ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရွှေပြည်သာမှာ အရင်ရက်တွေက လူ ၉၀ ကျော်အဖမ်းခံထားရပေမယ့် ဆန္ဒပြမှုတွေဆက်ရှိနေ

    ဒီကနေ့ မတ် ၈ရက်နံနက်ပိုင်း ရွှေပြည်သာမြို့နယ်အတွင်း ဒေသခံတွေက စစ်အာဏာသိမ်းမှုအပေါ် ဆက်လက် ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။

    မတ်လ (၆)ရက်နှင့် (၇) ရက်တုန်းကတော့ ဆန္ဒပြပြည်သူတွေကို ရဲနှင့် စစ်အင်အား အလုံးအရင်းနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ဒီနေ့မှာတော့ဆန္ဒပြ ပြည်သူ တွေရဲ့ အနီးတဝိုက် ရဲနှင့် စစ်တပ်က လုံခြုံရေး ယူထားတာကို မတွေ့ရဘဲ ရွှေပြည်သာ အထက(၁) ကျောင်းအတွင်းမှာသာ တပ်စွဲထားတာကို တွေ့ရပါတယ်။

    မနေ့က နေ့လယ်ပိုင်း အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်စဉ်မှာ ဆန္ဒပြ ပြည်သူ ၁၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရကာ အသက် မပြည့်သေးသူ (၁၇) ဦးကိုသာ ပြန်လွှတ်ပေးပြီး ကျန်ပြည်သူ ၈၀ ကျော်နဲ့ မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ ၁၀ ဦးကတော့ ပြန်လည် လွတ်မြောက်လာတာ မရှိသေးပါဘူး။

  2. အမေရိကန်သံရုံးအနီးလုံခြုံရေးတင်းကြပ်ထားပြီး ကားဝင်ထွက်ခွင့်မပြု

    အမေရိကန်သံရုံးအနီး တက္ကသိုလ်ရိပ်သာလမ်းဘက်မှာ လုံခြုံရေးချထားပြီး ကားဝင်ထွက်ခွင့် ပိတ်ထား ပါတယ်။

    သံလွင်လမ်းဘက်ကနေတော့ အဝင်အထွက်လုပ်ခွင့်ရပေမယ့် ရဲတွေကနေ အဆင့်ဆင့် စစ်ဆေးတာတွေ လုပ်နေပါတယ်။ အင်းယားလမ်းဘက် ယာဉ်သွားလာလို့ရတယ်လို့ သိရပါတယ်။

    "US သံရုံးရှေ့ကနေ ဖြတ်ပြီး UFL ဘက်ကို သွားလို့မရဘူး။ ဒီဘက် သံလွင်ဘက်ကရတယ်။ အဲ့ဘက်က ဝင် အဲ့ဘက်ကပြန်ထွက်ပေါ့ တောက်လျှောက် ဂိတ်တွေ လုပ်ထားတယ်။UFL ဝန်းထဲမှာလည်း ရဲတွေရှိ တယ်၊ အဝမှာလည်း ထိုင်နေကြတယ်။" လို့ အဆိုပါနေရာအနီးကို သွားရောက်ခဲ့တဲ့ ပြည်သူတစ်ဦး ကပြောပြပါတယ်။

  3. မြိတ်မြို့ကန်ခေါင်းသပိတ်စခန်းဖြိုခွဲခံရ၊ အနီးကပြည်သူတစ်ဦး အိမ်ထဲထိဝင်ရိုက်ခံရ

    သင်္ကန်းတောလမ်း၊ ကန်ခေါင်းရပ်ကွက်က သပိတ်စခန်းကို မနက် ၉နာရီခွဲလောက်က ရဲရော စစ်အင်အားပါ သုံးကာ လာရောက်ဖြိုခွဲခံပြီး လိုက်လံဖမ်းဆီးတာကြောင့် ပြည်သူတွေ ထွက်ပြေးခဲ့ရပါတယ်။

