တိုက်ရိုက်ထုတ်လွှင့်မှု, မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ ၆ ဦးသေဆုံးတယ်လို့ဆို

မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ  ၆ ဦးသေဆုံးတယ်လို့ဆိုတဲ့သတင်းအပါအဝင် ဇွန်လ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

မုံရွာမြို့နယ်ထဲမှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်းနဲ့ တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာ စီးနင်းခံရမှု ပလဖ ၃ ဦးနဲ့ အရပ်သား ၂ ဦးအပါ ၆ ဦး သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ပွဲဖြစ်နေတဲ့မင်းတပ်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ကလေးငယ် ၃ ဦး သေဆုံး

    မင်းတပ်မြို့နယ်ထဲက ရှိန်းရွာထဲ ဗုံးကျရောက် ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ် ၃ ဦးလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Ling Yaw Law Thang

    ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့နယ်ထဲက ရှိန်းရွာထဲ ဗုံးကျရောက် ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ် ၃ ဦးလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲ ချင်းကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေချိန် မြို့နယ်အရှေ့ခြမ်းက ရှိမ်းကျေးရွာထဲကို စစ်တပ်က မနေ့တုန်းက လေကြောင်းကနေ ဗုံးကြဲလို့ မိန်းကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

    “အသက် ၇ နှစ်နဲ့ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး ထိသွားတာ၊ ဒဏ်ရာရတဲ့သူလည်းရှိတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဇွန်လ ၂၉ ရက် တစ်ရက်တည်းမှာပဲ စစ်တပ်က မင်းတပ်မြို့နယ်အရှေ့ဘက်ခြမ်းကို တိုက်လေယာဉ်အပြင် Y12 လေယာဉ်တွေ သုံးပြီး ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။

    မင်းတပ်မြို့နယ်အရှေ့ခြမ်း ကျေးရွာတွေမှာ မကွေး၊ ကျောက်ထုလမ်းပိုင်းက တက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး နှစ်ဖက်တပ် ထိခိုက်သေဆုံးမှု ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    လက်ရှိမှာ စစ်တပ်က မကွေးကနေ ချင်းအထိ လမ်းပေါက်တဲ့ ကျောက်ထု-ဂန့်ဂေါလမ်းပိုင်းကို အားပြုပြီး မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်ထိန်းချုပ်ဖို့ အင်အားရာချီနဲ့ စစ်ကြောင်း ထိုးနေတာလို့ သူက ရှင်းပြပါတယ်။

    ရခိုင်နဲ့ ချင်းပြည်နယ်အစပ်မှာ ချင်းညီနောင်(CB)အပါအဝင် ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ရေးပူးပေါင်းနေတဲ့အာရက္ခတပ်တော်(အေအေ)ကလည်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတင်းထုတ်ထားပါတယ်။

    မြန်မာစစ်တပ်ကတော့ မင်းတပ်မြို့က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၃၀ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  2. ဦးမင်းအောင်လှိုင် လာအိုသွားမယ်

    သမ္မတရာထူးအာဏာရယူထားတဲ့ ဦးမင်းအောင်လှိုင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သမ္မတရာထူးအာဏာရယူထားတဲ့ ဦးမင်းအောင်လှိုင်ဟာ ဇွန်လ တစ်လတည်းမှာပဲ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကို‌ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ထားပါတယ် (ပုံဟောင်း)

    နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အိမ်နီးချင်း လာအိုနိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်း သွားဖို့ရှိတယ်လို့ လာအိုဘက်က လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

    ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ဟာ ဗီယန်ကျင်းကို ဇွန်လ ၃ ရက်ကနေ ၅ ရက်အထိ ချစ်ကြည်ရေးခရီးလာမယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး လာအိုသတင်းတွေမှာ ဖော်ပြပါတယ်။

    တဖက်မှာလည်း ဒီခရီးစဉ်ဟာ နေပြည်တော်မှာ သမ္မတ ရာထူးယူပြီးနောက်ပိုင်း ဦးမင်းအောင်လှိုင်ရဲ့တတိယမြောက် ပြည်ပနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။

    လာအိုဘက်ကတော့ လာအို - မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်အဖြစ် ဗီယန်ကျင်းကို သွားမှာလို့ ဆိုပါတယ်။

