သြဂုတ် ၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့လိုတယ်ဆိုပြီး အာဆီယံကို ထိုင်းဝန်ကြီးချုပ်တိုက်တွန်း
မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အာဆီယံကို ထိုင်းဝန်ကြီးချုပ်တိုက်တွန်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ICRCနဲ့ ပေးတွေ့တာဟာ အသက်ရှင်နေသေးတဲ့ သက်သေအထောက်အထားဖြစ်ပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့မလုံလောက်ဘူးလို့ ယူကေအစိုးရပြောတဲ့သတင်းအပါအဝင် ဩဂုတ် ၄ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- CNO/CNDF ဥက္ကဋ္ဌပူးဒေးဗစ် အဖွဲ့အစည်းအသိမပေးဘဲ NSPNCနဲ့အိန္ဒိယမှာ တွေ့ဆုံတာကြောင့် တာဝန်က ရပ်စဲ
- ၁၀ နှစ်နေထိုင်ခွင့်ရနိုင်တဲ့မှတ်ပုံတင်ကတ် ခေါ် တောင်ပေါ်သားကတ်အလွဲသုံးစားလုပ်သူတွေကို ရဲအင်အား ၁၃၀ ကျော်နဲ့ ဒီနေ့ မဲဆောက်မှာ ဖမ်းဆီးနေ
- ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့ ပေးတွေ့အပြီး ယူကေနဲ့ အီးယူဘက်က ခြွင်းချက်မရှိလွှတ်ပေးဖို့ ဆက်တိုက်တွန်း
- NSPNC နဲ့ UWSP တို့ နေပြည်တော်မှာ သြဂုတ် ၃ ရက်နဲ့ ၄ ရက် တို့မှာ နှစ်ရက်တာငြိမ်းချမ်းရေးဆွေးနွေးနေ၊ "ဝ"ဘက်က ပြည်နယ်ထပ်တောင်း
- တာကျိုးပြီး ငဝန်မြစ်ရေတက်နေတဲ့ လေးမျက်နှာမြို့တစ်မြို့လုံး ရေနစ်မြုပ်နေပြီး အနီးဝန်းကျင်က ကျေးရွာ ၅၀ ကျော်မှာလည်း ရေကြီးနစ်မြုပ်မှုတွေဆက်ရှိနေ
- YBS ဘတ်စ်ကားစီးသူ ၃ ထောင်ကျော်ကို ကောက်ယူထားတဲ့ PACE Myanmar ရဲ့ စစ်တမ်းအရ ခရီးသည် သုံးပုံတစ်ပုံက ခါးပိုက်နှိုက်ခံရတဲ့ အဖြစ်အပျက်တွေကြုံရ
- "ပသုံးလုံး" ယန္တရားက ပညာရေးလွတ်လပ်ခွင့်ကို ဝင်ရောက်စွက်ဖက်တဲ့ စိန်ခေါ်မှုတွေကို ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကြုံတွေ့နေရတယ်လို့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (IFEC) ပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
ရုရှားကမ်းခြေကို ယူကရိန်းဒရုန်းတိုက်ခိုက်မှု ၇ ဦး သေဆုံး၊ ၄၀ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, Telegram
ဓာတ်ပုံ ပုံစာ, ရုရှားကမ်းခြေအပန်းဖြေစခန်းကို ဒရုန်းထိမှန် ရုရှားတောင်ပိုင်းက လူစည်ကားတဲ့ ကမ်းခြေတစ်ခုကို ဒရုန်းတစ်စင်း ထိမှန်ခဲ့ရာ ကလေးသုံးဦးအပါအဝင် လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
ဘီဘီစီက အတည်ပြုထားတဲ့ လူမှုကွန်ရက်ဗီဒီယိုမှတ်တမ်းမှာတော့ ဒရုန်းတစ်စင်းဟာ ကမ်းပါးဘက်ကို အရှိန်ပြင်းစွာ ပျံသန်းလာပြီးနောက် ကမ်းခြေအောက်ဘက်မှာ မီးလောင်ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။
အဲဒီအချိန်မှာ ခရီးသွားတွေက ကမ်းခြေပေါ်နဲ့ ရေထဲကနေ ကြည့်ရှုနေကြတာကိုလည်း မြင်တွေ့ရပါတယ်။
ခရာစ်နိုဒါဒေသ အုပ်ချုပ်ရေးမှူး ဗင်နီယာမင် ကွန်ဒရာတီယက်ဗ် ကတော့ ဒဏ်ရာရသူ စုစုပေါင်း ၄၀ ဦးရှိပြီး အဲဒီအထဲက ၁၇ ဦးကို ဆေးရုံတင်ထားရတယ်လို့ ပြောပါတယ်။
အပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါတယ်။
မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အာဆီယံကို ထိုင်းဝန်ကြီးချုပ်တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Thai MFA
