စက်တင်ဘာလ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
တရုတ်သံနဲ့ KIA ၊ UWSA အပါအဝင် မြောက်ပိုင်းတပ်တွေ တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန်နဲ့ KIA၊ UWSA အပါအဝင် မြောက်ပိုင်းတပ်တွေ တွေ့ဆုံ၊ အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေထောင်ကျော်သတ်ဖြတ်ခံထားရ၊ ဖိလစ်ပိုင်က အွန်လိုင်းငွေလိမ်ဂိုဏ်းစီးနင်းခံရမှုမှာမြန်မာတွေလည်းဖမ်းမိစတဲ့သတင်းတွေအပါအဝင် စက်တင်ဘာ ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- စစ်တပ်အာဏာသိမ်း ၃ နှစ်ခွဲအတွင်း အမျိုးသမီး ၅ ထောင်ကျော်ဖမ်းဆီးခံရပြီး ၁ ထောင်ကျော်သေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က “နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ”အစီရင်ခံစာကဖော်ပြပါတယ်။
- ဖိလစ်ပိုင် က အွန်လိုင်းလောင်းကစားနဲ့ ဆိုက်ဘာဒုစရိုက်လုပ်ငန်း ဝင်ရောက်စီးနင်းခံရပြီး မြန်မာနိုင်ငံသားတွေလည်းဖမ်းဆီးခံထားရပါတယ်။
- အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရန်ကုန်တိုင်း ခရီးစဥ်မှာ အစိုးရအဆက်ဆက်ရဲ့ ပြည်ပချေးငွေတွေကို ပြန်ဆပ်နေရတယ်လို့ ပြောခဲ့ပါတယ်။
- လိုင်ဇာကနေ မြစ်ကြီးနား- ဗန်းမော်ကားလမ်းတကြောက ရွာတွေကို စက်တင်ဘာလဆန်းပိုင်းကစပြီး ဘတ်စ်ကားလိုင်းပြေးဆွဲပေးသွားမယ်။
- မြင်းခြံကုန်းရွာ နဲ့ ဥသျှစ်ကုန်းရွာကို စစ်ကောင်စီက စက်တင်ဘာ ၁ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါ တယ်။
- လောင်းလုံးမြို့ပေါ်၊ မောင်းမကန်အနီးက ပြင်ကြီးရွာနဲ့ ရေဖြူမြို့နယ်အစပ်က ဘူချိုင်းရွာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဒီကနေ့ စက်တင်ဘာ ၂ ရက်အထိရှိနေပြီး နေအိမ်တွေကို မီးရှို့နေပါတယ်။
- စစ်ကောင်စီနဲ့ TNLAပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတဝိုက်ကို တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့အထိုင် စစ်တပ်စခန်းတွေကနေ လက်နက်ကြီးပစ်ကူနေပါတယ်။
- ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေမှာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်ထုတ်ပေးတာကို စစ်ကောင်စီဘက်က ရပ်ဆိုင်းထားတယ်လို့ နယ်စပ်မြို့နေသူတွေကပြောပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ဟက်ပီးဝါးတား - အလုံပိတ်ခန်းထဲက လူငယ်တွေနဲ့ မြို့ပြမူးယစ်ဆေးစျေးကွက်
ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက အလုံပိတ်ခန်းတွေထဲမှာ ညတွေကုန်ဆုံးရတဲ့ Night Life ကို ခုံမင်စွဲလန်းနေတဲ့ လူငယ်တွေဟာ ဟက်ပီးဝါးတား ဆိုတဲ့ စိတ်ကြွဆေးရည်ရဲ့ သားကောင်တွေ ပိုတိုးဖြစ်လာတယ်လို့ ဘီဘီစီနဲ့ စကားပြောခွင့်ရတဲ့ ကလပ်မန်နေဂျာတစ်ဦး က ပြောပါတယ်။
"K" လို့ခေါ်တဲ့ ကတ်တမင်း၊ ခေါင်းခါဆေး အီး(E)လို့ လူသိများတဲ့ အတ်စ်တစီနဲ့ လက်ရှိ ခေတ်စားနေတဲ့ ဟက်ပီးဝါးတား (Happy Water) ဆိုတဲ့ မူးယစ်ဆေးဝါးတွေကို အဓိကထား ရောင်းချနေကြလို့ပြောကြပါတယ်။ ကေနဲ့ အီးလို မူးယစ်ဆေးဝါး အစုံအလင်ကို အလွယ်တကူဝယ်သုံးလို့ရနေသလို ဟက်ပီးဝါးတား နဲ့ ဒီဂျေ တွဲဖက်တဲ့ ပါတီတွေကလည်း အလုံပိတ်အခန်းထဲမှာ စျေးကွက်တစ်ခုဖြစ်လာပါတယ်။ ‘‘ Ketamine သက်သက်ပဲ ဆိုရင်တောင်သူက အစပိုင်းမှာ စိတ်ကို relax ( ပေါ့ပါးမှု) ဖြစ်ကခုန်စေတာမှန်ပေမယ့် များလာရင် စိတ်နဲ့ကိုယ်လွတ်သွားတာမျိုး ဖြစ်နေတယ်။
