ဇူလိုင် ၁၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချင်းပြည်နယ်မြောက်ပိုင်းက ထန်တလန်မြို့ကို စစ်တပ်က ဒုတိယအကြိမ် ပြန်ထိန်းချုပ်လိုက်တဲ့သတင်း အပါအဝင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။
ဇူလိုင် ၁၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာကိုယ်စားပြုအနေနဲ့ အမြဲတမ်းအတွင်းဝန်အဆင့်ကိုယ်စားလှယ်သာ တက်ရောက်ခွင့်ရှိမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း ဖိလစ်ပိုင် PNA သတင်းကဖော်ပြပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့အတူ အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) နှစ် ၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွေကို ဇူလိုင် ၁၈ ရက်ကနေ ၂၄ ရက်အထိ မနီလာမြို့မှာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
"ဒီဆွေးနွေးပွဲက အရေးကြီးပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေက ရလဒ်တွေကို လာမယ့်သီတင်းပတ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီရီယယ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ဇူလိုင် ၁၂ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစုနဲ့ ေနေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ အလွတ်သဘောတွေ့ဆုံထားပါတယ်။
မနီလာမြို့အစည်းအဝေးကိုတေ့ာ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) အကောင်အထည်ဖော်ရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ၊ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေအကြား ဝန်ကြီးအဆင့်အစည်းအဝေးတွေ၊ ASEAN Plus Three အစည်းအဝေးနဲ့ ASEAN Regional Forum (ARF) ကိုလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အစည်းအဝေးတက်ရောက်မယ့် အာဆီယံနိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို တက်ရောက်မယ့်ကိစ္စကိုလည်း အတည်မပြုရသေးဘူးလို့ ဒက်စ် အင်ပီရီယယ်က ပြောပါတယ်။
အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မှာဖြစ်ပြီး အနိုင်ရတဲ့အသင်းကို ဖီဖာက ကမ္ဘာ့ဖလားလက်စွပ်တွေ ပထမဆုံးအကြိမ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
အနိုင်ရရှိသူတွေကို လက်စွပ်ချီးမြှင့်တဲ့အလေ့အထဟာ အမေရိကန်အားကစားလောကရဲ့ ရိုးရာတစ်ခုဖြစ်ပြီး NFL ရဲ့ ဆူပါဘိုးလ် (Super Bowl) ချန်ပီယံတွေကိုလည်း လက်စွပ်တွေ ချီးမြှင့်လေ့ရှိပါတယ်။
၂၀၂၆ ကွင်းပဲ သီးသန့်ပြုလုပ်မယ့် ဒီလက်စွပ်တွေထဲက လက်စွပ်အကွင်း ၃၀ က ကမ္ဘာ့ချန်ပီယံအသင်းအတွက်ပါ။
ကျန်တဲ့ ၁,၉၉၆ ကွင်းကို ပရိသတ်တွေအတွက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
လက်စွပ်ပေါ်မှာ ကမ္ဘာ့ဖလား ပုံတူပါဝင်မှာဖြစ်ပြီး စာလုံးအလှလည်း စိတ်ကြိုက် ထွင်းထုပေးသွားမှာဖြစ်ပါတယ်။
အမေရိကန်ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေဟာ ၁၀၂ ပွဲအထိကန်ခဲ့ပြီးပေမဲ့ ထရမ့်က တပွဲမှ မကြည့်သေးပါဘူး။
