက ကလေးသူငယ်တွေ အပါအ၀င်၊ အရပ်သားတွေကို ဆက်လက်ပြီး အကြမ်းဖက် သတ်ဖြတ်နေတဲ့ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ် ဆိုပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်း အရာရှိနှစ်ယောက်က ပူးတွဲ ထုတ်ပြန်ပါတယ်။

    လက်နက်ကိုင် ပဋိပက္ခတွေ အတွင်း ကလေးသူငယ်တွေ ထိခိုက်နေရမှုတွေကို စုံစမ်းရတဲ့ အထူးကိုယ်စားလှယ် မစ္စ ဗာဂျီနီယာ ဂဲမ်ဘာနဲ့ ကလေးသူငယ်များ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး ကုလ အထူး သံတမန် မစ္စ နာဂျတ် မာအလာ မဂျိဒ် တို့က မြန်မာအရေးနဲ့ ပတ်သက်ပြီး ပြောလာတာ ဖြစ်ပါတယ်။

    “မြန်မာစစ်တပ်အနေနဲ့ ကလေးသူငယ်တွေ အပေါ် ပိုမိုပစ်မှတ်ထား ကျုးလွန်လာ နေတဲ့ အကြမ်းဖက်မှု ပုံစံပေါင်းစုံကို ချက်ခြင်းရပ်တန့်ပါ။ ကလေးသူငယ်တွေဟာ အကြမ်းဖက်ခံရခြင်းကနေ ကင်းလွတ်သင့်ပါတယ်” ဆိုပြီး သူတို့ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

    မြန်မာစစ်ကောင်စီ လက်ချက်နဲ့ ပြီးခဲ့တဲ့ မတ်လအကုန်ထိ ကလေးသူငယ် အနည်းဆုံး ၄၄ ယောက် သေဆုံးခဲ့တယ်လို့ ကုလအရာရှိတွေက အတည်ပြုထားပါတယ်။

    ဒါ့အပြင် စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါ၀င်နေပြီး၊ ပြန်လွတ်လာသူတွေ ရှိပေမယ့်၊ တချို့လည်း ရှေ့နေငှားခွင့် အပါအ၀င် ဥပဒေကြောင်း အရ ရင်ဆိုင်ခွင့် မရှိပဲ ဖမ်းခံထားရဆဲ ဖြစ်တယ်လို့လည်း ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်တွေက ပြောပါတယ်။

    စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်နေတာ ဖြစ်ကြောင်း ထင်ရှားတယ်လို့လည်း သူတို့က ပြောကြပါတယ်။

    စစ်ကောင်စီရဲ့ ကျုးလွန် တိုက်ခိုက်မှုတွေကြောင့် ပေါ်ပေါက် လာတဲ့ အခြေအနေတွေဟာ အခု လတ်တလောမှာပဲ ထိခိုက်တာ မဟုတ်ပဲ ကလေးသူငယ်တွေ အပေါ် ရေရှည် ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်လို့လည်း ကုလကိုယ်စားလှယ်တွေက သတိပေးနေပါတယ်။

    “အကြမ်းဖက်ဖြစ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီး ဖြစ်လာလေလေ၊ ကလေးသူငယ်တွေ အနေနဲ့ စိုးရိမ် ပူပန်မှုတွေ၊ ဖိအားတွေ ခံစားရလေလေ ဖြစ်ပြီး၊ ဘ၀တလျှောက်လုံး အတွက် ကျန်းမာရေးဆိုင်ရာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ထိခိုက်လိမ့်မယ်” လို့ ဆိုထားပါတယ်။

    ကျန်းမာရေးနဲ့ ပညာရေး ၀န်ထမ်းတွေ အပေါ် အကြမ်းဖက်တာ၊ ဆေးရုံတွေ၊ ကျောင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထား နေတာတွေကလည်း၊ ကလေးသူငယ်တွေကို တိုက်ရိုက် ထိခိုက်စေတယ်လို့ ကုလသံတမန်တွေက ပြောပါတယ်။

