စက်တင်ဘာ ၁၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြန်မာမှာလူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်လို့ဆိုပြီး နော်ဝေရဲက တယ်လီနောကို စုံစမ်းတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၁၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီး နောက်ပိုင်း အဲဒီအချိန် မြန်မာနိုင်ငံထဲက အဓိက မိုဘိုင်း တယ်လီကွန်း ကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောကို သူတို့ မိခင်နိုင်ငံဖြစ်တဲ့ နော်ဝေရဲ့အစိုးရက တရားဝင် ပုဒ်မတပ် တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။
သုံးစွဲသူတွေရဲ့အရေးကြီးတဲ့အချက်အလက်တွေကို စစ်အာဏာပိုင်တွေထံ ပေးအပ်ခဲ့တာကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေထဲ ကြံရာပါ ဖြစ်တယ်လို့ နော်ဝေအစိုးရက စွဲချက်တင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့နိုင်ငံတကာ အရေးယူပိတ်ဆို့မှုဆိုင်ရာစည်းမျဉ်းတွေကိုလည်း တယ်လီနောက ချိုးဖောက်ခဲ့တယ်လို့ နော်ဝေအစိုးရ ရှုမြင်နေပါတယ်။
နော်၀ေအစိုးရပိုင်ဖြစ်တဲ့ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောရဲ့ အော်စလိုမြို့က ရုံးချုပ်ကို ဒီကနေ့ အင်္ဂါနေ့၊ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေက ဝင်ရောက် ရှာဖွေခဲ့ပါတယ်။
တယ်လီနော မြန်မာ(Telenor Myanmar)ဟာ ၂၀၂၁-၂၂ ခုနှစ်အတွင်း သုံးစွဲသူတွေရဲ့ အရင်က ဆက်သွယ် အသုံးပြုခဲ့တဲ့မှတ်တမ်းအချက်အလက်တွေကို စစ်အာဏာပိုင်တွေဆီ “အကြိမ်ကြိမ်ပေးအပ်ခဲ့တယ်”လို့ နော်ဝေရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီအချိန်ကာလဟာဆိုရင် စစ်အာဏာပိုင်တွေဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေခဲ့ချိန်ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တယ်လီနောဟာ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံထားတဲ့ဒေါ်လာ ၇၈၂ သန်းလုံးကို ဆုံးရှုံးငွေအဖြစ် စာရင်း ပယ်ဖျက်ခဲ့ပြီး နောက်တစ်နှစ်မှာတော့ လုပ်ငန်းကို ရောင်းချခဲ့ပါတယ်။
တယ်လီနောဘက်ကတော့ ပိတ်ဆို့အရေးယူမှုဆိုင်ရာစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေ၊ နောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေထဲ ကြံရာပါဖြစ်ခဲ့တယ်ဆိုတဲ့စွဲချက်တွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံထဲက အခြေအနေဟာ စစ်အာဏာပိုင်တွေရဲ့အမိန့်တွေကို မလိုက်နာဘူးဆိုရင် တယ်လီနောဝန်ထမ်းတွေဟာ ထောင်ချခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ ဒါမှမဟုတ် သေဒဏ်ချမှတ်ခံရတာအထိ အန္တရာယ်ရှိခဲ့တယ်လို့ တယ်လီနောက ဆိုပါတယ်။
အဲဒီအခြေအနေမျိုးမှာ တယ်လီနောအနေနဲ့ တကယ်တမ်း ရွေးချယ်စရာ ဝန်ထမ်းတွေရဲ့အသက်အန္တရာယ်နဲ့ရင်းပြီးတော့လည်း မစွန့်စားနိုင်ခဲ့ဘူးလို့လည်း ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, sreengrab