    အဲ့ဒီသပိတ်စခန်းအနီး အိမ်ထဲက ပြည်သူတစ်ဦးကို အိမ်ထဲထိ ဝင်ရောက်ရိုက်နှက်သွားခဲ့တယ်လို့ ဆိုပါတယ်။ "အင်အားဘယ်လောက်နဲ့ ရိုက်နှက်လဲဆိုတာမသိဘူး။ အကုန်လုံးက ပုန်းနေရတာကိုး။ ရိုက်ခံရသူက အိမ်ထဲနေနေတာ လူငယ်ပဲ အမျိုးသား အသက် ၂၀ကျော် ၃၀ နီးနီးပဲရှိသေးတယ်။ ဆေးရုံကို ပို့ပြီး ကုပေးနေတယ်။ ဆေးရုံနာမည်ကလည်း ထုတ်ပြောလို့မရဘူး။ သူတို့က အဲ့ဘက်ထဲလည်း ဝင် စစ်နေတာတွေရှိတယ်။"လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ရိုက်နှက်ခံရတာကြောင့် နောက်ကျော၊ လက်မောင်းနဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာရရှိခဲ့ပြီး လက်နဲ့ကာကွယ်ခဲ့ တာကြောင့် လက်ချောင်း (၂) ချောင်းကျိုးသွားတယ်လို့ သိရပါတယ်။

  4. မန္တလေးက ဆန္ဒပြလူအုပ်ကို စစ်ကားတွေနဲ့ ဝင်တိုက်လို့ ဒဏ်ရာရသူ ၅ဦးထက်မနည်းရှိ

    မန္တလေးမြို့မှာ ဒီကနေ့ မတ် ၈ ရက်နေ့လယ်ပိုင်းက မနော်ဟရီ ၅၇လမ်းဘက်မှာ လမ်းပေါ်သွားနေတဲ့ ဆိုင်ကယ် ကို စစ်ကားနှစ်စီးက တိုက်ပြေးရာ လူ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သူ နှစ်ဦးရှိခဲ့တယ်လို့ မျက်မြင်တွေ့သူအချို့ကပြောပါတယ်။

    ဒါ့အပြင် အရင်ရက်တွေက ထိုင်သပိတ်ပြုလုပ်ခဲ့တဲ့ လမ်းနေရာဝန်းကျင်တွေဖြစ်တဲ့ ၃၅လမ်း မြတောင် တိုက် အနီး၊ အင်ယာစစ်ကြောင်းနဲ့ အောင်သာယာသပိတ်ရှိခဲ့တဲ့ မနော်ဟရီလမ်း အရှေ့ပိုင်းနေရာတွေမှာ စစ်တပ်က နေရာယူပြီး လမ်းပိတ်ထားတာတွေလဲရှိနေတယ်လို့ သိရပါတယ်။

    ရဲနဲ့ စစ်တပ်က လူစုဖြိုခွင်းတာ လမ်းပိတ်ကန့်သတ်တာတွေရှိနေပမေယ့်လည်း မန္တလေးမြို့မှာ စစ်အာဏာ သိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲကို မြို့နယ်တိုင်းမှာ အသင်းအဖွဲ့လိုက် အထွေထွေသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ လည်းသိရပါတယ်။

  5. ဖျာပုံမှာ ဆန္ဒပြလူအုပ်ကရဲကဖြိုခွင်းရာမှာ လူ ၁၀၀ နီးပါးဖမ်းဆီးခံထားရ၊ ဖမ်းခံရသူတွေပြန်လွှတ်ပေးဖို့ တောင်းဆိုနေ

    ဖျာပုံမြို့မှာ ဒီကနေ့ မတ် ၈ ရက် မနက်ပိုင်းကမြို့တောင်ပိုင်းမှာပြုလုပ်တဲ့ဆန္ဒပြပွဲကို ရဲကလာရောက်ဖြိုခွင်း ခဲ့ရာမှာ ဆန္ဒပြသူ ၁၀၀ နီးပါး ဖမ်းဆီးခံလိုက်ရပါတယ်။

    ဆန္ဒပြသူတွေဟာ ရဲနဲ့ တပ်မ ၁၁ က စစ်သားတွေရဲ့ နှစ်ဖက်ပိတ်ဖမ်းတာခံခဲ့ရတာကြောင့် အကြမ်းဖက် ဖြိုခွင်းတဲ့အခြေအနေတော့ မရှိခဲ့ဘူးလို့ ဖမ်းဆီးခံထားရသူတွေကပြောပါတယ်။

    လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေအားလုံး မြို့မရဲစခန်းထဲမှာရှိနေပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ သွားရောက်တောင်းဆိုရာမှာ ရဲတွေဘက်က အချိန်ခဏတော့စောင့်ဖို့ ပြန်လည်ပြောဆိုထားတယ်လို့ သိရပါတယ်။

