ဇွန်လ ၇ ရက် တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာအပါအဝင် နိုင်ငံလေးခုက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လုပ်ပေးဖို့ ထိုင်းအစိုးရအတည်ပြု
မြန်မာအပါအဝင် နိုင်ငံလေးခုက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လုပ်ပေးဖို့ ထိုင်းအစိုးရအတည်ပြုသတင်းအပါအဝင် ဇွန် ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ချမ်းအေးသာစံမြို့နယ်က မေ ၃၁ ရက် မီးလောင်မှုမှာ ဒဏ်ရာရသူတွေထဲက အသက် ၄၈ နှစ်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးတင့်ခိုင် သေဆုံး
- NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတြေးလျ ပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီး အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ နဲ့ ပြည်နယ်လွှတ်တော်မှာ ဇွန် ၆ ရက်မှာ တွေ့ဆုံ
- ဗဟိုဘဏ်က ဇန်နဝါရီကနေ မေ အတွင်း အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်၊ ထိုင်းဘတ်ငွေ ၁ ဘီလီယံခွဲကျော် နဲ့ တရုတ်ယွမ် သန်း ၄၀ ကျော် ကိုထုတ်ရောင်းပေးခဲ့
- နိုင်ငံကူးလက်မှတ် အလုပ် PJ ကနေ အလည်အပတ် PV ကိုပြောင်းလျှောက်ခွင့်ကို ရပ်နားထားပြီး ဘယ်တော့ပြန်ပြောင်းလျှောက်ခွင့်ရမယ်ဆိုတာ မသိရသေး
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် လေလံဆွဲမယ့်သူမရှိတဲ့အတွက် လာမယ့် ဇွန် ၁၂ ရက်မှာ နှစ်ဘက်လျှောက်လဲချက်ပေးဖို့ရှိ
- သံတွဲမြို့ မှာ လက်နက်ကြီးတွေကျတာကြောင့် ငပလီကမ်းခြေက Jasmine Ngapali Resort နဲ့ အမရာ ဟိုတယ်တွေ ထိမှန်
- မြန်မာအပါအဝင် နိုင်ငံလေးခုက အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လုပ်ပေးဖို့ ထိုင်းအစိုးရအတည်ပြု
တိုက်ရိုက် ထုတ်လွှင့်ချက်
ထိုင်းမှာ မြန်မာတစ်ယောက် ဆေးရုံအထိလိုက်ပြီး သေနတ်ပစ်ခံရ
ထိုင်းကဆေးရုံတစ်ခုမှာ ခွဲစိတ်ဖို့ စောင့်နေတဲ့ မြန်မာနိုင်ငံသား လူနာတစ်ယောက် ဇွန် ၇ ရက်အစောပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဘန်ကောက်မြို့ကနေ ဆယ်နာရီကျော်လောက်ကားမောင်းရတဲ့ ခွန်ကိန်းဆေးရုံက အမျိုးသားခွဲစိတ်လူနာဆောင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ကိုကျော်စွာအောင်က သေဆုံးသွားပါတယ်။
သူ့နောက်ကျောက အကြိတ်ကို သောကြာနေ့မှာ ခွဲစိတ်ဖို့ ဆေးရုံက ရက်ချိန်းပေးထားခဲ့တာပါ။
သေနတ်သမားဟာ ဧည့်သည်ယောင်ဆောင်ပြီး ကိုကျော်စွာအောင်ရှိမယ့်အခန်းကို သူနာပြုတွေကိုမေးခဲ့ပြီးတဲ့နောက် လူနာကိုပစ်ခတ် ထွက်ပြေးသွားတယ်လို့ ထိုင်းရဲအရာရှိတွေက ပြောပါတယ်။
ကိုကျော်စွာအောင်ရဲ့ ချစ်သူ ထိုင်းအမျိုးသမီးကတော့ သူတို့မှာ ဘယ်သူနဲ့မှ ပြဿနာမရှိဘူးပြောခဲ့ပြီး အလုပ်အတူတူလုပ်နေတဲ့သူဆီက ဘတ် ၁၂၀၀၀ ချေးယူပြီးနောက် ATM ကတ်ကို ချေးငွေ အာမခံချက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
သူတို့စုံတွဲဟာ ငါးဖမ်းပိုက်စက်ရုံတစ်ခုမှာ အလုပ်အတူတူလုပ်ကြတာဖြစ်သလို လွန်ခဲ့တဲ့ လေးနှစ်က ချစ်သူတွေဖြစ်ခဲ့ပြီး တိုက်ခန်းတစ်ခန်းမှာ အတူငှားနေကြတာပါ။