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က အွန်လိုင်းကနေ ဦးဆောင်ပြုလုပ်သွားပါတယ်။
CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကတော့ နိုင်ငံတကာ အစိုးရတွေ၊ လွှတ်တော်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ဒီမိုကရေစီအရေး ပေးဆပ် တိုက်ပွဲ၀င်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြတ်ပြတ်သားသားရပ်တည်သွားဖို့ တိုက်တွန်းပါတယ်။
ဦးအောင်ကြည်ညွန့်ကတော့ အရပ်သားအစိုးရလက်ထက်မှာ ဒီနေ့လို အခမ်းအနားမျိုးကို လွှတ်တော်ထဲမှာ ကျင်းပခဲ့တာကိုလည်း သူ့ မိန့်ခွန်းထဲ ထည့်ပြောပါတယ်။
စစ်မက်ဒဏ် ခံနေရတဲ့အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးမှု နေ့စဉ် မြင့်တက်နေတာကြောင့် ဒီမိုကရေစီစနစ်ကို အလေးထားတဲ့ ကမ္ဘာ့နိုင်ငံအသီးအသီးက အုပ်ချုပ်သူ ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ဖို့လည်း သူက တိုက်တွန်းသွားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူ၀ါလရှီးလကတော့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးဟာ SCEF ဆိုတဲ့ "တပ်ပေါင်းစုံ သဏ္ဍာန်" တော်လှန်ရေးတပ်ဦးတစ်ခုကို ဖော်ဆောင်နေတာကို သူ့ သ၀ဏ်လွှာထဲ ထည့်ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးရည်ရွယ်တဲ့ လက်ရှိဖွဲ့ ထားပြီးဖြစ်တဲ့ SCEF ရဲ့တော်လှန်ရေးတပ်ပေါင်းစု ခေါင်းဆောင်မှုနောက်ကို ယုံကြည်စွာ လိုက်ပါဖို့လည်း သူက တိုက်တွန်းသွားပါတယ်။
CRPH က ဦးဆောင်ပြုလုပ်တဲ့ ဒီမိုကရေစီနေ့ အခမ်းအနားကို ကချင်လွတ်လပ်ရေးတပ်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအင်အားစုတွေအပါအ၀င် ပြည်နယ်ယူနစ် အစိုးရတွေနဲ့ စုဖွဲ့ထားတဲ့ SCEF ကလည်း သဝဏ်လွှာပို့ပါတယ်။
SCEF ကိုယ်စားပြုပြီး သ၀ဏ်လွှာပေးပို့တဲ့ ခူဦးရယ်ကတော့ နေပြည်တော်ဟာ နိုင်ငံရေးအပြောင်းအလဲတွေ လုပ်နေတယ်လို့ ပြောပေမဲ့ ဒီနေ့အထိ တိုင်းရင်းသားပြည်သူတွေကို လေကြောင်းတိုက်ခိုက်နေတာ၊ နေအိမ်တွေကို မီးရှို့နေတာနဲ့ လွတ်လပ်မှုကို ဖိနှိပ် ကန့်သတ် ပိတ်ပင်တာတွေ ဆက်လုပ်နေတယ်လို့ ထောက်ပြပါတယ်။
ဒါကို ရပ်တန့်နိုင်ဖို့နဲ့ ပြည်သူ့အာဏာ ပြည်သူလူထုထံ ပြန်ရောက်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ လူထုဆီ တိုက်ရိုက်ရောက်ဖို့၊ ထိရောက်နဲ့ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ နိုင်ငံတကာကို သူက တောင်းဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင်
- လူထုအပေါ် အကြမ်းဖက်မှုတွေ လျော့ကျစေရေး
- နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး
- နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေအပါအဝင် သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မယ့် အဓိပ္ပာယ်ပြည့်၀တဲ့တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်တယ်လို့ ဆိုပြီး CRPH ကို ပေးပို့တဲ့ သ၀ဏ်လွှာမှာရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒုစရိုက်မှုကို တားဆီးရမယ့်ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင် ဒုစရိုက်မှု ကျူးလွန်သူဖြစ်လာရင် နိုင်ငံရဲ့လုံခြုံရေးဘာဖြစ်လာမလဲ။
