စမ်းချောင်းက အုပ်စုဖွဲ့ဓားထိုးမှုမှာ လူငယ် ၈ ဦးကို ရဲဖမ်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကဖြစ်ခဲ့တဲ့အုပ်စုဖွဲ့ ဓားထိုးမှုမှာ မသင်္ကာသူ လူငယ် ၈ ဦးကို ရဲက ဖမ်းဆီးတဲ့သတင်းအပါအဝင် စက်တင်ဘာ ၂၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဒီးမော့ဆိုမြို့နယ်မှာ ကိုယ်ဝန် ကိုးလလွယ်ထားရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ယောက်စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ကြိုးဆွဲချ အဆုံးစီရင်သလို ပြင်ဦးလွင်မြို့နယ်၊ သုမင်္ဂလာဈေး အပေါ်ဆုံးထပ်ကနေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ပြုတ်ကျသေဆုံး
  • မြန်မာအလုပ်သမားတွေပါတဲ့ငါးဖမ်းသင်္ဘော ချွန်ဘူရီခရိုင်၊ စတ္တဟီးဘ်မြို့ကမ်းလွန်မှာ နစ်မြုပ်တာကြောင့် ရေလုပ်သား ၃ ဦး သေဆုံးပြီး နောက်ထပ် ၄ ဦး ပျောက်ဆုံးနေ
  • ဗန်းမော်မြို့နယ်၊ နန့်ဖားရွာဘက်ကို စက်တင်ဘာ ၁၉ ရက်ကစပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ
  • ကလေးမြို့က Apple ကွန်ပျူတာမိတ္တူဆိုင်မှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းဖြစ်ခဲ့တဲ့ မီးလောင်မှုမှာ အမျိုးသမီး ၃ ဦး သေဆုံး
  • တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း လေပြင်းတိုက်ပြီး မိုးကြီးနိုင်
  • တာချီလိတ်မြို့ကို တင်သွင်းနေတဲ့ ထိုင်းဘက်က ကုန်ပစ္စည်းတွေအပြင် စားသုံးကုန် တပိုင်တနိုင်တင်သွင်းနေတာကိုပါ မြန်မာဘက်က ပိတ်လိုက်တာကြောင့် စားသောက်ကုန်ဈေးတွေ ၂ ဆနီးပါး မြင့်တက်
  • ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဖြစ်ခဲ့တဲ့ လူငယ်တွေ အုပ်စုဖွဲ့ ဓားထိုးမှုမှာ မသင်္ကာသူ လူငယ် ၈ ဦးကို ရဲ ဖမ်းဆီး
  • မြန်မာက လုပ်သားတွေကို လုပ်သားခေါ် စနစ်သစ်နဲ့ လာမယ့်နှစ်ကစလို့ ခေါ်ဖို့ ဂျပန်နိုင်ငံက ပြင်ဆင်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာ ၂၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. လိင်ပိုင်းစော်ကားတဲ့ကျောင်းအုပ်ကြီးအကြောင်း ဖွင့်ချရင်း ဖူးစာဆုံတဲ့မောင်နှံ

    ဇီယာနဲ့ ယူဆရွန်တို့ဟာ လွန်ဘွတ်က အစ္စလာမ္မစ် ဘော်ဒါကျောင်းကို တက်ခဲ့ကြသူတွေပါ
    ဓာတ်ပုံ ပုံစာ, ဇီယာနဲ့ ယူဆရွန်တို့ဟာ လွန်ဘွတ်က အစ္စလာမ္မစ် ဘော်ဒါကျောင်းကို တက်ခဲ့ကြသူတွေပါ

    ဖုန်းတစ်ဖက်က အသံကို ကြားလိုက်ရချိန်မှာ ယူဆရွန် အဇာဟီဒီရဲ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပါတယ်။

    သူ့ညီမက အရေးတကြီး ပြန်ခေါ်ဖို့ စာပို့ထားတာကြောင့် သူက ညီမရဲ့ဖုန်းနံပါတ်ကို ပြန်ခေါ်ခဲ့တာပါ။ ဒါပေမဲ့ ဖုန်းတစ်ဖက်မှာ ရှိနေတာက သူ့ညီမ မဟုတ်ဘဲ ယူဆရွန်ရဲ့ အရင်တုန်းက ကျောင်းအုပ်ဆရာကြီးဖြစ်နေပါတယ်။

    အဲဒီဆရာကြီးက ယူဆရွန်တို့ မိသားစုအိမ်ကို ရောက်နေပါတယ်။

    "သူ ဘာအကြောင်း ပြောချင်လဲဆိုတာ ကျွန်တော် သိတယ်။ သိကို သိနေတာ" လို့ ယူဆရွန်က ပြောပါတယ်။

    ကျောင်းသားတွေက "အဘ" (အဖေ) လို့ တလေးတစား ခေါ်လေ့ရှိတဲ့ အာမက် အီမန်နျူဒင် ဆူမားဟာ သူ့ဂုဏ်သိက္ခာကို အဖတ်ဆယ်ချင်နေသူပါ။