ရဲတပ်ဖွဲ့က လုံခြုံရေးရုပ်သံမှတ်တမ်းကို စစ်ဆေးနေပြီး သံသယရှိသူရဲ့ပုံကို ထုတ်ပြန်ထားပါတယ်။
သံသယရှိသူဟာ ကိုကျော်စွာအောင် နဲ့ စက်ရုံတစ်ရုံတည်းမှာ အလုပ်အတူလုပ်ပြီး အခုအချိန်မှာ အခြားတစ်နေရာကို ထွက်ခွာသွားပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ထောင်ထဲကနေ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်လို့ရလား၊ ဘယ်သူတွေ ပြိုင်ဖူးလဲ
အမေရိကန်သမိုင်းမှာ ထောင်နံရံထဲကနေ မဲဆွယ်ခဲ့တဲ့ သမ္မတလောင်းတွေ ရှိခဲ့ဖူးပါတယ်။
ဒေါ်နယ်ထရမ့် ထောင်ထဲဝင်ရမယ်ဆိုရင်တောင်ထောင်ထဲကနေသမ္မတအိမ်တော်အရောက်ယှဥ်ပြိုင်မယ့်အထင်ရှားဆုံးသူတစ်ဦးဖြစ်လာမှာပါ။
သူရွေးကောက်ပွဲနိုင်ခဲ့ရင်ရော အကျဥ်းထောင်ထဲမှာသမ္မတတစ်ဦးအနေနဲ့တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိနိုင်မလား။
ဆောင်းပါးအပြည့်အစုံ ကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ချမ်းအေးသာစံ မီးလောင်မှုမှာ ဒဏ်ရာရသူထဲက မီးသတ်သမားတစ်ယောက် ထပ်သေဆုံး, စုစုပေါင်းသေဆုံးသူ ၆ ယောက်ရှိလာ
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ ဂတ်စ်ယိုစိမ့်မှုကြောင့် ဖြစ်ခဲ့တဲ့ မေ ၃၁ မီးလောင်မှုမှာ ဒဏ်ရာရသူတွေထဲက အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးတင့်ခိုင်ဟာ ဒီနေ့ မနက်မှာ သေဆုံးသွားတယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။
အဲဒီမီးလောင်မှုမှာ ဒဏ်ရာရသူ အယောက် ၂၀ ဝန်းကျင်ရှိပါတယ်။
ဒဏ်ရာရတွေထဲက ဦးသိန်းစိုး၊ ဒေါ်မြမြဝင်း၊ ဦးအေးထွန်း ၊ ဦးမြအောင်၊ မောင်စစ်ငြိမ်းနိုင်တို့ဟာ မေ ၃၁ ရက်ကနေ ဇွန် ၅ ရက်နေ့အတွင်း သေဆုံးသွားခဲ့ကြပြီး အခု အသက် ၄၈ နှစ်အရွယ် ဦးတင့်ခိုင်ပါ သေဆုံးသွားတာပါ။
ဦးတင့်ခိုင်ဟာ ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်မှာ နေထိုင်သူလို့လည်း သိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ ပဒေသာဝင်းအတွင်းက လျှပ်စစ်နဲ့ မီးဖိုချောင်သုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်ဂိုထောင်ဟာ သူနေထိုင်တဲ့တစ်ရပ်ကွက်ထဲမှာရှိတာပါ။
အဲဒီဆိုင်မှာ ဂတ်စ်အိုးဖြည့်ရင်း မီးလောင်ပေါက်ကွဲချိန်မှာ မီးငြှိမ်းသတ်ဖို့ ကူညီပေးရင်း မီးလောင်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဂတ်စ်တွေယိုစိမ့်ချိန်မှာ ဂတ်စ်အိုးဘားကို ပိတ်ဖို့ကြိုးစားနေရင်း မီးလောင်ပြီးပေါက်ကွဲသွားတာ။ သူ့မှာ တကိုယ်လုံး မီးလောင်ဒဏ်ရာတွေရခဲ့တာ ဆံပင်တောင်မကျန်ဘူး၊ ပုံမှန်မီးလောင်တယ်ဆိုရင် ထွက်ပြေးလို့ရတာပေါ့၊ အခုက ဂတ်စ်အိုးပေါက်ကွဲတာဆိုတော့ ထွက်ပြေးဖို့ အချိန်မရကြတာလည်းပါတယ်”လို့ မီးငြှိမ်းသတ်ဖို့ ကြိုးစားရင်း ဦးတင့်ခိုင် ဒဏ်ရာရခဲ့တဲ့ အခြေအနေကို လူမှုကူညီရေးလုပ်ပေးနေသူတစ်ယောက်က ပြောပါတယ်။
