တိုက်ရိုက်ထုတ်လွှင့်မှု, အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ

အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျတဲ့သတင်းအပါအဝင် ဇူလိုင် ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့အရက်တိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးပြီး တယ်လီဂရန်မှာ ရောင်းချ ငွေကြေးအမြတ်ထုတ်ခဲ့သူကို ထောင်နှစ်ရှည်ချ
  • ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက မှန်ပင်ရွာက ဒေသခံ အယောက် ၃၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ဖမ်းဆီး၊ အမျိုးသမီး ၂ ဦးပြန်လွတ်လာ
  • မလေးရှားမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အယောက် ၅,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာဘက်က သဘောတူထားတယ်လို့ မလေးရှားပြော
  • ပုပ္ပါးတောင်ခြေအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ လူ ၁၁ ဦးပါတဲ့ ခရီးသွားအဖွဲ့ အပြင်ထွက်လည်ပြီး အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပုပ္ပါးဟိုတယ်တစ်ခုက ခရီးသည် ၁၁ ယောက်အဖွဲ့ အပြင်ထွက်သွားပြီးနောက် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ

    ပုပ္ပါး‌တောင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပုပ္ပါး‌တောင် (ပုံဟောင်း)

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ လူ ၁၁ ဦးပါတဲ့ ခရီးသွားအဖွဲ့ဟာ မနေ့ ဇူလိုင် ၂၉ ရက်မှာ ဟိုတယ်ကနေ ထွက်သွားပြီးတဲ့နောက် ဒီနေ့ မွန်းလွဲပိုင်းအထိ ပြန်ရောက်မလာဘဲ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို့ ဟိုတယ်ဘက်က အပြောအရ သိရှိရပါတယ်။

    လက်ရှိမှာ အဆက်အသွယ်ပြတ်နေတဲ့ ဒီခရီးသည် ၁၁ ယောက်အဖွဲ့ဟာ ရန်ကုန်ကနေ ပုပ္ပါးကို လာရောက်လည်ပတ်ကြတာလို့ သိရှိရပြီး ဟိုတယ်ကနေ ထွက်ခွာ Check - out မလုပ်သေးတာကြောင့် သူတို့ရဲ့ ပစ္စည်းတွေလည်း အခန်းတွေထဲမှာရှိနေသေးတယ်လို့ ဆိုပါတယ်။

    “ သူတို့ တည်းနေကြတယ်၊ မနေ့က တစ်ဖွဲ့လုံး ထွက်လည်ကြပြီး ဟိုတယ်ကို ဒီနေ့ အထိ ပြန်မရောက်လာတာ” လို့ ဟိုတယ်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    တစ်ဖက်မှာလည်း ဒီခရီးသွားတွေဟာ ဟိုတယ်ကနေ ထွက်ခွာပြီးတဲ့နောက် လမ်းပိုင်းတစ်နေရာမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်‌ဆောင်မှုကို ခံထားရတယ်ဆိုတဲ့ သတင်းတွေလည်း ကျောက်ပန်းတောင်း အခြေစိုက်တော်လှန်ရေးအင်အားစုတချို့ကြားမှာ ပြောဆိုချက်တွေရှိပါတယ်။

    မြေပြင်သတင်းရင်းမြစ်တစ်ဦးကတော့ ဟိုတယ်ကနေ အထွက် လမ်းပိုင်း ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်း တစ်နေရာမှာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးတာဖြစ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ဟိုတယ်ကနေ မိုင်အနည်းငယ်အကွာမှာ အဲဒီလမ်းပိုင်းနဲ့ ဗျတ္တပန်းဆက်လမ်းဆုံတဲ့ လမ်းဆုံတစ်ခုရှိပြီး ပုဂံကို ဘုရားဖူးလာတဲ့ သူတချို့ဟာ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းတကြောမှာ ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးတာကြောင့်လို့ သူကရှင်းပြပါတယ်။

    ပုပ္ပါးဒေသမှာ အခုနှစ်အတွင်း ခရီးသွားအချို့ အခုလိုပုံစံမျိုး အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ဖြစ်စဉ် ၃ ခုထက်မနည်းရှိခဲ့ဖူးတာ၊ ၁၁ ယောက်အဖွဲ့လည်း ဒီနေ့ မွန်းလွဲပိုင်းအထိ အဆက်အသွယ် မရသေးတာတွေကြောင့် လမ်းခရီးမှာ ဖမ်းဆီးမှုကြုံရတာ ဖြစ်နိုင်ခြေမြင့်တယ်လို့ သူက ပြောပါတယ်။