    သူဟာ အင်ဒိုနီးရှားနိုင်ငံ၊ လွန်ဘွတ်ကျွန်းပေါ်က အစ္စလာမ္မစ် ဘော်ဒါဆောင် ကျောင်းတစ်ကျောင်းရဲ့ လူရိုသေ ရှင်ရိုသေ ကျောင်းအုပ်ကြီးဖြစ်ပါတယ်။

    ယူဆရွန်နဲ့ သူ့ကျောင်းနေဖက်ဟောင်းတွေဟာ ကျောင်းအုပ်ကြီးက လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ ရင်ဖွင့်ထားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ထွက်ဆိုချက်တွေကို စုဆောင်းနေတာကို အဘ သိသွားတာကြောင့် သူတို့ အိမ်အထိ ရောက်လာတာ ဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  3. မလေးရှားမှာ တရားမဝင် မြန်မာတွေကိုပြစ်ဒဏ်တိုးမြှင့်ချမှတ်

    စက်တင်ဘာအတွင်း မလေးရှားမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ
    ဓာတ်ပုံ ပုံစာ, စက်တင်ဘာအတွင်း မလေးရှားမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ

    ပီနန် ပြည်နယ်၊ ဂျာဝီးတရားရုံးရဲ့အမိန့်ချမှတ်မှုတစ်ခုမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံထားရသူတွေကို အရင်ကထက် ပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

    အမျိုးသမီးတွေကို ဒဏ်ငွေ ရင်းဂစ် ၁၀,၀၀၀ (မြန်မာငွေ သိန်း ၁၀၀ ကျော်)ချမှတ်ခဲ့ပြီး မပေးနိုင်ရင် ထောင်ဒဏ် ၈ လ၊ အမျိုးသားတွေကိုတော့ ဒဏ်ငွေ မပေးနိုင်ရင် ထောင်ဒဏ် ၆ လနဲ့ ကြိမ်ဒဏ် ၂ ချက် ချမှတ်ခဲ့တယ်လို့ မလေးရှား-မြန်မာ လူမှုရေးအသင်း(MMA) တာဝန်ရှိသူက ပြောပါတယ်။

    အရင်ကဆိုရင် ထောင်ဒဏ် ၂ လ၊ ဒဏ်ကြေး ၆၀၀၀ ဝန်းကျင်သာရှိခဲ့တာကနေ ပြစ်ဒဏ်တွေ မြင့်လာတာလို့လည်း သူက ပြောပါတယ်။

    ရွှေ့ပြောင်းလုပ်သားတွေကို မလေးရှားနဲ့ ထိုင်းမှာ ပိုတင်းကျပ်လာတဲ့အကြောင်း ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. ဂျပန်က မြန်မာတွေကို လုပ်သားခေါ် စနစ်သစ်နဲ့ ခေါ်ဖို့ရှိ

    ရန်ကုန်လေဆိပ်မှာ တွေ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအချို့ဓာတ်ပုံ (ပုံဟောင်း)၊ အပြာရောင်အင်္ကျီလက်ရှည်၀တ်၊ အနက်ရောင်ဘောင်းဘီ၀တ်ပြီး အရောင်စုံ ကျောပိုးအိတ်တွေလွယ်ထားတဲ့ သက်လက်ပိုင်းခန့်ရှိတဲ့ မြန်မာအမျိုးသားတွေကို ကင်မရာကို ကျောပေးတဲ့အနေအထားနဲ့ မြင်တွေ့ရ
    ဓာတ်ပုံ ပုံစာ, ရန်ကုန်လေဆိပ်မှာ တွေ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအချို့ဓာတ်ပုံ (ပုံဟောင်း)

    ဂျပန်နိုင်ငံဟာ လာမယ့်နှစ် ဧပြီလမှာ စနစ်သစ်နဲ့ လုပ်သားတွေ စခေါ်ဖို့ ရည်ရွယ်ပြီး မြန်မာက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၆၂ ခုကို ခွင့်ပြုပေးလိုက်ပါတယ်။

    စနစ်သစ်နဲ့ ဂျပန်သွားမယ့်သူတွေဟာ ဂျပန်ဘာသာစကား အရည်အချင်းစစ်ဆေးမှု N5 (ဒါမှမဟုတ်) JFT အခြေခံ အောင်မြင်ထားဖို့လိုပြီး ဂျပန်မှာ လုပ်သက် တစ်နှစ်ပြည့်တာနဲ့ လုပ်ငန်းပြောင်းခွင့် ရှိမှာဖြစ်ပါတယ်။

    ဒါ့အပြင် ၃ နှစ်ပြည့်တာနဲ့ စာမေးပွဲဖြေပြီး ကျွမ်းကျင်လုပ်သားဗီဇာနဲ့ ဂျပန်မှာ ဆက်လုပ်ကိုင်ခွင့်ရမှာပါ။