Out of body experience ပေါ့ Ketamine သိပ်များရင်တော့ လူနာ စိတ်ဂနာမငြိမ် ချောက်ချားပြီး ရန်လိုတတ်တယ်။ သိပ်ဆိုးရင်တော့ စိတ်လွတ်ပြီး အရူးတစ်ယောက်လို လျှောက်လုပ်တတ်တယ် သူ့ကိုယ်သူပျံနိုင်တယ်ဆိုပြီး အိမ်အမြင့်ကနေ ခုန်ချမိတာတစ်ယောက်ကြုံဖူးတယ်'' လို့ ဆေးလွန်လူနာတွေကို ကုသပေးရလေ့ရှိတဲ့ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။
အလုံပိတ်ခန်းတွေထဲ မှာ ညတွေကုန်ဆုံးလည်ပတ်နေတဲ့လူငယ်တွေရဲ့ အခြေအနေ၊ မူးယစ်ဆေးစျေးကွက်တွေအကြောင်း ထဲထဲဝင်ဝင်သိထားသူတွေရဲ့ ပြောပြချက်တွေကို ဒီဆောင်းပါးလင့်ခ် ကိုနှိပ်ပြီး အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
မြန်မာမှာ ဒုတိယအကြိမ်ရေကြီးမှု ဖြစ်လာနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, သုညသုခ ပရဟိတလူငယ်အသင်း
ဓာတ်ပုံ ပုံစာ, ဇူလိုင်လဆန်းပိုင်းတုန်းက ဗန်းမော်မှာရေကြီးမှု စက်တင်ဘာ (၁) ရက်ကစလို့ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံက ပြန်လည်ဆုတ်ခွာတဲ့နေ့အထိကို ၂၀၂၄ ခုနှစ်အတွက် မိုးနှောင်းကာလလို့ သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံမှာ မိုးဦး၊ မိုးလယ်နဲ့ မိုးနှောင်းစတဲ့ ကာလသုံးခုမှာ နှစ်စဉ်ရေကြီးရေလျှံဖြစ်လေ့ရှိပြီး အခုနှစ် မိုးလယ်ကာလ ဇူလိုင် နဲ့ သြဂုတ်လလယ်အထိ နိုင်ငံတဝန်း စံချိန်တင်မြစ်ရေကြီးခဲ့တာကြောင့် ရေဘေး ဒုက္ခသည်အရေအတွက်လည်း တရှိန်ထိုး တိုးတက်သွားခဲ့ပါတယ်။
မိုးနှောင်းကာလအစရက်မှာတင် မြို့ တဒါဇင်ကျော်က ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေတွေ မြင့်တက်လာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လာပါတယ်။
စစ်ဘေးသင့်နေတဲ့ မြန်မာပြည်မှာ အခုနှစ်အတွင်း ဒုတိယအကြိမ် ရေကြီးကာလရောက်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
နယ်စပ်ဂိတ်တွေကနေ ထိုင်းဘက်ခြမ်းသွားမယ့်သူတွေကို ယာယီဖြတ်သန်းခွင့်ထုတ်ပေးမှု စစ်ကောင်စီ က ရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ်က တွေ့ရတဲ့ ကော့သောင်း-ရနောင်းနယ်စပ် ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီနဲ့ တနင်္သာရီ တိုင်း ကော့သောင်းဂိတ်တွေ က တဆင့် ထိုင်းနိုင်ငံထဲကို သွားမယ့်သူတွေအတွက် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်ထုတ်ပေးတာကို စက်တင် ဘာ ၂ ရက် ဒီနေ့မှာ စစ်ကောင်စီဂိတ်တွေဘက်က ရပ်ဆိုင်းထားတယ်လို့ နယ်စပ်မြို့နေသူတွေ ကပြောပါတယ်။
“ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်နဲ့စာအုပ်ဆိုပြီးရှိတယ်။ အခုက မြန်မာနိုင်ငံသားတိုင်းမှတ်ပုံတင်ပြပြီး ရနောင်း ဘက်ကူးလို့ရတဲ့ ယာယီကတ်ကိုပိတ်လိုက်တာ။ ကော့သောင်း သန်းခေါင်စာရင်းနဲ့ ယာယီစာအုပ်ကိုင်တဲ့သူကတော့ဖြတ်လို့ရသေးတယ်”လို့ ကော့သောင်း-ရနောင်းနယ်စပ်မှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
မြဝတီနယ်စပ်ဂိတ်မှာတော့ ယာယီကတ်ပိတ်တာအပြင် အလည်အပတ်နိုင်ငံကူးလက်မှတ် PVကိုင်ဆောင်ပြီး နယ်စပ်ဂိတ်ဖြတ်သူတွေကိုလည်း နိုင်ငံထဲကထွက်ခွာခွင့်မပေးတာရှိတယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌဦးမိုးကြိုးက ဘီဘီစီကိုပြောပါတယ်။