  3. NLD ဖက်ဒရယ်ပဋိညာဉ်နဲ့ တပ်မတော်ဖက်ဒရယ်ဒီမိုကရေစီ

  4. အသက်၇နှစ်အရွယ်ပါမချန် သတ်ဖြတ်နေတယ်လို့ စစ်ကောင်စီကို အမေရိကန်ရှုတ်ချ

    မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ အသက် ၇ နှစ် အထိ ငယ်ရွယ်တဲ့ ကလေးငယ်ကိုပါ မချန် သတ်ဖြတ် နေတဲ့ အတွက် အင်မတန် တုန်လှုပ် ၀မ်းနည်းရတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မန္တလေး အောင်ပင်လယ်ရပ်ကွက် နေအိမ်မှာ ဖခင်ရဲ့ ရင်ခွင်ထဲ ရှိလျက်သား အချိန်၊ စစ်ကောင်စီ တပ်ဖွဲ့က အိမ်ထဲကို အဓမ္မ၀င်ရောက် ပစ်ခတ်တာ ခံရတဲ့အတွက် ၇ နှစ် သမီးငယ် မခင်မျိုးချစ် သေဆုံးခဲ့ရတာကို ကြည့်ရင်၊ မြန်မာပြည်သူတွေရဲ့ အသက်ကို နည်းနည်းမှ တန်ဖိုးမထားပဲ စစ်တပ်က ခြောက်ခြားဖွယ်ရာ ကျုးလွန်တိုက်ခိုက်နေတာ သိသာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က ဆိုပါတယ်။

    မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်ပြီး ကျုးလွန်နေတာမှာ အခု သီတင်းပတ် အတွင်း ထပ်မံ သေဆုံးရသူ အနည်းဆုံး ၂၇ ယောက် ရှိပြီး၊ အဲဒီထဲမှာ ကလေးသူငယ်တွေလည်း ပါ၀င်နေတယ် ဆိုပြီးတော့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာပရိုက်စ်က ပြောပါတယ်။

    အမေရိကန် အနေနဲ့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းပြီး၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ အပေါ် အဆုံးစွန် ရှုတ်ချတယ်လို့ ပြောခွင့်ရ မစ္စတာ ပရိုက်စ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

    အကြမ်းဖက် ခြောက်လှန့်ပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်လို့ မရဘူးလို့လည်း စစ်ကောင်စီကို အမေရိကန်က သတိပေးပါတယ်။

    အဲဒီ ထုတ်ပြန်ချက် ထွက်မလာခင် အစောပိုင်းတုန်းကလည်း မြန်မာ စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီကြီးတွေကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ကြောင်း မတ်လ ၂၅ ရက်နေ့မှာပဲ အမေရိကန်နဲ့ ဗြိတိန် အစိုးရတို့က ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကြေညာပါတယ်။

    စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဦးပိုင်နဲ့ MEC လို့ အသိများတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့ နဲ့ ပတ်သက်နေတဲ့ အမေရိကန်နိုင်ငံထဲက ပိုင်ဆိုင်မှု အားလုံးကို အမေရိကန် ဘဏ္ဍာရေး၀န်ကြီး ဌာနက ထိန်းချုပ်လိုက်ပါတယ်။

    အဲဒီ မြန်မာ စစ်တပ်ကုမ္ပဏီတွေနဲ့ အမေရိကန် နိုင်ငံသားတွေ စီးပွားရေး မလုပ်ရဆိုပြီးတော့လည်း ကန့်သတ်ပိတ်ပင်ပါတယ်။

    စစ်တပ်ပိုင် အဲဒီ ကုမ္ပဏီတွေရဲ့ အောက်မှာ သတ္တုတွင်း တူးတာကစလို့၊ ခရီးသွားလုပ်ငန်း အထိ စီးပွားရေး လုပ်ငန်း အမျိုးမျိုးကို စစ်တပ်က လက်၀ါးကြီး အုပ်ထားပြီး၊ အဲဒီ လုပ်ငန်းတွေ ကြောင့်ပဲ စစ်ဗိုလ်ချုပ်တွေ ချမ်းသာကြွယ်၀ နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အခုအရေးယူမှုဟာ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့စီးပွားရေး အကျိုးအမြတ်တွေပေါ် ပစ်မှတ်ထားတာ ဖြစ်တယ်။ အဲဒီက ရတဲ့ ငွေကြေးတွေကို သုံးပြီး ပြည်သူတွေအပေါ် စစ်တပ်က ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်နေတာ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်က ထုတ်ပြန်ပါတယ်။