ဒါပေမဲ့သူက ကမ္ဘာ့ဖလားကိုတော့ ပေးအပ်ချီးမြှင့်ပေးမှာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ ထရမ့်တို့ရဲ့ ဆက်ဆံရေးက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကြီးမားဆုံး ဝေဖန်အငြင်းပွားဖွယ်ရာ လည်း ဖြစ်ခဲ့ပါတယ်။
အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် အနီကတ်ထိထားတာကို ပြန်လည်သုံးသပ်ပေးဖို့ ဖီဖာအကြီးအကဲထံ ဖုန်းဆက် တောင်းဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။
ဘာလိုဂန်ဟာ ဘယ်လ်ဂျီယံနဲ့ ကစားရတဲ့ ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရခဲ့ပေမဲ့လည်း ဂိုးပြတ် အရှုံးပေးခဲ့ရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်းက မိုးများတာကြောင့် ကျောက်ဝိုင်းလမ်းပိုင်းတလျှောက် ဒီညနေပိုင်းအထိ ရေကြီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီဝန်းကျင်ကစပြီး ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ လူတစ်ယောက်ရဲ့ ပေါင်တဝက်နီးပါး ရေတက်တာကြောင့် ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်သန်းလို့ မရတဲ့အထိ ဖြစ်နေတယ်လို့ မြို့ခံက ပြောပါတယ်။
“မိုးက မနက်တပိုင်းလုံးရွာတယ်၊ ဖားကန့်အထက်ပိုင်း ကံစီးဘက်မှာလည်း မိုးများပြီး ဥရုချောင်းကနေ မြစ်ရေတက်လာတာ” လို့ ဖားကန့်မြို့ခံ အမျိုးသမီးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ငှက်ပျောတော၊ မရှီကထောင်၊ အေးမြသာယာ၊ မှော်တောင်း၊ ဆန်းကြွယ်၊ ဖားပြင် အပါအဝင် ရပ်ကွက်တချို့မှာ ဒီညနေအထိရေကြီးနေတာဖြစ်ပါတယ်။
ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် ကချင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ နောက်လာမယ့် ၂ ရက်အထိ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အီရန်နဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေး စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အမေရိကန်က အီရန်ကို ခြောက်ညဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို အမေရိကန်စစ်တပ်က ပြောပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာတွေကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ တံတားတွေ၊ ရထားဘူတာနဲ့ လေဆိပ်အပါအဝင် အရပ်ဘက်အခြေခံအဆောက်အဦတွေကို ထိမှန်ခဲ့တယ်လို ဖော်ပြပါတယ်။
အီရန်-အမေရိကန်စစ်ရေးနောက်ဆုံးရအခြေအနေကို ဒီလင်ခ့် ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ကိုဗစ်ကာလကစပြီး ၆ နှစ်ကျော်ကြာ ပိတ်ထားတဲ့ တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းနဲ့ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်၊ မိန်းမောဆိပ်ကမ်းတို့ကို ယာယီနယ်စပ် ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ဇူလိုင် ၁၆ ရက်ကစပြီး သွားလာခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အနေနဲ့ ဇူလိုင် လဆန်းမှာ သွားရောက်ပြီးနောက် မြန်မာ-လာအိုနယ်စပ်ဂိတ်ပြန်ဖွင့်လာတာပါ။