    ပုပ္ပါးနဲ့ ညောင်ဦးဒေသမှာ လှုပ်ရှားနေတဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုကလည်း ဟိုတယ်က ထွက်လာတဲ့အဲဒီခရီးသွားအဖွဲ့တစ်ဖွဲ့ ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကို သိရှိထားတယ်လို့ ပြောပေမဲ့ ဘယ်အဖွဲ့က ဖမ်းဆီးတာလဲဆိုတာကိုတော့ သူတို့ အတည်မပြုနိုင်တဲ့အကြောင်း ပြောပါတယ်။

    လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့ပုပ္ပါးဒေသတဝိုက် MPT ဖုန်းလိုင်းတွေပြတ်တောက်နေပြီး တခြားအော်ပရေတာ ဖုန်းလိုင်းတွေလည်း ဆက်သွယ်ရေး လိုင်းချခံထားရတဲ့အခြေအနေလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    ပုပ္ပါးဒေသမှာ အခုအဆက်အသွယ် ပြတ်တောက်နေ ပျောက်ဆုံးနေတဲ့ ခရီးသည် ၁၁ ယောက်အဖွဲ့သတင်းနဲ့ ပတ်သက်ပြီး နေပြည်တော် အာဏာပိုင်တွေဘက်က ဒီနေ့ ဇူလိုင် ၃၀ ရက် နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ပုဂံ၊ ညောင်ဦးနဲ့ ပုပ္ပါးဒေသမှာ အခုနှစ်အတွင်း ပြည်တွင်း ခရီးသွားအချို့ လက်နက်ကိုင်အချို့ရဲ့ထိန်းသိမ်းခံရပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာတင် ပြန်ပေးဆွဲခံရမှု ၂ ခုအထိရှိခဲ့တယ်လို့ ကာယကံရှင်တွေနဲ့ နီးစပ်သူတွေနဲ့ အခြေအနေသိရှိသူတွေက အစောပိုင်းမှာ ပြောထားပါတယ်။

    ပုဂံမှာဖြစ်တဲ့ ပြန်ပေးဆွဲမှုတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပါဝင်ပတ်သက်တယ်လို့ဆိုတဲ့စွပ်စွဲချက်တွေကို ပုဂံနဲ့ညောင်ဦးက ပြည်သူ့ကာကွယ်ရေးတပ်တွေက အစောပိုင်း ကတည်းက ငြင်းဆိုထားပါတယ်။

  2. ရိုဟင်ဂျာ ၅,၀၀၀ ကိုပြန်ခေါ်ဖို့ နေပြည်တော် သဘောတူထားတယ်လို့ မလေးရှားပြော

    မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Anwar IbraPejabat Perdana Menteri Malaysia

    ဓာတ်ပုံ ပုံစာ, မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် (ပုံဟောင်း)

    မလေးရှားမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အယောက် ၅,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာဘက်က သဘောတူထားတယ်လို့ဆိုပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကပြောတဲ့အကြောင်း မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

    ဝန်ကြီးချုပ်ဟာ ဇူလိုင် ၂၉ ရက်တုန်းက နဂရီ ဆမ်ဘီလမ်ပြည်နယ်မှာ ပြုလုပ်တဲ့ ဒေသန္တရရွေးကောက်ပွဲအတွက် လူထုတွေ့ဆုံပွဲမှာ အခုလို ထုတ်ပြောခဲ့တာလို့ ဆိုပါတယ်။

    “အခုဆို ကျွန်တော်တို့ မြန်မာနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပြီဖြစ်ပါတယ်။ လူ ၅,၀၀၀ ကို ပထမအသုတ်အနေနဲ့ ပြန်ခေါ်ဖို့ သူတို့(မြန်မာ)ဘက်က သဘောတူထားပြီးဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ်ကပြောတယ်ဆိုပြီး သတင်းတွေကဖော်ပြပါတယ်။