    အမေရိကန်နဲ့ ချိန်ကိုက်ပြီးတော့ ဗြိတိန်လည်းပဲ၊ MEC အပေါ် ပစ်မှတ်ထားတဲ့ အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာပါတယ်။

    အပြစ်မဲ့ အရပ်သားတွေ အပေါ် အင်မတန် ကျုးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဖို့ ဗြိတိန် အပါအ၀င် မဟာမိတ်တွေ တုံ့နှေးနေမှာ မဟုတ်ဘူးလို့လည်း ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က ပြောပါတယ်။

  5. လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တရုတ်ကို ဒဏ်ခတ်အရေးယူ

  6. ဂျပန်ခရီးစဥ်မှာလည်း ၀န်ကြီးဘလင်ကင် မြန်မာစစ်တပ်ကိုရှုတ်ချ

    ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီဘလင်ကင်က သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ အရေးကိုလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရလာဒ်တွေကို ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြသူတွေ အပေါ်မှာလည်း ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်ဖြိုခွဲနေတယ်” လို့ ၀န်ကြီး ဘလင်ကင် ပြောသွားတာပါ။

    သူဟာ တဆက်တည်းမှာပဲ တရုတ်ပြည်မကြီး အစိုးရကိုလည်း ၀ေဖန်သွားပါတယ်။

    ဘေဂျင်းအစိုးရဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ထိုင်၀မ်ရဲ့ ဒီမိုကရေစီတို့ကို ဖျက်စီးနေတယ်၊ ရှင်ကျန်းနဲ့ တိဘက်မှာလည်း လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီးတော့လည်း တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်နက်ချဲ့ထွင်နေတယ်လို့ ၀န်ကြီးဘလင်ကင်က ၀ေဖန်ပါတယ်။

    အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဘလင်ကင်ဟာ ကာကွယ်ရေး၀န်ကြီး လွိုက် အော်စတင်နဲ့ အတူ အာရှ မဟာမိတ် နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကို ခရီးထွက် နေတာ ဖြစ်ပါတယ်။

    အခုဆိုရင် အမေရိကန် အစိုးရ ထိပ်တန်း အဖွဲ့၀င် နှစ်ယောက်ဟာ တိုကျိုမြို့တော်မှာ ဂျပန် ၀န်ကြီးချုပ် ယိုရှီဟီးဒေး ဆူးဂနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

    အဲဒီတွေ့ဆုံပွဲ အပြီး ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘလင်ကင်က မြန်မာအရေးကိုပါ ထည့်သွင်း ပြောခဲ့တာ ဖြစ်ပါတယ်။

  7. ဒီမိုကရေစီတောင်းဆိုသူတွေကို သေနတ်ကျည်နဲ့တုံ့ပြန်တဲ့ မြန်မာစစ်တပ် - အမေရိကန်ပြောခွင့်ရ

    မြန်မာပြည်ထဲမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ မနေ့ကအထိ လူတွေ ဆက်လက် သေဆုံးနေရဆဲ ဖြစ်ပါတယ်။

    နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ မနေ့ တနင်္လာနေ့၊ မတ်လ ၁၅ ရက်နေ့မှာ နိုင်ငံတ၀န်း လူ အယောက် ၂၀ ထက်မနည်း သတ်ဖြတ် ခံခဲ့ရပါတယ်။

    အခုလို ဆန္ဒပြနေသူတွေ အပေါ် မြန်မာစစ်တပ်က အကြမ်းဖက်နေတာဟာ အင်မတန် ဆိုးယုတ်တဲ့ လုပ်ရပ်၊ ဘယ်လို အကြောင်းပြချက်မှ ပေးလို့မရတဲ့ လုပ်ရပ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာနက ပြစ်တင်ရှုတ်ချပါတယ်။