“PVသမားတွေကို လဝက မဟုတ်တဲ့ ရဲတပ်ဖွဲ့ကနေ ကြပ်နေတာဖြစ်ပြီးတော့ show money ပြနိုင်လည်း ပေးမဖြတ်တာဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေးဥပဒေထွက်လာတာနဲ့အချိန်ကိုက်ပိတ်တာလို့မြင်ပါတယ်”လို့ သူကပြောပါတယ်။
ပြည်တွင်း၊ပြည်ပ အလုပ်သမားသတင်းတွေကိုဖော်ပြတဲ့ သတင်းတချို့မှာတော့ ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ကို နယ်စပ်ဖြတ်ကျော်သွားရောက်မယ့် အသက်(၁၈) နှစ်ကနေ အသက်(၃၅)နှစ်အတွင်း အမျိုးသားတွေကို ထွက်ခွာခွင့်ပိတ်ထားလို့ ဖော်ပြထားပါတယ်။
တရုတ်သံနဲ့ KIA ၊ UWSA အပါအဝင်မြောက်ပိုင်းတပ်တွေ တရုတ်ဘက်ခြမ်းမှာတွေ့

ဓာတ်ပုံ ရင်းမြစ်, WECHAT
ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် မစ္စတာတိန့်ရွှီကျင်း ( ပုံဟောင်း) သြဂုတ်လနောက်ဆုံးပတ်အတွင်း မှာ တရုတ် - မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ မြောက်ပိုင်းလက်နက်ကိုင်တပ်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် မစ္စတာတိန့်ရွှီကျင်းတို့ တဖွဲ့ချင်းအလိုက်သီးခြားစီတွေ့ဆုံခဲ့တယ်လို့ တရုတ်ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ် က ဘီဘီစီကို ပြောပါတယ်။
သြဂုတ် ၂၆ ရက်ကနေ ၃၀ ရက်အတွင်း ကချင်လွတ်လပ်ရေးတပ် - KIA ၊ ' ဝ' တပ် UWSA ၊ ကိုးကန့်တပ် - MNDAA ၊ တအာင်းတပ် - TNLA တို့နဲ့ တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။ တရုတ်ဘက်ခြမ်း ရွှေလီနဲ့ ထိန်ချုံးနေရာ ၂ ခုမှာတွေ့ခဲ့တာလို့ဆိုပြီး မြောက်ပိုင်းဒေသတွင်းတိုက်ပွဲတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ် - KIA ကို ဘီဘီစီ က ဆက်သွယ်မေးမြန်းရာမှာတော့ တွေ့ဆုံမှုရှိတာကိုသိထားရပြီး ဆွေးနွေးတဲ့အကြောင်းအရာကိုတော့ ပြန်ကြားရေးဌာနအနေနဲ့ သိရတာမရှိသေးဘူးလို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
'' ကေအိုင်အေ တာဝန်ရှိသူတွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ကြတယ်ဆိုတာသိရပါတယ်။ ဘာအကြောင်းအရာတွေကိုဆွေးနွေးခဲ့တယ်ဆိုတာကို သီးခြားညွှန်ကြားထားတာမရှိလို့ဖြေလို့မရပါဘူး။ '' လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA နဲ့ တရုတ်သံတို့ ဟာ ယူနန်ပြည်နယ် ထိန်ချုံးမှာ တွေ့ခဲ့တာလို့ သိရပါတယ်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တချို့နဲ့ တရုတ်အထူးသံတို့တွေ့ဆုံတယ်ဆိုတဲ့နောက်မှာ တရုတ် က TNLA ကိုအပစ်ရပ်ဖို့ ဖိအားပေးတယ်ဆိုတာနဲ့ TNLA ကို ဆန်၊ဆီ အပါအဝင် ရိက္ခာပို့ဆောင်နေတဲ့ တရုတ်ဘက်က စီးပွားရေးသမားအချို့ရဲ့ ဘဏ်အကောင့်တွေလည်း ပိတ်ခံရတဲ့ ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာပါ။
TNLA ဘက်ကတော့ ဒီတွေ့ဆုံမှုမရှိခဲ့ကြောင်း ငြင်းဆိုထားပြီး UWSA ကိုတော့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