ဓာတ်ပုံ ပုံစာ, အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အတူတွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးန်က အာဆီယံကို ထပ်မံတိုက်တွန်းလိုက်တယ်လို့ အင်ဒိုနီးရှားအခြေစိုက် Jakarta Globe သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံက ဦးမင်းအောင်လှိုင်ကို ဘန်ကောက်မှာ လက်ခံတွေ့ဆုံဖို့ ရက်ပိုင်းအလိုမှာပဲ အင်ဒိုနီးရှားကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ ဩဂုတ် ၄ ရက် မနက်ပိုင်းက ဂျာကာတာမှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ မူဝါဒဆိုင်ရာ မိန့်ခွန်းတိုတစ်ရပ် ပြောကြားချိန် အဲဒီလို ထည့်သွင်းပြောဆိုခဲ့တာပါ။
"ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးမှာ 'အဆင့်လိုက် သုံးသပ်ပြီးလိုက်လျောညီထွေတဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး' (calibrated re-engagement) ချဉ်းကပ်မှုကို ထောက်ခံပါတယ်။ အဲဒါ က ဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်ထားပြီး မြေပြင်မှာဖြစ်နေတဲ့ ပကတိအခြေအနေတွေနဲ့အညီ တုံ့ပြန်သလို၊ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် အားပေးတဲ့ ချဥ်းကပ်ပုံပါ " လို့ အနုတင်က ဂျာကာတာမှာ ပြောပါတယ်။
အဲဒီချဉ်းကပ်မှုဟာ "လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ" လို့ အနုတင်က ပြောပြီး မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ရပြီး အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ "ကျန်းမာရေးကောင်းပုံရတယ်" ဆိုတဲ့ အချက်ကို ဥပမာအဖြစ် သူက ထည့်သွင်းပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းမှာလည်း ဖော်ပြပါတယ်။
စစ်ပွဲဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအတွက် "ရှင်းလင်းတဲ့ စမ်းသပ်မှုတစ်ခု" ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်ခံယူထားပေမယ့် မြန်မာနဲ့ အာဆီယံရဲ့ ထိတွေ့ဆက်ဆံပုံမှာ အပြောင်းအလဲတချို့ လုပ်ဆောင်ဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။
"မြန်မာမှာ ငြိမ်းချမ်းပြီးတည်ငြိမ်ဖို့ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာ မဟုတ်ဘဲ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက်လည်း မရှိမဖြစ် အရေးကြီးပါတယ်" လို့ အနုတင်က ပြောပါတယ်။
အနုတင်ဟာ ဂျာကာတာခရီးစဉ်အစမှာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပရာဘိုဝိုကတော့ "မြန်မာမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေဖို့ အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် အင်ဒိုနီးရှားနဲ့ ထိုင်းတို့ အတူတကွ လုပ်ဆောင်သွားမယ်" လို့ ပြောထားပါတယ်။
"ပသုံးလုံး ယန္တရားက ပညာရေးလွတ်လပ်ခွင့်ကို ဝင်ရောက်စွက်ဖက်နေတယ်'' - IFEC ဆို

ဓာတ်ပုံ ပုံစာ, NUG ရဲ့ ပသုံးလုံး ယန္တရားသရုပဖော်ပုံ NUG ရဲ့ "ပသုံးလုံး" ယန္တရားက ပညာရေးလွတ်လပ်ခွင့်ကို ဝင်ရောက်စွက်ဖက်တဲ့ စိန်ခေါ်မှုတွေကို ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကြုံတွေ့နေရတယ်လို့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (IFEC) က ပြောပါတယ်။
