ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အင်းစိန်မှာ ကလေးတွေကိုဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းသူ ထောင်နှစ် ၄၀ ကျ

အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျတဲ့သတင်းအပါအဝင် ဇူလိုင် ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့အရက်တိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးပြီး တယ်လီဂရန်မှာ ရောင်းချ ငွေကြေးအမြတ်ထုတ်ခဲ့သူကို ထောင်နှစ်ရှည်ချ
  • ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက မှန်ပင်ရွာက ဒေသခံ အယောက် ၃၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ဖမ်းဆီး၊ အမျိုးသမီး ၂ ဦးပြန်လွတ်လာ
  • မလေးရှားမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အယောက် ၅,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာဘက်က သဘောတူထားတယ်လို့ မလေးရှားပြော
  • ပုပ္ပါးတောင်ခြေအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ လူ ၁၁ ဦးပါတဲ့ ခရီးသွားအဖွဲ့ အပြင်ထွက်လည်ပြီး အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ
  • ဂျပန်က မြန်မာနဲ့ ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေကို လွှတ်ပေးနေပြီလား၊ မြန်မာက လူထုဘဝ တိုးတက်အောင်လုပ်ပေးနေလားဆိုတဲ့ အချက်တွေအပေါ် အခြေခံပြီး စဉ်းစားတယ်လို့ပြောလာ
  • တော်လှန်ရေး၊ နိုင်ငံရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ အထွေထွေသဘောတူညီချက်တွေပါဝင်တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်(CPA) ပထမ မူကြမ်းကို တော်လှန်ရေးအင်အားစု ၇ ခု လက်မှတ်ထိုး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၃၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၃၄ ဦးအထိ မြင့်တက်

    ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၄ ဦးအထိ မြင့်တက်လာတယ်လို့ ဂျပန်၀န်ကြီးချုပ် ဆာနာအဲ တာကာအိချိ က ဒီနေ့မှာ ပြောပါတယ်။

    ပြင်းအား ၆.၈ မဂ္ဂနီကျူရှိတဲ့ငလျင် ခူရှုကျွန်းမှာ အင်္ဂါနေ့တုန်းက လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ငလျင်အလွန် အပျက်အစီးပုံကြား အသက်ရှင်သန်မယ့်သူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေဆဲဖြစ်ပါတယ်။

    ငလျင်ကြောင့် စျေး၀ယ်စင်တာတစ်ခုရဲ့အဆောက်အဦ တစ်စိတ်တစ်ပိုင်း ပြိုကျပြီး အဲဒီနောက် တစ်နာရီခန့်အကြာမှာပဲ ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်လို့ လူအတော်များများ သေဆုံးခဲ့ပါတယ်။

    အခုတော့ ဒေသခံ ထောင်ချီဟာ ယာယီရွှေ့ပြောင်းခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရပြီး အပူပြင်းလွန်းလို့ အပူဒဏ် ဒုက္ခကိုလည်း ခံစားနေကြရပါတယ်။

    ဂျပန်မိုးလေ၀သဌာကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာလာမယ့်ရက်တွေအတွင်း အပူချိန် မြင့်တက်နိုင်တာကြောင့် ကူညီရေးအဖွဲ့တွေရဲ့ ရှာဖွေကယ်ဆယ်ရေးကို အပူဒဏ်နဲ့ချိန်ဆပြီး လုပ်ကိုင်ကြဖို့လည်း သတိပေးနေပါတယ်။

    ဗုဒ္ဓဟူးနေ့တုန်းကတော့ ဂျပန် ကာကွယ်ရေး၀န်ကြီးဟာ ငလျင်ဗဟိုချက် ကူမာမိုတိုစီရင်စုနယ်ကို လေအေးပေးစက် အခု ၃၀၀ အထိပေးဖို့ ကြေညာပြီး အဲဒီထဲက ၁၅၀ ကို ကယ်ဆယ်ရေးစခန်းတွေမှာ တပ်ဆင်ဖို့ ညွှန်ကြားထားပါတယ်။

    လက်ရှိမှာ ကယ်ဆယ်ရေးစခန်းကို ရောက်နေသူ လူ ၉၀၀၀ ခန့်ရှိပြီး အိမ် ၃၀၀၀၀ ကျော်ဟာ လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်ပါတယ်။

    အင်္ဂါနေ့ ညနေပိုင်းမှာ ငလျင်လှုပ်ပြီးကတည်းက နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ ခန့် လှုပ်ခတ်နေတာကြောင့် ဒေသခံတွေဟာ နောက်ဆက်တွဲ ငလျင်ကြီးမှာကို စိုးရိမ်ပြီး ကားတွေထဲမှာ ၀င်အိပ်နေကြရပါတယ်။

  3. ရန်ကုန်မှာ မိုးဆက်ကြီးနေလို့ လမ်းတွေရေလျှံ၊နေအိမ်တွေထဲအထိရေဝင်ရောက်နေ

    ရန်ကုန်မှာ မိုးဆက်ကြီးနေလို့ မြို့တွင်းနဲ့ မြို့ပြင် မြို့နယ် အများစုမှာ ရေကြီးရေလျှံမှုတွေနဲ့ နေအိမ်တွေထဲ ရေဝင်ရောက်နေတဲ့အထိ ဖြစ်နေတယ်လို့ မြို့ခံအသီးသီးက ဘီဘီစီကိုပြောလာပါတယ်။