မြန်မာနိုင်ငံအရေးကိစ္စမှာ ကျော်လွန်မရတဲ့ စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က ပြောထားသလို မြန်မာနိုင်ငံခရီးစဥ်အတွင်း စစ်ခေါင်းဆောင်နဲ့ သီးခြားတွေ့ဆုံပြီးနောက်ပိုင်းမှာ ဒီလို မြောက်ပိုင်းတပ်တွေကို တရုတ်ဘက်က သီးခြားစီတွေ့ရှိတာတွေပေါ်လာတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ပြင်ဦးလွင်အခြေစိုက် တပ်စခန်းတွေကနေ တောင်ခမ်းဘက်ကို လက်နက်ကြီးပစ်ကူနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပြင်ဦးလွင်စစ်တက္ကသိုလ်(ပုံဟောင်း) စစ်ကောင်စီနဲ့ TNLAပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတဝိုက်ကို တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့အထိုင် စစ်တပ်စခန်းတွေကနေ လက်နက်ကြီးပစ်ကူနေလို့ သြဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာ ၁ ရက် ညပိုင်းအထိ လက်နက်ကြီးသံတွေကြားနေရတယ်လို့ ပြင်ဦးလွင်မြို့မှာနေထိုင်နေသူ တွေက ဘီဘီစီကိုပြောပါတယ်။
ပြင်ဦးလွင်မြို့နဲ့ ၂၅ မိုင်ကျော် အကွာအဝေးရှိတဲ့ တောင်ခမ်းဘက်နဲ့ ဒုဋ္ဌဝတီမြစ်ကြောင်းတကြောက ရွာတွေဘက်ကိုလှမ်းပစ်နေတာလို့ ဆိုပါတယ်။
သြဂုတ်လအစပိုင်းကစလို့ တောင်ခမ်းဒေသက မန်ကျည်းရေ နဲ့ ရေဖြူကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
“တောင်ခမ်းတောင်ပေါ်မှာက ဗျူဟာကုန်းရှိတယ်။ အဲဒီတောင်ကျရင် အဲဒီမှာတင်ထားတဲ့လက်နက်ကြီးတွေက ပြင်ဦးလွင်အတွက် အန္တရာယ်ရှိတယ်။ ဟိုဘက်ကနေဆင်းလာမယ့်လူတွေက ဒုဋ္ဌဝတီကိုကျော်ပြီးတော့ ကျောက်ဆည်၊ပြင်ဦးလွင်အစပ် ခရိုင်ချင်းဆက်လမ်းတွေကနေ ဝင်လာနိုင်တယ်ဆိုပြီးတော့ ခန့်မှန်းလို့ ဒီကပစ်ကူ နေတာ ညဆိုအသံကဟိန်းနေတာပဲ” လို့ ပြင်ဦးလွင်မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။
လုံခြုံရေးအခြေအနေကြောင့် ပြင်ဦးလွင်မှာ မြို့ခံအများစုပြောင်းရွှေ့တာမရှိသေးပေမယ့် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ လာရောက်လည်ပတ်သူတော့ နည်းသွားတယ်လို့ ပြင်ဦးလွင်မြို့တွင်းခရီးသည်ပို့ဆောင်ရေး လုပ်နေသူတွေကပြောပါတယ်။
“ကျောင်းတွေရှေ့နှစ်ပတ်လောက်ကပိတ်ခဲ့ပေမယ့်အခုတော့ပြန်ဖွင့်နေပြီ။ မြို့အဝင်အထွက်တော့ ၁၆ မိုင်ဂိတ်မှာ မှတ်ပုံတင်တွေသေချာစစ်နေတယ်။ အရင်ကတော့ အဲ့လောက်မကြပ်ဘူးပေါ့” လို့ မြို့တွင်းခရီးသည်ပို့ဆောင်နေ သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
နောင်ချိုမြို့နယ်ထဲက တောင်ခမ်းရွာမှာရှိတဲ့ အမြောက်တပ် အမှတ် ၄၀၆ နဲ့ ၂၀၆ တို့ကို တအာင်းတပ် TNLA ကသြဂုတ် ၂၉ ရက်မှာသိမ်းထားပြီးဖြစ်ကာ စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်းနဲ့ကျန်ရှိနေတဲ့စခန်းတွေကို သိမ်းယူနေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပြင်ဦးလွင်မြို့မြင်ကွင်း(ပုံဟောင်း) တနင်္သာရီ၊ လောင်းလုံး မှာ စစ်ကောင်စီက ဆက်တိုက်စစ်ကြောင်းထိုးလို့ အရပ်သားတွေကို ဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဓာတ်ပုံ ပုံစာ, တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ပြင်ကြီးရွာက မီးရှို့ခံရတဲ့နေအိမ် တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်ထဲက လောင်းလုံမြို့ပေါ် အပါအဝင် ပင်လယ်ဘက်ခြမ်းရွာတွေဘက်ကို စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းခွဲဝင်ပြီး အိမ်တွေကို မွှေနှောက်ဖျက်ဆီးတာ၊ မီးရှို့တာနဲ့ လမ်းမှာတွေ့တဲ့ အရပ်သားတွေကို ဖမ်းဆီးတာတွေလုပ်နေတယ်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေး - ပကဖ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