ဒါဟာ မနေ့သြဂုတ် ၃ ရက် က ထုတ်ပြန်တဲ့ IFEC ရဲ့ ၂၀၂၆ ခုနှစ် ပထမခြောက်လတာ အစီရင်ခံစာ ရဲ့ "စိန်ခေါ်မှုများ" အခန်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာဟာ ပညာရေးလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ထိခိုက်စေတယ် လို့ IFEC တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"သက်ဆိုင်ရာကျောင်းတွေနဲ့ ပညာရေးဌာနတွေက ဆုံးဖြတ်လုပ်ကိုင်ရမယ့် ပညာရေးဆိုင်ရာကိစ္စတွေကို ပသုံးလုံးယန္တရားက အမိန့်စာတွေ ထုတ်ပြန်တာ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေကို အပြစ်ပေးအရေးယူတာတွေဟာ ပညာရေးလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ထိခိုက်စေပါတယ်" လို့ IFEC တာဝန်ရှိသူက ပြောပါတယ်။
IFEC ဟာ NUG ပညာရေးဝန်ကြီးဌာနအပါအဝင် တော်လှန်ရေးအင်အားစု ၁၈ ဖွဲ့နဲ့ ပညာရေးပညာရှင် ၂ ဦးပါဝင်တဲ့ ဖက်ဒရယ်ပညာရေးကောင်စီဖြစ်ပါတယ်။
ဒီနှစ်အတွင်း စစ်တပ်က ပြန်လည်ထိန်းချုပ်လာနိုင်တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ပြန်လည်ဖွင့်လှစ်တဲ့ အစိုးရကျောင်းတွေကို မတက်ရောက်ဖို့ ကျောင်းသားတွေကို ဖိအားပေး တားမြစ်တာတွေ ရှိလာတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့ မိဘတွေနဲ့ အဲဒီလို ကျောင်းအပ်ဖို့ လိုက်လံစည်းရုံးသူတွေကို ဥပဒေအရ အရေးယူမယ်လို့ မေလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာလည်း မြို့နယ် ပသုံးလုံးယန္တရားနဲ့ ပညာရေးဘုတ်အဖွဲ့က မြို့ပေါ်ကျောင်းတွေမှာ ကျောင်းအပ်မယ့် ကျောင်းသားတွေနဲ့ မိဘတွေကို မြို့ပေါ်ကနေ ပြောင်းရွှေ့ဖို့ ဇွန်လအတွင်း စာထုတ်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ကျောင်းကားတွေနဲ့အတူ လိုက်ပါလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် လို့ အကြောင်းပြထားပေမယ့်၊ အဲဒီထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
YBS ဘတ်စ်ကားစီးသူ ၃ ပုံ ၁ ပုံ ခါးပိုက်နှိုက်ကြုံဖူး, ၁၀ နှစ်နီးပါးအတွင်း YBS ဝန်ဆောင်မှုအရည်သွေးကျဆင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, YBS ခေတ်ဦး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတုန်းက မြင်ကွင်း(ပုံဟောင်း) ရန်ကုန်မြို့က YBS ဘတ်စ်ကားစီးသူ ၃ ထောင်ကျော်ကို ကောက်ယူထားတဲ့ PACE Myanmar ရဲ့ စစ်တမ်းအရ ခရီးသည် သုံးပုံတစ်ပုံက ခါးပိုက်နှိုက်ခံရတဲ့ အဖြစ်အပျက်တွေကြုံရတယ်လို့ ဖြေထားပါတယ်။
မနေ့ကထုတ်ပြန်တဲ့ YBS(ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု)စစ်တမ်းအရ ခါးပိုက်နှိုက်ခံရတဲ့ဖြစ်စဥ်အများစုကို ဖြေရှင်းနိုင်တာမရှိတာကို တွေ့ရပါတယ်။
စစ်တမ်းဖြေဆိုသူရဲ့ ၆၉ ရာခိုင်နှုန်းက ခါးပိုက်နှိုက်ခံရတာကို ဖြေရှင်းနိုင်တာမရှိဘူးလို့ ဖြေထားပါတယ်။
၁၁ ရာခိုင်နှုန်းက ယာဥ်ပေါ်ပါ ခရီးသည်တွေဝိုင်းဖြေရှင်းတယ်လို့ဖြေပြီး ၁၀ ရာခိုင်နှုန်းက ခရီးသည်ချင်းခါးပိုက်နှိုက်ရှိတာကိုသတိပေးတယ်လို့ပြောထားကြပါတယ်။