    “တိုင်းပြည်မှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့ တောင်းဆို နေတာတွေကို စစ်တပ်က ကျည်ဆန်နဲ့ ပြန်လည်တုံ့ပြန်နေတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျလီနာပေါ်တာက ဆိုပါတယ်။

    “မြန်မာစစ်တပ်ရဲ့ အပြုအမူတွေကို ကြည့်ရင် သူတို့ရဲ့ အကျိုးစီးပွား အတွက်သာ သူတို့ အာဏာသိမ်းတာ ဖြစ်ပြီး၊ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ကိုယ်စားပြုတဲ့ လုပ်ရပ်မဟုတ်ကြောင်း သိသာထင်ရှားစေတယ်” လို့လည်း မစ္စ ပေါ်တာက ပြောပါတယ်။

  8. တရုတ် အမေရိကန် ဆွေးနွေးတဲ့အခါ မြန်မာအရေးလည်း ပါ၀င်နိုင်

    အမေရိကန်နဲ့ တရုတ်တို့ရဲ့ နိုင်ငံခြားရေးမူ၀ါဒပိုင်း ဆိုင်ရာ အဓိက ပုဂ္ဂိုလ်တွေ၊ ရှေ့လာမယ့် သီတင်းပတ်ထဲ တွေ့ဆုံကြဖို့ စီစဥ်ထားပါတယ်။

    မတ်လ ၁၈ ရက်၊ ကြာသပတေးနေ့၊ အမေရိကန် အလက်စကာ ပြည်နယ်ထဲက အကြီးဆုံးမြို့ အဲန်ကားရေ့ဂျ်Anchorage မှာ တွေ့ကြမှာ ဖြစ်ပါတယ်။

    အမေရိကန်ဘက်က နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်နဲ့ အတူ သမ္မတဂျိုးဘိုင်ဒင်ရဲ့ လုံခြုံရေး ဆိုင်ရာ အကြံပေး ဂျိတ်ခ်ဆူလဗန်လည်း ရှိနေမှာ ဖြစ်ပါတယ်။

    တရုတ်ဘက်ကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့နိုင်ငံခြားရေး ဗဟို ကော်မရှင် အကြီးအကဲ ယန်ကျဲ့ချီနဲ့ နိုင်ငံခြားရေး၀န်ကြီး ၀မ်းယီတို့ အလက်စကာ တွေ့ဆုံပွဲကို လာမယ်လို့ နားလည်ရပါတယ်။

    ဒါဟာ သမ္မတ ဘိုင်ဒင်လက်ထက် နှစ်နိုင်ငံ အဆင့်မြင့်ဆုံး အရာရှိတွေရဲ့ တွေ့ဆုံပွဲ ဖြစ်ပါတယ်။

    နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကင်က ကာကွယ်ရေး၀န်ကြီး လွိုတ်အော်စတင်နဲ့ အတူ သွားမယ့်၊ ဂျပန်၊ တောင်ကိုရီးယား ခရီးစဥ်က အပြန် အလက်စကာကို ၀င်ပြီး တရုတ် အဆင့်မြင့် အရာရှိတွေနဲ့ တွေ့တာ ဖြစ်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းခံရတဲ့ ဖြစ်ရပ်ကို တရုတ်အနေနဲ့လည်း ကန့်ကွက်ဖို့ ၀န်ကြီး ဘလင်ကင်က ဖိအားပေးနေပါတယ်။

    တခါ၊ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်းယီကလည်း မြန်မာအရေးနဲ့ ပတ်သက်ပြီး အကြံပြုချက် ၃ ရပ် ဆိုပြီး လောလောလတ်လတ်မှာပဲ ပြောထားပါတယ်။

    အဓိကကတော့ တရုတ်အနေနဲ့ မြန်မာပြည်ထဲ အခြေအနေ တင်းမာနေတာတွေကို လျှော့ချနိုင်အောင် အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါ၀င်လိုတယ် ဆိုပြီး ကြား၀င် ဆွေးနွေးပေးလိုတဲ့ သဘော ၀န်ကြီး ၀မ်က ပြောတာ ဖြစ်ပါတယ်။