လောင်းလုံးမြို့ပေါ်၊ မောင်းမကန်အနီးက ပြင်ကြီးရွာနဲ့ ရေဖြူမြို့နယ်အစပ်က ဘူချိုင်းရွာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဒီကနေ့ စက်တင်ဘာ ၂ ရက်အထိရှိနေပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ သူကပြောပါတယ်။ “အရပ်သားဘယ်နှယောက်ဖမ်းခံတယ်ဆိုတာ အတိအကျပြောဖို့ခက်တယ်။
သူတို့က ရွာတွေကိုဝင်တိုင်း တွေ့တဲ့သူဖမ်းသွားတာပါ။ ပြန်လွတ်တဲ့သူတွေရော မလွတ်တဲ့သူတွေရောရှိပါတယ်။ အရပ်သား ၄ ယောက်ပစ်ခံရတဲ့သတင်းကတော့ အတည်ပြုနေတုန်းပါ။ ကျွန်တော်တို့ကတော့ မြို့ကနေ သူတို့ထွက်တဲ့လမ်းမှာဖြတ်တိုက်တာရှိပါတယ်”လို့ တနင်္သာရီတိုင်း ပကဖ တာဝန်ရှိသူကပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လောင်းလုံးမြို့နယ်ပါရှိတဲ့ ထားဝယ်ခရိုင်နဲ့မြိတ်ခရိုင်မှာတပ်ဖြန့် နေရာယူထားနိုင်ပြီး ကော့သောင်းခရိုင်မှာတော့ အမှတ် ၈ လမ်းမ အရှေ့ဘက်ခြမ်းကို စိုးမိုးထားတယ်လို့ သိရပါတယ်။
“တိုင်းထဲက တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ ကျေးရွာအုပ်စုတွေရဲ့ရပ်/ကျေးအတော်များများကို ထိန်းထားနိုင်တယ်ဆိုပေမယ့် ရန်သူအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းချီလာရင်တော့ အဲ့ဒီရွာတွေကနေ ရွာသားတွေ ထိခိုက်မှာစိုးလို့ ရှောင်ခွာရတာတွေရှိပါတယ်”လို့ ပကဖတာဝန်ရှိသူကပြောပါတယ်။
ဒေသတွင်းသတင်းဌာန Dawei Watch မှာတော့ ဩဂုတ်လ ၃၁ ရက် ကနေ စက်တင်ဘာလ ၁ ရက်အထိ လောင်းလုံးမြို့နယ်စခန်းကြီးကျေးရွာအုပ်စု ဖွားဘုတ်ပြင်ရွာနဲ့ အနီးတစ်ဝိုက်ရွာက ဒေသခံ အမျိုးသား၊ အမျိုးသမီး ၁၀ ဦးထက်မနည်းဖမ်းဆီးခံထားရပြီးစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။
ကျောက်ပန်းတောင်း က ရွာ၂ရွာကို လေကြောင်းပစ်ခတ်လို့ မိသားစုလိုက်သေဆုံးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, တောင်သာပကဖ
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁ ရက်၊ ညနေပိုင်းလေကြောင်းပစ်ခတ်မှုကြောင့် ခြေထောက်ပြတ်သွားတဲ့ မြင်းခြံကုန်းရွာက ကလေးငယ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ထဲက မြင်းခြံကုန်းရွာ နဲ့ ဥသျှစ်ကုန်းရွာကို စစ်ကောင်စီက စက်တင်ဘာ ၁ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ပြန်ကြားရေးတာဝန်ခံ ကိုကြည်စတား က ဘီဘီစီကိုပြောပါတယ်။
သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာ ရသူတွေဟာ မြင်းခြံကုန်းရွာကဖြစ်တယ်လို့ သူကပြောပါတယ်။
“လေကြောင်းပစ်တော့ အစုလိုက်နေတဲ့သူပဲထိတာဆိုတော့ မိသားစုလိုက်ထိကြတာပေါ့။ ဒဏ်ရာရ ၂ ယောက် ထဲက ကလေးတစ်ယောက် က ခြေထောက်ပြတ်သွားတယ်။ လူနာက လူနာကို ပြန်ကုရမလိုဖြစ်နေတော့ ကျွန်တော် တို့ တပ်ဖြန့်ထားတဲ့ အဖွဲ့တွေက နီးစပ်တဲ့နေရာမှာဆေးကုဖို့ကူခဲ့ပါတယ်” လို့ ကိုကြည်စတားကပြောပါတယ်။
စစ်တပ်ဘာကြောင့် ပစ်ခတ်မှုလုပ်ခဲ့လဲဆိုတာကို ဒေသခံတွေသိတာမရှိသလို ဒီရွာ ၂ ရွာမှာ တိုက်ပွဲမရှိဘူးလို့ပြောကြပါတယ်။
ဒါအပြင် သြဂုတ် ၃၁ ရက်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားကို မြင်းခြံခရိုင် မဟာမိတ်တပ်တွေ ပစ်ခတ်ခဲ့တဲ့ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်းနဲ့ ဝေးသလို တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