မီလောင်မှုကြောင့် ၂ ထပ်တိုက် ၁ လုံး၊ ဂိုထောင် ၁ လုံးနဲ့ သွပ်မိုး ထရံကာ နှစ်ထပ်အိမ်အပေါ်ထပ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၆ ယောက်ရဲ့ အသက်ဆုံးရှုံးသွားခဲ့ရသလို ဒဏ်ရာရထားသူတွေလည်း ဆေးရုံမှာ ရှိနေတယ်လို့ ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဩစတြေးလျလွှတ်တော်ကို သွားရောက်, ဩစတြေးလျ လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံသားတွေ လိုချင်တဲ့ ဒီမိုကရေစီကို ထောက်ခံတယ်လို့ပြော
ဩစတြေးလျ ကိုရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ တောင်သြစတြေးလျ ပါလီမန် ကျင်းပနေပုံနဲ့ လုပ်ထုံးလုပ်နည်းတွေကို သွားရောက်လေ့လာခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ ဩစတြေးလျ ပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီး အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ နဲ့ ပြည်နယ်လွှတ်တော်မှာ ဇွန် ၆ ရက်က တွေ့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဩစတြေးလျ လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံသားတွေ လိုချင်တဲ့ ဒီမိုကရေစီလိုလားချက်တွေကို ထောက်ခံတယ်လို့ ပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ NUG အစိုးရရဲ့ ဆောင်ရွက်နေတာတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ထူထောင်ရေးချမှတ်ထားတဲ့ အစီအစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ ဇွန် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါအပြင် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေအပြင် နိုင်ငံတကာက ပံ့ပိုးကူညီတာတွေ ရရှိဖို့ ၊ မြန်မာနိုင်ငံသားတွေရဲ့ အရေးတကြီး လိုအပ်နေတာတွေနဲ့ ပတ်သက်လို့ ကိုင်တယ်ဖြေရှင်းနေတာတွေကို ဒေါ်ဇင်မာအောင်က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီခရီးလမ်းကို ပံ့ပိုးပေးတဲ့အခါမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးပါမှုတွေနဲ့ ဒီမိုကရေစီ မဟာမိတ်တွေရဲ့ အခန်းကဏ္ဍကိုလည်း ဦးစားပေးပြောကြားခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ၊ ကန်ဘာရာမြို့မှာ ဇွန်လ ၄ ရက်တုန်းက ဒေါ်ဇင်မာအောင်နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ် တို့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကိုအဓိကထား ဆွေးနွေးခဲ့ကြပါသေးတယ်။
အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် နဲ့ ထိုင်းဘတ် ၁ ဘီလီယံခွဲ ကို ငါးလအတွင်း ဗဟိုဘဏ် ထုတ်ရောင်း
အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်၊ ထိုင်းဘတ်ငွေ ၁ ဘီလီယံခွဲကျော် နဲ့ တရုတ်ယွမ် သန်း ၄၀ ကျော် ကို ဗဟိုဘဏ်က ဇန်နဝါရီကနေ မေလ အတွင်း ထုတ်ရောင်းပေးခဲ့တယ် လို့ စစ်ကောင်စီထိန်းချုပ် သတင်းစာကနေ ထုတ်ပြန်ပါတယ်။
ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေအတွက် Online Trading ကတစ်ဆင့် ရောင်းချပေးခဲ့တာ ဖြစ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနှုန်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲစျေးနှုန်းထားတွေဟာ ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေအတွက် Online Trading ကတစ်ဆင့် ရောင်းချပေးတဲ့စျေးနှုန်းနဲ့ ကွာခြား တယ်လို့လည်း ဘဏ်ပညာရှင်တွေက ပြောပါတယ်။
“ပို့ကုန်သမားက သူ့ဆီမှာရှိတဲ့ နိုင်ငံခြားငွေကို ဘယ်လောက်နဲ့ရောင်းချင်ပါတယ်ဆိုပြီး သက်ဆိုင်ရာဘဏ်ကို တင်ရတယ်။ အဲလိုပဲ သွင်းကုန်သမားကလည်း ဒေါ်လာဘယ်လောက်ကိုတော့ ဘယ်စျေးနဲ့ဝယ်ချင်ပါတယ် ဆိုပြီးရှိတယ်။ အဲကြားထဲမှာ ဗဟိုဘဏ်က စျေးသတ်မှတ်ပြီး အရောင်းအဝယ်လုပ်ကျတာလို့ “ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ မေလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀ သန်း၊ ထိုင်းဘတ် သန်း ၃၀ နဲ့တရုတ် ယွမ်ငွေ ၂၂ သန်းကို Online Trading ကတစ်ဆင့် ရောင်းချပေးခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ တုန်းကလည်း အမေရိကန်ဒေါ်လာ ၃ သန်း၊ ထိုင်းဘတ် ၅၄ သန်း နဲ့ တရုတ်ယွမ်ငွေ ၂ သန်းကို ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ် က ထုတ်ပြန်ခဲ့ပါတယ်။
အလုပ်နိုင်ငံကူးလက်မှတ်ကနေ အလည်အပတ်ပြောင်းခွင့် ရပ်ဆိုင်းထား
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့အခါမှာ အလုပ်လုပ်ခွင့် PJ ကနေ အလည်ပတ် PV ပြောင်းရွှေ့လျှောက်ထားခွင့်ကို ဇွန် ၆ ရက်ကစပြီး လျှောက်ထားခွင့် မပြုတော့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ သွားရောက်လျှောက်ထားသူတွေနဲ့ ဝန်ဆောင်မှုပေးနေသူတွေဆီက သိရပါတယ်။
အရင်က အလုပ် PJ နဲ့ရရှိထားတဲ့ နိုင်ငံကူးလက်မှတ်ကို အလည်အပတ် PV ကို ပြောင်းမယ်ဆိုရင် နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပြီး ၆ လအတွင်း အင်တာနက် Online Booking တင်စရာမလိုဘဲ ပြောင်းလို့ရပါတယ်။
၆ လကျော်သွားပြီဆိုရင်တော့ Online Booking ပြန်တင်ပြီးမှ လျှောက်ထားရတာပါ။
“အခုက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး က Passport ရုံးတွေ အကုန်လုံးက PJ to PV ကို ပြောင်းလို့မရဘူးလို့ သိရတယ်။ အရင်က QR တင်ပြီးတော့ပဲဖြစ်ဖြစ်၊ ၆ လမပြည့်သေးလို့ ဝင်ပြောင်းတာပဲ ဖြစ်ဖြစ် ရတယ်။ မနေ့ကစပြီးပြောင်းလို့မရတော့တာ၊ ဘယ်တော့မှ ရမယ်ဆိုတာလည်း မသိရသေးဘူး။ PJ to PV တွေ ပြောင်းတဲ့သူ များလာလို့ ရပ်လိုက်တာလို့ သိရတယ်”လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှု လုပ်ပေးနေသူတွေထံ တစ်ရက်ကို PJ ကနေ PV ပြောင်းဖို့ အလုပ်လာအပ်သူ အနည်းဆုံး ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့လည်း သူက ပြောပါတယ်။
အလုပ်လုပ်ခွင့် PJ ကနေ အလည်ပတ် PV ပြောင်းရွှေ့လျှောက်ထားခွင့် မပြုတော့တာကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝဘ်ဆိုက်ကနေတော့ တရားဝင်ထုတ်ပြန်တာ မတွေ့ရပါဘူး။
ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဘီဘီစီက ဆက်သွယ်ပေမဲ့လည်း မရခဲ့ပါဘူး။
