ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အိန္ဒိယက ပါကစ္စတန်နဲ့ ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းကို လေကြောင်း တိုက်ခိုက်

ပါကစ္စတန်နိုင်ငံတွင်းနဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသက အကြမ်းဖက်သမားတွေရဲ့ အဆောက်အဦကို ပစ်မှတ်ထားပြီး နေရာ ၉ နေရာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ထားပြီးတဲ့နောက် နှစ်နိုင်ငံကြားက နောက်ဆုံးရအခြေအနေတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ပါကစ္စတန်နိုင်ငံတွင်းနဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသက နေရာ ၉ ခုကို အိန္ဒိယတိုက်ခိုက်ခဲ့
  • "ဆင်ဒူးစစ်ဆင်ရေး" လို့ အမည်ပေးထားတဲ့ အခုတိုက်ခိုက်မှုကို အသေအချာပြင်ဆင်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ကြောင်း အိန္ဒိယပြော
  • ကက်ရှ်မီးယားမှာ ဘာကြောင့် မငြိမ်သက်မှုတွေ ဖြစ်နေလဲ
  • ပါကစ္စတန်ဘက်ကို မြစ်ရေတွေ မစီးဆင်းအောင် အိန္ဒိယက လုပ်နိုင်လား
  • ''အိန္ဒိယ တိုက်လေယာဥ် ၅ စင်းကို ပစ်ချခဲ့တယ်'' လို့ ပါကစ္စတန်စစ်တပ် ပြောခွင့်ရက ရိုက်တာသတင်းဌာနကို မျှတဲ့ ရုပ်သံမှာ ထည့်ပြောပါတယ်။ အိန္ဒိယဘက်ကတော့ မှတ်ချက်တစုံတရာ မထုတ်လာသေးပါဘူး
  • အိန္ဒိယနဲ့ ပါကစ္စတန်ကြားက အခြေအနေကို အနီးကပ်စောင့်ကြည်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြောလာပြီး အခြေအနေ မဆိုးအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ အိန္ဒိယနဲ့ ပါကစ္စတန်ကို တရုတ်ဘက်ကလည်း တိုက်တွန်းလိုက်ပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အကြမ်းဖက်မှုကို ကမ္ဘာကသည်းမခံကြောင်းပြသဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြော

    ကမ္ဘာကြီးအနေနဲ့ ဘယ်လိုအကြမ်းဖက်မျိုးကိုမှ သည်းမခံကြောင်းပြသရမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက သူရဲ့ X ဆိုရှယ်မီဒီယာအကောင့် က တဆင့် ပြောကြားလာပါတယ်။

    “ဆင်ဒူး စစ်ဆင်ရေး” ဆိုတဲ့စကားလုံးနဲ့အတူ ဓါတ်ပုံပါပူးတွဲပြီးတင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေး အမည်ကို အသုံးပြုပြီး ပါကစ္စတန်အပေါ် မေ ၇ ရက် ဗုဒ္ဓဟူးနေ့ မှာ အိန္ဒိယဘက်က ပါကစ္စတန်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။

    နောက်ခံအမဲရောင်ရှိတဲ့ ဓါတ်ပုံအပေါ်မှာ “ဆင်ဒူး စစ်ဆင်ရေး” ဆိုတဲ့စကားလုံးကို အဖြူရောင်နဲ့ ရေးသားထားတာပါ။ ဆင်ဒူးဆိုတာက အိမ်ထောင်ရှင်အိန္ဒိယအမျိုးသမီးတွေ နဖူးထိပ်ဆံဖျားနေရာမှာချယ်သကြတဲ့တောက်ပတဲ့အနီရောင်အမှုန့်အပြည့်ထည့်ထားတဲ့ လုံးဝန်းတဲ့ အိုးပုံစံမျိုးဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လက အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသထဲက အပန်းဖြေစခန်းတစ်ခုမှာ လာရောက်နားနေသူတွေကို သေနတ်သမားတွေက ပစ်ခတ်လို့ ဟိန္ဒူအများစုပါဝင်တဲ့ လူ ၂၆ ဦး အသက်ဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို ပါကစ္စတန်က ထောက်ခံအားပေးနေတဲ့ အကြမ်းဖက်သမားတွေက လုပ်ခဲ့တာလို့ အိန္ဒိယအစိုးရက စွပ်စွဲထားပါတယ်။

    အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးရဲ့ ပို့စ်က ရုပ်ပုံရဲ့ဖော်ပြချက်က အဲဒီဒေသမှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသွားကြရပြီး မုဆိုးမဖြစ်သွားကြသူ အမျိုးသမီးတွေကို ရည်ညွှန်းထားတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှု အတွင်းအမျိုးသား ၂၆ ဦးအထိ သေဆုံးခဲ့ပါတယ်။

  2. " ကျွန်တော်တို့ အိန္ဒိယကို လက်တုံ့ပြန်မှာ သေချာပါတယ်''

    အိန္ဒိယက ''ကျွန်တော်တို့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်လုပ်ဆောင်သွားပြီ'' လို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

    “ဒီတိုက်ခိုက်မှုဟာ တရားမျှတမှုမရှိသလို လုံးဝကို စုံလုံကန်း ကျူးကျော်တဲ့ ရန်စမှုတစ်ခုပါ” ပါလို့ ပါကစ္စတန်စစ်တပ်ပြောခွင့်ရသူကဆိုပါတယ်။

    " ကျွန်တော်တို့ အိန္ဒိယကို လက်တုံ့ပြန်မှာ သေချာပါတယ်။ အဲဒီ တုံ့ပြန်မှုက မြေပြင်နဲ့ ဝေဟင်မှာဖြစ်မှာပါ'' လို့ သူကဆက်ပြောပါတယ်။

    နောက်ဆက်တွဲသတင်းတွေအရ အရပ်သား ၈ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အစ်ဟက်ဒါက ပြောပါတယ်။ အိန္ဒိယကတော့ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးသေးပါဘူး။

  3. ပါကစ္စတန်စစ်တပ် က အိန္ဒိယ ဂျက် ၂ စင်းနဲ့ ဒရုန်း ၁ စီးကို ပစ်ချခဲ့တယ်လို့ပြော

    ပါကစ္စတန်စစ်တပ်က အိန္ဒိယရဲ့ ဂျက်လေယာဉ်နှစ်စင်းနဲ့ ဒရုန်းတစ်စီးတို့ကို ပြန်လည်ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်ရဲ့ အဲဒီပြောဆိုချက်ကို အိန္ဒိယက မှတ်ချက်မပေသေးသလို ဘီဘီစီကလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

    ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရ်ှမီးယားရှိ မူဇာဖာရာဘက်ဒေသမှာ နေထိုင်နေကြသူတွေကက ကြီးမားတဲ့ ပေါက်ကွဲမှုကိုကြုံခဲ့ကြတယ် လို့ အစ္စလာမာဘတ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

    တချိန်တည်းမှာပဲ အိန္ဒိယ အုပ်ချုပ်နေတဲ့ ကက်ရ်ှမီးယားဘက်ခြမ်းက ဒေသခံတွေကလည်း နယ်စပ်ထိန်းချုပ်ရေးမျဉ်းနားက နေရာတော်တော်များများမှာ ပေါက်ကွဲမှုတွေ ကြားခဲ့ရတယ်လို့ ပြောပါတယ်။

  4. ပါကစ္စတန်ဘက်ကို မြစ်ရေတွေ မစီးဆင်းအောင် အိန္ဒိယက လုပ်နိုင်လား

    အိန္ဒုမြစ်နဲ့ သူ့ မြစ်လက်တက် ၂ ခုကို ပါကစ္စတန်ဘက် မစီးဆင်းအောင် အိန္ဒိယက လုပ်ဆောင်နိုင်ပါလား။

    အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ဧပြီ ၂၃ ရက်က ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် နှစ်နိုင်ငံကြား အိန္ဒုမြစ်ဝှမ်းအတွင်း မျှဝေသုံးစွဲနေကြတဲ့ မြစ်ကြောင်း ၆ ခုနဲ့ ပတ်သက်တဲ့ အဓိက စာချုပ်တခုကို အိန္ဒိက ဆိုင်းငံ့လိုက်တဲ့အတွက် အထက်ပါ မေးခွန်းက ပေါ်လာပါတယ်။

    နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား စစ်ပွဲ နှစ်ပွဲ ဖြစ်ခဲ့ပေမဲ့ ၁၉၆၀ အိန္ဒုမြစ်ရေ စာချုပ် (Indus Waters Treaty - IWT) က ရှင်သန်ခဲ့တာမို့ ဒီစာချုပ်ကို နယ်စပ်ဖြတ်ကျော် မြစ်ရေစီမံမှုရဲ့ ဥပမာ တခုအဖြစ် တင်စားခဲ့ကြပါတယ်။

    အပြည့်အစုံကို ဒီလင်ခ့် မှာ ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  5. “ဆင်ဒူးစစ်ဆင်ရေး” အမည်နဲ့ အိန္ဒိယရဲ့ ပါကစ္စတန်ကို တိုက်ခိုက်မှု

