ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, နေပြည်တော်ပို့ဆောင်ရေးဒုဝန်ကြီးသား ပစ်သတ်ခံရ

နေပြည်တော်ပို့ဆောင်ရေးဒုဝန်ကြီးသား ပစ်သတ်ခံရတဲ့ သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတလွှားက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရုရှားနိုင်ငံ၊ မော်စကိုကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင် ဒီနေ့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့မယ်
  • နေပြည်တော် ပို့ဆက်ဒုဝန်ကြီးသား၊ ထားဝယ်မြို့နယ် ဒုအကောက်ခွန်မှူး ဦးဖြိုးစံ ဟာ PDF ဖမ်းဆီးထိန်းသိမ်းမှုကနေ ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ခံရ
  • ရေဘေးဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရဲ့ အရှေ့တောင်ခြမ်းနေရာကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာပဲ လေကြောင်းကနေ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်
  • နေပြည်တော်မှာ ပြည်ခိုင်ဖြိုးအမတ် ယာဉ်မတော်တဆမှုဖြစ်
  • ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်မှာ အသက် ၈ နှစ်အရွယ်ယောကျာ်းလေးတစ်ဦး ဓားထိုးဒဏ်ရာနဲ့ သေဆုံး
  • ဦးမင်းအောင်လှိုင်က သူ့ရဲ့ တတိယမြောက် အာဆီယံနိုင်ငံခရီးစဉ်အဖြစ် ကမ္ဘောဒီးယားကို စက်တင်ဘာလ အစောပိုင်းမှာ သွားမယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်မှာ ၈ နှစ်အရွယ် ကလေးတစ်ဦး ဓားထိုးခံရပြီး သေဆုံး

    ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်မှာ အသက် ၈ နှစ်အရွယ်ယောကျာ်းလေးတစ်ဦး ဓားထိုးဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ ကိုအာပူတူးက ပြောပါတယ်။

    “ထိုးတဲ့အမျိုးသားက တစ်တိုက်တည်း နေတယ်လို့ပြောတယ်။ ကလေးက ကျောင်းသွားခါနီးမှာ စာအုပ်ထည့်နေရင်းနဲ့ ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။

    ဓားထိုးခဲ့အမျိုးသားဟာ ဘာကြောင့်အခုလိုလုပ်ခဲ့လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဒါပေမဲ့ သူဟာ စိတ်ဝေဒနာသည်တစ်ဦးလို့ကြားသိခဲ့ရတဲ့အကြောင်း ကိုအာပူးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။ ဒီအချက်ကို ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    အခုတော့ ကျူးလွန်သူလို့ဆိုတဲ့အမျိုးသားကို နယ်မြေခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီလို့လည်း သိရပါတယ်။

    ဓားထိုးမှုဖြစ်ချိန်မှာ ကလေးငယ်ရဲ့အဖွားဖြစ်သူကလည်း ဝင်ဆွဲရင်း ပြတ်ရှ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

  2. မက္ကာသဘောတူညီချက် - တူရကီ၊ ဆော်ဒီနဲ့ ပါကစ္စတန်တို့ 'မွတ်ဆလင် နေတိုး'အဖွဲ့ဖြစ်လာနိုင်လား

    တူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ မက္ကာသဘောတူညီချက် (Mecca Pact) လို့ ခေါ်တဲ့ ပူးတွဲကာကွယ်ရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတာ သီတင်းတစ်ပတ်ကျော်သွားပြီဖြစ်ပါတယ်။

    လေ့လာသုံးသပ်သူတချို့ကတော့ ဒီသဘောတူညီချက်ကို "ဆွန်နီမဟာမိတ်အဖွဲ့" လို့ သတ်မှတ်ကြသလို တချို့ကလည်း "မွတ်ဆလင် Nato" လို့တောင် ခေါ်ကြပါတယ်။

    တချို့ကတော့ ဒီသဘောတူညီချက်ဟာ အီရန်နဲ့ အစ္စရေးလို နိုင်ငံတွေကို သတင်းစကားပါးလိုက်တဲ့သဘောလို့ မြင်ကြပါတယ်။ နောက်ပြီး အခုလိုသဘောတူညီချက် လက်မှတ်ထိုးလိုက်တာဟာတူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်တို့အနေနဲ့ လုံခြုံရေးပိုင်းမှာ အမေရိကန်ကို မှီခိုနေရတာကို လျှော့ချချင်တဲ့ဆန္ဒကို ထင်ဟပ်တယ်လို့ ဆိုကြသူတွေလည်း ရှိနေပါတယ်။

    ဒါပေမဲ့ သဘောတူညီချက်အပြည့်အစုံကို အများပြည်သူ သိရှိနိုင်အောင် အခုထိ မထုတ်ပြန်သေးတဲ့အတွက် ခန့်မှန်းပြောဆိုချက်တွေလည်း အများကြီးပေါ်ထွက်နေပါတယ်။