မိတ္ထီလာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားငှားစီးပြီး ယာဉ်မောင်းကို သတ်ဖြတ်ကာ ကားလုယက်ခဲ့မှုက ဒီမေးခွန်းကို ထွက်လာစေပါတယ်။
မြန်မာမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့ဝင်တချို့က ပြစ်မှုကျူးလွန်သူတွေဖြစ်လာသလို သူတို့ မိသားစုဝင်တွေတောင် ဒုစရိုက်မှုတွေရဲ့သားကောင်တွေလည်းဖြစ်လာပါတယ်။ ဘာကြောင့်လဲ။
ရဲမှူးကြီးဟောင်းတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ.စ.စ)က အငြိမ်းစားအရာရှိတွေက သူတို့ရဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဒီအခြေအနေတွေရဲ့နောက်ကွယ်က ပြဿနာကို ခြေရာကောက်ထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thomas Traasdahl/Ritzau Scanpix/AFP via Getty Images
ကမ္ဘာပတ်လမ်းကြောင်းထဲ အာကာသ လက်နက်တစ်မျိုးကို တပ်ဖြန့်ထားတယ်လို့ အမေရိကန်ပြည်ထောင်စုက ပထမဆုံးအကြိမ် အတည်ပြုပြောလိုက်ပါတယ်။
အမေရိကန်လေတပ်ဌာန အတွင်းဝန် ထရွိုင် မင့်ခ် ကတော့ “ကမ္ဘာပတ်လမ်းကြောင်းပေါ်က” အဲဒီလက်နက်ဟာ ရန်ဘက်တွေရဲ့ရန်လိုတဲ့လုပ်ရပ်တွေကနေ အမေရိကန်တပ်ဖွဲ့တွေကို ကာကွယ်ဖို့ လိုအပ်တာကြောင့် ထားရှိတာလို့ ပြောပါတယ်။
“ပြောင်းလဲလာနေတဲ့ ခြိမ်းခြောက်မှုတွေ” အတွက် အဆင်သင့်ဖြစ်နေပြီလို့ သူက တနင်္လာနေ့က ကျင်းပတဲ့လေထု၊ အာကာသနဲ့ ဆိုက်ဘာလုံခြုံရေးညီလာခံမှာ ပြောပေမဲ့ အဲဒီလက်နက်ရဲ့စွမ်းဆောင်ရည်နဲ့ ဘယ်အချိန်က ကမ္ဘာပတ်လမ်းကြောင်းထဲ တင်ပို့ခဲ့သလဲဆိုတာကိုတော့ အသေးစိတ် မပြောပါဘူး။
အမေရိကန် စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေကတော့ အနာဂတ်ပဋိပက္ခတစ်ခုမှာ အမေရိကန် ဂြိုဟ်တုတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့နည်းလမ်းတွေ ဖွံ့ဖြိုးနေတယ်လို့ ဆိုထားတဲ့ ရုရှားနဲ့ တရုတ် အစီအစဉ်တွေကို ထောက်ပြပြီး အာကာသ စစ်ရေးစွမ်းရည်တွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားကြောင်း အရင်က ပြောဆိုခဲ့ဖူးပါတယ်။
သမ္မတထရမ့် အစိုးရကလည်း အာကာသအခြေပြု စွမ်းရည်တွေနဲ့ ကြားဖြတ်ဖျက်ဆီးနိုင်တဲ့ဒုံးကျည်စနစ်တွေဟာ အမေရိကန်ကို ဒုံးကျည်တွေနဲ့အခြား လေပေါ်က ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ စီစဉ်ထားတဲ့ “Golden Dome” ကာကွယ်ရေးစနစ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ပြောထားပါတယ်။
၁၉၆၇ ခုနှစ် စာချုပ်တစ်ရပ်အရ ကမ္ဘာပတ်လမ်းကြောင်းအတွင်း အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်တဲ့လက်နက်တွေ တပ်ဆင်တာကို တားမြစ်ထားပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ အမေရိကန်၊ ရုရှားနဲ့ တရုတ်အပါအဝင် အင်အားကြီးနိုင်ငံတွေဟာ စစ်ရေးဆက်သွယ်ရေး၊ ထောက်လှမ်းရေးနဲ့ လမ်းညွှန်စနစ်တွေအတွက် အရေးပါတဲ့ပြိုင်ဘက်နိုင်ငံတွေရဲ့ဂြိုဟ်တုတွေကို ပစ်မှတ်ထားနိုင်တဲ့နည်းလမ်းမျိုးလို စွမ်းရည်တွေကို စူးစမ်းလေ့လာနေကြပါတယ်။