    တရုတ်-အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဆိုင်ရာ ထိပ်တန်း ပုဂ္ဂိုလ်တွေ တွေ့ဆုံကြတဲ့အခါ၊ အင်ဒို-ပစိဖိတ်ဒေသတလွှား တည်ငြိမ်ရေးနဲ့အတူ မြန်မာအရေးလည်း တပါတည်း ပါ၀င်နိုင်တယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။

  9. သူသာ ကုလဆိုင်ရာမြန်မာသံဖြစ်ကြောင်း ဦးကျော်မိုးထွန်း တရား၀င်စာပို့

    နယူးယောက်မြို့ အခြေစိုက် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ မြန်မာနိုင်ငံကို တရား၀င် ကိုယ်စားပြုတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ ဗော်လ်ကန် ဘော့ဇ်ကဲ နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင် တို့ထံ စာရေးသား ပေးပို့ခဲ့ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ရာထူးက ထုတ်ပယ်ကြောင်း ကြေညာခဲ့တဲ့နောက်၊ ဦးကျော်မိုးထွန်းဘက်က အခုလို ထပ်လောင်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

    သူ့ကို ဒီရာထူးခန့်အပ်ထားတဲ့ သမ္မတကြီး ဦး၀င်းမြင့်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တရား၀င် ရွေးကောက်ခံထားရတဲ့ တည်ဆဲ အစိုးရ အာဏာပိုင်တွေ ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

    ဒါ့ကြောင့်၊ တရားမ၀င် အာဏာသိမ်းတဲ့ ရာဇ၀တ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရား၀င် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့သောကြာနေ့တုန်းက မြန်မာအရေးအတွက် သီးသန့်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအ၀ေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားပြုသူ မဟုတ်ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။

    ဒီနောက်မှာတော့၊ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတကာ သံရုံးတွေမှာ ရှိတဲ့ ရာနဲ့ချီတဲ့ မြန်မာ သံတမန်တွေကို မြန်မာပြည်ထဲက ရာထူးနေရာတွေမှာ ပြောင်းလဲ ခန့်တာမျိုးတွေ ပြုလုပ်လာပါတယ်။

    ဦးကျော်မိုးထွန်းရဲ့နေရာ၊ နယူးယောက် အခြေစိုက် ကုလသံအမတ် ရာထူးကို နောက်တစ်ယောက် ပြောင်းခန့်ထားတယ်ဆိုတဲ့ အသိပေးစာမျိုး ရရှိ မထားဘူးလို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ပြောပါတယ်။

    အာဏာသိမ်း စစ်ကောင်စီကို တရား၀င် အစိုးရ တစ်ရပ်သဖွယ် လက်သင့်ခံ မဆက်ဆံကြဖို့၊ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အပါအ၀င်၊ ဒီမိုကရက်စီ အင်အားစုတွေက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရကို ပန်ကြား နေပါတယ်။

  10. အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေ အစည်းအ၀ေးကနေ မြန်မာအရေး ဘုံကြေညာစာတမ်း မထုတ်ပြန်နိုင်

    မြန်မာအရေးအတွက် အထူးပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ အစည်းအ၀ေးအပြီး သဘာပတိ ဘရူနိုင်းနိုင်ငံကနေ ကြေညာချက် တစ်စောင် ထုတ်ပြန် ပါတယ်။

    အားလုံးသဘောတူ ကြေညာစာတမ်း အနေနဲ့ ထွက်မလာနိုင်တဲ့ အတွက် သဘာပတိနိုင်ငံက ထုတ်ပြန်တာလို့ နားလည် ရပါတယ်။

    (ဘရူနိုင်းဟာ အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံဖြစ်ပါတယ်။)

    နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ကြား၀င် ဖြေရှင်းခွင့်ပေးဖို့ တောင်းဆိုမှုတွေ အစည်းအ၀ေးတွင်းမှာ ရှိခဲ့ပြီး၊ အဲဒီလို နိုင်ငံရေးတောင်းဆိုချက်တွေ အပေါ် ဘုံသဘောတူမှု မရနိုင်ခဲ့တာ ဖြစ်ပါတယ်။

    သဘာပတိ ဘရူနိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံထဲ အကြမ်းဖက် ဖြစ်ရပ်တွေ ထပ်ပေါ်ပေါက် မလာအောင် အားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ ဆိုပြီး ရေးသားထားပါတယ်။