အဲဒီနယ်စပ်ဂိတ်ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း လူဖြတ်သန်းခွင့်မပြုခဲ့ဘဲ ကုန်စည်စီးဆင်းမှုကိုပဲ နှစ်နိုင်ငံနားလည်မှုနဲ့ ဖြတ်သန်းနေတာဖြစ်တယ်လို့ တာချီလိတ်မြို့ခံတစ်ယောက်က ပြောပါတယ်။
နယ်စပ်ဂိတ်မဖွင့်ခင်က လာအိုနိုင်ငံကို တရားဝင်သွားခွင့်ရဖို့ ထိုင်းနိုင်ငံကို အရင်သွားပြီး ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ကို လုပ်ကြရတာဖြစ်တာကြောင့် အခုချိန်မှာတော့ တိုက်ရိုက်သွားလို့ရပြီလို့ သိရပါတယ်။
မြန်မာနဲ့ လာအိုနိုင်ငံတို့ဟာ ချစ်ကြည်ရေးတံတားကနေတဆင့် နယ်စပ်ကုန်စည် ကူးသန်းရောင်းဝယ် ပို့ဆောင်ရေးတွေကို အကောင်အထည်ဖော်ဖို့ဆွေးနွေးသလို နှစ်နိုင်ငံ ပူးပေါင်းပြီး မဲခေါင်မြစ်မှာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ဖို့ကိုလည်း ဦးမင်းအောင်လှိုင်ရဲ့ လာအိုခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက မြန်မာနိုင်ငံရဲ့ အကြီးဆုံး သဘာဝအင်းဖြစ်တဲ့ အင်းတော်ကြီးကန် အနောက်ဘက်ကမ်းက လုံးတုံရွာမှာ စစ်တပ်၊ SNA-ရှမ်းနီ ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်- KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်တာ ၃ ရက်ဆက်တိုက် ရှိနေပြီလို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ဇူလိုင် လဆန်းပိုင်းကတည်းက ဖြစ်နေတဲ့ တိုက်ပွဲကာလအတွင်းမှာ စစ်တပ်နဲ့ ရှမ်းနီ-SNA ပူးပေါင်းတပ်တွေက အင်းတော်ကြီး အနောက်ဘက်ကမ်းက လွဲကျော်၊ ပတ္တမြား၊ ဟိုဖာဆိုတဲ့ စခန်း သုံးခုကို ထိန်းချုပ်ခဲ့ပြီးနောက် လုံးတုံဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
အဲဒီစခန်း သုံးခုကလည်း KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ မတ်နဲ့ ဧပြီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး အခု ဇူလိုင်မှာ စစ်တပ်နဲ့ရှမ်းနီပူးပေါင်းတပ်တွေက ပြန်ထိန်းချုပ်လိုက်တာပါ။
အဲဒီကနေတဆင့် နယ်မြေစိုးမိုးဖို့အတွက် လုံးတုံရွာကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်၊ SNA-ရှမ်းနီ ပူးပေါင်းတပ်တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်တာကနေ ဇူလိုင် ၁၅ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
“ကိုယ့်ဖက်က ပြန်လည် တိုက်စစ်နဲ့ ထိုးနေပါပြီ၊ ရှမ်းနီအဖွဲ့တွေ့ တပ်ဆုတ်ပြေးကြပြီ။ စစ်တပ်ဘက်က အလောင်း ၁၀ ဦး နီးပါး ရထားပြီ၊ လက်နက်ခဲယမ်းတွေလည်း ရထားတယ်” လို့ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
စစ်တပ်နဲ့ ရှမ်းနီတပ်တွေဘက်က သေဆုံးတဲ့အရေအတွက်နဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တပ်ဘက်က လက်နက်ကြီးတွေဆက်တိုက်သုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘက်ကလည်း အရေးပေါ် ကုသဖို့ နှောင့်နှေးတာတွေကြောင့် ထိခိုက် သေဆုံးတာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။
တိုက်ပွဲတွေကြောင့် လုံးတုံရွာအပါအဝင် ကျေးရွာတချို့လည်း စစ်ဘေးရှောင်နေကြရပါတယ်။