၆ ရာခိုင်နှုန်းကသာ ရဲစခန်းကို ကားမောင်းသွားပြီး ဖြေရှင်းတာကြုံဖူးတယ်လို့ ဖြေပါတယ်။
ဒါ့အပြင် ကားပေါ်မှာ ကိုယ်တိုင် ဒါမှမဟုတ် တခြားခရီးသည်တစ်ဦး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရတာကိုလည်း တွေ့ကြုံခဲ့ရတယ်လို့ ၁၁ ရာခိုင်နှုန်းက ဖြေပါတယ်။
ဒီအခြေအနေတွေ မဖြစ်အောင် ကားတွေမှာ ခရီးသည်တွေ ပြွတ်သိပ်မတင်ဖို့၊ ကားအစီးရေတိုးဆွဲဖို့ နဲ့ CCTV တပ်ဆင်ဖို့ ဦးစားပေးဖြေရှင်းသင့်တယ်လို့ ခရီးသည်တွေကဖြေထားကြပါတယ်။
လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားအသုံးပြုသူက ၁ ဒသမ၃ သန်းရှိတယ်လို့ PACE Myanmar ရဲ့ စစ်တမ်းကဖော်ပြပါတယ်။
ဒီခရီးသည်တွေအတွက် ယာဥ်လိုင်း ၁၃၀ ကျော်က ဘတ်စ်ကားအစီးရေ ၃၅,၀၀ ခန့်နဲ့ ပြေးဆွဲနေတာပါ။
၂၀၂၇ ခုနှစ်မှာ သက်တမ်း ၁၀ နှစ်ပြည့်တော့မယ့် YBS စနစ်ဟာ ဝန်ဆောင်မှုပိုင်းကျဆင်းလာတာပါ။
အခုချိန်ထိ ဘတ်စ်ကားအတော်များများမှာ ငွေပေးချေဖို့ စက်နဲ့ လုပ်နိုင်ပြီး အတက်အဆင်းခလုတ်နှိပ်အချက်ပေးနိုင်သေးပေမဲ့ အဲကွန်းမအေးတာ၊ လက်ကိုင်တန်းတွေသုံးမရတာ၊ အထူးသဖြင့် ရှေ့မှတ်တိုင်ကြိုတင်ကြေညာပေးတဲ့စနစ်ဟာ အားလုံးနီးပါးမှာ အလုပ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နဲ့ အနီးဝန်းကျင်က ကျေးရွာ ၅၀ ကျော် ရေကြီးနစ်မြုပ်နေဆဲဖြစ်

ဓာတ်ပုံ ပုံစာ, သြဂုတ် ၄ ရက်မှာတွေ့ရတဲ့ လေးမျက်နှာမြို့၊ အောင်မင်္ဂလာဈေးမြင်ကွင်း လေးမျက်နှာမြို့တစ်မြို့လုံး ရေနစ်မြုပ်နေပြီး အနီးဝန်းကျင်က ကျေးရွာ ၅၀ ကျော်မှာလည်း ရေကြီးနစ်မြုပ်မှုတွေဆက်ရှိနေပါတယ်။ ဒီနေ့ သြဂုတ်လ ၄ ရက်နေ့မွန်းလွဲပိုင်းအထိ နေသာနေပြီး မိုးရပ်နေပေမဲ့ ရေကတော့ မနေ့ကထက် ပိုတက်လာတယ်လို့ ဒေသခံတွေကပြောနေပါတယ်။
ကျေးရွာတော်တော်များများက နေအိမ်တွေမှာ လူတွေရှိနေပြီး ကယ်ဆယ်ရေးစခန်းကို သွားဖို့ နှိုးဆော်နေတာရှိပေမဲ့ နေအိမ်တွေကို စွန့်ခွာဖို့ စိတ်မချဖြစ်ပြီးနေထိုင်နေကြသူတွေလည်းရှိနေပါတယ်။
အဲဒီကျေးရွာဒေသခံတွေအတွက် ကယ်ဆယ်ရေးသမားတွေနဲ့ လုပ်အားပေး ကူညီသူတွေက ထမင်းထုပ်နဲ့ ရေအပါအဝင် အစားအသောက်တွေကို စက်လှေတွေ၊ သဗ္မာန်တွေ၊ ဝါးဖောင်တွေနဲ့ ရွာစဥ်လိုက် တက်နိုင်သမျှ လိုက်လံဝေငှပေးနေတာကိုလည်းတွေ့ရပါတယ်။
သြဂုတ်လ ၄ ရက်နေ့အထိ နေပြည်တော်ထုတ်ပြန်ချက်အရ လေးမျက်နှာမြို့နယ်မှာ ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာ ၅၇ ရွာက အိမ်ခြေ ၅,၀၄၆ လုံး၊ အိမ်ထောင်စု ၅,၁၃၄ စုနဲ့ လူဦးရေ ၂၁,၄၆၃ ရေဘေးသင့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၆၁၀ စုက လူဦးရေ ၂ ထောင်ကျော်လာရောက်ခိုလှုံနေတယ်လို့လည်းဆိုပါတယ်။

ဓာတ်ပုံ ပုံစာ, သြဂုတ် ၄ ရက်မှာတွေ့ရတဲ့ လေးမျက်နှာမြို့အဝင်မုခ်ဦး ''ဝ''တပ်ဖွဲ့ (UWSP/UWSA) က နေပြည်တော်ဆွေးနွေးပွဲမှာ ပြည်နယ်ထပ်တောင်း

ဓာတ်ပုံ ရင်းမြစ်, GNLM