    အကဲခတ်တွေကတော့ နယ်မြေချင်း မဆက်စပ်တဲ့ ဒီသုံးနိုင်ငံရဲ့အကျိုးစီးပွားတွေဟာ မတူညီကြဘူးလို့ ထောက်ပြပါတယ်။

    စာချုပ်ပါ အချက်အလက်တွေကို မမျှဝေနိုင်သေးတာကို ကြည့်ရင် ပူးတွဲ ကာကွယ်ရေးသဘောတူညီချက်လို့ဆိုပေမဲ့ ရန်တစ်မျိုးမျိုးကို ကြုံရတဲ့အခါ အတူတားဆီးဟန့်တားနိုင်စွမ်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေစေတယ်လို့လည်း အကဲခတ်တချို့က ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  3. နေပြည်တော်မှာ ပြည်ခိုင်ဖြိုးအမတ် ယာဥ်မတော်တဆမှုဖြစ်

    နေပြည်တော်မှာ ပြည်‌ခိုင်ဖြိုးပါတီ ရဲ့ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း​ဌေး နဲ့ ပါတီကော်မတီဝင် ဦးအောင်မြင့်ကြိုင်တို့စီးလာတဲ့ ကား မနေ့က မတော်တဆမှုဖြစ်ခဲ့တယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သူတို့စီးလာတဲ့ ကားက မိုးများလို့ လမ်းချော်သွားခဲ့ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

    နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အခြေအနေမစိုးရိမ်ရဘူးလို့ ပြောပါတယ်။

    ဦးဝင်းဌေး ဟာ စစ်တပ်အာဏာသိမ်းပြီး ကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာပါ။

  4. ရေဘေးသင့်ဝက်လက်ကို လေကြောင်းကနေ ဗုံးကြဲ

    သဖန်းဆိပ်ဆည်ရေပိုလွှဲဖောက်ချလို့ ရေဘေးဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရဲ့ အရှေ့တောင်ခြမ်းနေရာကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာပဲ လေကြောင်းကနေ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    စစ်တပ် ရဲ့ ဂျက်ဖိုက်တာ ၂ စင်းဟာ မနက် ၆ နာရီခွဲကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပကဖ က ပြောပါတယ်။

    စစ်တပ်‌ရေယာဉ်တွေဟာလည်း ဧရာဝတီမြစ်ကြောင်း တလျှောက်ကနေ ဆန်တက်လာပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း မတ္တရာမြို့နယ်က အေးကျွန်းရွာကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖက ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

    စစ်တပ် ရေယာဉ်တွေဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ မတ္တရာမြို့နယ်က ရွာတွေမှာ ကမ်းကပ်ထားတာကြောင့် မြစ်ကမ်းအနီး နဲ့ ကျွန်းပေါ်နေထိုင်သူတွေ လက်နက်ကြီး အန္တရာယ်သတိပြုကြဖို့ ပြောဆိုထားပါတယ်။

    ဩဂုတ် ၆ ရက်နေ့မှာ သဖန်းဆိပ်ဆည်ရေပိုလွှဲဖောက်ချလို့ ဝက်လက်မြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ ရေဘေးသင့်ခဲ့တာပါ။

    ဝက်လက်မြို့နယ်လိုပဲ ရေဘေးဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ ခင်ဦးမြို့နယ်ထဲက ကွမ်းတိုင်းကျေးရွာ ကိုလည်း စစ်တပ်က ဩဂုတ်လ ၁၁ ရက်၊ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သေးတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

  5. နေပြည်တော်ပို့ဆောင်ရေးဒုဝန်ကြီးသား ပစ်သတ်ခံရ

    ထားဝယ်မြို့နယ်၊အကောက်ခွန်ဦးစီးဌာန က ဒုအကောက်ခွန်မှူး ဦးဖြိုးစံဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်ပြန်လည်ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီ တိုင်း စစ်ဌာန၊ နည်းဗျူဟာ ၃၃ က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    သူဟာ၂၀၀၆ ခုနှစ်ကတည်းက အကောက်ခွန်ဦးစီးဌာနကို စတင်ဝင်ရောက်ခဲ့ပြီး နေပြည်တော် ပို့ဆောင်ရေးဒုဝန်ကြီး ဦးအောင်မြိုင် ရဲ့ သား ဖြစ်တယ်လို့ အကောက်ခွန်ဌာန သတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်ကအင်အားအလုံးအရင်း နဲ့ စစ်ကြောင်းလာချိန်မှာ လုံခြုံရေးရဲဘော်ရဲ့ လက်နက်ကို လုယူပြီး ပြန်လည်ခုခံထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ ထုတ်ပြန်ထားပေမဲ့ ဖြစ်စဥ်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဇူလိုင်၂၀ ရက်နေ့က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၈၀၀၃ တပ်ရင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေချိန် ထားဝယ်မြို့နယ်၊ ဒုတိယအကောက်ခွန်မှူး ဦးဖြိုးစံကို ဖမ်းဆီးရမိခဲ့တာပါ။