လူကြိုက်များတဲ့ ကာကွယ်ရေးဝန်ကြီး မိုင်ခိုင်လို ဖီဒိုရော့ကို ယူကရိန်းသမ္မတ ဇလန်းစကီးကရာထူးက ဖယ်ရှားလိုက်တာကြောင့် လွှတ်တော်အမတ်တွေနဲ့ ပြည်သူတချို့က ကန့်ကွက်ဆန္ဒပြနေပါတယ်။
“ဖီဒိုရော့ကို မထိနဲ့” ၊ “အောင်ပွဲကို မဖျက်ဆီးနဲ့”၊ ရှက်စရာကောင်းတယ်” ဆိုတဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ လူငယ်အများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ကိယက်နဲ့ အခြားမြို့တွေမှာ ကြာသပတေးနေ့ အစောပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကြာသပတေးနေ့ နှောင်းပိုင်းမှာတော့ ဇလန်းစကီးဟာ လုံခြုံရေးဌာနအကြီးအကဲ ဗိုလ်ချုပ် ယက်ဟဲနီ ခမာရကို ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
ဖီဒိုရော့နဲ့ ကာကွယ်ရေးဦးစီးချုပ် အိုလက်ဆန်ဒရာ ဆိုင်စ်ကယီတို့ကြား တင်းမာမှုကြောင့် ဖီဒိုရော့ ရာထူးက ဖယ်ရှားခံရတာဖြစ်နိုင်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဆိုင်စ်ကယီနဲ့ စစ်ဦးစီးချုပ် အန်ဒရေ ဟနာတော့တို့ကို ရာထူးက ဖယ်ရှားသင့်တယ်လို့ ဇလန်းစကီးကို အကြံပြုခဲ့ဖူးတယ်လို့ ဖီဒိုရော့က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
စစ်ဦးစီးချုပ်ရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကြား တင်းမာမှုရှိတဲ့အကြောင်း ဇယ်လန်းစကီးက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“ရုရှားကို အနိုင်ယူမဲ့ နည်းလမ်းကိုတော့သူမတွေ့ဘူး။ နိုင်ငံကို သွေးကွဲမယ့်နည်းပဲ သူရှာတွေ့ခဲ့တယ်”လို့ ဖီဒိုရော့က ဆိုင်စ်ကီယီနဲ့ပတ်သက်လို့ ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် ဖီဒိုရော့ဟာ ဇန်နဝါရီတုန်းကမှ ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့တာပါ။ ဝန်ကြီးဌာနလည်ပတ်မှု ပိုမိုကောင်းမွန်ရေးကို လုပ်ဆောင်ခဲ့တဲ့အတွက် ချီးကျူးခံခဲ့ရပြီး အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ဦးဆောင်ခဲ့ပါတယ်။
စစ်မြေပြင်မှာ တိုက်စစ်ဆင်မှုပိုမိုကောင်းမွန်ရေးအတွက် သတင်းအချက်အလက်တွေကို အကျိုးရှိရှိအသုံးချနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သမ္မတအကြံပေးအဖြစ် ဆက်လက်ပါဝင်ဖို့ ဇလန်းစကီးက အဆိုပြုခဲ့ပေမဲ့ ငြင်းပယ်ခဲ့တယ်လို့ ဖီဒိုရော့က ပြောပါတယ်။
ထရမ့်အစိုးရက နိုင်ငံခြားကျောင်းသားတွေအပေါ် ဗီဇာစည်းမျဉ်းတွေ ပိုမိုတင်းကျပ်မယ့် နောက်ဆုံးစည်းမျဉ်း (final rule) ကို ဇူလိုင် ၁၆ ရက်က အတည်ပြု ကြေညာလိုက်ပြီး လာမယ့် စက်တင်ဘာ ၁၅ ရက်ကစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။
စည်းမျဉ်းသစ်အရ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက် မရဘဲ နိုင်ငံခြားကျောင်းသားတွေ အမေရိကန်မှာ လေးနှစ်ထက်ပိုပြီး နေထိုင်ပညာသင်ကြားခွင့် မရှိတော့ပါဘူး။
ဒီစည်းမျဉ်းသစ်တွေဟာ အမေရိကန်မှာ ပညာသင်နေတဲ့ထောင်ဂဏန်းရှိတဲ့ မြန်မာကျောင်းသားတွေအပေါ်လည်း သက်ရောက်နိုင်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ရုံနဲ့ ဖတ်ရှုနိုင်ပါတယ်။
လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် ၇၉ နှစ်မြောက် အာဇာနည်နေ့မှာ အနက်ရောင်အဝတ်အစား၊ ဖဲကြိုး ၊ ဦးထုတ်တွေကို ဝတ်ဆင်ပြီး အနက်ရောင်လှုပ်ရှားမှု (Black Movement) မှာ ပါဝင်ဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (GSCB) က နှိုးဆော်ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ၉ ဦး သွေးမြေကျခဲ့တာကို ဝမ်းနည်းမှုအပြင် တော်လှန်ရေးမှာ မမှိတ်မသုန် ပါဝင်နေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ပါဝင်ကြဖို့ တိုက်တွန်းထားတာပါ။
ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ ကျဆုံး အာဇာနည်တွေရဲ့ ဂူဗိမာန်တွေမှာ စုဝေးချီတက်ကြဖို့ကိုလည်း GSCB က ပြောထားပါတယ်။
အာဇာနည်နေ့ လှုပ်ရှားမှု တောင်းဆိုချက်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းဖို့၊ မြန်မာနိုင်ငံရဲ့ သမ္မတဟာ ဦးဝင်းမြင့်ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တဲ့အကြောင်း စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာဆိုရင် အာဇာနည်နေ့ လှုပ်ရှားမှု နှိုးဆော်တိုက်တွန်းတာတွေ စတင်တဲ့အနေနဲ့ မြို့နယ်သပိတ်အင်အားစုက လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေတာလည်း ရှိပါတယ်။
တော်လှန်ရေးအင်အားစုတွေက အာဇာနည်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေလုပ်ဖို့ နှိုးဆော်ထားတဲ့အတိုင်း လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာတွေလည်း အရင်နှစ်တွေက ရှိခဲ့ဖူးပါတယ်။
ရန်ကုန်မြို့မှာလည်း လာမယ့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မတိုင်ခင် အခုရက်ပိုင်းကတည်းက လုံခြုံရေး တင်းကျပ်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေနဲ့ လွတ်လပ်ရေးကျောက်တိုင်တွေရှေ့မှာ အလေးပြုကြတာ ရှိခဲ့ပေမဲ့ ၂၀၂၆ ခုနှစ် ဇွန်နဲ့ ဇူလိုင် အတွင်းမှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး မြို့တွေက ဗိုလ်ချုပ်ရုပ်တု ဆယ်ချီပြီး ဖြိုဖျက်ခံခဲ့ရပါတယ်။
ဒီကနေ့ ဇူလိုင်လ ၁၇ ရက် မနက် ၇ နာရီ အချိန်က မန္တလေးတိုင်းက သပိတ်ကျင်း၊ မန္တလေး၊ မိုးကုတ်၊ပြင်ဦးလွင်၊ ရှမ်းတောင်ပိုင်းက တောင်ကြီးနဲ့ ရပ်စောက် အပါအဝင် ဒေသတချို့မှာ အင်အား ၅. ၃ မဂ္ဂနီကျူ အဆင့်ရှိ ငလျင်တခုလှုပ်ခတ်ခဲ့သလို မနက် ၈ နာရီ ကျော်ကလည်း စဥ့်ကူးမြို့နဲ့ တဝိုက်ဒေသတချို့မှာ မဂ္ဂနီကျူ ၄ အဆင့်ရှိ ငလျင်တစ်ခုထပ်လှုပ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်ထုတ်ပြန်ပါတယ်။
ကမ္ဘာမှာရော မြန်မာနဲ့ အရှေ့တောင်အာရှဒေသတွေမှာပါ ငလျင်လှုပ်ခတ်မှုတွေ မကြာခဏဖြစ်လာတာ၊ ငလျင်ကြီးတွေလှုပ်ခတ်မှုစိတ်လာတာကြောင့် ငလျင် အပေါ် လူတွေရဲ့ စိုးရိမ်စိတ်တွေလည်း တိုးလာနေပါတယ်။
ကမ္ဘာမှာ ငလျင်တွေပိုလှုပ်လာလား၊ ငလျင်တွေအလှုပ်စိပ်လာတာကဘယ်အချက်တွေကြောင့်ဖြစ်နိုင်လဲ။ ဘယ်လောက်စိုးရိမ်ရလဲ။ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က တကမ္ဘာလုံးဆိုင်ရာ မြေငလျင်တွေစောင့်ကြည့်ရေးလုပ်ငန်းကို ကြီးကြပ်တဲ့ငလျင်ဗေဒပညာရှင် ပေါလ် စတန်တန် အာလ် ကိုဆက်သွယ်မေးမြန်းထားတာကို အပြာရောင် ဒီယူကျူလင်ခ့် ကိုနှိပ်ရုံနဲ့ ကြည့်ရှုနိုင်ပါတယ်။