သြဂုတ် ၃၁ ရက်က ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်းမှာ မဟာမိတ်တပ်တွေစစ်ဆေးတာကို ရပ်မပေးတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကို ပစ်ခတ်လို့ ဒုရဲမှူးအပါအဝင် ရဲ ၃ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီက မြင်းခြံကုန်းရွာ နဲ့ ဥသျှစ်ကုန်းရွာ ဒေသခံတွေနဲ့ စစ်ကောင်စီဘက်ကို လေကြောင်းပစ်ခတ်မှုနဲ့ ပတ်သတ်လို့ မေးမြန်းဖို့ကြိုးစားနေပါတယ်။
ကေအိုင်အေက လိုင်ဇာကနေ မြစ်ကြီးနား- ဗန်းမော်ကားလမ်းတကြော ဘတ်စ်ကားလိုင်းပြေးဆွဲမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကေအိုင်အေဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊လိုင်ဇာမြို့ (ပုံဟောင်း) ကချင်ပြည်နယ်တွင်းက ပြည်သူလူထုရဲ့ ခရီးသွားလာရေးအတွက် ကချင်လွတ်လပ်ရေးတပ် - ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာကနေ မြစ်ကြီးနား- ဗန်းမော်ကားလမ်းတကြောက ရွာတွေကို စက်တင်ဘာလဆန်းပိုင်းကစပြီး ဘတ်စ်ကားလိုင်းပြေးဆွဲပေးသွားမယ်လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
“လိုင်ဇာပတ်ဝန်းကျင်မှာ မှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့ရဲ့ စစ်ဘေးရှောင်ပြည်သူလူထုတွေက ကိုယ့်ရဲ့ရွာ ကိုလည်း ပြန်လို့မရသေးဘူး။ ဒါပေမယ့် လယ်တွေ၊ယာတွေ၊ခြံတွေကတော့ သွားလုပ်ရတယ်။ ဒီ အချိန်မှာ ဆိုင်ကယ်တို့ မော်တော်တို့ကလည်းအဆင်မပြေဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ အနေနဲ့ ဘတ်စ်ကားလိုင်းကို ပြေးဆွဲတာဖြစ်ပါတယ်”လို့ ပြောပါတယ်။
လိုင်ဇာကနေ မြစ်ကြီးနားဘက်ကိုသွားတဲ့ လမ်းပေါ်က ရွာတွေနဲ့ ဗန်းမော်ဘက်ကိုသွားတဲ့ ဒေါ့ဖုန်းယန်-နွယ်လန်း- ကုန်းလောတလျှောက်က ရွာတွေကို ပြေးဆွဲသွားမယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
မတ် ၇ ရက်က စတဲ့ ကချင်ထိုးစစ် ၄ လ အတွင်းမှာ ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေဟာ မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ ဝိုင်းမော်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းကြီး/ငယ် စုစုပေါင်းတစ်ရာကျော်ခန့်ကို သိမ်းပိုက်ထားပါတယ်။
ကချင်တစ်ပြည်နယ်လုံးမှာ စစ်တပ်စခန်း၊ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်းအပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကိုသိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းအပြည့်အစုံ၊ အမြောက်ကုန်းအပါအဝင် တပ်ဖွဲ့အင်အားရာနဲ့ချီရှိတဲ့ စစ်ဗျူဟာကုန်းနဲ့ စစ်စခန်းကုန်းကြီးက ၁၅ ခုထက်မနည်းသိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
တပ်မဟာ ၄ ဘက်မှာ နမ့်ဖတ်ကာ၊ တပ်မဟာ ၃ လွယ်ဂျယ်၊မံစီ၊ယောရုံ ပါတယ်။ တပ်မဟာ ၅ နယ်မြေဘက်မှာ ဒေါ့ဖုန်းယန်၊ အုန်းတောပါတယ်။ လိုင်ဇာဌာနချုပ်တွေကိုခြိမ်းခြောက်နေတဲ့ ခါယန်တောင်၊ ဘွမ်ရယ်တောင်စခန်းတွေလည်းပါဝင်ပါတယ်။
မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ်ကတော့ ဂန်ဒေါင်ယန်၊ ဂီဒေါင်စခန်း၊ ဝိုင်းမော် - ဆဒုံး -ကံပိုင်တည်လမ်းပိုင်းက ဆဒုံးစခန်း၊တပ်မဟာ ၁ မှာ ဆွမ်ပရာဘွမ် စခန်း၊ ဗန်းမော်-လွယ်ဂျယ် ကားလမ်း ပေါ် က စစ်ရေးဗျူဟာမြောက် စိန်လုံ( စိန်လုံကဘား) တပ်စခန်းကြီးတွေနဲ့ မိုးမောက်က စစ်ကောင်စီရဲ့ တပ်စခန်းကြီး ခမရ ၄၃၇ ကိုလည်းသိမ်းပိုက်ခဲ့ပါသေးတယ်။