    မြန်မာနိုင်ငံအပေါ် အာဆီယံအနေနဲ့ အပြုသဘောဆောင်တဲ့ သဘောထားနဲ့ အကူအညီပေးဖို့ အသင့်ပဲဆိုတာကို အစည်းအ၀ေးအတွင်း ပြောခဲ့ကြတယ်ဆိုပြီး ဘရူနိုင်းရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    အာဆီယံ- အမေရိကန် နိုင်ငံခြားရေး၀န်ကြီးအဆင့် အထူး အစည်းအ၀ေးလည်း မကြာခင် ကျင်းပဖို့ ရှိတယ်ဆိုတဲ့ အချက်ကို အဲဒီ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    အဲဒီ အစည်းအ၀ေးမှာသာ ဦး၀ဏ္ဏမောင်လွင် ပါ၀င်လာမယ်ဆို၊ အမေရိကန် အနေနဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီကို အစိုးရတစ်ရပ် အနေနဲ့ ဆက်ဆံရတဲ့ သဘောမျိုး ဖြစ်လာလိမ့်မလား ဆိုတဲ့ မေးခွန်းလည်း ထွက်လာစေပါတယ်။

  11. နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို ICRC က တွေ့နိုင်အောင် CRPH လုပ်ဆောင်မယ်

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့် အပါအ၀င် စစ်အာဏာသိမ်းကောင်စီက ဖမ်းဆီးထားတဲ့ သူတွေအားလုံးကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC က တွေ့ဆုံ ဆက်သွယ်နိုင်ဖို့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    အဖမ်းဆီးခံထားရသူတွေကို ဘယ်မှာ ထားထားလဲ ကအစ၊ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိနေတယ် ဆိုတာတွေကို ICRC က တဆင့် သိနိုင်ဖို့ ဒီကနေ့ ၂၅ ရက်၊ ကြာသပတေးနေ့မှာ စတင်လုပ်ဆောင်မယ် ဆိုပြီး CRPH အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ဟာ ပုဒ်မအသီးသီးတပ်ပြီး စွပ်စွဲထားပေမယ့်၊ ရှေ့နေနဲ့ တွေ့ခွင့်လည်း စစ်ကောင်စီက မပေးပါဘူး။

    နေအိမ်တွေမှာ ထားထားတယ် ဆိုတဲ့ စကားမျိုးကလွဲပြီး စစ်အာဏာသိမ်းပြီး ကတည်းက နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို စစ်ကောင်စီက လူအများ မြင်ကွင်းရှေ့ကနေ ဖျောက်ထားတာ ဖြစ်ပါတယ်။

  12. ဒေါက်တာဆာဆာရဲ့ ရှေ့လုပ်ငန်းစဉ်များ

  13. မြန်မာ့ဒီမိုကရေစီနဲ့ ပထဝီနိုင်ငံရေး

  14. နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မတွေကို မြန်မာစစ်တပ် ပြင်ဆင်

    နိုင်ငံတော် သစ္စာဖောက်မှု ဘယ်အခါ မြောက်သလဲ ဆိုတာသတ်မှတ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ အပါအ၀င်၊ လှုံ့ဆောင်သူတွေကို ဘယ်လို ပြစ်ဒဏ်ချမလဲ ဆိုတဲ့ နောက်ဆက်တွဲ ပုဒ်မတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးပြီး အစားထိုး ပြင်ဆင်လိုက်ပါတယ်။

    မြန်မာနိုင်ငံ အပေါ် စစ်မက်ပြုဖို့ ဆော်ဩတာ၊ ပူးပေါင်း ကြံစည်တာ၊ ပြည်တွင်း ပြည်ပနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်နည်း၊ အကြမ်းဖက်နည်း အသုံးပြီး အခြေခံဥပဒေ အရ ခွင့်ပြုထားတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေကို ဖယ်ရှားဖို့ ကြိုးစားတာတွေဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်တယ်လို့ ဆိုပါတယ်။