    မနေ့က မရမ်းကုန်းမြို့နဲ့ အင်းစိန်မြို့နယ်တချို့နေရာ၊ မြို့တွင်းမြို့နယ်အချို့မှာသာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပေမဲ့ မနေ့ညပိုင်းက မြို့အနှံ့ ရွာသွန်းခဲ့တဲ့ မိုးရေချိန်နဲ့ ဒီကနေ့မနက်ပိုင်းဆက်ရွာနေတဲ့ မိုးအခြေအနေကြောင့် ဆင်ခြေဖုံးမြို့နယ်တွေအထိ ရေကြီးမှုတွေဖြစ်နေပါတယ်။

    ''တစ်မြို့လုံးနီးပါး‌ရေတက်နေတယ်။ ဒဂုံမြို့သစ်တောင်ပိုင်းဘက်၊ တောင်ဥက္ကလာဘက်ဆို မင်္ဂလာလမ်း စာတိုက်မှတ်တိုင်ကနေ ပဒေသာမီးပွိုင့်အထိ၊ မင်းဓမ္မလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း -သမိုင်းလမ်းဆုံ၊လှည်းတန်းဘက်ဆို ဗဟိုလမ်း တလျှောက်၊ လှိုင် ဘူတာရုံလမ်း ၊ စော်ဘွားကြီးကုန်း ဘက်တွေရေကြီးတယ်။ ရန်ကင်းတို့ သုဝဏ္ဏတို့ဘက်တွေလည်းရေကြီးနေတယ်'' လို့ ရန်ကုန်မြို့ခံ အငှားယာဥ်မောင်း တစ်ဦးက ပြောပါတယ်။

    မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း နေတယ်လို့ ဒီကနေ့ ညနေ ၄ နာရီအထိ တိုင်းထွာချက်ကို ကြေညာထားပါတယ်။

    မနက်ဖြန်မနက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်၊ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ကရင်၊ မွန်နဲ့ ရခိုင်တို့မှာ နေရာကွက်မိုးဆက်ကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

  4. ထိုင်း ယူကျူဘာ 'ဟာလွန်' သေဆုံးအကြောင်းရင်းကို ဂျော်ဂျီယာအာဏာပိုင်တွေ စတင်စုံစမ်းနေ

    သီတင်း ၂ ပတ်ကျော်ကြာအောင် ပျောက်ဆုံးနေတဲ့ ထိုင်းယူကျူဘာ ''ဟာလွန် ဆိုလို'' ရဲ့ရုပ်အလောင်းကို သူတည်းခိုတဲ့ ဂျော်ဂျီယာနိုင်ငံ၊ တီဘလီစီမြို့က ဟိုတယ်တစ်လုံးမှာ ပြန်လည်တွေ့ရှိပြီးတဲ့နောက် သေဆုံးရတဲ့အကြောင်းရင်းကို ဒေသန္တရရဲတပ်ဖွဲ့က စုံစမ်းနေပြီဖြစ်ပါတယ်။

    နာမည်ရင်း ဘဝန်ထက် ပန်ဆူလို့ ခေါ်တဲ့ အသက် ၂၇ နှစ်အရွယ် ဟာလွန်ဟာ ဂျော်ဂျီယာကို ခရီးသွားခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၁၃ ရက်ကတည်းက မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

    သူပျောက်ဆုံးနေတာကြောင့် သူ့အကြောင်း သတင်းကြားမိရင် မျှ၀ေဖို့ မိသားစုက ယူကျူဘာတွေ၊ ဂျော်ဂျီယာမှာရှိတဲ့ထိုင်းလူမျိုးတွေဆီ အစောပိုင်းမှာ အကူအညီတောင်းခဲ့ပါတယ်။

    ထိုင်းမီဒီယာတွေကတော့ ဟာလွန်ဟာ ဇူလိုင်လ ၁၃ ရက်မှာ တီဘလီစီမြို့က ဟိုတယ်တစ်လုံးမှာ စတင်တည်းခိုပြီး သူ့ရုပ်အလောင်းကို ဇူလိုင် ၁၉ ရက်မှာ ဟိုတယ်၀န်ထမ်းက တွေ့ခဲ့လို့ ရဲတပ်ဖွဲ့ကို ကြောင်းကြားခဲ့တာလို့ သတင်းဖော်ပြပါတယ်။

    ဂျော်ဂျီယာရောက် ထိုင်းနိုင်ငံသားတွေအတွက် ကောင်စစ်၀န် တာ၀န်ယူတဲ့ တူရကီနိုင်ငံ အန်ကာရာမြို့က ထိုင်းသံရုံးကလည်း ဟာလွန်ရဲ့ရုပ်အလောင်းကို တွေ့ပြီဖြစ်တဲ့အကြောင်း ထိုင်းမှာ ရှိတဲ့မိသားစုကို ဇူလိုင် ၃၀ ရက်မှာ အကြောင်းကြားပြီးပြီလို့ သိရပါတယ်။

    ဂျော်ဂျီယာအာဏာပိုင်တွေကတော့ ဟာလွန်သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းနေပြီလို့ ပြောသလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီစုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

    ဟာလွန်သေဆုံးမှုနဲ့ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက်ပေါ်မှာ ခန့်မှန်းပြောဆိုချက် အမျိုးမျိုး ရေးသားပြောဆိုနေကြပါတယ်။