    သူဟာထားဝယ်ရေနက်ဆိပ်ကမ်းနဲ့သဘာဝဓါတ်ငွေ့တူးဖော်မှုအခြေအနေတွေနဲ့စက်ပစ္စည်းတွေကို လာစစ်ဆေးခဲ့တာလို့ ဝန်ခံထွက်ဆိုခဲ့တယ်လို့ နည်းဗျူဟာ၃၃ က ဩဂုတ် ၁ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

    ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ရဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင်ဟာထားဝယ်အထူးစီးပွား‌ရေးဇုန် (SEZ) ကို အမြန်ပြန်စချင်နေပြီး သူ့ရဲ့ ရုရှားခရီးစဉ်မှာ လည်း ဒီအကြောင်းကို ဆွေးနွေးသွားဖို့ရှိနေပါတယ်။

  6. နေပြည်တော်နဲ့ ရုရှားကို ဘာကပေါင်းစည်းပေးနေတာလဲ

    သမ္မတရာထူးရယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံး ရုရှားခရီးစဉ်ဟာ နှစ်နိုင်ငံကြား ရှိပြီးသား စစ်ရေးဆက်ဆံရေးကို ဆက်လက်ခိုင်မာစေရေးထက် ပိုမိုကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။

    စီးပွားရေးအကျပ်အတည်းနဲ့ စွမ်းအင်လိုအပ်ချက်တွေကို ရင်ဆိုင်နေရတဲ့ နေပြည်တော်အတွက် ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်ပံ့ပိုးမှုတွေ ရရှိရေးက အရေးပါနေပါတယ်။

    တစ်ဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြား ရုရှားဟာ စွမ်းအင်ဈေးကွက်နဲ့ ကုန်သွယ်ဖက်အသစ်တွေ ရှာဖွေနေရပါတယ်။

    နေပြည်တော်နဲ့ မော်စကိုကြားက စစ်ရေးမဟာမိတ်ဆက်ဆံရေးကနေ စီးပွားရေးနဲ့ စွမ်းအင်အကျိုးစီးပွားတွေထိ ဘယ်လောက်အထိ ချဲ့ထွင်လာမလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  7. မော်စကိုကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင် ဒီနေ့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့မယ်

    ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရာထူးယူပြီး ပထမဆုံး ရုရှားခရီးစဉ်အဖြစ် မော်စကိုမြို့ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

    မော်စကိုမြို့ကို ရောက်ရှိလာတဲ့ ဦးမင်းအောင်လှိုင်ကို ရုရှားစီးပွားရေးဖွံဖြိုးတိုးတက်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဒုဝန်ကြီးအဆင့်ရှိသူတွေက လာရောက် ကြိုဆိုခဲ့တယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။

    ဒီနေ့ မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ရုရှားနိုင်ငံသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

    နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ရဲ့ အဆိုအရ ဦးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာစွမ်းအင်၊ စစ်ဘက်မဟုတ်တဲ့ နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကို အဓိက ဆွေးနွေးကြဖို့ရှိတယ်လို့ သိရပါတယ်။

    ဦးမင်းအောင်လှိုင် ခရီးစဉ်မှာ ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်းတို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၁၅ ဦးထက်မနည်းလိုက်ပါသွားပါတယ်။

    ဒီခရီးစဉ်မှာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးဇော်နိုင်ဦး လည်းလိုက်ပါသွားပြီး နေပြည်တော်က အမြန်ပြန်စချင်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    အာကာသထဲကို မြန်မာ့ပထမဆုံး အာကာသယာဉ်မှူးတွေကို စေလွှတ်မယ်လို့ ပြောဆိုဖူးတဲ့ ဦးမင်းအောင်လှိုင်ဟာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ‌ဒေါက်တာစိုးမြင့်မောင် ကိုလည်း ဒီခရီးစဉ်မှာ ခေါ်ဆောင်လာပါတယ်။

    မြန်မာ နဲ့ ရုရှားအကြား အာကာသနည်းပညာ နဲ့ မြန်မာအာကာသယာဉ်မှူးတွေ လေ့ကျင့်သင်ကြားရေး အပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးဖို့ ရှိနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံပြီး ရင် ဩဂုတ် ၁၉ ရက် မှာ ကျင်းပမယ့် ရုရှား–မြန်မာ စီးပွားရေးဖိုရမ်ကိုတက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဖိုရမ်ကို သမ္မတပူတင်တက်ရောက်ဖို့ရှိတယ်လို့တော့ ကရင်မလင်က မပြောထားပါဘူး။

  8. မင်္ဂလာပါ။ ဩဂုတ် ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။