ဓာတ်ပုံ ပုံစာ, ၂၀၂၆ သြဂုတ် ၃ရက်နဲ့ ၄ရက်၊ နေပြည်တော်မှာ UWSP နဲ့ NSPNC ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမရက် ''ဝ''တပ်ဖွဲ့ (UWSP/UWSA) ရဲ့ ဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်း ဦးဆောင်တဲ့ နေပြည်တော်က ဆွေးနွေးပွဲမှာ''ဝ'' ဘက်က ပြည်နယ်တောင်းဆိုမှုကို ထပ်ဆွေးနွေးတယ်လို့ ဆွေးနွေးပွဲအကြောင်းသိရှိထားသူက ဘီဘီစီကိုပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ ဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ''ဝ'' ပြည်သွေးစည်းညီညွတ်ရေးပါတီ- UWSP တို့ နေပြည်တော်မှာ သြဂုတ် ၃ ရက်နဲ့ ၄ ရက် တို့မှာ နှစ်ရက်တာငြိမ်းချမ်းရေးဆွေးနွေးနေတယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးမှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ''ဝ''တပ်ဖွဲ့ - UWSP နဲ့ နေပြည်တော်တို့အကြားမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး ပထမအကြိမ်ကတည်းက ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ တောင်းဆိုထားတာရှိပါတယ်။
UWSP ဘက်က ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်ပြီး နိုင်ငံရေး၊ စစ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်တယ်လို့ဆိုပါတယ်။
'' သူ့ မူအတိုင်းပဲ ''ဝ'' က ပြည်နယ်တောင်းပါတယ်။ ''ဝ'' ဘက်က ဥက္ကဋ္ဌ ပေါက်ယူချန်းရဲ့ သား ပါလာတယ်။ အခု ခရီးစဥ်မှာ ဒုဥက္ကဋ္ဌ ကျောက်ကော်အန်းက လွဲရင် ကျန်တဲ့လူတွေက သွေး သစ်လောင်းထားတာ။ အကုန် အငယ်ပိုင်းတွေချည်းပဲ။ ဒီနေ့ စစ်တပ်နဲ့ ဆက်တွေ့ပါမယ်။ တပ်နဲ့ တွေ့လို့ အဆင်ပြေခဲ့ရင် ဦးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံရဖို့ ရှိပါတယ်'' လို့ ဆွေးနွေးပွဲအကြောင်း သိရှိထားတဲ့ 'ဝ'တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
NSPNC ဘက်က UWSPရဲ့ နိုင်ငံရေးလိုလားချက်ကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ လုပ်နိုင်မယ့်အစီအမံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မူဘောင်တွေကို ရှင်းလင်းပြောခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာက ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒါတင်မက UWSP နဲ့ ပိုကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာဖို့ အသေးစိတ်ဆွေးနွေးပေးဖို့ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
UWSP ဘက်ကလည်း နေပြည်တော်က လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ထောက်ခံတယ်လို့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောကြောင်းလည်း သတင်းစာထဲဖော်ပြထားပါတယ်။ ဒါအပြင် မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ပြင်းပြင်းထန်ထန်တိုက်ဖျက်သွားမယ်လို့လည်း UWSP ဘက်ကပြောတယ်လို့ ဆိုပါတယ်။
ဘီဘီစီက UWSP ဘက်ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ UWSP ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
အခုနှစ် ဇွန် ၁၈ ရက် ပန်ဆန်းတွေ့ဆုံမှုဟာ နှစ်ဖက်အဖွဲ့ရဲ့ အဆင့်မြင့်တိုက်ရိုက်ဆက်သွယ်မှုဖြစ်ပြီး နေပြည်တော်အထိ ဆွေးနွေးမှုအဆင့်ရောက်စေခဲ့တယ်လို့ NSPNC အတွင်းရေးမှူးဒုဗိုလ်ချုပ်ကြီး မင်းနိုင်ကဆိုပါတယ်။
ဝမ်းတွင်းအင်္ဂါတွေ အပြင်ထွက်နေတဲ့ သန္ဓေသားကို သားအိမ်အတွင်း ပထမဆုံးခွဲစိတ်ကုသ