မြဝတီတောင်ဘက်က ရဲကုန်းကို စစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တပ်စွဲလိုက်ပြီးနောက် အားဖြည့်ဖို့ ဝင်ရောက်လာတဲ့ စစ်ကြောင်းကို ကော်ပရာစစ်ကြောင်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၆ ရက်မှာ တိုက်ခိုက်တာလို့ စစ်ရေးအရင်းအမြစ်နှစ်ယောက်က အတည်ပြု ပြောပါတယ်။
“ညနေက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတယ်။ ဒီနေ့မနက်တော့ ငြိမ်နေတယ်။ ကိုယ့်ဘက်လည်း အကျအဆုံး ရှိတာပါပဲ”လို့ စစ်ရေးအရင်းအမြစ် တစ်ယောက်က ပြောပါတယ်။
စစ်သုံ့ပန်း ၄ ယောက်နဲ့အတူ သေနတ်အပါအဝင် စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရမိတဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း ကရင်တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲသတင်းတွေ ဖြန့်ဝေနေတဲ့ အကောင့်တွေကနေ တွေ့ရပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ စစ်မှုထမ်းအပတ်စဉ် ၁၇၊ ၂၂ ကနေ သင်တန်းဆင်းတွေဖြစ်ပြီး ပထမဆုံး တိုက်ပွဲအတွေ့အကြုံဖြစ်တယ်လို့ ရုပ်သံမှာ ပြောထားပါတယ်။
အဲဒီစစ်ကြောင်းကနေ စစ်တပ်တပ်ဖွဲ့ဝင်သေဆုံးသူ ၁၀ ယောက်ရဲ့ ရုပ်အလောင်းတွေ ရရှိတယ်လို့လည်း စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) ၊ တပ်မ ၄၄၊ တပ်မ ၂၂၊ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ တွေက ထုတ်နှုတ်စစ်အင်အားတွေနဲ့ ကရင်နယ်ခြားစောင့်တပ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ခွဲထွက်အဖွဲ့ တွေ ပါဝင်တယ်လို့ နောက်ထပ် စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ရဲကုန်းနေရာကို တာဝါကုန်းလို့လည်း ခေါ်ကြပြီး လေးကေ့ကော်မြို့သစ် အနောက်ဘက်မှာရှိသလို လက်ရှိ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်- KNLA နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ မင်းလက်ပံ၊ ဖလူးဒေသတို့နဲ့လည်း ဆက်စပ်တဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ရဲကုန်းနေရာကတော့ စစ်တပ် ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ကော်ပရာစစ်ကြောင်းမှူး ဗိုလ်တာဘောဦးဆောင်တဲ့ ကရင်တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ပြန်ရရှိဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံက အာဆီယံရဲ့ အထူးကိုယ်စားလှယ်ရဲ့လာမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ နေပြည်တော်ဘက်က ခွင့်ပြုပေးမယ်လို့ မျှော်လင့်နေပါတယ်။
"နေပြည်တော်ဘက်ကလည်း (အာဆီယံ) အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ဆီဟာဆက်က ပြောပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့တုံ့ပြန်ချက်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဆီဟာဆက်က အဲဒီအဆိုပြုချက်ကို ပယ်ချတာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီအဆိုပြုချက်ကို မြန်မာခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးသွားမယ်လို့ ဦးတင်မောင်ဆွေက တုံ့ပြန်ကြောင်း ဆီဟာဆက်က ပြောပါတယ်။