သမ္မတထရမ့်ဟာ အမေရိကန်အာကာသတပ်ဖွဲ့(US Space Force)ရဲ့အခန်းကဏ္ဍဟာ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရုံသာမက တိုက်ခိုက်ရေးအင်အားတစ်ရပ်အဖြစ်ပါ ဆောင်ရွက်ရမယ်ဆိုတာကို အလေးပေးထားတဲ့အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
နှစ်ပေါင်း ၇၀ ကျော်အတွင်း အမေရိကန်စစ်တပ်ရဲ့တပ်ဖွဲ့ခွဲအသစ်ဖြစ်တဲ့ အာကာသတပ်ဖွဲ့ကို ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေးအတွက် အသုံးပြုနေတဲ့ ဂြိုဟ်တု ရာနဲ့ချီအပါအဝင် အမေရိကန်ရဲ့အာကာသပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
US Space Force ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ “အာကာသကို ထိန်းချုပ်နိုင်ရေးဆိုတာ အာကာသနယ်ပယ်ကို ယှဉ်ပြိုင်ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့မစ်ရှင်နယ်ပယ်တွေ အားလုံးကို ခြုံငုံပါတယ်။ လိုအပ်ရင် ရန်ဘက်ရဲ့စွမ်းရည်တွေကို အနှောင့်အယှက်ပေးတာ၊ အားနည်းစေတာ၊ ဒါမှမဟုတ် ဖျက်ဆီးတာအထိ ရုပ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းမဟုတ်တဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်” လို့ ပြောပါတယ်။
“ဒီစွမ်းရည်တွေကို စစ်ဆင်ရေး တာဝန်ခံဌာနတွေရဲ့ညွှန်ကြားချက်အတိုင်း ထိုးစစ်ရော ခံစစ်ရော ရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်ပါတယ်” လို့လည်း သူက ပြောပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလအစောပိုင်းမှာတော့ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ရုရှား ဂြိုဟ်တုနှစ်စင်းဟာ ဥရောပ ဂြိုဟ်တု အနည်းဆုံး ၁၂ စင်းရဲ့ ဆက်သွယ်မှုတွေကို ကြားဖြတ်ဖမ်းယူထားဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီကြားဖြတ်ဖမ်းယူမှုတွေကြောင့် ရုရှားထောက်လှမ်းရေးအဖွဲ့တွေဟာ ဂြိုဟ်တုတွေက ပို့လွှတ်နေတဲ့ အရေးကြီးအချက်အလက်တွေကို ဖတ်ရှုနိုင်ခဲ့သလို သီအိုရီအရတော့ ဂြိုဟ်တုတွေကို ထိန်းချုပ်နိုင်တဲ့ အခြေအနေအထိ ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာလည်း အမေရိကန်က ရုရှားဟာ တခြား ဂြိုဟ်တုတွေကို တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိနိုင်တဲ့ ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့တယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။ ရုရှားကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးခဲ့ပါဘူး။
US Space Force က တရုတ်ဟာ “စစ်ဘက် ခေတ်မီရေး မဟာဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အာကာသနဲ့ အာကာသတန်ပြန် စွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်” လို့ ပြောထားပါတယ်။