ဓာတ်ပုံ ရင်းမြစ်, Maisie Savage
ဓာတ်ပုံ ပုံစာ, မေစီ ဆာဗေ့ဂျ်ဟာ ကိုယ်ဝန် ၂၆ ပတ်ရှိချိန်မှာ ခွဲစိတ်ခဲ့ရပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာပဲ သားအိမ်အတွင်းက သန္ဓေသားလောင်းရဲ့ မွေးရာပါ ချို့ယွင်းချက်ကို သားအိမ်အတွင်းမှာပဲ ခွဲစိတ်ကုသပြီး အောင်မြင်စွာ ပြုပြင်နိုင်ခဲ့တယ်လို့ အမေရိကန် ဆရာဝန်တွေက ကြေညာပါတယ်။
လန်ဒန်မြို့က မေစီ ဆာဗေ့ဂျ်ဟာ ကိုယ်ဝန် ၂၆ ပတ်ရှိချိန်မှာ အမေရိကန်နိုင်ငံက ဆရာဝန်တွေရဲ့ သားအိမ်အတွင်း ခွဲစိတ်ကုသမှုကို ခံယူခဲ့ပါတယ်။
အခုဆို အသက်ငါးလရှိပြီး ကျန်းကျန်းမာမာ ကြီးပြင်းနေတဲ့ သီယိုမှာ Gastroschisis လို့ခေါ်တဲ့ မွေးရာပါချို့ယွင်းမှု ရှိခဲ့ပါတယ်။ အဲဒီအခြေအနေမှာ ချက်ကြိုးပေါက် (ဝမ်းဗိုက်အပေါက်) က ပုံမှန်အတိုင်း မဖွံ့ဖြိုးတဲ့အတွက် သန္ဓေသားရဲ့ အူတွေဟာ ခန္ဓာကိုယ်အပြင်ဘက်မှာ ဖြစ်ပေါ်နေပါတယ်။
သားအိမ်ထဲက သန္ဓေသားလောင်းကိုဘယ်လိုခွဲစိတ်ကုသပေးခဲ့လဲ ဆိုတာ ဒီဆောင်းပါးလင်ခ့်မှာ ဖတ်နိုင်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ ပေးတွေ့ရုံနဲ့ မလုံလောက်ဘဲ အပြီးသတ်လွှတ်ပေးဖို့ ယူကေ၊ အီးယူပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်(ပုံဟောင်း) မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့ ပေးတွေ့တာဟာ အသက်ရှင်နေသေးတဲ့ သက်သေအထောက်အထားဖြစ်ပေမဲ့ ဒီအချက်တစ်ခု တည်းနဲ့မလုံလောက်ဘူးလို့ ယူကေအစိုးရက သြဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
‘‘ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး သူ အပါအဝင် မြန်မာနိုင်ငံမှာ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ယူကေအစိုးရအနေနဲ့ ထပ်မံတောင်းဆိုပါတယ်’’လို့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးက ပြောပါတယ်။
ဒီလိုတွေ့ဆုံပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစုဝင်တွေနဲ့ ထောက်ခံအားပေးသူတွေ အတွက် အချိန်အတော်ကြာ မသေချာမှုတွေ၊ စိုးရိမ်ပူပန်ရာတွေဖြစ်စေခဲ့တဲ့နောက် အသက်ရှင်နေသေးကြောင်း အတည်ပြုနိုင်တဲ့သက်သေကို ယူဆောင်လာခဲ့ပါတယ်လို့ ယူကေ ဘက်ကပြောထားပါတယ်။
ဒါပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ ဆိုထားတာပါ။
ဥရောပသမဂ္ဂကလည်း ဒီလိုတွေ့ဆုံခဲ့တာကို ကြိုဆိုတယ်လို့ဆိုပါတယ်။
ဒီခြေလှမ်းက တိုးတက်မှုဖြစ်ပေမဲ့ မိသားစုတွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်အပါအဝင် ဆက်တွေ့ဆုံခွင့် ရဖို့က အလွန်အရေးကြီးနေဆဲဖြစ်တယ်လို့ ဥရောပသမဂ္ဂကပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့က EU ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ဆက်လက်တိုက်တွန်းထားပါတယ်။
အာဆီယံတွေ့ခွင့်တောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ICRC နဲ့ ပေးတွေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်က အခမ်းအနားတစ်ခုမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည် ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ (ICRC) ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုမှုဟာ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် မစတင်ခင် ရက်ပိုင်းအလိုမှာဖြစ်ပေါ်လာပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC အကြီးအကဲတို့ တွေ့ဆုံခဲ့တာကို ကြိုဆိုကြောင်း ထုတ်ပြောပါတယ်။