    မလေးရှားဝန်ကြီးချုပ်က နိုင်ငံထဲက ဒုက္ခသည်ပြဿနာတွေကို ရေရှည်ဖြေရှင်းနိုင်ရေး မြန်မာနဲ့ ဆက်ဆွေးနွေးသွားမယ်လို့လည်း ထပ်ပြောထားပါတယ်။

    ဒါပေမဲ့ ဒီရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို ဘယ်အချိန် ဘယ်လိုပြန်လွှဲမလဲဆိုတာကိုတော့ ဝန်ကြီးချုပ်က အသေးစိတ်မပြောသွားဘူးလို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

    အလားတူ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာက ရိုဟင်ဂျာဒုက္ခသည် ၃၀၀,၀၀၀ ခန့်ကိုလည်း ပြန်လက်ခံဖို့ နေပြည်တော်က သဘောတူထားတယ်လို့ မစ္စတာ အီဘရာဟင်က ပြောပြီး ပြန်ပို့မယ့်အစီအစဉ်အသေးစိတ်ကိုတော့ သူထုတ်ပြောတာမရှိပါဘူး။

    ရိုဟင်ဂျာထောင်ချီကို ပြန်ခေါ်မယ်ဆိုပြီး မလေးရှားဘက်က ထုတ်ပြောလာတာနဲ့ ပတ်သက်လို့ ဘီဘီစီက နေပြည်တော်ကို မှတ်ချက်တောင်းထားပါတယ်။

    ဝန်ကြီးချုပ် အခုလို ထုတ်မပြောခင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ မလေးရှားနိုင်ငံမြောက်ပိုင်း ပီနန်ပြည်နယ်ထဲက ရွာတစ်ခုမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ဦးရေ ၁၀၀ ကျော်ကို ဒေသခံတွေက နှင်ထုတ်တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ မလေးရှားရောက် မြန်မာဒုက္ခသည်တွေအရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

    နှင်ထုတ်ခံလိုက်ရတဲ့အဲဒီဒုက္ခသည်တွေဟာ မြို့တော် ကွာလာလမ်ပူမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်ဆီ(UN) ရုံး‌ရှေ့မှာ စုရုံးခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။

    နောက် အဲဒီဒုက္ခသည်တွေကို မလေးရှားအာဏာပိုင်တွေက ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပီနန်က နောက်ထပ်ယာယီဒုက္ခသည်စခန်းတချို့ဆီကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

    လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကတော့ မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ နီးပါးကို ပြန်ခေါ်ဖို့ မြန်မာဘက်က သဘောတူထားတယ်ဆိုတဲ့ မလေးရှားရဲ့ကြေညာချက်ကို စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။

    APHR အမတ်တွေ ထောက်ပြတာကတော့ ရခိုင်မှာ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ၂၀၁၇ ခုနှစ်တုန်းက နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ စစ်တပ်ကပဲ အခု မလေးရှားက ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ့်အချက်၊ ရခိုင်မှာဖြစ်နေတဲ့ပဋိပက္ခ အခြေအနေတွေကို ထောက်ပြပြီး ဒီဒုက္ခသည်တွေအတွက် လုံခြုံဘေးကင်းရေးကို စိုးရိမ်ကြောင်း ထောက်ပြပါတယ်။

  3. ခန္တီးမှာ လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေအပါ လူ ၃၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ဖမ်းဆီး

    ခန္တီးမြို့ ချင်းတွင်းမြစ်ကမ်းတစ်နေရာ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Myanmar Digital News

    ဓာတ်ပုံ ပုံစာ, ခန္တီးမြို့ ချင်းတွင်းမြစ်ကမ်းတစ်နေရာ (ပုံဟောင်း)

    စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက မှန်ပင်ရွာမှာ နေထိုင်တဲ့ဒေသခံအယောက် ၃၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က မနေ့ ဇူလိုင် ၂၉ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

    ‘‘မနေ့ ည ၉ နာရီလောက်မှာ ဖမ်းသွားတာ။ အမျိုးသမီး ၄ ယောက်ပါ သွားတယ် တစ်ယောက်က ကိုယ်ဝန်ဆောင် အမျိုးသမီး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အမျိုးသမီး ၄ ဦးကလွဲရင် ကျန်တဲ့လူတွေက သက်ငယ်နဲ့ သက်လတ်ပိုင်း အမျိုးသားတွေဖြစ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

    ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာတော့ ဖမ်းသွားတဲ့အယောက် ၃၀ ‌ကျော်ထဲက ရောဂါရှိတဲ့ အမျိုးသမီး ၁ ဦးနဲ့ ကိုယ်ဝန်ဆောင် တစ်ဦး စုစုပေါင်း ၂ ဦး တို့ကို ဖမ်းတဲ့အဖွဲ့ဘက်က ပြန်လွှတ်ပေးလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “မျက်စိပိတ်ပြီး ဖမ်းခေါ်သွားတာမို့လို့ သူတို့လည်း ဘယ်နေရာကို ခေါ်သွားတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာတွေ မသိရဘူး။ စစ်မေးတဲ့အချိန် ကိုယ်ဝန်ဆောင်နဲ့ ရောဂါ သည်ဖြစ်နေလို့ လွှတ်ပေးတယ်လို့ပဲ သိရတယ်” လို့ သူက ပြန်လွတ်လာသူ ၂ ဦး ဆီကနေ သိထားရတဲ့အချက်ကို ရှင်းပြပါတယ်။

    အဖမ်းခံလိုက်ရတဲ့သူအများစုဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေမျောလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေလို့ သူက ဆိုပါတယ်။

    ဖမ်းဆီးမှုကို Eastern Naga Defence Army (ENDA)က လုပ်ဆောင်တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီအဖွဲ့ဟာ သီးခြားရပ်တည်နေတဲ့ဒေသတွင်း နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    ဖမ်းဆီးတဲ့အဖွဲ့ ဟုတ် မဟုတ်ဆိုတာကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက ENDA အဖွဲ့ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

    ခန္တီးမြို့နယ်ထဲက ‌ဒေသခံတစ်ဦးကတော့ မြို့နယ်ထဲက ရွာတချို့မှာ လူငယ်နဲ့ လူလတ်ပိုင်းတွေ ဖမ်းဆီးခံရတာဟာ မကြာခဏဖြစ်လာတယ်လို့ ထုတ်ပြောပါတယ်။

    “ဘယ်အဖွဲ့ကဖမ်းမှန်း မသိရဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အများကြီးပဲ” လို့ သူကဆိုပါတယ်။

    ခန္တီးမြို့ပေါ်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်ထဲမှာတော့ ကချင်လွတ်လပ် ရေးတပ်(KIA)၊ ရှမ်းနီတပ်(SNA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့တော်လှန်ရေးတပ်တွေအပြင် ဒေသတွင်းတပ်တချို့ ဖြန့်ကြက်လှုပ်ရှားနေကြတာဖြစ်ပါတယ်။

    မြန်မာစစ်တပ်ကတော့ ခန္တီးမြို့နယ်ထဲက ဒေသခံတွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းအထိ တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။

    အသိပေးပြင်ဆင်ချက်- အခုသတင်းပါ ဒေသခံများကို ဖမ်းဆီးခေါ် ဆောင်သွားတယ်ဆိုတဲ့ တပ်ဖွဲ့နဲ့ ခန္တီး(ပကဖ)နဲ့သက်ဆိုင်ခြင်း မရှိပါသဖြင့် မူလက သုံးစွဲခဲ့တဲ့ ခန္တီး(ပကဖ)ရဲ့ ဓာတ်ပုံကို ပြန်လည်ဖယ်ရှားထားပါတယ်။

  4. ''ဘာမှ မကျန်တော့ဘူး'' - အာသံပြည်နယ်က အဆိုးရွားဆုံးရေကြီးမှု

    အာသံက ရေကြီးမှု မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ် ဂျောဟက်မြို့မှာ ဇူလိုင်လ ၁၉ ရက်နေ့က မိုးတွေ ရွာနေတာကို အသက် ၁၈ နှစ်အရွယ် ဆလီး ပက်ထရို သူ့အိမ်ထဲကနေ လှမ်းကြည့်နေခဲ့ပါတယ်။ သူ့ဘဝ အပြောင်းလဲကြီး ပြောင်းလဲသွားတော့မယ်ဆိုတာကိုတော့ သူမသိခဲ့ပါဘူး။

    နေ့လယ်ခင်းလောက်ရောက်တော့ မိုးတွေ ရွာချနေတဲ့အသံနဲ့အတူ လူတွေ အော်ဟစ်နေတာကို သူရုတ်တရက် ကြားလိုက်ရပါတယ်။