“ဝဘ်ဆိုက်မှာ မထုတ်ပေမဲ့ ရုံးတွေမှာတော့ တကယ်ပြောင်းလို့မရတော့ဘူး။ စာကပ်ထားတာတွေ့တယ်။ မနေ့က ရက်ချိန်းရပြီး ပြောင်းတဲ့သူတွေတောင် ပြောင်းမရခဲ့တာတွေ တွေ့တယ်”လို့ နောက်ထပ် ဝန်ဆောင်မှုပေးနေသူတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်မှာ ပြည်ပထွက်အလုပ်လုပ်တာ များလာတာကြောင့် အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် အသက်အရွယ်တွေကို စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ အလုပ်နိုင်ငံကူးလက်မှတ်ကနေ အလည်အပတ်နိုင်ငံကူးလက်မှတ်တွေကို ပြောင်းတဲ့သူများလာတွေ များလာတာလည်းဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တည်းလေ့ရှိတဲ့ ငပလီက ဟိုတယ် လက်နက်ကြီးထိ
အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေတဲ့ သံတွဲမြို့ မှာ လက်နက်ကြီးတွေကျတာကြောင့် ငပလီကမ်းခြေက Jasmine Ngapali Resort နဲ့ အမရာ ဟိုတယ်တွေ ထိမှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၆ ရက်က ထိခိုက်ပျက်စီးသွားတဲ့ Jasmine Ngapali Resort က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်းလေ့ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကို ၂၀၂၃ ခုနှစ်က Jasmine Ngapali Resort မှာ လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟိုတယ်တွေရှိတဲ့ ဂေါ့ရွာဟာ တိုက်ပွဲဇုန်ထဲမှာ ကျသလိုဖြစ်နေပြီး ဘယ်အဖွဲ့ကပစ်တဲ့ လက်နက်မှန်းအသေအချာမသိဘူးလို့ သံတွဲမြို့နယ် ဒေသခံတွေက ပြောပါတယ်။
“ရေတပ်ရော၊ လေကြောင်းရော၊ ကြည်းကရော ၊ ဒုံးတွေနဲ့ရော ပစ်တာ။ ဂေါ့ရွာက တိုက်ပွဲဇုန်ထဲမှာ ကျသလိုဖြစ်နေတာ။ ဂျက်စမင်ဟိုတယ်က ရွာရဲ့မြောက်ဘက်၊ အမရာဟိုတယ်က တောင်ဘက်မှာရှိတယ်၊ ရွာကလည်း ခပ်သေးသေးပါ”လို့ သံတွဲမြို့နယ် ဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဂေ့ါကျေးရွာက ဒေသခံ အယောက် တစ်ရာကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး အမရာဟိုတယ်မှာ ပိတ်လှောင်ထားခဲ့တဲ့အကြောင်း၊ စစ်ကောင်စီတပ်တွေ ဟိုတယ်ကနေ ပြန်ထွက်သွားချိန်မှာ လက်နက်ကြီးတွေ ကျလာတာကြောင့် ဟိုတယ်ကနေ ထွက်ပြေးလာခဲ့ကြရတယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
မဇင်လေဆိပ် (သံတွဲလေဆိပ်) မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေက လမ်းတွေပိတ်ထားတာကြောင့် တိုက်ပွဲဇုန်ထဲဖြစ်နေတဲ့ ဂေါ့ရွာနဲ့ စပါးကြီးရွာက ဒေသခံတွေဟာ ထွက်ပေါက်ပိတ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
သံတွဲမြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ ဂေါ့ကျေးရွာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးသံတွေနဲ့ လေကြောင်းပစ်ခတ်သံတွေ မနေ့က တနေကုန်နီးပါး ကြားနေရပြီး ဒီနေ့မနက်မှာလည်း လက်နက်ကြီးသံတွေ ကြားနေရပေမဲ့ လေကြောင်းသံတော့ မကြားရသေးဘူးလို့ သံတွဲမြို့ခံတစ်ယောက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ထောင်ဧည့်တွေ့ခွင့်မရတာ ၁ နှစ်ခွဲကျော်ရှိလာ, လေလံစျေးလျော့ပြင်ပေးဖို့ ဦးအောင်ဆန်းဦးဘက်ကတင်ပြထားတဲ့ ခြံနံပါတ် ၅၄ အမွေဆိုင်အမှုဘာဆက်ဖြစ်နေလဲ