    လက်ရှိစေလွှတ်နေတဲ့ အလုပ်သင် သင်တန်းသားစနစ်ကို ၂၀၂၇ ခုနှစ်၊ ၂ လပိုင်းမှာ ဖျက်သိမ်းမှာဖြစ်ပြီး ဗီဇာလျှောက်ထားပြီး သူတွေကတော့ ၈ လပိုင်းကုန်အထိ သွားရောက်ခွင့်ရမယ်လို့ အလုပ်အေဂျင်စီတွေက ပြောပါတယ်။

    လက်ရှိစနစ်ဟာ ဂျပန်မှာ အလုပ်သင်အနေနဲ့ သုံးနှစ်ပြည့်ရင် အဆင့်လိုက်စာမေးပွဲ ထပ်ဖြေပြီး ကျွမ်းကျင်အလုပ်သမားအဖြစ် ဗီဇာသက်တမ်းတိုးပြီး အလုပ်လုပ်ခွင့်ရှိတာပါ။

    ဒါဟာ လူအခွင့်အရေးရှုထောင့်အရ သင်တန်းသားတွေကို အလုပ်ခိုင်းတဲ့သ‌ဘော ဖြစ်နေတာကြောင့် အလုပ်သင်အလုပ်သမားပုံစံနဲ့ ခေါ်ယူမယ့်စနစ်ကို ပြောင်းမှာလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြောပါတယ်။

    ''ဝန်ကြီးဌာနအနေနဲ့လက်မှတ်ထိုးဖို့ ဆက်လုပ်နေတယ်။ ဟိုအပိုင်းကတော့ ဆက်ရှိနေအုံးမှာပါ။ အေဂျင်စီတွေက အလုပ်သင်အလုပ်သမားစနစ်နဲ့ လွှတ်ချင်တဲ့သူတွေက စာရင်းပေးရတယ်။ စာရင်းကို ဝန်ကြီးဌာနကို တင်ပေးလိုက်တော့ အဲဒီကိုသတင်းထွက်လာတာ။ လောလောဆယ်က အတည်မပြုသေးပါဘူး။ MOU(နားလည်မှုစာချွန််လွှာ) ပြီးမှ အတည်ဖြစ်မှာ။'' လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ ဒီစနစ်အတည်ဖြစ်လာရင် စစ်မှုထမ်းအသက်အကျုံး၀င်သူတွေကို ပြည်ပထွက်ခွာခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ထားတဲ့ သတ်မှတ်ချက်၊ အမျိုးသမီးလုပ်သားဆိုရင် အေဂျင်စီတစ်ခုကို ၁၅ ဦးထက် မကျော်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ဆက်ရှိမလားဆိုတာ မရှင်းလင်းသေးပါဘူး။

    ''အခက်အခဲဆိုတာ မျိုးစုံရှိတယ်။ လက်ရှိက မိန်းကလေးပဲ ပို့ခွင့်ရှိတယ်။ ယောက်ျားလေးက ပို့ခွင့်ဆိုတာ ၃၅ နှစ်အထက်မှ ပို့လို့ရတယ်။ ဂျပန်ကလည်း လူငယ်တွေကို အဓိက ဦးစားပေးတယ်လေ။ ၁၈ အထက်ကို ဦးစားပေးတာ။ ၃၅ အထက်ကျတော့ ရွေးချယ်မှု အားနည်းသွားတာပေါ့။ ၃၅ အထက်ဆိုရင် ဂျပန်စာသင်ကြားတဲ့နေရာမှာ လိုက်မမီတာလေးတွေ ရှိတယ်။'' လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အဖွဲ့တစ်ဖွဲ့ရဲ့ တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

    အချက်အလက်တွေအရ ဂျပန်မှာရှိတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ဂျပန်ဘာသာ အရည်အချင်းစစ်ကို မြန်မာမှာ ဖြေဆိုသူ သိန်းဂဏန်းအထိ မြင့်တက်လာနေပါတယ်။

    ဒါဟာ မြန်မာက စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပြည်တွင်းက အလုပ်အကိုင် အခွင့်အခမ်းနဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်ပ ထွက်လိုသူ မြန်မာလူငယ်တွေ မြင့်တက်လာတာကိုလည်း ထင်ဟပ်နေပါတယ်။

    ဂျပန်ဟာ နေပြည်တော်နဲ့ တရား၀င် လုပ်သား ခေါ်ယူနေတာဖြစ်ပြီး တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးဟာ ဂျပန်ကအလုပ်ခေါ်ယူတဲ့လုပ်ငန်းတွေကို ကြားခံအဖြစ် စိစစ်နေပါတယ်။

    ဒါကြောင့် ဂျပန် လုပ်သားစျေးကွက်ဟာ ပြည်တွင်းက လိုအပ်ချက်နဲ့ လုပ်သားခေါ်ယူမှု အချိုးက ကွာဟနေဆဲဖြစ်ပါတယ်။