    လာအိုနိုင်ငံခြားရေးဝန်ကြီးက ဇွန်လတုန်းက နေပြည်တော်ကို သွားတဲ့သူ့ခရီးစဉ်မှာ ဗီယန်ကျင်းကိုလာဖို့ ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

    လာအိုဟာ သူ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့ ၂၀၂၄ ခုနှစ်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားလှယ်တစ်ဦးကို တက်ရောက်အောင် နေပြည်တော်ကို တိုက်တွန်းခဲ့ပြီး နေပြည်တော်ကလည်း နိုင်ငံခြားရေးအတွင်းဝန်ကို ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စေလွှတ်ခဲ့ပါတယ်။

    မြန်မာ့အရေး အာဆီယံရဲ့ကြားဝင်မှုအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ ခန့်အပ်ခဲ့တဲ့ အာဆီယံအထူးသံဟာ လာအို အာဆီယံ လက်ထက်မှာ နေပြည်တော်ကို အကြိမ်ကြိမ်သွားခဲ့ပြီး အထူးသံဟာ နေပြည်တော်နဲ့ဆက်ဆံရေး နီးကပ်တယ်လို့ဆိုတဲ့ဝေဖန်မှုအချို့လည်းရှိခဲ့ပါတယ်။

  3. မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ ၆ ဦးသေဆုံးတယ်လို့ဆို

    မုံရွာမြို့နယ် ပလဖအဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, မုံရွာမြို့နယ် ပလဖ

    ဓာတ်ပုံ ပုံစာ, မုံရွာမြို့နယ် ပလဖအဖွဲ့ဝင်တချို့ (ပုံဟောင်း)

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်းနဲ့ တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာမှာ မနေ့ ဇွန်လ ၂၉ ရက်က စီးနင်းခံရပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် အရပ်သား ၂ ဦးနဲ့ ပလဖအဖွဲ့ဝင် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်တစ်ဦးကတော့ ဒီစီနင်းမှုကို NUG ရဲ့ မုံရွာခရိုင်တပ်ရင်း ၅ ရင်းပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

    “တပ်ရင်း ၂၂၊ ၂၃၊ ၂၄၊ ၂၅၊၂၈ ရင်းတွေ ဝင်ပြီးစီးနင်းတာ၊ ဘာကြောင့်စီးနင်းလဲဆိုတာတော့ မသိရသေးဘူး၊ ပလဖ မြို့နယ်တာဝန်ခံ ကိုအာကူးနဲ့ ဒီတပ်ရင်းတွေကြားမှာ မပြေလည်မှုတချို့ရှိနိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။

    စီးနင်းမှုအတွင်း မြို့နယ်ပလဖစခန်းက ပလဖအဖွဲ့ဝင် ၃ ဦးသေဆုံးပြီး တိုက်နယ် ၄ ပလဖ အချုပ်ထောင်က အချုပ်သားတစ်ဦး သေဆုံးတယ်လို့ မြို့နယ်ပလဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    အရပ်သား ၂ ဦးသေဆုံးမှုနဲ့ပတ်သက်လို့ စီးနင်းတဲ့အဖွဲ့က စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ ပလဖတပ်ဖွဲ့ဝင်တချို့ကို ပစ်ခတ်ရာကနေ ဘေးကပ်လျက်က တုတ်ထိုးဆိုင်မှာထိုင်နေတဲ့ အရပ်သား ၂ ဦးပါ ကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    “အသက် ၂၈ နှစ်အရွယ် အမျိုးသား ၂ ဦး” လို့ သူက ဖြည့်ပြောပါတယ်။ လက်ရှိမှာ စီးနင်းခံရတဲ့ မြို့နယ်ပလဖတာဝန်ခံ ကိုအာကူးကတော့ ပျောက်ဆုံးနေပြီး ဖမ်းဆီးခံရလား၊ သေဆုံးပြီလားဆိုတာကို အတည်မပြုနိုင်ဘူးလို့ မြို့နယ်ပလဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    မုံရွာမြို့နယ်ထဲက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးချုပ်ရုံးနဲ့ မုံရွာမြို့နယ်ပလဖအဖွဲ့တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းထားပေမယ့် ဇွန်လ ၃၀ ရက်မနက်ပိုင်းအထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

  4. မင်္ဂလာပါ။ ဇွန်လ ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။