အစိုးရအဆက်ဆက်ရဲ့ ပြည်ပချေးငွေတွေကို ပြန်ဆပ်နေရတယ်လို့ စစ်ခေါင်းဆောင် က ရန်ကုန်တိုင်းခရီးမှာပြော, ကုန်စျေးနှုန်းတွေက ထိုက်သင့်တဲ့ ဈေးနှုန်းထက်များနေတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်တင်ဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များတွေ့ဆုံပွဲ အရင်အစိုးရအဆက်ဆက် ပြည်ပက ချေးခဲ့တဲ့ ပြည်ပချေးငွေတွေကို စစ်ကောင်စီက ပြန်ဆပ်နေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာ ၁ ရက် က ရန်ကုန်တိုင်း ခရီးစဥ်မှာပြောပါတယ်။
ဒါအပြင် ကုန်စျေးနှုန်းတွေက ထိုက်သင့်တဲ့ ဈေးနှုန်းထက်များနေတာတွေ့ရတယ်ဆိုပြီး စားဝတ်နေရေးမှာ စားဝတ်နေရေးတွင် စားရေးက အရေးအကြီးဆုံးဖြစ်တာကြောင့် ပြည်တွင်းထုတ်ကုန်တိုးထုတ်ဖို့နဲ့ ပြည်ပတင်ပို့မှုတိုးဖို့ကို ထပ်ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေတက်ရောက်တယ်ဆိုတာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ကို ရန်ကုန်မှာ ခေါ်ယူတွေ့ဆုံ တာ ဖြစ်ပါတယ်။
စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုစတဲ့ စီးပွားရေးအားနည်းချက်များဖြစ်ပေါ်မှုကြောင့် နိုင်ငံရေးပြဿနာများဖြစ်ပေါ်ခဲ့ရတယ်လို့လည်းသူက ဆိုပါတယ်။
အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ဆက်သွယ်ဆောင်ရွက်မှုများလာတာကြောင့် နိုင်ငံခြားငွေလိုအပ်ချက်ရှိလာတာကြောင့် စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး မူဝါဒများချမှတ်ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီရန်ကုန်ခရီးမှာလည်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအကြောင်းထပ်ပြောပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမယ်လို့ ဆိုပြီး အဲဒီအတွက် အောက်တိုဘာလ ၁ ရက် က စတင်ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူသွားမယ်လို့လည်း ထပ်ပြောထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိတယ်ဆိုပြီးအာဏာသိမ်းခဲ့တာလို့ စစ်တပ်ကပြောထားပြီး အခုတော့ စီးပွားရေးအားနည်းချက်တွေကြောင့် နိုင်ငံရေးပြဿနာတွေဖြစ်နေရတယ်လို့ ဆိုလာတာပါ။
တဖက်မှာလည်း စစ်ခေါင်းဆောင်တောက်လျှောက်ပြောနေတဲ့ ရွေးကောက်ပွဲပြန်ကျင်းပမယ်ဆိုတာကို တော်လှန်ရေးအင်အားစုတွေနဲ့ NUG အစိုးရက ကန့်ကွက်နေပါတယ်။
အွန်လိုင်းလောင်းကစားဂိုဏ်းမှာလုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၁၅၀ ဖိလစ်ပိုင်မှာ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Bureau of Immigration, Republic of the Philippines
ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်နိုင်ငံ၊စီဘူးပြည်နယ် တရားမဝင်အွန်လိုင်းလောင်းကစားရုံမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ်က အပန်းဖြေစခန်းတစ်ခုကို အခြေပြုပြီး တရားမဝင် အွန်လိုင်းလောင်းကစား နဲ့ ဆိုက်ဘာ ဒုစရိုက်လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၆ ယောက်အပါအဝင် နိုင်ငံခြားသား ၁၅၀ ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဖိလစ်ပိုင်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