    ပါကစ္စတန်နိုင်ငံတွင်းနဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသက အကြမ်းဖက်သမားတွေ ရှိတဲ့ အဆောက်အဦတွေကို ပစ်မှတ်ထားပြီး နေရာ ကိုးနေရာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အိန္ဒိယအစိုးရဘက်က ထုတ်ပြန်ပါတယ်။

    “ဆင်ဒူးစစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ အခုတိုက်ခိုက်မှုကို အသေအချာပြင်ဆင်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ကြောင်းနဲ့ ပါကစ္စတန်စစ်တပ်ကို ပစ်မှတ်ထားတာမျိုးမလုပ်ခဲ့ဘူးလို့ လည်း ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

    ဒုံးကျည်နဲ့တိုက်ခိုက်မှု ဖြစ်အပြီးမှာ ပါကစ္စတန်စစ်တပ်ပြောခွင့်ရကတော့ ဒါဟာ အိန္ဒိယရဲ့ လေပိုင်နက်ထဲကနေ တိုက်ခိုက်ခဲ့တဲ့ ရှက်စဖွယ် သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ပြောပြီး ပါကစ္စတန်ဘက်ကလည်း သင့်တော်တဲ့အချိန်မှာ သင့်တော်သလို လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

  6. သတင်းထူး, အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု နောက်ဆုံးရစုစည်းချက်

    • ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရ်ှမီးယားဘက်ခြမ်းက နေရာ ၉ ခုကို မေ ၇ ရက် အစောပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယအစိုးရက တရားဝင်ထုတ်ပြောပါတယ်။
    • ပါကစ္စတန်စစ်တပ်ဘက်ကတော့ နေရာ ၃ ခု တိုက်ခိုက်ခံခဲ့ရပြီး ကလေး၂ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
    • ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရ်ှမီးယား မှာရှိတဲ့ မူဇာဖာရာဘက် မှာ နေထိုင်သူတွေက ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် သူတို့လန့်နိုးခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။
    • ပြီးခဲ့တဲ့လက အိန္ဒိယဘက်ခြမ်းက ကက်ရှ်မီးယားမှာ ကမ္ဘာလှည့်ခရီးသည်တွေ အသေအပျောက်ဖြစ်စေခဲ့တဲ့ တိုက်ခိုက်ခံရမှုနောက်မှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေး သိသိသာသာတင်းမာမှုတွေရှိလာတာပါ။
    • ဘီဘီစီရဲ့ နိုင်ငံတကာရေးရာ အယ်ဒီတာ ဂျရမီဘိုဝင်ကတော့ နှစ်ဖက်လုံးရဲ့ လောင်းကြေးထပ်မှုတွေကိုသိပြီး အခုဖြစ်လာတဲ့ အခြေအနေတွေကြောင့် နှစ်နိုင်ငံကြားမှာ သံတမန်ရေးရာဆက်ဆံရေးကို အရှိန်မြှင့်တွန်းအားပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
    • အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်မှာ ဆယ်စုနှစ်များစွာကြာ ပုန်ကန်မှုတွေဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
    • ကက်ရှ်မီးယားကို ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးက တောင်းဆိုနေကြတာဖြစ်ပါတယ်။
  7. အိန္ဒိယ နှစ်ခြမ်းကွဲခဲ့ရတဲ့ နောက်ခံအကြောင်းနဲ့ အကျိုးဆက်

    ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်မှာ ဗြိတိသျှအင်ပါယာက အဲဒီအချိန်က ဗြိတိသျှအိန္ဒိယကို လွတ်လပ်ရေးခဲ့အပြီးမှာ အိန္ဒိယနဲ့ ပါကစ္စတန် (အရှေ့ ပါကစ္စတန်က ၁၉၇၀ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာခဲ့ပါတယ်) နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။

    ဗြိတိသျှအိန္ဒိယ လွတ်လပ်ရေးရခဲ့တာဟာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မှာ ၇၅ နှစ်ပြည့်မှာဖြစ်ပြီး အခုလို နှစ်ခြမ်းကွဲပြီးနောက်ပိုင်း အကျိုးဆက်တွေကို အောက်ပိုင်းအတိုင်း သုံးသပ်ကြည့်နိုင်ပါတယ်။

    အပြည့်အစုံကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  8. ‘’ မင်္ဂလာပါ။ မေ ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု နောက်ဆုံးရစုစည်းချက်သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။