    ဂျပန်နိုင်ငံက စနစ်သစ်နဲ့အလုပ်သမားသစ်ခေါ်ယူဖို့ သဘောတူညီမှုရတဲ့နိုင်ငံထဲမှာ မြန်မာက နောက်အကျဆုံး နိုင်ငံဖြစ်နေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဂျပန်ကိုယ်စားလှယ်ရုံးကတော့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးစရာမလိုဘဲ ကျွမ်းကျင်လုပ်သားစာမေးပွဲ (Tokutei Gino) ကို လျှောက်ထားခွင့်ရပြီလို့ပြောပါတယ်။

    မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လူသားချင်းစာနာတဲ့အနေနဲ့ နေထိုင်ခွင့်ဗီဇာ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးနေတဲ့ အာရှနိုင်ငံအချို့ထဲ ဂျပန်လည်း ပါ၀င်ပါတယ်။

  5. ဒီးမော့ဆိုမှာ ကိုယ်ဝန်ဆောင်တစ်ဦး အဆုံးစီရင်လို့ ကလေးပါသေဆုံး, ပြင်ဦးလွင်မှာ အမျိုးသမီးတစ်ဦး ဈေးအပေါ်ထပ်ကနေ ပြုတ်ကျသေဆုံး

    ဒီးမော့ဆိုမြို့နယ်က သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး
    ဓာတ်ပုံ ပုံစာ, ဒီးမော့ဆိုမြို့နယ်က သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာမှာ ကိုယ်ဝန်ကိုးလ လွယ်ထားရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးဟာ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ကြိုးဆွဲချပြီး အဆုံးစီရင်သွားတယ်လို့ အခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးသူဟာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး နောက်လမှာ ကလေးမွေးဖွားရက်သတ်မှတ်ထားတဲ့ ကိုယ်၀န်ဆောင်ထားသူလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။

    စစ်ရှောင်နေရတာ ကြာပြီဖြစ်လို့ ပုံမှန်၀င်ငွေမရှိဘဲ မွေးဖွားခါနီး မွေးဖွားစရိတ် မရှိတာနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ မဝယ်နိုင်တဲ့အခြေအနေကြုံနေရချိန်မှာ အခုလိုဖြစ်ရပ်ဖြစ်ခဲ့တာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

    မနက် ၆ နာရီဝန်းကျင်မှာ ကြိုးဆွဲချ သေဆုံးတာကို မြင်တွေ့ပြီးနောက် ဗိုက်မှာ ကလေးလှုပ်တာကို မြင်ကြရပေမဲ့ ဆရာဝန်ရောက်လာချိန်မှာတော့ ကလေးရဲ့ နှလုံးခုန်သံလည်း မကြားရတော့ဘူးလို့လည်း သူက ဆရာဝန်ပြောတာကို ပြန်ပြောပါတယ်။

    အမျိုးသမီး နောက်တစ်ဦး သေဆုံးတဲ့ သီးခြားဖြစ်ရပ်နောက် တစ်ခုလည်း ဒီနေ့ မနက်ပိုင်းတုန်းက မန္တလေးတိုင်း၊ ပြည်ဦးလွင်မြို့မှာ ဖြစ်ခဲ့ပါတယ်။

    ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး (၆ ထပ်ဈေး) အပေါ်ဆုံးထပ်ကနေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ခဲ့တယ်လို့ ပရဟိတအဖွဲ့တချို့ဆီက‌နေ သိရပါတယ်။

    “အသင်းကို ဖုန်းဆက်လာတော့ အပေါ်ဆုံး ၆ လွှာကနေ အမျိုးသမီးတစ်ယောက် ခုန်ချသွားလို့ လာကူပါဦးဆိုပြီး ဈေးထဲက တချို့က ဖုန်းဆက်လာလို့ သွားတာ၊ အဲဒီကိုရောက်တော့ နီးစပ်ရာကားနဲ့ ဆေးရုံပို့လိုက်ပြီတဲ့” လို့ သန္တိသုခ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ပြင်ဦးလွင်ဆေးရုံရောက်ချိန်မှာတော့ သေဆုံနေပြီဖြစ်တဲ့ အဲဒီအမျိုးသမီးရဲ့ ရုပ်အလောင်းကို ရင်ခွဲရုံကို ပို့ပေးခဲ့တယ်လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောပါတယ်။

  6. မြန်မာတွေပါတဲ့ငါးဖမ်းသင်္ဘော ထိုင်းကမ်းလွန်မှာမြုပ်လို့ ၃ ဦးသေ၊ ၄ ဦးပျောက်

    ငါးဖမ်းစက်လှေမြုပ်တဲ့နေရာ
    ဓာတ်ပုံ ပုံစာ, ငါးဖမ်းစက်လှေမြုပ်တဲ့နေရာ

    ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟီးဘ်မြို့ကမ်းလွန်မှာ မြန်မာအလုပ်သမားတွေပါတဲ့ငါးဖမ်းသင်္ဘောနစ်မြုပ်တာကြောင့် ရေလုပ်သား ၃ ဦး သေဆုံးပြီး နောက်ထပ် ၄ ဦး ပျောက်ဆုံးနေတယ်လို့ ခရိုင်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