    "မိနစ်ပိုင်းအတွင်း ဒူးလောက်နက်တဲ့ရေတွေ အိမ်ထဲဝင်လာခဲ့တယ်" လို့ သူက ပြန်ပြောပြပါတယ်။

    သက်ကြီးရွယ်အို မိဘနှစ်ပါးနဲ့ မောင်ငယ်လေးကို ကုန်းမြင့်ပိုင်းနေရာဆီကို ပက်ထရို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ အိမ်ထဲက ပစ္စည်းတချို့ကို ရေတွေ မစိုအောင် ဖယ်ထုတ်ဖို့ အိမ်ကို ပြန်လာခဲ့ပါတယ်။ ရေတွေကြားကနေ မနည်း အတင်းရုန်းပြီး ပြန်ရောက်လာချိန်မှာတော့ သူတို့ရဲ့အိမ် ရေထဲ မျောပါသွားခဲ့ပါပြီ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  5. အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ

    အနောက်ပိုင်းခရိုင် တရားရုံးထဲကနေ ထွက်လာတဲ့ ရဲတပ်ဖွဲ့ အချုပ်ကားတစ်စီး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က အမျိုးသားတစ်ဦးဟာ ကလေးငယ်တွေကို အသိစိတ်မဲ့‌အောင် ဆေးနဲ့ ဆန်အရက် ရောတိုက်ပြီး လိင်တူဆက်ဆံခိုင်းစေပြီးနောက် ဗီဒီယိုရိုက်ကူး ရောင်းချခဲ့တဲ့အတွက် လူကုန်ကူးအမြတ်ထုတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ နေပြည်တော်က နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    ထောင်ဒဏ်ချမှတ်ခံရသူဟာ ကိုမျိုးမင်းထွန်းဆိုသူဖြစ်ပြီး သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက် တာလို့လည်း ဆိုပါတယ်။

    နေပြည်တော် ထုတ်ပြန်ချက်အရ အဲဒီအမျိုးသားဟာ ကလေးငယ်တွေကို အသိစိတ်မဲ့အောင်လုပ်ပြီး လိင်တူဆက်ဆံခိုင်းခဲ့ပြီး ဗီဒီယိုတွေကို တယ်လီဂရန်မှာ‌ ငွေကြေးနဲ့ရောင်းချခဲ့တာ ပြစ်မှုထင်ရှားတာကြောင့်လို့ ဆိုပါတယ်။

    ဒါကြောင့် ကိုမျိုးမင်းထွန်းကို အင်းစိန်မြို့မရဲစခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ် ၃၅ အောက်က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး အမှုတစ်ခုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စုစုပေါင်းနှစ် ၄၀ ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ထုတ်ပြန်ချက်မှာတော့ စုံစမ်းချက်အရ တရားခံအမျိုးသားက သူနဲ့ နီးစပ်တဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကို စိတ်ငြိမ်ဆေး ၁၀ လုံး ဆန်အရက်တို့ကို အားဆေးနဲ့ အချိုရည်လို့လိမ်ညာပြီး တိုက်ခဲ့တယ်လို့ဆိုပါတယ်။

    နောက် ကလေးငယ်တစ်ဦးကို တရားခံ ကိုမျိုးမင်းထွန်းက လိင်တူဆက်ဆံခဲ့ပြီး နောက် ကလေးငယ် ၂ ဦးကိုလည်း အချင်းချင်း လိင်တူဆက်ဆံခိုင်းခဲ့သလို အဲဒီအခြေအနေတွေကိုလည်း ဗီဒီယိုရိုက်ကူးထားခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက် မဖွယ်မရာမြင်ကွင်းတွေပါတဲ့ဗီဒီယိုတွေကို တယ်လီဂရန်ချန်နယ်တည်ဆောက်ပြီး အဖွဲ့ဝင်တွေဆီက အဖွဲ့ဝင်ကြေးကောက်ခံပြီးတဲ့နောက် ဗီဒီယိုတွေကို ရောင်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဟာ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အမျိုးသားနဲ့ သိကျွမ်းကြသူတွေဖြစ်ပြီး အဲဒီအမျိုးသားအိမ်ကို ကျောင်းပိတ်ရက်တွေမှာ သွားရောက်လည်ပတ်ဖူးကြသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

  6. မင်္ဂလာပါ။ ဇူလိုင် ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။