    အန်ကာရာမြို့က ထိုင်းသံရုံးကတော့ ဟာလွန်ရဲ့အသုံးအဆောင်ပစ္စည်းတွေ အပျောက် အရှ မရှိဘူးဆိုတာကို ဒေသန္တရရဲတပ်ဖွဲ့က သံရုံးဝန်ထမ်းကို သတင်းပေးပို့ ထားတာကြောင့် ကျန်ရစ်သူမိသားစုကို စာနာလေးစားတဲ့အနေနဲ့ ဟာလွန်သေဆုံးမှုကို ခန့်မှန်းပြောဆို ရေးသားတာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

    ဟာလွန်ဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက ကာလာဆင်မြို့မှာ ချို့ချို့တဲ့တဲ့ကြီးပြင်းခဲ့သူဖြစ်ပြီး ဖခင်ကွယ်လွန်ခဲ့လို့ အဖွားဖြစ်သူက သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။

    အထက်တန်းအောင်အပြီးမှာ စက်ရုံအလုပ်သမားအဖြစ်လုပ်ခဲ့ရသူဖြစ်ပေမဲ့ ပညာတတ်ချင်တဲ့ဇွဲကြောင့် ချူလာလာလောင်ကွန်း တက္ကသိုလ်မှာ ပညာသင်ဆုရပြီး နိုင်ငံရေးသိပ္ပံ အထူးပြုနဲ့ ဘွဲ့ရပါတယ်။

    တက္ကသိုလ်ပြီးတဲ့နောက်မှာ ခရီးသွားတာကို အသက်မွေး၀မ်းကျောင်းအလုပ်အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ပြီး ခက်ခက်ခဲခဲငွေစုကာ နိုင်ငံပေါင်း ၅၀ ကျော်ကို ကျောပိုးအိတ်လွယ်၊ တစ်ကိုယ်တော် ခရီးသည်အဖြစ် ရုပ်သံတွေ ဖန်တီးလို့ ယူကျူမှာ ကြည့်ရှုသူ သန်းချီရှိခဲ့ပါတယ်။

  5. လေးနှစ်အကြာပြန်လာတဲ့ Spider-Man နဲ့ ဇန်ဒေးယာ၊ တွမ် ဟော်လန်တို့စုံတွဲ

    ဟောလိဝုဒ်ရဲ့ နာမည်ကျော် စုံတွဲ တွမ် ဟော်လန်နဲ့ ဇန်ဒေးယာတို့ဟာ အခုနှစ်နွေရာသီတစ်လျှောက်လုံး အသစ်ထွက် ရုပ်ရှင်မြှင့်တင်ပွဲတွေရဲ့ကော်ဇောနီ လျှောက်လမ်းပေါ်မှာ လူအများရဲ့ အာရုံစိုက်မှုကို ဆက်တိုက်ရရှိနေခဲ့ပါတယ်။

    အခုလည်း လန်ဒန်မြို့မှာ ကျင်းပတဲ့သူတို့ရဲ့နောက်ဆုံးထွက်ရုပ်ရှင် Spider-Man: Brand New Day အထူးပြသပွဲကို တက်ရောက်ချိန်မှာတော့ ကမ္ဘာ့နာမည်အကြီးဆုံး လူငယ်သရုပ်ဆောင်နှစ်ဦးကို ခဏလေးဖြစ်ဖြစ် မြင်တွေ့ခွင့်ရဖို့ ပရိသတ်အများအပြား လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

    မကြာသေးခင်က လက်ထပ်ခဲ့တဲ့ဒီစုံတွဲဟာ ဒီနှစ်အတွင်း အလုပ်များနေခဲ့ပြီး လက်ရှိမှာ ရုံတင်နေတဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ ရုပ်ရှင်ကားကြီး The Odyssey မှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။

    ဘီဘီစီက “ခင်ပွန်းနဲ့အတူ အလုပ်လုပ်တဲ့အခါ အဆင်ပြေစေဖို့ အကြံပေးချင်တာရှိလား” လို့ မေးမြန်းရာမှာတော့ ဇန်ဒေးယာက "အရင်းနှီးဆုံးလူတွေဖြစ်နေကြတဲ့အခါ အတူအလုပ်လုပ်ရတာက တော်တော်လွယ်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  6. တော်လှန်ရေးအင်အားစု ၇ ခုရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း ထွက်လာ

    တော်လှန်ရေး၊ နိုင်ငံရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ အထွေထွေသဘောတူညီချက်တွေပါဝင်တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်(CPA) ပထမ မူကြမ်းကို တော်လှန်ရေးအင်အားစု ၇ ခုက အတည်ပြု လက်မှတ်ထိုးလိုက်ကြပါတယ်။

    CPA ပထမ မူကြမ်းအတည်ပြုနိုင်ပြီဆိုတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဒီနေ့ ပြုလုပ်တဲ့ အခမ်းအနားမှာ ထုတ်ပြန်တာဖြစ်ပါတယ်။

    ဒီပထမမူကြမ်းထွက်လာရေးအတွက် ပြင်ဆင်ချိန် ၂ နှစ်ကျော်ကြာခဲ့ပြီး နောက်ထပ်တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ဒီမူကြမ်းဘုံသဘောတူညီချက်ကို လက်ခံ ပါဝင်လာကြဖို့ ထပ်ပြီးဖိတ်ခေါ်တယ်လို့ NUCC အဖွဲ့ဝင် ကိုမိုဃ်းသွေးက ပြောပါတယ်။

    အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဒီနေ့ မနက်ပိုင်းမှာပဲ သဘောတူညီခဲ့တဲ့ ၇ ဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

    CPA မူကြမ်းမှာ NUCC၊ NUG အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်(SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ(SFUIG)၊ မန္တလေးဒေသလွှတ်တော်(MRH) နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC) တို့ လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်။

    မူကြမ်းကို သဘောတူညီတဲ့ အဖွဲ့တွေထဲ မကွေးဖက်ဒရယ်ယူနစ်အပါအဝင် မြေပြင်မှာ တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့ မပါဝင်သေးတာကို တွေ့ရပါတယ်။

    ကိုမိုဃ်းသွေးကတော့ “စစ်ရေးနိုင်ငံရေးမတူညီဘဲ စစ်ရေးပြင်းထန်နေတဲ့ နယ်ပယ်တွေမှာရှိတဲ့ နိုင်ငံရေးဦးဆောင်တဲ့အဖွဲ့တွေအနေနဲ့ ဒီပထမမူကြမ်း သဘောတူညီမှု အချိန်မီ မပါဝင်နိုင်တာဖြစ်နိုင်ပါတယ်”လို့ ဘီဘီစီကို ပြောပါတယ်။

    မူကြမ်းထဲမှာ တော်လှန်ရေးအင်အားစုအချင်းချင်းဖြစ်ပွားတဲ့ အမြင်မတူညီတာတွေကို တွေ့ဆုံ‌ဆွေးနွေးတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းဖို့ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။

    ပြီးခဲ့တဲ့ နှစ်တွေအတွင်း မကွေးအပါအဝင် စစ်ကိုင်းတိုင်းထဲက နေရာတချို့မှာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ အချင်းချင်း ပစ်ခတ်၊ စီးနင်း၊ ဖမ်းဆီးချုပ်နှောင်တဲ့ဖြစ်စဉ် ၁၀ ခုအထိ ရှိခဲ့ပါတယ်။

    မကွေးထဲက ပေါက်နဲ့ မြိုင်မှာလည်း ရေနံမှော်တွေနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးနဲ့ အခွန်ကောက်ခံမှုစတဲ့ပြဿနာတွေကြောင့် မကွေးဖက်ဒရယ် လက်အောက်ခံတပ်နဲ့ NUG တပ်တွေကြား အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။

    အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လမှာပဲ စစ်ကိုင်း၊ မုံရွာခရိုင်ထဲက တော်လှန်ရေးတပ်အချင်းချင်း စီးနင်းတိုက်ခိုက်မှုဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒေသခံတချို့လည်း ထိခိုက်သေဆုံးတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

    ကိုမိုဃ်းသွေးကတော့ ဒီမူကြမ်းကနေ “နိုင်ငံ‌ရေးဦးဆောင်မှုတွေနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ပိုစည်းလုံးညီညွတ်ပြီး တစ်စုတစ်စည်းတည်းဖြစ်လာမယ်လို့ ယုံကြည်တယ်”လို့ ပြောပါတယ်။

    NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလကတော့ CPA ဟာ ပထမမူကြမ်းအဆင့်ဖြစ်ပေမဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ဘုံနိုင်ငံရေးရပ်တည်ချက်ကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ အခမ်းအနားကတဆင့် ထုတ်ပြောထားပါတယ်။

  7. မြန်မာနဲ့ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု၊ လူထုဘဝတိုးတက်မှုတွေနဲ့ အခြေခံသုံးသပ်တယ်လို့ ဂျပန်ပြော

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေပြီလား၊ မြန်မာ့လူထုဘဝ တိုးတက်အောင် လုပ်ထားပေးပြီးပြီလားဆိုတဲ့ နိုင်ငံရေးတိုးတက်မှုတွေကို အခြေခံပြီး မြန်မာနဲ့ဆက်ဆံရေးကို စဥ်းစားသုံးသပ်တဲ့အကြောင်း ဂျပန်နိုင်ငံဘက်က ပြောလာပါတယ်။

    မြန်မာနဲ့ဆက်ဆံရေးကို အရင်က ရှိထားပြီးသားပုံစံအတိုင်း ပြန်ထားတော့မှာလားဆိုတဲ့သတင်းထောက်တစ်ဦးရဲ့မေးခွန်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂီ တာရှိမိဇုက ဇူလိုင် ၂၈ ရက် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

    ‘‘အကြမ်းဖက်မှုချက်ချင်း လျှော့ချတာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးတာ၊ သက်ဆိုင်ရာပါ၀င်ပတ်သက်သူတွေအားလုံးပါ၀င်တဲ့စစ်မှန်တဲ့တွေ့ဆုံပြောဆိုမှု ထွက်ပေါ်လာတာမျိုးလို နိုင်ငံရေးတိုးတက်မှုတွေ အားထုတ်မှုတွေ ရှိနေပြီလားဆိုတဲ့ အချက်တွေနဲ့ ချိန်ထိုးကြည့်ပါတယ်’’ လို့ ၀န်ကြီးက ပြောပါတယ်။

    မြန်မာက အခြေအနေတွေ တိုးတက်မှုရှိအောင် ဂျပန်ဘက်ကတော့ ဆက်ပြီး အားထုတ်သွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

    ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ မြန်မာနဲ့ဆက်ဆံရေး မြှင့်တင်ခဲ့တဲ့ဂျပန်နိုင်ငံဟာ မြန်မာစစ်တပ်ရဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်နဲ့ဆက်ဆံရေးကို တဖြည်းဖြည်းပြန်ခွာခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီယိုမာရုယာမရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်သက်တမ်း ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ပြီးဆုံးတဲ့အခါ ဂျပန်ဟာ သံအမတ်အသစ်တစ်ဦးကို ပြန်လည် ခန့်အပ်ခဲ့တာ မရှိပါဘူး။

    လက်ရှိအချိန်အထိ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးနေရာမှာ ယာယီသံရုံးတာဝန်ခံကိုပဲ အကြီးဆုံးသံတမန်အဖြစ် ဆက်ထားဆဲဖြစ်ပါတယ်။

    နေပြည်တော်ဘက်ကတော့ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တယ်လို့ဆိုပြီး ရန်ကုန်မှာပြုလုပ်တဲ့ ဂျပန် - မြန်မာ စီးပွားရေးဖိုရမ်မှာ ဦးမင်းအောင်လှိုင်က ပြောသွားပါတယ်။

    ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်နာမည်နဲ့ကျင်းပတဲ့ အဲဒီအခမ်းအနားကို ဂျပန်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာဆိုင်ရာဂျပန်သံရုံးတာဝန်ရှိသူတွေ တက်ရောက်တာ မတွေ့ရပါဘူး။

    အဲဒီဖိုရမ်ကို ဂျပန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ NGO တစ်ခုဖြစ်တဲ့ Ingo PEACE နဲ့ မြန်မာကုန်သည်/စီးပွားရေးလုပ်ငန်းရှင်များအသင်း(UMFCCI)၊ သီလဝါအထူးစီးပွားရေးဇုန်က တွဲဖက်စီစဥ်ခဲ့တာလို့ နားလည်ရပါတယ်။

  8. ပုပ္ပါးဟိုတယ်တစ်ခုက ခရီးသည် ၁၁ ယောက်အဖွဲ့ အပြင်ထွက်သွားပြီးနောက် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ လူ ၁၁ ဦးပါတဲ့ ခရီးသွားအဖွဲ့ဟာ ဟိုတယ်ကနေ ထွက်သွားပြီးတဲ့နောက် ဒီနေ့ မွန်းလွဲပိုင်းအထိ ပြန်ရောက်မလာဘဲ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို့ ဟိုတယ်ဘက်က အပြောအရ သိရှိရပါတယ်။

    လက်ရှိမှာ ဇူလိုင် ၂၇ ရက်ကတည်းက အဆက်အသွယ်ပြတ်နေတဲ့ ဒီခရီးသည် ၁၁ ယောက်အဖွဲ့ဟာ ရန်ကုန်ကနေ ပုပ္ပါးကို လာရောက်လည်ပတ်ကြတာလို့ သိရှိရပြီး ဟိုတယ်ကနေ ထွက်ခွာ Check - out မလုပ်သေးတာကြောင့် သူတို့ရဲ့ ပစ္စည်းတွေလည်း အခန်းတွေထဲမှာရှိနေသေးတယ်လို့ ဆိုပါတယ်။

    “ သူတို့ တည်းနေကြတယ်၊ တစ်ဖွဲ့လုံး ထွက်လည်ကြပြီး ဟိုတယ်ကို ဒီနေ့ အထိ ပြန်မရောက်လာတာ” လို့ ဟိုတယ်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    တစ်ဖက်မှာလည်း ဒီခရီးသွားတွေဟာ ဟိုတယ်ကနေ ထွက်ခွာပြီးတဲ့နောက် လမ်းပိုင်းတစ်နေရာမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်‌ဆောင်မှုကို ခံထားရတယ်ဆိုတဲ့ သတင်းတွေလည်း ကျောက်ပန်းတောင်း အခြေစိုက်တော်လှန်ရေးအင်အားစုတချို့ကြားမှာ ပြောဆိုချက်တွေရှိပါတယ်။

    မြေပြင်သတင်းရင်းမြစ်တစ်ဦးကတော့ ဟိုတယ်ကနေ အထွက် လမ်းပိုင်း ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်း တစ်နေရာမှာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးတာဖြစ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ဟိုတယ်ကနေ မိုင်အနည်းငယ်အကွာမှာ အဲဒီလမ်းပိုင်းနဲ့ ဗျတ္တပန်းဆက်လမ်းဆုံတဲ့ လမ်းဆုံတစ်ခုရှိပြီး ပုဂံကို ဘုရားဖူးလာတဲ့ သူတချို့ဟာ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းတကြောမှာ ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးတာကြောင့်လို့ သူကရှင်းပြပါတယ်။

    ပုပ္ပါးဒေသမှာ အခုနှစ်အတွင်း ခရီးသွားအချို့ အခုလိုပုံစံမျိုး အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ဖြစ်စဉ် ၃ ခုထက်မနည်းရှိခဲ့ဖူးတာ၊ ၁၁ ယောက်အဖွဲ့လည်း ဒီနေ့ မွန်းလွဲပိုင်းအထိ အဆက်အသွယ် မရသေးတာတွေကြောင့် လမ်းခရီးမှာ ဖမ်းဆီးမှုကြုံရတာ ဖြစ်နိုင်ခြေမြင့်တယ်လို့ သူက ပြောပါတယ်။

