သြဂုတ် ၁ ရက် ထိ အလုပ်ပိတ်ရက် တစ်ပတ် ထပ်တိုးတယ်လို့ ကြေညာ
ကိုဗစ်-၁၉ကူးစက်မှုထိန်းချုပ်ရေးအတွက်အများပြည်သူအလုပ်ပိတ်ရက်ရက် သတ်မှတ်ထားတာကို နောက်ထပ် တစ်ပတ် ထပ်တိုးတယ်လို့ ဒီကနေ့ စစ်ကောင်စီ မီဒီယာတွေကနေ ကြေညာပါတယ်။
ဇူလိုင် ၂ ၆ ရက်ကနေ သြဂုတ် ၁ ရက် အထိ ပိတ်ရက်တိုးမြှင့်တာဖြစ်ပြီး ကိုဗစ်ရောဂါထိန်းချုပ်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အခုလို ပိတ်ရက် ထပ်တိုးတာလို့ အဲဒီ ကြေညာချက်က ဆိုပါတယ်။
ကိုဗစ်ကူးစက်မှုတွေ တိုးမြင့်လာတဲ့ တတိယလှိုင်း အတွင်း ရောဂါကွင်းဆက် ဖြတ်တောက်ဖို့ ဇူလိုင် ၁၇ ရက်ကနေ ၂၅ ရက်အထိ ပိတ်ရက်ရှည် သတ်မှတ်ထားတာကို အခုလို ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်ကူးစက်မှုတွေကြားက ဇွန်လဆန်းမှာ ဖွင့်ခဲ့တဲ့ အခြေခံပညာကျောင်းတွေကိုလည်း ဇူလိုင် ၉ ရက်ကနေ စပြီး နှစ်ပတ် ပြန်ပိတ်ခဲ့ရာက နောက်ထပ် နှစ်ပတ် သြဂုတ် ၈ ရက် အထိ ထပ်ပိတ်ထားခဲ့ပါတယ်။
ပိတ်ရက်တွေ သတ်မှတ်ပေမဲ့ ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံအနှံ့မြို့တွေမှာ ဆေးရုံတွေမှာ ကိုဗစ် ကူးစက်ကုသရေး အခက်အခဲတွေကြောင့် ကိုယ်တိုင် အောက်ဆီဂျင် ရှာဖွေတန်းစီရတာ စတာတွေ လုပ်ဆောင်နေရတောကြောင့် သီးခြားခွဲနေရေး၊ လူအများနဲ့ ခပ်ခွာခွာနေရေးတွေ ခက်ခဲနေပါတယ်။