ရုရှားကတော့ “အာကာသကို စစ်ဆင်ရေးနယ်ပယ်တစ်ခုအဖြစ် ရှုမြင်ပြီး အနာဂတ် ပဋိပက္ခတွေမှာ အာကာသ အသာစီးရရှိမှုက အဆုံးအဖြတ်ပေးမယ့်အချက်ဖြစ်မယ်လို့ ယုံကြည်ထားတယ်” လို့ ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Supplied
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်ဂျာယန်ရွာမှာ ခန့်မှန်းအင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်(KIA) က ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က ဆယ်ချီ ကျဆုံးပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ဗန်းမော်ကနေ မန်ဂျယ်မြို့နယ်ကို ချီတက်လာချိန် KIA က ကြားဖြတ်တိုက်ခိုက်လို့ စက်တင်ဘာလ ၁၃ ရက်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့လည်း KIA ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီအရေအတွက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
KIA ဘက်ကတော့ တိုက်ပွဲကနေ စစ်သားအလောင်း ၁၀ လောင်းထက်မနည်းကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ မနေ့က ကမ္ဘနီရွာကို နယ်မြေရှင်းလင်းရေး လုပ်တဲ့ အခါ စစ်တပ်ဘက်က အလောင်း ၁၀ လောင်းကျော်တွေ့ရတယ်လို့ ပြောပါတယ်။ သုံ့ပန်းတွေလည်းမိတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အဲဒီနောက်မှာ စစ်တပ်စစ်ကြောင်းဟာ ကောင်ဂျာယန်ရွာအနီးက ကမ္ဘနီရွာကိုပြန်ဆုတ်သွားခဲ့ပြီး စက်တင်ဘာ ၁၄ ရက်မှာတော့ အဲဒီရွာကနေ ပါ စစ်တပ်က ပြန်ဆုတ်ခဲ့သွားခဲ့တယ်လို့ KIA က ပြောပါတယ်။
အဲဒီတိုက်ပွဲကနေ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သူက ပြောပေမဲ့ အရေအတွက် တိတိကျကျ မပြောနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။
စစ်တပ်က အဲဒီတိုက်ပွဲအတွင်း လေကြောင်း ပစ်ကူသုံးခဲ့တယ်လို့ KIA ဘက်က ပြောပြီး လက်ရှိမှာလည်း ဗန်းမော်မြို့နယ်ထဲမှာ စစ်တပ် နဲ့ KIA တို့ စစ်ရေးတင်းမာနေပါတယ်။
ဗန်းမော် - ရွှေကူမြို့ကြားက ဧရာဝတီမြစ်ကူးတံတား စင်းခန်းတံတားနဲ့ ဇင်းဘုံရွာမှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်နေပြီး ဧရာဝတီမြစ်ကြောင်း တလျှောက်စစ်တပ်ရေယာဉ်တွေကိုလည်း KIA က တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေက အစောပိုင်းကတည်းက ပြောပါတယ်။
ကောင်ဂျာယန်တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ စက်တင်ဘာ ၁၅ ရက်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Win Sein
မကြာသေးမီကပဲ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး ဖြစ်လာတဲ့ မစ္စတာ ဦးသော်ဆရာလမ်က စက်တင်ဘာ ၁၄ ရက်က ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်ကို သွားပြီး နယ်စပ်လုံခြုံရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တာချီလိတ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေထံကသိရပါတယ်။
အဲဒီအစည်းအဝေးကို တာချီလိတ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ.စ.စ)နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