ဒီတွေ့ဆုံမှုဟာ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ အလွတ်သဘော တွေ့ဆုံမှုအပြီး၊ အခုလာမယ့် ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မတိုင်ခင် ထွက်ပေါ်လာတာဖြစ်တယ်လို့လည်း သူက ထည့်ပြောပါတယ်။
''ထိုင်းနိုင်ငံအနေနဲ့ မြန်မာအစိုးရက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိဖို့အတွက် အခုထက်ပိုတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ထားပါတယ်''
ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ ပေးတွေ့ ခဲ့တဲ့နောက်ခံအချက်တွေအကြောင်း ဒီသုံးသပ်ချက်ဆောင်းပါး မှာဖတ်ရှုနိုင်ပါပြီ။
ထိုင်းရဲ့ ၁၀နှစ်နေထိုင်ခွင့်ကတ် အပေါ် အလွဲသုံးစားလုပ်သူတွေကို မဲဆောက်မှာ စီမံချက်နဲ့ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Tak PRD
ဓာတ်ပုံ ပုံစာ, သြဂုတ် ၄ ရက်၊ မဲဆောက်က ထိုင်းရဲ့ ၁၀နှစ်နေထိုင်ခွင့်ကတ် အပေါ် အလွဲသုံးစားလုပ်သူတွေဖမ်းဆီးမှု စီမံချက်အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ထိုင်းနိုင်ငံမှာ ၁၀ နှစ်နေထိုင်ခွင့်ရနိုင်တဲ့မှတ်ပုံတင်ကတ် ခေါ် တောင်ပေါ်သားကတ်အလွဲသုံးစား လုပ်သူတွေကို ရဲအင်အား ၁၃၀ ကျော်နဲ့ ဒီနေ့ မဲဆောက်မှာ ဖမ်းဆီးနေတယ်လို့ မဲဆောက်ခရိုင်ရဲ တပ်ဖွဲ့က ထုတ်ပြန်သလို မဲဆောက်မှာနေထိုင်တဲ့ မြန်မာတချို့ကလည်းပြောပါတယ်။
ထိုင်းသတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ မဲဆောက် မြူနီစပယ် ဝန်ထမ်းဟောင်း ၁ ဦး၊ လက်ရှိဝန်ထမ်း ၃ ဦးနဲ့ နိုင်ငံခြားသား ၁၂ ဦးကို ရှာဖွေဖမ်းဆီးမှာဖြစ်တယ်လို့သိရပါတယ်။
အဖမ်းအဆီးသတင်းတွေကြောင့် မဲဆောက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဒီရက်ပိုင်းသတိထားသွားလာကြဖို့ကိုလည်း မြန်မာနိုင်ငံသားအရေးလုပ်ဆောင်နေသူတချို့က သတိပေးထားကြပါတယ်။
“မနက် ၆ နာရီခွဲကတည်းက အိမ်မျက်စောင်းထိုးက ဆိုင်တစ်ခုကိုဝင်စစ်တာတွေ့တယ်။ အခုစစ်တာက အကြမ်းဖက်နှိမ်နင်းရေးပါပါတော့ ကိုယ့်နိုင်ငံသားတွေ ယုန်ထောင်ကြောင်မိ ဖြစ်မှာစိုးလို့ သတိပေးတာပါ” လို့ အဝေးရောက်ဧရာဝတီအသင်းဦးဆောင်သူ ကိုဖိုးသင်္ကြန်က ဘီဘီစီကိုပြောပါတယ်။
မဲဆောက်ထဲက လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပြီး ထိုင်း ၁၀ နှစ်နေထိုင်ခွင့်ကတ်ကို အလွဲသုံးစားလုပ်ရယူသူနဲ့ လာဘ်ယူကာထုတ်ပေးတဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်တဲ့ စီမံချက်ဖြစ်ပါတယ်။
ဒီစီမံချက်မှာ ထိုင်းရဲတပ်ဖွဲ့အပြင် လူဝင်မှုကြီးကြပ်ရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ အမျိုးသားမှတ်ပုံတင်ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့တွေလည်း ပါဝင်တာတွေ့ရပါတယ်။
