ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဘိုင်ဒန် ခန့်ခဲ့တဲ့ လူ ၁၀၀၀ ကျော်ကို အလုပ်ဖြုတ်ဖို့ စနေပြီလို့ သမ္မတ ထရမ့်ပြော

ဘိုင်ဒန် ခန့်ခဲ့တဲ့ လူ ၁၀၀၀ ကျော်ကို အလုပ်ဖြုတ်ဖို့ စနေပြီလို့ သမ္မတ ထရမ့်ပြော၊ တောင်ကိုရီးယားမှာ အခြေစိုက်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို နှုတ်ဆက်ရင်း ကင်ဂျုံအွန်း အကြောင်းကိုလည်း သမ္မတ ထရမ့်က မေးမြန်း၊ အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ ပြစ်ဒဏ်ကျနေသူတွေကို ထရမ့် လွတ်ငြိမ်းပေးတာအပြင် သမ္မတ တာဝန်ထမ်းဆောင်တဲ့ ပထမနေ့မှာပဲ အမိန်တွေ ကြေညာချက်တွေကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဒီသတင်းနောက်ဆုံးရအပါအဝင် နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဒေါ်နယ်ထရမ့်ဟာ ၄၇ ဆက်မြောက် အမေရိကန်သမ္မတ အဖြစ်တာဝန်စတင်ယူပြီဖြစ်ပါတယ်။
  • ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ဆက်နွှယ်နေသူ ၁၆၀၀ လောက်ကိုလည်း ထရမ့်က လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်
  • အဲဒီထဲက လက်ဝဲစွန်း Proud Boys ခေါင်းဆောင်အပါအဝင် အများစုဟာ လာမယ့် နာရီပိုင်းအတွင်း ပြန်လွတ်လာမယ်လို့ ယူဆရပါတယ်။
  • အဲဒီအချိန်တုန်း အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့သူ နန်စီ ပလိုစီကတော့ ဒီလုပ်ရပ်ဟာ အမေရိကန်တရားရေးစနစ်ကို စော်ကားမှုလို့ ပြောပါတယ်။
  • ထရမ့်ကတော့ ''အမေရိကန် ရွှေခတ်ရောက်ပြီ'' လို့ သူ့ရဲ့ သမ္မတ တာဝန်လက်ခံယူတဲ့မိန့်ခွန်းမှာ ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ဆက်နွှယ်သူတွေကို လွတ်ငြိမ်းခွင့်ပေး

    သမ္မတ ထရမ့်ဟာ အိမ်ဖြူတော်မှာ သူ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့အမိန့်တွေထဲမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တုန်းက အမေရိကန်လွှတ်တော် အဆောက်အဦမှာဖြစ်တဲ့အဓိကရုဏ်း နောက်ဆက်တွဲ အမှုတွေနဲ့ ပြစ်ဒဏ် ချမှတ်ခံရတဲ့ Oath Keepers နဲ့ ပရောက်ဘွိုင်းစ် Proud Boys တို့ကို လွတ်ငြိမ်းခွင့် ပေးတာလည်းပါဝင်ပါတယ်။

    အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ဆက်နွှယ်နေသူ ၁၆၀၀ လောက်ကိုလည်း ထရမ့်က လွတ်ငြိမ်းခွင့် ပေးလိုက်တာပါ။

    အဲဒီထဲက လက်ဝဲစွန်း Proud Boys ခေါင်းဆောင်အပါအဝင် အများစုဟာ လာမယ့် နာရီပိုင်းအတွင်း ပြန်လွတ်လာမယ်လို့ ယူဆရပါတယ်။

    အစွန်းရောက် လက်ယာဝါဒီ ပရောက်ဘွိုင်းစ် Proud Boys အဖွဲ့ဝင်တွေ ဝါရှင်တန်မြို့လမ်းတွေပေါ်မှာ စီတန်းလမ်းလျှောက်ခဲ့ကြတာကို တွေ့ရပါတယ်။

    သူတို့ အမှတ်တံဆိပ်ဖြစ်တဲ့ အနက်နဲ့အဝါရောင် ရှပ်အင်္ကျီတွေ ဝတ်ဆင်ထားပြီး ထရမ့်ကို ထောက်ခံတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြတာကို တွေ့ရပါတယ်။

  2. နိုင်ငံတောင်ပိုင်းနယ်စပ်ကို အရေးပေါ် အခြေအနေ ကြေညာ

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ကို ပြန်ရောက်ရောက်ချင်း ထုတ်ပြန်တဲ့ သမ္မတ အမိန့်တွေထဲမှာ နယ်စပ်လုံခြုံရေး အဓိက ကိုင်တွယ်မယ်ဆိုတဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိအတိုင်းပဲ