တာချီလိတ် - မယ်ဆိုင် နယ်စပ်ဟာ နှစ်နိုင်ငံပြည်သူအကြား အချင်းများမှုတွေ မကြာခဏ ဖြစ်နေတဲ့နေရာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေမှာ ထိုင်းအာဏာပိုင်တွေက မြန်မာဘက်က လာတဲ့မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေကို ဖမ်းဆီးနေသလို၊ မြန်မာဘက်ခြမ်းကလည်း တာချီလိတ်မှာ တရားမဝင်ထိုင်းထီလာရောင်းတဲ့ထိုင်းနိုင်ငံသားတွေကို ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့လည်း နှစ်နိုင်ငံခရိုင်အဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူတွေအကြား ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရတဲ့အထိဖြစ်ခဲ့တယ်လို့ တာချီလိတ်မြို့ခံတွေက ပြောပါတယ်။
အခုတွေ့ဆုံမှုမှာတော့ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ လျှော့ချရေး၊ ရေကြီးရေလျှံမှုနဲ့ မီးခိုးမြူငွေ့ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြတယ်လို့ ဒေသတွင်း သတင်းဌာန ရှမ်းအရှေ့မဏ္ဍိုင်က ဖော်ပြပါတယ်။
နောက်ပြီး နယ်စပ်ကုန်သွယ်ရေး၊ နှစ်နိုင်ငံပြည်သူတွေ ချစ်ကြည်ရင်းနှီးရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးဘက်ကတော့ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဟာ စက်တင်ဘာလအတွက် အာရှ- ပစိဖိတ်ဒေသအုပ်စု (Asia-Pacific Group) အလှည့်ကျဥက္ကဋ္ဌတာ၀န်ကို ယူထားတာကြောင့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ရဲ့အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့သူရဲ့ရုံးကနေ သတင်းထုတ်ပြန်ပါတယ်။
မြန်မာဟာ နိုင်ငံပေါင်း ၅၀ ကျော်နဲ့စုဖွဲ့ထားတဲ့ အာရှ - ပစိဖိတ်ဒေသအုပ်စု အလှည့်ကျဥက္ကဋ္ဌ တာ၀န်ယူရတာဖြစ်လို့ ဦးကျော်မိုးထွန်းဟာ အထွေထွေညီလာခံမှာပြုလုပ်တဲ့ နော်ဝေဘုရင် ပဉ္စမမြောက် ဟာရဲလ်ဒ် နတ်ရွာစံ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောခဲ့တာလို့ ဆိုပါတယ်။
အဲဒီအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဦးကျော်မိုးထွန်းကတော့ နော်၀ေဘုရင်ကြီး သက်ရှိထင်ရှားရှိချိန်တုန်းက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ အပြန်အလှန်လေးစားရေးတို့အတွက် ကြိုးပမ်းချက်တွေဟာ အာရှ-ပစိဖိတ်ဒေသအုပ်စု နိုင်ငံတွေအနေနဲ့အလေးအနက် ဂုဏ်ပြုအောက်မေ့ဖွယ်ဖြစ်ခဲ့တယ်လို့ အဲဒီအခမ်းအနားမှာ ပြောပါတယ်။
ဦးကျော်မိုးထွန်းဟာ သမ္မတဦး၀င်းမြင့်အစိုးရလက်ထက်မှာ ခန့်အပ်ခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကိုယ်စားပြုတဲ့သံအမတ်အဖြစ် ဆက်ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာကို အတည်ပြုရေးအပိုင်းမှာ ဆိုင်းငံ့ထားခဲ့တာကြောင့် ဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ်ပဲ ဆက်ရှိနေပါတယ်။