ဒီလိုဖမ်းဆီးမှုမျိုးကို ဇူလိုင်လအစပိုင်းတုန်းက ဆူရတ်ဌာနီခရိုင်မှာလည်း လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက ဖမ်းဆီးခံရသူ ၁၁ ဦးထဲမှာ မြန်မာ ၇ ဦးလည်းပါဝင်တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရသိရပါတယ်။ ထိုင်းဘတ်ငွေ ၅ သောင်းပေးပြီး ကတ်ရယူထားတဲ့ မြန်မာ ၂၄၀ ဦးရဲ့ အမှုကိုလည်း ပြန်လည်စစ်ဆေးသွားမယ်လို့ အဲဒီတုန်းက ထိုင်းသတင်းဖော်ပြချက်မှာ တွေ့ရပါတယ်။
အိန္ဒိယမှာ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့တဲ့ CNO/CNDF ဥက္ကဋ္ဌ တာဝန်ကရပ်စဲခံရ

ဓာတ်ပုံ ရင်းမြစ်, CNO/CNDF
ဓာတ်ပုံ ပုံစာ, CNO/CNDF တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း) အဖွဲ့အစည်းက သိရှိတာဝန်ပေးအပ်တာမရှိဘဲ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ နေပြည်တော် ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) ၊စစ်တပ်တို့နဲ့တွေ့ဆုံခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူးဒေးဗစ်ကို တာဝန်က ရပ်စဲလိုက်တယ်လို့ CNO/CNDF က သြဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ နယူးဒေလီတွေ့ဆုံမှုမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးနဲ့ စစ်ရေးသဘောတူညီချက်၊ ကတိကဝတ်၊ နားလည်မှုတွေ လုံးဝမရှိခဲ့ဘူးလို့ သိရှိရကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုတာဝန်ကရပ်စဲလိုက်တဲ့ ဥက္ကဋ္ဌအပြင် တွေ့ဆုံမှုမှာပါဝင်တဲ့ အဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တချို့ကို လည်း အရေးယူဖို့ ရှိ၊ မရှိကို ဘီဘီစီက CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကို မေးမြန်းပေမဲ့ ဖြေဆိုတာမရှိပါဘူး။
“လောလောဆယ်တော့ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲဖြစ်ပါတယ်” လို့ သာ CNO/CNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
CNO ဟာ ချင်းပြည်တောင်ပိုင်းကိုထိန်းချုပ်ထားတဲ့ ချင်းညီနောင် (CB) ထဲပါဝင်တဲ့ တပ်ဖွဲ့ ဖြစ်ပြီး စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ICNCC/CB နဲ့ မဟာမိတ်အင်အားစုတွေရဲ့ သဘောထား၊ ဆုံးဖြတ်ချက်မပါဘဲ စစ်တပ်နဲ့ တစ်ဖက်သတ် တွေ့ဆုံတာ၊ ဆွေးနွေးတာမလုပ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
CNO/CNDF နဲ့ နေပြည်တော်တို့ တွေ့ဆုံမှုရှိနေတာကို ဇူလိုင် ၃၁ ရက်က ဦးမင်းအောင်လှိုင်ရဲ့ အစိုးရ ရက်၁၀၀ မိန့်ခွန်းမှာ ထည့်သွင်း ဖော်ပြခဲ့တာကနေ သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့ကတော့ ချင်းညီနောင်နဲ့ CNO/CNDF အဖွဲ့ဝင်တချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းချိန်မှာ တွေ့ဆုံမှုကို မသိရှိထားဘူးလို့ ဖြေပါတယ်။
အဲဒီအချိန်ကစလို့ CNO/CNDF က အရေးပေါ်အစည်းအဝေးတွေခေါ်ယူခဲ့တဲ့နောက် အခုလို ဥက္ကဋ္ဌ ပူးဒေးဗစ်ကို တာဝန်က ရပ်စဲမှုထွက်လာတာလို့ နားလည်ရပါတယ်။ CNO/CNDF ဟာ ချင်းပြည်နယ်ဖလမ်းမြို့နယ်ထဲမှာ အခြေစိုက်တဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့ ဖြစ်ပါတယ်။
မင်္ဂလာပါ။ ဩဂုတ် ၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