    အမေရိကန်နိုင်ငံတောင်ပိုင်းနယ်စပ်ကို ‘‘အရေးပေါ် အခြေအနေ ကြေညာ’’ လိုက်ပါတယ်။

    ‘‘ဒါက ကြီးကြီးမားမားတစ်ခုပါ’’ လို့ သမ္မတ ထရမ့်က သူ့ကြေညာချက်နဲ့ပတ်သက်ပြီး ပြောပါတယ်။

  3. Doge ကို သမ္မတ ထရမ့် စတင် အသက်သွင်းပြီ

    အမေရိကန်သမ္မတ အသစ် ဒေါ်နယ်ထရမ့်ဟာ သူ ရွေးကောက်ပွဲနိုင်အပြီးမှာပြောထားတဲ့ Doge လို့ခေါ်တဲ့ အစိုးရစွမ်းဆောင်ရည်ဌာနကိုလည်း ဖွဲ့စည်းဖို့ အမိန့်နဲ့အတည်ပြုလိုက်ပါပြီ။

    အဲဒီဌာန ဖွဲ့ဖြစ်ရင် ဘီလျံနာ သူဌေး အီလွန် မက်စ်ကို ဦးဆောင်ခိုင်းမယ်လို့ ထရမ့်က အစောပိုင်းကတည်းက ပြောထားတာပါ။

    သူ့ မဟာမိတ်လည်းဖြစ်၊ တက်စလာ သူဌေးလည်းဖြစ်တဲ့ အီလွန်မက်စ်ကို အိမ်ဖြူတော်မှာ ရုံးခန်းပေးမှာလားလို့ သတင်းထောက် တစ်ယောက်က မေးပါတယ်။

    ထရမ့်ကတော့ မက်စ်ကို ဝန်ထမ်း ၂၀ နီးပါးပါမယ့် ရုံးခန်းတစ်နေရာပေးမယ်လို့ ပြောပါတယ်။

    ဒီဌာန ဘယ်လို လည်ပတ်နိုင်ခြေရှိလဲ။ ဘီဘီစီ အစောပိုင်း သတင်းဖော်ပြချက်ကို ဒီလင့်ခ် ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

  4. ဘဲဥပုံ ရုံးခန်း ပြန်ရောက်တဲ့ ထရမ့်

    ဒေါ်နယ်ထရမ့် တစ်ယောက် အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းကို တစ်ကျော့ ပြန်ရောက်ပြီဖြစ်ပါတယ်။

    သမ္မတ ထရမ့်ဟာ အမိန့်တွေကို တသီကြီး လက်မှတ်ထိုး ထားပါတယ်။

  5. ပြီးခဲ့တဲ့နာရီပိုင်း ဘာတွေဖြစ်ခဲ့လဲ၊ သမ္မတသစ် ဘာတွေ ဆက်လုပ်ဖို့ရှိလဲ

    အမေရိကန်ပြည်ထောင်စုမှာတော့ ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၀ ရက်ည ဒေသစံတော်ချိန် ည ၉ နာရီခွဲ ရှိပါပြီ။

    အစောပိုင်းတုန်းကတော့ ကျမ်းကျိန်ပြီး တာဝန်ယူပြီးတဲ့ သမ္မတထရမ့်ဟာ အိမ်ဖြူတော်က သမ္မတရုံးခန်းကို သွားပြီး အဲဒီမှာ သူ့ရဲ့ ပထမဆုံးအမိန့်တွေ၊ ညွှန်ကြားချက်တွေကို တသီကြီးကို လက်မှတ်ရေးထိုးထားပါတယ်။

    အခုညပိုင်းမှာတော့ ထုံးစံအတိုင်း သမ္မတအသစ်တွေတက်ရတဲ့ ကပွဲနဲ့ ဧည့်ခံပွဲအခမ်းအနားတွေ ဆက်တိုက်တိုက်ရောက်မှာ ဖြစ်ပါတယ်။

  6. မင်္ဂလာပါ ... အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၄၇ ဆက်မြောက် သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်ပြီဖြစ်ပါတယ်။

    တာဝန်ယူပြီး နာရီပိုင်းမှာပဲ သမ္မတ ထရမ့်ဟာအရေးကြီးတဲ့သမ္မတ အမိန့်တွေကို ဆက်တိုက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

    နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။