လေလံဆွဲသူမရှိဖြစ်ခဲ့တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူဦးအောင်ဆန်းဦးတို့ရဲ့ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်က အမွေဆိုင်အိမ်ခြံနံပါတ် ၅၄ အမှုအတွက် လာမယ့် ဇွန် ၁၂ ရက်မှာ နှစ်ဖက်လျှောက်လဲချက်ပေးဖို့ရှိနေတယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။
ဇွန် ၁၂ ရက်နေ့ ရုံးချိန်းဟာ ပထမအကြိမ်လေလံပွဲပြီးတဲ့နောက် ၅ ကြိမ်မြောက် တရားရုံးကြားနာမှုဖြစ်လာပြီး ပြီးခဲ့တဲ့ရုံးချိန်းက ဦးအောင်ဆန်းဦးရှေ့နေဘက်ကတင်ပြခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ကန့်ကွက်လျှောက်ထားမှာလို့ ဒီအမှုအကြောင်းသိထားတဲ့ တရားရေးအသိုင်းအဝိုင်းက ရှေ့ နေတစ်ဦးက ပြောပါတယ်။
'' သူတို့နှစ်ဖက်လုံးလျှောက်လဲချက်ပေးကြမှာမျိုးပါ။ ဦးအောင်ဆန်းဦးရှေ့နေ့ဘက်ကတရားရုံးကို ပြီးခဲ့တဲ့ရုံးချိန်းတွေက တင်ပြတာအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်ကကန့်ကွက်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ကန့်ကွက်လျှောက်လဲချက်ပေးမယ်။ ဦးအောင်ဆန်းဦးရှေ့နေက သူတို့တင်ပြတာကို ခွင့်ပြုဖို့ တရားရုံးကိုတင်ပြကြမယ်။ အဲဒီလို သဘောပါ'' လို့ ဒီအမှုနဲ့ ပတ်သက်လို့ အလွတ်သဘောလေ့လာစောင့်ကြည့်နေတဲ့ ရှေ့နေတစ်ဦးကရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ရုံးချိန်းမှာ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက ငွေကျပ် ၃၁၅ ဘီလီယံ သတ်မှတ်ထားတဲ့ လေလံစျေးနှုန်းကို ဘီလီယံ ၃၀ လျော့ပြီး ၂၈၅ ဘီလီယံ သတ်မှတ်ပေးဖို့ တင်ပြခဲ့သလို တရားနိုင်တစ်ဦးအနေနဲ့ ဦးအောင်ဆန်းဦးက ခြံဝင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ တရားရုံးကိုတင်ပြခဲ့တာဖြစ်ပါတယ်။
တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့လိုက်ကတည်းက တွေ့ခွင့်မရတဲ့ ရှေ့နေတွေအနေနဲ့လည်း အမှုသည်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို ၇ ကြိမ်ထက်နည်းစာတင်တောင်းဆိုထားတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်ဝန်းကျင်ကတည်းက နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့လိုက်တာဖြစ်လို့ အခုနှစ် ၂၀၂၄ ခုနှစ် ဇွန်လမှာ သူ့ကို ထောင်ထဲမှာထားရှိတာ ၂ နှစ် ပြည့်မှာဖြစ်ပါတယ်။ ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံခွင့်မရတာကတော့ ၁ နှစ်ခွဲကျော်ရှိနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကာလတွေက နေအိမ် အကျယ်ချုပ်ဘဝ နဲ့ နှစ်ကာလရှည်နေခဲ့ရပေမဲ့ ဒီတစ်ကြိမ်မှာ တော့ အချုပ်ထောင်ထဲမှာ ကာလရှည်ရှိနေရတဲ့အခြေအနေဖြစ်ပါတယ်။
လက်ရှိမှာ ခြံနံပါတ် ၅၄ ဘက်က အမှုကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ရှေ့နေတွေဆီကနေသိထားရတဲ့ အချက်အလက်မရှိတာကြောင့် အမှုသည်သိဖို့လိုအပ်တဲ့ အကြောင်းအရာတွေနဲ့ အမှုသည်ဘက်က ဆန္ဒနဲ့ ညွှန်ကြားချက်တွေအတွက် ရှေ့နေနဲ့ အမှုသည်တွေ့ဆုံဖို့လိုအပ်နေတယ်လို့လည်း တရားရေးဆိုင်ရာနားလည်ကျွမ်းကျင်သူအချို့ကထောက်ပြထားပါတယ်။