    S. Kanchanawaree 888 လို့ နာမည်ပေးထားတဲ့ငါးဖမ်း သင်္ဘောမှာ မြန်မာသင်္ဘောသား ၂၀ ဦး၊ ထိုင်း ၂ ဦး စုစုပေါင်း ၂၂ ဦး လိုက်ပါခဲ့ပြီး စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီခန့်တွင် သင်္ဘောနစ်မြုပ်ခဲ့တာလို့ ထုတ်ပြန်ထားတာပါ။

    သင်္ဘောနစ်မြုပ်တဲ့သတင်းကိုတော့ စမဲစန်မြို့နယ်ခွဲ စည်ပင်သာယာရေးဥက္ကဋ္ဌ နဲ့ စမဲစန်ရေလက်ကြား ငါးဖမ်းလုပ်ငန်းအသင်း ဥက္ကဋ္ဌတို့က စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ သတင်းရရှိတာလို့ဆိုပါတယ်။

    အဲဒီသင်္ဘော အနားမှာရှိတဲ့ ငါးဖမ်းစက်လှေတွေက သွားရောက်ကယ်တင်တာကြောင့် သင်္ဘောသား ၁၅ ဦးကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

    သေဆုံးသူ ၃ ဦးရဲ့ အလောင်းကို တွေ့ရပေမဲ့ လှိုင်းကြီးပြီး လေပြင်းထန်နေတာကြောင့် အသက် ၄၆ နှစ်အရွယ် ထိုင်းနိုင်ငံသားရဲ့ ရုပ်အလောင်း ၁ လောင်းကိုသာ ဆယ်ယူနိုင်ပြီး ကျန်ရုပ်အလောင်း ၂ လောင်းကတော့ ပင်လယ်ပြင်မှာ ကျန်နေတုန်းလို့ သိရပါတယ်။

    အသက်ရှင်ကျန်ရစ်သူ ၁၅ ဦးနဲ့ ဆယ်ယူရရှိထားတဲ့ရုပ်အလောင်းကို တင်ဆောင်ထားသော ငါးဖမ်းလှေတွေဟာ သည် စတ္တဟီးဘ်မြို့နယ်၊ စမဲစန် ဆိပ်ကမ်းသို့ ဒီနေ့ ညနေမှာ ပြန်ရောက်ဖို့ မျှော်လင့်ထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

    ရှာဖွေကယ်ဆယ်ရေးအတွက် ထိုင်းရေတပ်ကလည်း ကင်းလှည့်ရေယာဉ်တွေ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်၊ တပ်ရေငုပ်အဖွဲ့ဝင်တွေနဲ့ ရှာဖွေနေသလို အနားဝန်းကျင်က ငါးဖမ်းလှေတွေကိုလည်း အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

  7. ဗန်းမော်တိုက်ပွဲကြောင့် လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ ကန်ပိုက်တီမှာ KIA က လေကြောင်းသတိပေးချက်ထုတ်

    ဗန်းမော်ကနေ ပြန်လာတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေ
    ဓာတ်ပုံ ပုံစာ, ဗန်းမော်ကနေ ပြန်လာတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေ

    ကချင်ပြည်နယ်ထဲ ဧရာဝတီမြစ်ကြောင်းကနေ သင်္ဘောနဲ့ပို့လာတဲ့စစ်အင်အားတွေ သုံးပြီး ဗန်းမော်မြို့နယ်၊ နန့်ဖားရွာဘက်ကို စက်တင်ဘာ ၁၉ ရက်ကစပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်(KIA) ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    ဗန်းမော်မြို့နယ်ထဲ တိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ မိုင်ဂျာယန်၊ KIA ဌာနချုပ် လိုင်ဇာနဲ့ KIA သိမ်းထားတဲ့ ကန်ပိုက်တီမြို့နယ်တွေကိုလည်း လေကြောင်းအန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့လည်း သူက ပြောပါတယ်။

    ဗန်းမော်စစ်မျက်နှာမှာတော့ စစ်တပ်ဟာ ဗန်းမော်ကို အင်အားဖြည့်နိုင်ဖို့ ဩဂုတ်လကုန်ပိုင်းကစပြီး မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ် သင်္ဘောအုပ်စုတွေ စေလွှတ်ခဲ့ပါတယ်။

    ရွှေကူ-ဗန်းမော်ကြားမှာ KIA ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် သင်္ဘောအစီးရေ ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပေမဲ့ သင်္ဘောအချို့က ဗန်းမော်အထိ ရောက်ရှိခဲ့ပြီး စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ခဲ့တယ်လို့ နှစ်ဖက်သတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