"အဓိကကတော့ စိတ်ရင်းစေတနာမှန်ဖို့ပါပဲ" လို့ ဆီဟာဆက်က ပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို စေတနာမှန်နဲ့ အဆိုပြုထားတာဖြစ်ပြီး အဲဒီထိတွေ့ဆက်ဆံမှုကနေ တိုးတက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ထပ်လောင်းပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းက ထန်တလန်မြို့နဲ့ ပတ်ဝန်းကျင် ဒေသတွေကို ဇူလိုင် ၁၆ ရက်မှာ ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက စလို့ စစ်တပ်က ပြန်ထိုးစစ်ဆင်တိုက်ခိုက် လာတာဖြစ်ပြီး တလကျော်တိုက်ပြီးမှ ထန်တလန်ကိုပြန်ရတာပါ။
ဒါပေမဲ့ ထန်တလန်မြို့ဟာ စစ်တပ်နဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေအကြား အပြန်အလှန် လက်ပြောင်းလက်လွှဲဖြစ်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ချင်းအမျိုးသားတပ်ဦး CNA/CNF နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF -ထန်တလန် အဖွဲ့တွေက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်လက်ထဲကနေ ထန်တလန်ကို ထိန်းချုပ်ခဲ့ပါတယ်။
တခါ ၈ လအကြာ အောက်တိုဘာမှာ စစ်တပ်က ပြန်ရယူခဲ့ပါတယ်။
ချင်းတော်လှန်ရေးတပ်တွေ ပြန်တိုက်ခိုက်လာတာကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်မှာ စစ်တပ်က မြို့ကနေ ဆုတ်ခွာခဲ့ရပြန်ပါတယ်။
စစ်တပ်ဟာ ဇွန် ၄ ရက်ကစပြီး ဟားခါးဘက်က အင်အား ၃၀၀ ကနေ ၄၀၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်းနဲ့ထန်တလန်ဘက်ကို တက်လာတာကြောင့် ဟားခါးနဲ့ ထန်တလန်ကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ အသေခံဒရုန်းတွေ အသုံးပြုတယ်လို့ CDF ထန်တလန်က ဇွန် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထန်တလန်မြို့ဟာ ဟားခါး-ထန်တလန်လမ်းကြောင်းနဲ့ မြောက်ပိုင်းဒေသတွေကို ဆက်သွယ်ရာမှာ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
စစ်တပ်က ဇွန်လအတွင်းမှာ ဟားခါး-ထန်တလန်လမ်းကြောင်းကို ထိန်းချုပ်ထားပြီး ပြန်အသုံးပြုခွင့်ရအောင် ဆောင်ရွက်နေတယ်လို့လည်း ပြောထားပါတယ်။
ထန်တလန်မြို့ကို စစ်တပ်က ပြန်ထိန်းချုပ်သွားတာနဲ့ ပတ်သက်လို့ စစ်တပ်နဲ့ ချင်းအမျိုးသားတပ်ဦး CNA/CNF က ပြောရေးဆိုခွင့်ရှိသူ စလိုင်းထက်နီ နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF -ထန်တလန်တို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ထန်တလန်ကို စစ်တပ်က ပြန်ထိန်းချုပ်ထားပြီး ချင်းမြောက်ပိုင်းက မြန်မာ-အိန္ဒိယနယ်စပ်မြို့တွေဖြစ်တဲ့ ရိရ်ခေါဒါရ်မြို့နဲ့ကျီခါးမြို့တွေကိုတော့ ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
မင်္ဂလာပါ။
ဇူလိုင်လ ၁၇ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။