လက်ရှိမှာ အကျဥ်းချခံထားရသူတွေကို မိသားစုနဲ့တွေ့ဆုံခွင့်(ထောင်ဝင်စာလူတွေ့) ခွင့်ပြုနေပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေကို ဘယ်အချိန်ပေးတွေ့မလဲဆိုတာနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။
ဗဟိုဘဏ် ဒေါ်လာလဲနှုန်း သတ်မှတ်ချက်အရ အမေရိကန်ဒေါ် သန်း ၁၅၀ နီးပါး တန်တာဖြစ်ပါတယ်။ ဥပဒေအရဆိုရင် လေလံတင်တဲ့နေ့မှာ လေလံဆွဲမယ့်သူမရှိခဲ့ရင်တော့ နောက်ပိုင်းမှာ လေလံကြမ်းခင်းစျေးကို ပြင်ဆင်တာမျိုးလုပ်နိုင်ပြီး သတ်မှတ်တဲ့ ကြမ်းခင်းစျေးနဲ့ လေလံဆွဲမယ့်သူမရှိတာ၊ လေလံမအောင်တာဆိုရင် နောက်တစ်လမှာ ကြမ်းခင်းစျေးကို ပြင်ဆင်ဖို့ နှစ်ဖက်ရှေ့နေတွေက ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး အဲဒီစျေးနှုန်းနဲ့ ကြမ်းခင်းစျေး ပြင်ဆင်သတ်မှတ်တဲ့အမိန့်ကို တရားသူကြီးက ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးနဲ့ သမိုင်းကြောင်း ဆက်နွှယ်မှုတွေကြောင့် ဒီအိမ်နဲ့ခြံကို ဝယ်သူမရှိနိုင်ဘူးလို့ စီးပွားရေးနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက အစောပိုင်းကတည်းက သုံးသပ်ပြောဆိုထားကြတာဖြစ်ပါတယ်။
မြန်မာအပါအဝင် နိုင်ငံလေးခုက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လုပ်ပေးဖို့ ထိုင်းအစိုးရအတည်ပြု
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့လေးနိုင်ငံက အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) အသစ်လုပ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ပြီလို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
“ဒါက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တရားမဝင် ဝင်လာကြရတဲ့ မြန်မာတွေ စောင့်နေတဲ့သတင်းပါ”လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုး က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဇွန် ၆ ရက်မှာ ကျင်းပတဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးအစည်းအဝေးမှာ အလုပ်သမားအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့်ရော စစ်မှုထမ်းဥပဒေကြောင့်ရော ထိုင်းနိုင်ငံထဲ ခိုလှုံလာသူတွေကို အကာကွယ်ပေးဖို့ နဲ့ ဗီဇာသက်တမ်းကုန်နေတဲ့ MOU အလုပ်သမားတွေကို မြန်မာနိုင်ငံကို မပြန်ရဘဲ ထိုင်းနိုင်ငံမှာပဲ သက်တမ်းတိုးခွင့် ရဖို့အတွက် တောင်းဆိုခဲ့တယ်လို့ Labour Rights Foundation LRF/MWSC က ထုတ်ပြန်ထားပါတယ်။
ဘတ်စာရင်းအသစ် တင်သွင်းခွင့်ပြုဖို့၊ အလုပ်သမားတွေ လွယ်ကူချောမွေ့တဲ့ နည်းလမ်းသစ်နဲ့မှတ်ပုံတင်ခွင့် ရရှိဖို့နဲ့ ပွဲစားတွေရဲ့ လိမ်လည်မှုတွေကနေ လွတ်မြောက်ဖို့ ထိုင်းအစိုးရက တာဝန်ယူပေးဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ Labour Rights Foundation က ထုတ်ပြန်ထားပါတယ်။