    ပုဒ်မ ၁၂၄ - က နေရာမှာလည်း အခြေခံ ဥပဒေ နည်းကျ အစိုးရ၊ စစ်တပ်နဲ့ စစ်မှုထမ်းတွေ အပေါ်မလိုမုန်းထား ဖြစ်အောင် ပြုမူပြောဆိုရင်၊ ထောင် ၇ နှစ်ကနေ အနှစ် ၂၀ အထိ ချမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က အစားထိုးပါတယ်။

    စစ်တပ်ရဲ့ နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်မှုတွေကို ဖျက်လိုဖျက်စီး လုပ်ရင်လည်း အလားတူ ထောင်ဒဏ် အနှစ် ၂၀ အထိချမယ်လို့ ဆိုပါတယ်။

    ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ အပိုဒ်ခွဲတွေမှာလည်း တာ၀န်ထမ်းနေတဲ့ အရပ်ဘက်၊ စစ်ဘက် ၀န်ထမ်းတွေ အပေါ် မလိုမုန်းထား ဖြစ်အောင် မပြုမူ မပြောဆိုရ၊ တာ၀န်၀တ္တရားတွေကို မနှောင့်ယှက်ရ၊ အများပြည်သူကြား အထိတ်တလန့် ဖြစ်စေမယ့် သတင်းမှားတွေ မဖြန့်ရ ဆိုတာတွေ ရေးထားပါတယ်။

    ဒါဟာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ နိုင်ငံတကာထံကနေ၊ အထူးသဖြင့် အမေရိကန်ထံကနေ အကူအညီတောင်းဆိုမှုတွေ၊ သမ္မတ ဂျိုးဘိုင်ဒင်ပုံ ကိုင်ဆောင်တာတွေ တွေ့လာရတဲ့နောက် မြန်မာ အာဏာသိမ်း စစ်တပ် အနေနဲ့ သည်းမခံပဲ အရေးယူ ကိုင်တွယ်မယ့် အကြောင်း ပြလာတာ အဖြစ် ယူဆရပါတယ်။

    ၀န်ထမ်းတွေရဲ့ အလုပ်မဆင်းရေး သပိတ်ကိုလည်း ဖြိုခွဲနိုင်ဖို့ ဦးဆောင်သူလို့ ယူဆထားတဲ့သူတွေကို ပစ်မှတ်ထားပြီး သန်းခေါင်းယံ လူဖမ်းပွဲတွေ တနိုင်ငံလုံး အနှံ့ ပြုလုပ်နေခဲ့ပါတယ်။

    ဖေဖေါ်၀ါရီ ၁၄ တနင်္ဂနွေမှာတော့ ရန်ကုန် အပါအ၀င် မြို့ကြီးတချို့မှာ သံချပ်ကာ အမြှောက်ကား၊ စစ်ကားတွေနဲ့ အင်အားပြ နေရာချတာ အပြင် အင်တာနက်တွေ ဖြတ်တောက်လိုက်တာမျိုး ပြုလုပ်လိုက်ပါတယ်။

    မြစ်ကြီးနားမှာဆိုရင် ပစ်ခတ်ဖြိုခွဲ ခဲ့ပြီ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို၊ သတင်းထောက်တွေ အပါအ၀င် လူတွေ ဖမ်းခံရကြောင်း သတင်းတွေ ကြားသိထားရပါတယ်။

  15. အမေရိကန်ရဲ့ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့မှု ထိရောက်နိုင်မလား

  16. အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို အမေရိကန် ပိတ်ဆို့ အရေးယူတော့မယ်

  17. မြန်မာစစ်ခေါင်းဆောင်တွေကိုအရေးယူတဲ့ သမ္မတအမိန့်သစ် ဂျိုးဘိုင်ဒင် ကြေညာ, မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ အမေရိကန် ထပ်ဆင့်လုပ်ဆောင်

    မြန်မာစစ်ခေါင်းဆောင်တွေအပေါ်ဒဏ်ခတ်အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ကြောင်းအမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကဖေဖော်ဝါရီလ၁၀ရက်နေ့မှာကြေညာပါတယ်။