    ဗန်းမော်ကနေ မန္တလေးကို ပြန်ဆင်းလာတဲ့ သင်္ဘောတွေကိုလည်း တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်မှာတော့ မန္တလေးမြို့ကို သင်္ဘောအစင်း ၂၀ ဝန်းကျင် ပြန်စုန်ဆင်း ရောက်ရှိခဲ့တယ်လို့ ဒီသင်္ဘောအုပ်စုကို စောင့်ကြည့်တဲ့တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

    သီးခြားဖြစ်ရပ်တစ်ခုမှာတော့ ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးဒေသဘက်ကို ပျံသန်းလာတဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို KIA တပ်ဖွဲ့တွေက စက်တင်ဘာ ၂၁ ရက်မှာ ပစ်ခတ်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

    ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

  8. စမ်းချောင်း အုပ်စုဖွဲ့ ဓားထိုးမှုမှာ လူငယ် ၈ ဦး အဖမ်းခံရ

    ဖမ်းဆီးခံရတဲ့ လူငယ်တွေလို့ဆိုတဲ့ ဓာတ်ပုံ အချို့လည်း ပျံ့နှံ့လာ

    ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်ကဖြစ်ခဲ့တဲ့ လူငယ် ၂ ဦး ဓားထိုးခံရမှုမှာ အုပ်စုဖွဲ့ ကျူးလွန်တယ်လို့ သံသယရှိသူ လူငယ် ၈ ဦးကို ရဲက ဖမ်းဆီးလိုက်ပြီလို့ ဒီအခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းပေါ်က ညဈေးတန်းအနီးမှာ ကျောင်းသားအရွယ် လူငယ် ၂ ဦးနဲ့ နောက်ထပ် လူငယ် ၃ ဦးထက်မနည်းပါတဲ့အုပ်စုတစ်စုတို့ စကားများရာကနေ လူငယ်အုပ်စုဘက်က ကျောင်းသား ၂ ဦးကို ဓားနဲ့ ဝိုင်းထိုးခဲ့တာလို့ မျက်မြင်တွေ့ခဲ့ရသူတချို့က အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

    အခုတော့ အဲဒီဖြစ်ရပ်မှာ ပါ၀င်တယ်လို့ မသင်္ကာတဲ့ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ် ယောက်ျားလေး ၆ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦး၊ အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးကို စမ်းချောင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ အမှုအခင်း အခြေအနေ သိရှိသူက ပြောပါတယ်။

    ‘‘မိန်းကလေးကို တယ်လီဂရမ်ကနေ စနောက်ကြရာကနေ ဖုန်းဆက် ချိန်းပြီး ထိုးတာလို့ ထွက်ဆိုထားတယ်လို့ သိရပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ရဲက အလိုရှိနေသူ နောက်တစ်ဦးဖြစ်တဲ့ “အသေးလေး” လို့ဆိုသူ တစ်ဦးကတော့ ထွက်ပြေးနေတယ်လို့သိရတယ်’’ လို့လည်း သူက ပြောပါတယ်။

    အခုဓားထိုးမှုဟာ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း ပုခုံးချင်းတိုက်မိရာကနေ စကားများပြီးဖြစ်ခဲ့တာလို့ အစောပိုင်းမှာ သတင်းထွက်ပေါ်ခဲ့ပါတယ်။

    ဓားထိုးခံရတဲ့လူငယ် ၂ ဦးမှာ တစ်ဦးက ဦးခေါင်းမှာ ပြတ်ရှဒဏ်ရာရပြီး နောက်တစ်ယောက်ကတော့ ဓားဒဏ်ရာက အဆုတ်ကို ထိသွားတာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။

    လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်အတိုတစ်ခုမှာလည်း လူငယ်အုပ်စုက ကျောင်းသားအရွယ် လူငယ် ၂ ဦးတို့ လူမြင်ကွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ချွန်ထက်တဲ့အရာတစ်ခုနဲ့ ထိုးနေတာကို တွေ့ရပါတယ်။

    ဓားထိုးခံခဲ့ရတဲ့ လူငယ် ၂ ဦးကို စက်တင်ဘာ ၁၈ ရက်ကတည်းက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒီနေ့အထိ ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒဏ်ရာရသူ ၂ ဦးဟာ ဒဏ်ရာကနေ သက်သာလာပြီလို့လည်း အခြေအနေ သိရှိသူက ပြောပါတယ်။

  9. ကလေးမြို့က မိတ္တူဆိုင်မီးလောင်မှု အမျိုးသမီး ၃ ဦးသေဆုံး

    Apple မိတ္တူဆိုင် မီးလောင်မှုမြင်ကွင်း
    ဓာတ်ပုံ ပုံစာ, Apple မိတ္တူဆိုင် မီးလောင်မှုမြင်ကွင်း

    စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်က Apple ကွန်ပျူတာမိတ္တူဆိုင်မှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းဖြစ်ခဲ့တဲ့ မီးလောင်မှုမှာ အမျိုးသမီး ၃ ဦး သေဆုံးတယ်လို့ ကူညီ မီးငြှိမ်းသတ်ပေးခဲ့တဲ့ပုညကုသလ လူမှုကူညီရေးအသင်းနဲ့ မြို့ခံတချို့က ပြောပါတယ်။

    မီးလောင်ချိန်ဟာ ည ၁၁ နာရီဝန်းကျင်ဖြစ်ပြီး ကူညီရေးကိစ္စတစ်ခုနဲ့ ဖြတ်သွားချိန်မှာ ပုညကုသလအသင်းက မီးလောင်တာကို မြင်ခဲ့တာကြောင့် မီးသတ်ဌာနကို အကြောင်းကြားပေးခဲ့တာလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    “မီးလောင်နေတုန်း အော်ဟစ်တာတွေ ဘာတွေတော့ မကြားဘူး။ မီးသတ်ပြီးလို့ ဝင်ကြည့်တော့မှ သံဇကာ တံခါးတွေ နားမှာ နှစ်ဦး၊ တစ်ဦးက ခပ်လှမ်းလှမ်းမှာ တစ်ဦး မီးကတော့ သူတို့ကို အကုန်လောင်ထားပြီ” လို့ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ပုညကုသလ အသင်းတာဝန်ရှိသူက ပြောပါတယ်။

    မီးလောင်ခဲ့တဲ့နေရာဟာ နှစ်ထပ် သစ်သားအိမ်ဖြစ်ပြီး အောက်ထပ်မှာ ကွန်ပျူတာ မိတ္တူဆိုင်ဖွင့်ထားသလို အပေါ်ထပ်မှာ လူနေထိုင်ပြီး ညအိပ်ကြတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ပြတင်းပေါက်တွေကို သံဇကာတွေနဲ့ ကာရံထားတာကြောင့် လူထွက်လို့မရသလို အပေါ်ထပ်ကနေ မီးစတင်လောင်ပြီး လှေကားပြုတ်ကျသွားတာကြောင့် အမျိုးသမီးတွေ ဆင်းပြေးလို့မရတာ ဖြစ်နိုင်တယ်လို့ မြို့ခံက ယူဆပါတယ်။

    သေဆုံးတဲ့အမျိုးသမီးတွေဟာ အသက် ၂၀ ဝန်းကျင်တွေလို့ ခန့်မှန်းထားပြီး ဘယ်သူဘယ်ဝါဆိုတာ မသိကြရသေးဘူးလို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကတော့ ဒီမိတ္ထူဆိုင် မီးလောင်တဲ့အခြေအနေကို သွားရောက်မီးငြှိမ်းသတ်ခဲ့တယ်လို့ ထုတ်ပေမဲ့ လူသေဆုံးမှု အခြေအနေနဲ့ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ ပြောထားတာမရှိပါဘူး။

  10. အဝါရောင် သတိပေးချက် ထုတ်ထားတဲ့မုန်တိုင်းငယ်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ လေပြင်း၊ မိုးကြီးနိုင်

    မုန်တိုင်းငယ် လမ်းကြောင်းပြမြေပုံကို စက်တင်ဘာ ၂၁ ရက်မှာ မိုးဇလက ထုတ်ပြန်ထား
    ဓာတ်ပုံ ပုံစာ, မုန်တိုင်းငယ် လမ်းကြောင်းပြမြေပုံကို စက်တင်ဘာ ၂၁ ရက်မှာ မိုးဇလက ထုတ်ပြန်ထား

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း လေပြင်းတိုက်ပြီး မိုးကြီးနိုင်တယ်လို့ နေပြည်တော် မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ မိုးရွာမှာဖြစ်သလို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးပါတယ်။

    မန္တလေး၊ မုံရွာ၊ ရန်ကုန်က မြို့နယ်တချို့မှာတော့ ည သန်းခေါင်ချိန်လောက်ကကစပြီး မိုးသည်းသည်းရွာနေတယ်လို့လည်း မြို့ခံတချို့က လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။

    ရခိုင်ပြည်နယ်၊ စစ်တွေ ဝန်းကျင်မှာတော့ မိုးမရွာသေးဘူးလို့တော့ မြို့ခံတစ်ယောက်က ပြောပါတယ်။

    မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ဘက်ကို ဦးတည်ပြီး မြန်မာနိုင်ငံကို ဦးတည်တာမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားပေမဲ့ သူ့ရဲ့အရှိန်၊ လေတိုက်တုန်းတွေကြောင့် အခုလို သက်ရောက်မှုတွေရှိမှာ ဖြစ်ပါတယ်။