    ပုပ္ပါးနဲ့ ညောင်ဦးဒေသမှာ လှုပ်ရှားနေတဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုကလည်း ဟိုတယ်က ထွက်လာတဲ့အဲဒီခရီးသွားအဖွဲ့တစ်ဖွဲ့ ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကို သိရှိထားတယ်လို့ ပြောပေမဲ့ ဘယ်အဖွဲ့က ဖမ်းဆီးတာလဲဆိုတာကိုတော့ သူတို့ အတည်မပြုနိုင်တဲ့အကြောင်း ပြောပါတယ်။

    လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့ပုပ္ပါးဒေသတဝိုက် MPT ဖုန်းလိုင်းတွေပြတ်တောက်နေပြီး တခြားအော်ပရေတာ ဖုန်းလိုင်းတွေလည်း ဆက်သွယ်ရေး လိုင်းချခံထားရတဲ့အခြေအနေလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    ပုပ္ပါးဒေသမှာ အခုအဆက်အသွယ် ပြတ်တောက်နေ ပျောက်ဆုံးနေတဲ့ ခရီးသည် ၁၁ ယောက်အဖွဲ့သတင်းနဲ့ ပတ်သက်ပြီး နေပြည်တော် အာဏာပိုင်တွေဘက်က ဒီနေ့ ဇူလိုင် ၃၀ ရက် နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ပုဂံ၊ ညောင်ဦးနဲ့ ပုပ္ပါးဒေသမှာ အခုနှစ်အတွင်း ပြည်တွင်း ခရီးသွားအချို့ လက်နက်ကိုင်အချို့ရဲ့ထိန်းသိမ်းခံရပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာတင် ပြန်ပေးဆွဲခံရမှု ၂ ခုအထိရှိခဲ့တယ်လို့ ကာယကံရှင်တွေနဲ့ နီးစပ်သူတွေနဲ့ အခြေအနေသိရှိသူတွေက အစောပိုင်းမှာ ပြောထားပါတယ်။

    ပုဂံမှာဖြစ်တဲ့ ပြန်ပေးဆွဲမှုတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပါဝင်ပတ်သက်တယ်လို့ဆိုတဲ့စွပ်စွဲချက်တွေကို ပုဂံနဲ့ညောင်ဦးက ပြည်သူ့ကာကွယ်ရေးတပ်တွေက အစောပိုင်း ကတည်းက ငြင်းဆိုထားပါတယ်။

  9. ရိုဟင်ဂျာ ၅,၀၀၀ ကိုပြန်ခေါ်ဖို့ နေပြည်တော် သဘောတူထားတယ်လို့ မလေးရှားပြော

    မလေးရှားမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အယောက် ၅,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာဘက်က သဘောတူထားတယ်လို့ဆိုပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကပြောတဲ့အကြောင်း မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

    ဝန်ကြီးချုပ်ဟာ ဇူလိုင် ၂၉ ရက်တုန်းက နဂရီ ဆမ်ဘီလမ်ပြည်နယ်မှာ ပြုလုပ်တဲ့ ဒေသန္တရရွေးကောက်ပွဲအတွက် လူထုတွေ့ဆုံပွဲမှာ အခုလို ထုတ်ပြောခဲ့တာလို့ ဆိုပါတယ်။

    “အခုဆို ကျွန်တော်တို့ မြန်မာနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပြီဖြစ်ပါတယ်။ လူ ၅,၀၀၀ ကို ပထမအသုတ်အနေနဲ့ ပြန်ခေါ်ဖို့ သူတို့(မြန်မာ)ဘက်က သဘောတူထားပြီးဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ်ကပြောတယ်ဆိုပြီး သတင်းတွေကဖော်ပြပါတယ်။

    မလေးရှားဝန်ကြီးချုပ်က နိုင်ငံထဲက ဒုက္ခသည်ပြဿနာတွေကို ရေရှည်ဖြေရှင်းနိုင်ရေး မြန်မာနဲ့ ဆက်ဆွေးနွေးသွားမယ်လို့လည်း ထပ်ပြောထားပါတယ်။

    ဒါပေမဲ့ ဒီရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို ဘယ်အချိန် ဘယ်လိုပြန်လွှဲမလဲဆိုတာကိုတော့ ဝန်ကြီးချုပ်က အသေးစိတ်မပြောသွားဘူးလို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

    အလားတူ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာက ရိုဟင်ဂျာဒုက္ခသည် ၃၀၀,၀၀၀ ခန့်ကိုလည်း ပြန်လက်ခံဖို့ နေပြည်တော်က သဘောတူထားတယ်လို့ မစ္စတာ အီဘရာဟင်က ပြောပြီး ပြန်ပို့မယ့်အစီအစဉ်အသေးစိတ်ကိုတော့ သူထုတ်ပြောတာမရှိပါဘူး။

    ရိုဟင်ဂျာထောင်ချီကို ပြန်ခေါ်မယ်ဆိုပြီး မလေးရှားဘက်က ထုတ်ပြောလာတာနဲ့ ပတ်သက်လို့ ဘီဘီစီက နေပြည်တော်ကို မှတ်ချက်တောင်းထားပါတယ်။

    ဝန်ကြီးချုပ် အခုလို ထုတ်မပြောခင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ မလေးရှားနိုင်ငံမြောက်ပိုင်း ပီနန်ပြည်နယ်ထဲက ရွာတစ်ခုမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ဦးရေ ၁၀၀ ကျော်ကို ဒေသခံတွေက နှင်ထုတ်တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ မလေးရှားရောက် မြန်မာဒုက္ခသည်တွေအရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