    အာဏာသိမ်းဖို့ကြိုးကိုင်စေခိုင်းခဲ့တဲ့မြန်မာစစ်ခေါင်းဆောင်တွေနဲ့သူတို့ရဲ့မိသားစု၀င်တွေကိုပစ်မှတ်ထားအရေးယူတာဖြစ်ပါတယ်။

    “စစ်ခေါင်းဆောင်တွေ၊သူတို့ရဲ့စီးပွားရေးတွေနဲ့မိသားစုတွေအပေါ်ပိတ်ဆို့အရေးယူတာတွေချက်ခြင်းလုပ်ဆောင်နိုင်တဲ့သမ္မတအမိန့်သစ်ကိုအတည်ပြုလိုက်တယ်” ဆိုပြီးအမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

    ဘယ်သူတွေ၊ဘယ်အရာတွေအပေါ်ပိတ်ဆို့တာလဲဆိုတဲ့အတိအကျအချက်တွေကိုပထမအသုတ်အနေနဲ့အခုသီတင်းပတ်ထဲမှာပဲအမေရိကန်အာဏာပိုင်တွေကြေညာသွားဖို့ရှိပါတယ်။

    မြန်မာပြည်ထဲတင်သွင်းမယ့်အရာတွေအပေါ်လည်းအမေရိကန်အနေနဲ့တင်းတင်းကျပ်ကျပ်စိစစ်ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

    “အာဏာသိမ်းမြန်မာစစ်တပ်ကိုအကျိုးဖြစ်စေမယ့်အမေရိကန်နဲ့သက်ဆိုင်တဲ့အရာတွေကိုထိန်းချုပ်လိုက်ပြီ။ဒါပေမယ့်၊မြန်မာပြည်သူတွေကိုတိုက်ရိုက်အကျိုးပြုနေတဲ့ကျန်းမာရေး၀န်ဆောင်မှုအပါအ၀င်လူမှုအထောက်အကူပြုအကူအညီတွေကိုတော့အမေရိကန်ကဆက်ပေးသွားမယ်” လို့သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

    မြန်မာပြည်မှာဆန္ဒပြပွဲတွေအရှိန်မြင့်ပေါ်ပေါက်နေချိန်၊အဲဒီလိုဒီမိုကရေစီနည်းကျဆန္ဒထုတ်ဖော်မှုအခွင့်အရေးတွေအပေါ်အကြမ်းဖက်ဖြိုခွဲတာမျိုးတွေကလည်းလက်သင့်ခံဖွယ်ရာမရှိဘူးလို့သမ္မတဂျိုးဘိုင်ဒင်ကသတိပေးပါတယ်။

    “ မြန်မာပြည်သူတွေဟာသူတို့ရဲ့အသံတွေကိုအများကြားအောင်ထုတ်ဖော်နေတယ်။ကမ္ဘာကြီးကလည်းစောင့်ကြည့်နေတယ်” လို့သမ္မတဂျိုးဘိုင်ဒင်ကဆိုပါတယ်။

    အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေအပေါ်ပစ်မှတ်ထားအရေးယူမှုအသစ်တွေကိုအမေရိကန်အနေနဲ့ထပ်ဆင့်လုပ်ဆောင်သွားဖို့ရှိပြီး၊တခြားနိုင်ငံတွေပါအတူပူးပေါင်းပါ၀င်ဖို့အမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေကတိုက်တွန်းသွားမယ်လို့လည်းသမ္မတဂျိုးဘိုင်ဒင်ကကတိပြုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦး၀င်းမြင့်အပါအ၀င်ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊တက်ကြွလှုပ်ရှားသူတွေကိုချက်ခြင်းပြန်လွှတ်ရမယ်၊စစ်တပ်အနေနဲ့အာဏာကိုစွန့်လွှတ်ရမယ်လို့လည်းသမ္မတဂျိုးဘိုင်ဒင်ကထပ်လောင်းပြောဆိုသွားပါတယ်။

  18. ထိုင်ဝမ် လွတ်လပ်ရေးတောင်းတာဟာ 'စစ်ပွဲ' လို့ တရုတ်က သတိပေး

  19. မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ သံရုံးတွေက စိုးရိမ်ကြောင်းပြော

  20. ဒေါ်နယ်ထရမ့်ကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မှု စတင်