လက်ရှိ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့နေပြည်တော်အစိုးရကတော့ ဦးကျော်မိုးထွန်းကို ရာထူးကနေ ထုတ်ပယ်ထားပြီးဖြစ်တယ်လို့ပြောပြီး သူ့ကို အမှုအသစ်တွေနဲ့ တရားစွဲထားတဲ့အကြောင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သတင်းထုတ်ထားပါတယ်။
အဲဒီအတွက် ဦးကျော်မိုးထွန်းကို ဖမ်းဆီးနိုင်ဖို့ အမေရိကန်အပါအ၀င် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)နဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ နေပြည်တော်က ပြောပါတယ်။
ကုလမှာ မြန်မာကို ကိုယ်စားပြုသူကို စိစစ်ရွေးချယ်မယ့် အရည်အချင်းစစ်ကော်မတီသစ်ကို အထွေထွေညီလာခံက ဖွဲ့ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ နေပြည်တော်ဘက်က အခုလို သတင်းထုတ်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာ့မီးရထား
နေပြည်တော်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ စပိန်ရထားလို့ ခေါ်ကြတဲ့ DEMU အမြန်ရထားတစ်စင်းဟာ ညောင်လေးပင်မြို့နယ်အရောက်မှာ လယ်ထွန်စက်တစ်စီးနဲ့ တိုက်မိလို့ လူနှစ်ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိအသင်းဆီကသိရှိရပါတယ်။
ဒီရထားဟာ စက်တင်ဘာ ၁၄ ရက်က ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာ နဲ့ ဒိုက်ဦးဘူတာအကြားရောက်တဲ့အချိန် ရထားလမ်းဖြတ်ကူးလာတဲ့ ထွန်စက်တစ်စီးနဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
“ ကုန်းပိတ်တဲ့ကလေးက မလွတ်ဘူးလို့ ပြောနေတဲ့ကြားထဲက ဖြတ်ကူးတာ။ ရထားလာတဲ့အချိန်မှာ တိုက်ကုန်တာ။ မောင်းတဲ့သူ နဲ့ ယာဉ်အကူ ဆုံးသွားတယ်” လို့ ပရဟိတအသင်းတာဝန်ရှိသူက ပြောပါတယ်။
ဒါဟာ DEMU အမြန်ရထားဖြတ်သန်းသွားချိန် ရထားလမ်းကို ဖြတ်ကူးလို့ သေဆုံးရတဲ့ ဒုတိယမြောက်ဖြစ်စဥ် ဖြစ်လာပါတယ်။
ဒီဖြစ်စဉ်မတိုင်မီ စက်တင်ဘာ ၁၃ ရက်ကလည်း ရန်ကုန်ကနေထွက်လာတဲ့ အမှတ် (၅) အဆန် DEMU အမြန်ရထားဟာ ရုတ်တရတ်ကူးလာတဲ့ ဘေးတွဲဆိုင်ကယ်တစ်စီးကို တိုက်မိလို့ သံဃာတစ်ပါး နဲ့ ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။
DEMU အမြန်ရထားတွေ ဖြတ်သန်းသွားတဲ့ တလျှောက်ဒေသတွေမှာ ရထားဖြတ်သန်းနိုင်တဲ့ အန္တရာယ်သတိပေးဆိုင်းဘုတ်တွေ ၊ မြင်သာတဲ့ အန္တရာယ်တွေကို ပုံတွေနဲ့စိုက်ထူးပြသထားတာလိုအသိပညာပေးမှုတွေလိုနေပြီဆိုတဲ့ပြောဆိုသံတွေလည်း ထွက်ပေါ်လာပါတယ်။
ဒါအပြင် မီးရထားဥပဒေတွေနဲ့ ပတ်သက်ပြီးလည်း လူထုက ရှင်းရှင်းလင်းလင်းသိထားရအောင်ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း အစောပိုင်းကတည်းက ဝေဖန်နေကြတာဖြစ်ပါတယ်။
အခုဒုတိယမြောက်ဖြစ်စဥ်မှာတော့ ရထားလမ်းဟာ အနီးနားက ရွာတွေ၊ ရပ်ကွက်တွေကို ဖြတ်သန်းကူးလူးသွားလာနိုင်တဲ့ တစ်ခုတည်းသောနေရာဖြစ်တယ်လို့ဆိုသလို အကာကွယ်အတားအဆီးတချို့လည်း မရှိနေတာကြောင့် အလွယ်တကူဖြတ်ကူးနေကြတာလို့ ပြောကြပါတယ်။
တိုက်ခံရတဲ့ ထွန်စက်ဟာ နှစ်ပိုင်းပြတ်သွားခဲ့ပြီး ရထားရဲ့ ရှေ့မျက်နှာစာလည်း ပျက်စီးမှုရှိခဲ့ပါတယ်။
မင်္ဂလာပါ။ စက်တင်ဘာ ၁၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။