  6. မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ရန်ကုန်အပါအဝင်မြို့အချို့မှာ ထမိန်သပိတ်စစ်ကြောင်းတွေနဲ့ ချီတက်

    ဒီကနေ့ မတ် ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်အပါအဝင် မြို့အချို့ မှာ ထမိန် သပိတ်စစ်ကြောင်းအချို့လည်း ပါဝင်ဆန္ဒပြနေတယ်လို့ သိရပါတယ်။

  7. ဝန်ထမ်းချေးငွေ (၂)လစာကို ပြန်လည်ပေးဆပ်ရန်မလိုတဲ့ချီးမြှင့်ငွေအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်းကြေညာ

    ဝန်ထမ်းချေးငွေ (၂)လစာကို ပြန်လည်ပေးဆပ်ရန်မလိုတဲ့ ချီးမြှင့်ငွေအဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHကခန့်အပ်ထားတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က လက်မှတ်ရေးထိုးပြီးဒီကနေ့မတ် ၈ရက်ရက်စွဲနဲ့ကြေညာခဲ့ ပါတယ်။

    ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေကို ကုစားနိုင်ဖို့ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) တွေကို လစာ ၂လစာ ကြိုတင်ထုတ်ပေးပြီး အတိုးမဲချေးငွေအဖြစ် အရပ်သားအစိုးရ ကထုတ်ပေးခဲ့တာဖြစ်ပါတယ်။

    ဒီချေးငွေတွေကိုလာမယ့် ဧပြီ ဆရက်နေ့မှာ အချိုးကျပြန်လည်ပေးဆပ်ရမှာဖြစ်ပေမယ့် ကပ်ရောဂါဆက်လ က်ဖြစ်ပွားနေသလို စစ်အုပ်စုက အာဏာသိမ်းကာလဖြစ်နေတဲ့အတွက် နိုင်ငံဝန်ထမ်းတွေရဲ့ သက်သာချောင် ချိရေးကို ကိုရှေးရှုပြီး ပြန်လည်ပေးဆပ်ရန်မလိုတဲ့ ချီးမြှင့်ငွေအဖြစ်သတ်မှတ်လိုက်ကြောင်းကြေညာခဲ့ တာဖြစ်ပါတယ်။

  8. မြစ်ကြီးနားမှာ ဆန္ဒပြဖို့ လူအစုမခံပဲ ရဲကဖြိုခွင်းဖမ်းဆီးနေ

    မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှာ ရဲကားတွေ ပတ်ပြီးလူစုမခံဖြိုခွင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ရဲကဖြိုခွင်းရာမှာ လမ်းဘေးမှာ ရပ်နေသူ ၂ဦးလည်း အဖမ်းခံလိုက်ရတယ်လို့ မျက်မြင်တွေရှိသူတွေက ပြောပါတယ်။

    မနက် ၁၀ နာရီကျော်ကျော်ဝန်းကျင်မှာတော့ မြစ်ကြီးနားမြို့ အောက်နန်းကက်သလစ်ဘုရားကျောင်းမှာရဲ နဲ့ အချုပ်ကားရပ်စောင့်နေပြီး လူအချို့လည်း ပိတ်မိနေတယ်လို့ ဘီဘီစီသတင်းထောက်က သတင်းပေးပို့ ထားပါတယ်။

  9. မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက CDM မှာပါဝင်လာတဲ့ ဝန်ထမ်း ၂၀၀ ကျော်ရှိလာ၊ ငါန်းဇွန်မြို့က ကျန်းမာရေးဝန်ထမ်း ၁၃၀လည်း CDM လုပ်

    ဖေဖော်ဝါရီ ၃ ရက်ကနေ့ မတ် ၇ ရက်နေ့အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော်တပ်ကုန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနခွဲတွေက အရာထမ်း၊အမှုထမ်းတွေ၊နယ်ဗျူရို(၁၁)ခု နဲ့ နယ်ထပ်ဆင့် လွှင့် စက်ရုံတွေက အရာထမ်း၊အမှုထမ်း စုစုပေါင်းလူပေါင်း (၂၀၄)ဦးဟာ ဖေဖော်ဝါရီ ၃ ရက်ကနေ့ မတ် ၇ ရက်နေ့အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပြီလို့ သိရပါတယ်။