    နှင်ထုတ်ခံလိုက်ရတဲ့အဲဒီဒုက္ခသည်တွေဟာ မြို့တော် ကွာလာလမ်ပူမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်ဆီ(UN) ရုံး‌ရှေ့မှာ စုရုံးခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။

    နောက် အဲဒီဒုက္ခသည်တွေကို မလေးရှားအာဏာပိုင်တွေက ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပီနန်က နောက်ထပ်ယာယီဒုက္ခသည်စခန်းတချို့ဆီကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

    လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကတော့ မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ နီးပါးကို ပြန်ခေါ်ဖို့ မြန်မာဘက်က သဘောတူထားတယ်ဆိုတဲ့ မလေးရှားရဲ့ကြေညာချက်ကို စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။

    APHR အမတ်တွေ ထောက်ပြတာကတော့ ရခိုင်မှာ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ၂၀၁၇ ခုနှစ်တုန်းက နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ စစ်တပ်ကပဲ အခု မလေးရှားက ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ့်အချက်၊ ရခိုင်မှာဖြစ်နေတဲ့ပဋိပက္ခ အခြေအနေတွေကို ထောက်ပြပြီး ဒီဒုက္ခသည်တွေအတွက် လုံခြုံဘေးကင်းရေးကို စိုးရိမ်ကြောင်း ထောက်ပြပါတယ်။

  10. ခန္တီးမှာ လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေအပါ လူ ၃၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ဖမ်းဆီး

    စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက မှန်ပင်ရွာမှာ နေထိုင်တဲ့ဒေသခံအယောက် ၃၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က မနေ့ ဇူလိုင် ၂၉ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

    ‘‘မနေ့ ည ၉ နာရီလောက်မှာ ဖမ်းသွားတာ။ အမျိုးသမီး ၄ ယောက်ပါ သွားတယ် တစ်ယောက်က ကိုယ်ဝန်ဆောင် အမျိုးသမီး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အမျိုးသမီး ၄ ဦးကလွဲရင် ကျန်တဲ့လူတွေက သက်ငယ်နဲ့ သက်လတ်ပိုင်း အမျိုးသားတွေဖြစ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

    ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာတော့ ဖမ်းသွားတဲ့အယောက် ၃၀ ‌ကျော်ထဲက ရောဂါရှိတဲ့ အမျိုးသမီး ၁ ဦးနဲ့ ကိုယ်ဝန်ဆောင် တစ်ဦး စုစုပေါင်း ၂ ဦး တို့ကို ဖမ်းတဲ့အဖွဲ့ဘက်က ပြန်လွှတ်ပေးလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “မျက်စိပိတ်ပြီး ဖမ်းခေါ်သွားတာမို့လို့ သူတို့လည်း ဘယ်နေရာကို ခေါ်သွားတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာတွေ မသိရဘူး။ စစ်မေးတဲ့အချိန် ကိုယ်ဝန်ဆောင်နဲ့ ရောဂါ သည်ဖြစ်နေလို့ လွှတ်ပေးတယ်လို့ပဲ သိရတယ်” လို့ သူက ပြန်လွတ်လာသူ ၂ ဦး ဆီကနေ သိထားရတဲ့အချက်ကို ရှင်းပြပါတယ်။

    အဖမ်းခံလိုက်ရတဲ့သူအများစုဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေမျောလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေလို့ သူက ဆိုပါတယ်။

    ဖမ်းဆီးမှုကို Eastern Naga Defence Army (ENDA)က လုပ်ဆောင်တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီအဖွဲ့ဟာ သီးခြားရပ်တည်နေတဲ့ဒေသတွင်း နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    ဖမ်းဆီးတဲ့အဖွဲ့ ဟုတ် မဟုတ်ဆိုတာကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက ENDA အဖွဲ့ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

    ခန္တီးမြို့နယ်ထဲက ‌ဒေသခံတစ်ဦးကတော့ မြို့နယ်ထဲက ရွာတချို့မှာ လူငယ်နဲ့ လူလတ်ပိုင်းတွေ ဖမ်းဆီးခံရတာဟာ မကြာခဏဖြစ်လာတယ်လို့ ထုတ်ပြောပါတယ်။

    “ဘယ်အဖွဲ့ကဖမ်းမှန်း မသိရဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အများကြီးပဲ” လို့ သူကဆိုပါတယ်။

    ခန္တီးမြို့ပေါ်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်ထဲမှာတော့ ကချင်လွတ်လပ် ရေးတပ်(KIA)၊ ရှမ်းနီတပ်(SNA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့တော်လှန်ရေးတပ်တွေအပြင် ဒေသတွင်းတပ်တချို့ ဖြန့်ကြက်လှုပ်ရှားနေကြတာဖြစ်ပါတယ်။

    မြန်မာစစ်တပ်ကတော့ ခန္တီးမြို့နယ်ထဲက ဒေသခံတွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းအထိ တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။

    အသိပေးပြင်ဆင်ချက်- အခုသတင်းပါ ဒေသခံများကို ဖမ်းဆီးခေါ် ဆောင်သွားတယ်ဆိုတဲ့ တပ်ဖွဲ့နဲ့ ခန္တီး(ပကဖ)နဲ့သက်ဆိုင်ခြင်း မရှိပါသဖြင့် မူလက သုံးစွဲခဲ့တဲ့ ခန္တီး(ပကဖ)ရဲ့ ဓာတ်ပုံကို ပြန်လည်ဖယ်ရှားထားပါတယ်။