အပန်းဖြေအိမ်ရာစခန်းထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း ၃ ခု ကိုစီးနင်းချိန်မှာ စုစုပေါင်း လူ ၁၆၀ ကျော်ကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး အဲဒီထဲက ၁၅၀ က မြန်မာအပါအဝင် နိုင်ငံခြားသားတွေဖြစ်နေတာလို့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Cebu Daily News ကဖော်ပြပါတယ်။
စက်တင်ဘာ ၁ ရက်တုန်းက ပြုလုပ်တဲ့ စီးနင်းမှုအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသား ၈၃ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၇၀ ဦး၊ မြန်မာ ၆ ဦး၊ မလေးရှား ၁ ဦးနဲ့ ထိုင်ဝမ်က ၂ ဦးပါဝင်တယ်လို့ ဖိလစ်ပိုင် လူဝင်မှု ကြီးကြပ်ရေးဌာနက ပြောပါတယ်။
ဝင်ရောက်စီးနင်းတဲ့အဖွဲ့ရဲ့ပြောဆိုချက်အရ ဒီတရားမဝင်လောင်းကစားလုပ်ငန်းကို အင်ဒိုနီးရှားသံရုံးရဲ့သတင်းပေးချက်အရ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေဘက်ကပြောပါတယ်။
အခုဖမ်းဆီးရမိထားသူတွေကို ပြည်နှင်ဒဏ်မပေးခင် ယာယီထိန်းသိမ်ထားမယ်လို့လည်း ဆိုပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ပိတ်ပင်လိုက်တယ် ဆိုတဲ့အမိန့်ကို ဇူလိုင်လအတွင်းထုတ်ပြန်ခဲ့အပြီးမှာ အခုလိုဖမ်းဆီးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်တုန်းကလည်း အွန်လိုင်းငွေကြေးလိမ်လည်တာနဲ့ အယောင်ဆောင်ချစ်သူအဖြစ်လိမ်လည် ပြီး အွန်လိုင်းကငွေလိမ်တဲ့ လုပ်ငန်းနဲ့ အဲဒီထဲမှာလုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၆၇ ယောက်ကို ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ဗီဒီယို ပုံစာ, ရွှေကုက္ကို ကို ထိုင်းက အင်တာနက်ဖြတ် အာဏာသိမ်း ၃ နှစ်ခွဲမှာ အမျိုးသမီး တစ်ထောင်ကျော်အထိသေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းကာလ ထဘီသပိတ် ( ပုံဟောင်း) တကျော့ပြန်စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ကနေ ၂၀၂၄ ခုနှစ် သြဂုတ် ၃၁ရက်အထိ နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီး ၅,၆၄၉ ဦးနဲ့ သတ်ဖြတ်ခံရသူ ၁,၁၃၂ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က “နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ” ဆိုတဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စက်တင်ဘာ ၁ ရက် ကထုတ်တဲ့ အဲဒီအစီရင်ခံစာအရ သေဆုံးသူအမျိုးသမီးတွေဟာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် သေဆုံးမှုအများဆုံးဖြစ်သလို ဖမ်းဆီးခံရပြီး အကျဉ်းထောင်၊ရဲစခန်းနဲ့စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်ခံရတာတွေကြောင့် သေဆုံးကြရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရချိန်သေဆုံးမှုတွေမှာတော့ စစ်ကောင်စီရဲ့ အကျဉ်းထောင်မှာ ၈ ဦး၊ရဲစခန်းမှာ ၂ ဦးနဲ့ စစ်ကြော ရေးမှာ ၄ ဦးသေဆုံးခဲ့တယ်လို့ AAPP က ပြောထားပါတယ်။
နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အမျိုးသမီး ၅ ထောင်ကျော်မှာ အများစုက ရန်ကုန်တိုင်း ထဲက ဖြစ်ပြီး ၁,၄၄၀ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ တရားလက်လွတ်ဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေနဲ့ သတ်ဖြတ်ခြင်းစတာတွေကို ကြုံတွေ့နေရတဲ့ မြန်မာအမျိုးသမီးတွေကို သက်ဆိုင်ရာအင်အားစုတွေ၊တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာက အရေးယူနိုင်ပေးဖို့ကိုလည်း အေအေပီပီက တိုက်တွန်းထားပါတယ်။