    မိုးကြီး၊ လေပြင်းတိုက်တာနဲ့အတူ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေကို သတိထားဖို့ကိုလည်း သတိပေးထားပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာလည်း မိုးသည်းနေတာကြောင့် တောင်သာမြို့နယ်ဘက်မှာ စိုက်ခင်းတချို့ ရေနစ်မြုပ်နေပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တုန်းကတော့ မိုးသည်း လေပြင်းတိုက်ခဲ့လို့ ရန်ကုန်မြို့က နေရာ ၅ ခုနဲ့ မနည်းမှာ သစ်ပင်ကြီးတွေ ပြိုလဲပြီး ယာဉ်အချို့ ပျက်စီးခဲ့ပါတယ်။

  11. တပိုင်တနိုင်တင်သွင်းခွင့် ပိတ်ခံထားရတဲ့ တာချီလိတ်မှာ စားသောက်ကုန်တွေ ဈေး ၂ ဆနီးပါးမြင့်

    ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မြင်ကွင်း (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မြင်ကွင်း (ပုံဟောင်း)

    မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ကို တင်သွင်းနေတဲ့ ထိုင်းဘက်က ကုန်ပစ္စည်းတွေအပြင် စားသုံးကုန် တပိုင်တနိုင်တင်သွင်းနေတာကိုပါ မြန်မာဘက်က ပိတ်လိုက်တာကြောင့် စားသောက်ကုန်ဈေးတွေ ၂ ဆနီးပါး မြင့်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    သုံးဘီးကား၊ ဆိုင်ကယ်အပါအဝင် ယာဉ်တွေနဲ သယ်ဆောင်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို စက်တင်ဘာ ၁၉ ရက်ကစပြီး ပိတ်လိုက်တာဖြစ်သလို လက်ဆွဲဝယ်ယူခွင့်လောက်သာ ရနေတယ်လို့လည်း ပြောပါတယ်။

    လက်ရှိအချိန်မှာတော့ ကြက်သား ၁ ကီလိုကို အရင်က ဘတ် ၈၀ (၁၀,၄၀၀ ကျပ်) ကနေ အခု ၁၅၀ ဘတ် (၁၉,၅၀၀ ကျပ်)၊ ကြက်သွန်နီ တစ်ကီလို ၂၅ ဘတ် (၃၂၅၀ ကျပ်) ကနေ ၅၀ ဘတ် (၆,၅၀၀ကျပ်) ခရမ်းချဉ်သီး ၁ ကီလို ၃၀ ဘတ် (၃,၉၀၀ကျပ်) ကနေ အခု ၅၀ ဘတ် (၆,၅၀၀) ဘတ် တွေအထိ ဈေးမြင့်တက်နေတာလို့ သိရပါတယ်။

    “ဈေးတက်လည်း ဝယ်ရတာပဲ မစားလို့မှမရတာကိုး။ တခြား ကိုယ့်ပြည်တွင်းကနေ သွင်းဖို့ကလည်း စက်သုံးဆီဖိုးနဲ့ မကိုက်ဘူးလေ။ ထိုင်းဘက်ကနေပဲ မှီခိုနေရတာ၊ ဘယ်တော့ ပြန်ဖွင့်ပေးမလဲတော့ မသိရသေးဘူး”လို့ တာချီလိတ်မြို့ခံတစ်ယောက်က ပြောပါတယ်။

    မြန်မာဘက်ဌာနဆိုင်ရာတွေဟာ စက်တင်ဘာ ၁၅ ရက်က တာချီလိတ်မြို့မှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းလာတယ်လို့ဆိုတဲ့ အေးခဲအသား၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် တန်ချိန် ၁၂ တန်ကျော်ကို ဖမ်းဆီးသိမ်းဆည်းခဲ့ပြီးနောက် ကားငယ်၊ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်ဘေးတွဲတွေ အသုံးပြုပြီး မယ်ဆိုင်-တာချီလိတ် အမှတ်(၁) ချစ်ကြည်ရေးတံတားကနေ ကုန်ပစ္စည်းတင်သွင်းမှုကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာဘက်ကတော့ အရည်အသွေးစံနှုန်း စစ်ဆေးမှုမပြီးသေးတာနဲ့ အခွန်အခ ပေးဆောင်ထားခြင်း မရှိတာတွေကြောင့် အခုလို ကန့်သတ်ရတာလို့ ထုတ်ဖော်ပြောဆိုထားကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

    စက်တင်ဘာ ၁၀ ရက်ကတော့ တာချီလိတ်-မယ်ဆိုင် နယ်စပ်မှာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ ထိုင်းနိုင်ငံသား ၉ ယောက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

    အဲဒီထဲက အများစုက မူးယစ်ဆေးဝါးအမှုတွေနဲ့ အလိုရှိနေသူတွေဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ လုပ်ဆောင်တာလို့ နေ့စဉ်ထုတ်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    လက်ရှိ နယ်စပ်အခြေအနေတွေနဲ့ ပတ်သက်လို့ မယ်ဆိုင်-တာချီလိတ် နယ်စပ်မှာ Township Border Committee (TBC) ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ မရသေးပါဘူး။

  12. မင်္ဂလာပါ။

    စက်တင်ဘာ ၂၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။