  11. ''ဘာမှ မကျန်တော့ဘူး'' - အာသံပြည်နယ်က အဆိုးရွားဆုံးရေကြီးမှု

    အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ် ဂျောဟက်မြို့မှာ ဇူလိုင်လ ၁၉ ရက်နေ့က မိုးတွေ ရွာနေတာကို အသက် ၁၈ နှစ်အရွယ် ဆလီး ပက်ထရို သူ့အိမ်ထဲကနေ လှမ်းကြည့်နေခဲ့ပါတယ်။ သူ့ဘဝ အပြောင်းလဲကြီး ပြောင်းလဲသွားတော့မယ်ဆိုတာကိုတော့ သူမသိခဲ့ပါဘူး။

    နေ့လယ်ခင်းလောက်ရောက်တော့ မိုးတွေ ရွာချနေတဲ့အသံနဲ့အတူ လူတွေ အော်ဟစ်နေတာကို သူရုတ်တရက် ကြားလိုက်ရပါတယ်။

    "မိနစ်ပိုင်းအတွင်း ဒူးလောက်နက်တဲ့ရေတွေ အိမ်ထဲဝင်လာခဲ့တယ်" လို့ သူက ပြန်ပြောပြပါတယ်။

    သက်ကြီးရွယ်အို မိဘနှစ်ပါးနဲ့ မောင်ငယ်လေးကို ကုန်းမြင့်ပိုင်းနေရာဆီကို ပက်ထရို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ အိမ်ထဲက ပစ္စည်းတချို့ကို ရေတွေ မစိုအောင် ဖယ်ထုတ်ဖို့ အိမ်ကို ပြန်လာခဲ့ပါတယ်။ ရေတွေကြားကနေ မနည်း အတင်းရုန်းပြီး ပြန်ရောက်လာချိန်မှာတော့ သူတို့ရဲ့အိမ် ရေထဲ မျောပါသွားခဲ့ပါပြီ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  12. အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ

    ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က အမျိုးသားတစ်ဦးဟာ ကလေးငယ်တွေကို အသိစိတ်မဲ့‌အောင် ဆေးနဲ့ ဆန်အရက် ရောတိုက်ပြီး လိင်တူဆက်ဆံခိုင်းစေပြီးနောက် ဗီဒီယိုရိုက်ကူး ရောင်းချခဲ့တဲ့အတွက် လူကုန်ကူးအမြတ်ထုတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ နေပြည်တော်က နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    ထောင်ဒဏ်ချမှတ်ခံရသူဟာ ကိုမျိုးမင်းထွန်းဆိုသူဖြစ်ပြီး သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက် တာလို့လည်း ဆိုပါတယ်။

    နေပြည်တော် ထုတ်ပြန်ချက်အရ အဲဒီအမျိုးသားဟာ ကလေးငယ်တွေကို အသိစိတ်မဲ့အောင်လုပ်ပြီး လိင်တူဆက်ဆံခိုင်းခဲ့ပြီး ဗီဒီယိုတွေကို တယ်လီဂရန်မှာ‌ ငွေကြေးနဲ့ရောင်းချခဲ့တာ ပြစ်မှုထင်ရှားတာကြောင့်လို့ ဆိုပါတယ်။

    ဒါကြောင့် ကိုမျိုးမင်းထွန်းကို အင်းစိန်မြို့မရဲစခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ် ၃၅ အောက်က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး အမှုတစ်ခုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စုစုပေါင်းနှစ် ၄၀ ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ထုတ်ပြန်ချက်မှာတော့ စုံစမ်းချက်အရ တရားခံအမျိုးသားက သူနဲ့ နီးစပ်တဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကို စိတ်ငြိမ်ဆေး ၁၀ လုံး ဆန်အရက်တို့ကို အားဆေးနဲ့ အချိုရည်လို့လိမ်ညာပြီး တိုက်ခဲ့တယ်လို့ဆိုပါတယ်။

    နောက် ကလေးငယ်တစ်ဦးကို တရားခံ ကိုမျိုးမင်းထွန်းက လိင်တူဆက်ဆံခဲ့ပြီး နောက် ကလေးငယ် ၂ ဦးကိုလည်း အချင်းချင်း လိင်တူဆက်ဆံခိုင်းခဲ့သလို အဲဒီအခြေအနေတွေကိုလည်း ဗီဒီယိုရိုက်ကူးထားခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက် မဖွယ်မရာမြင်ကွင်းတွေပါတဲ့ဗီဒီယိုတွေကို တယ်လီဂရန်ချန်နယ်တည်ဆောက်ပြီး အဖွဲ့ဝင်တွေဆီက အဖွဲ့ဝင်ကြေးကောက်ခံပြီးတဲ့နောက် ဗီဒီယိုတွေကို ရောင်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဟာ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အမျိုးသားနဲ့ သိကျွမ်းကြသူတွေဖြစ်ပြီး အဲဒီအမျိုးသားအိမ်ကို ကျောင်းပိတ်ရက်တွေမှာ သွားရောက်လည်ပတ်ဖူးကြသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

  13. မင်္ဂလာပါ။ ဇူလိုင် ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။