    CDMပြုလုပ်သူတွေထဲက အရာထမ်း ၁ဦးနှင့် အမှုထမ်း၂ဦးကို တာဝန်မှယာယီရပ်ဆိုင်းခံထားရတယ် လို့လည်း သိရပါတယ်။ အလားတူ မနေ့က မတ် ၇ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ ကျန်းမာရေးဌာနက ဝန်ထမ်းပေါင်း ၁၃၀ ဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပြီလု့ိအဆိုပါဝန်ထမ်းတွေထံကသိရပါတယ်။

  10. စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ မတ် ၈ ရက်နေ့ကစ အလုပ်မသွားကြဖို့ အလုပ်သမားသမဂ္ဂ(၁၈) ဖွဲ့ ပူးတွဲကြေညာချက်ထုတ်

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီအရေးအတွက် ဒီနေ့ မတ်လ ၈ ရက်စလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်သားတွေ လုပ်ငန်းခွင်ထဲဆက်ပြီးတော့ မသွားကြဖို့ အလုပ်သမားသမဂ္ဂ (၁၈) ဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

    စီးပွားရေးလုပ်ငန်းတွေပုံမှန်အတိုင်းဆက်လည်ပတ်နေတာ၊ လုပ်ငန်းခွင်မဝင်တဲ့သပိတ်တွေကို ဆိုင်းထား လိုက်တာမျိုးဟာ စစ်တပ်အတွက်ပဲ အကျိုးဖြစ်ထွန်းနေစေတာကြောင့် ဒီမိုကရေစီကို ကာကွယ်ဖို့ အခုလို အရေးတယူလုပ်ဆောင်ချိန်ကျပြီလို့ ဒီသမဂ္ဂတွေကိုယ်စားထုတ်ပြန်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ထုတ်ပြန်ချက်က ဆိုပါတယ်။

    ' ' အမတို့အနေနဲ့က တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခံရတာလည်းရှိတယ်။ ခေါင်းဆောင်နေတဲ့ ကိုယ်တွေကိုလည်းဖမ်းဖို့ လိုက်ရှာနေတယ်ဆိုလို့ ရှောင်နေရတယ်။ '' မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သူ မမိုးစန္ဒာမြင့်က ဘီဘီစီကိုပြောပါတယ်။

    အစိုးရဝန်ထမ်းတွေရဲ့ အာဏာဖီဆန်အကြမ်းမဖက်လှုပ်ရှားမှု CDM ဟာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ဦးဆောင်မှုဖြစ်နေပေမဲ့ စစ်တပ်ကို ဖိအားပေးဖို့ အချိန်ကျပြီလို့ ဆိုပါတယ်။

    ဒါ့ကြောင့် မြန်မာ့စီးပွားရေး လုံး၀ ရပ်ဆိုင်းသွားအောင် တနိုင်ငံလုံး CDM ဖြစ်တဲ့အထိ လုပ်သားတွေအနေနဲ့ အလုပ်မဆင်းဘဲ ဆက်သပိတ်မှောက်ဖို့ တောင်းဆိုတယ်လု့ိ ဆိုပါတယ်။

  11. မတ် ၈ရက်မှာ ဘဏ်တွေဖွင့်ဖို့ ထုတ်ပြန်ထားပေမယ့် ဘဏ်အများစုပိတ်ထား

    ပုဂ္ဂလိကဘဏ်အများစုပိတ်ထားတာကြောင့် မတ် ၈ရက်မှာပြန်ဖွင့်ဖို့ ဗဟိုဘဏ်ကထုတ်ပြန်ချက်ထုတ်ထား ပေမယ့် ဘဏ်အများစုပိတ်ထားဆဲ ဖြစ်တယ်လို့ ပြည်သူအချို့ကပြောပါတယ်။

    "ATM စက်တွေလည်း ပတ်ထုတ်သမျှ ဘယ်မှာမှ မရဘူး။ မြို့ထဲဘက်တော့ မသွားဖြစ်ဘူး။ ဗဟန်း ရွှေဂုံတိုင်ဘက် ပြည်လမ်းဘက်တွေ ပတ်ကြည့်ခဲ့တာ ဘဏ်လည်းပိတ်၊ ATM လည်းမရဘူး။" လို့ ဆိုပါတယ်။

  12. CDM လုပ်ချင်သူတွေအတွက် တံခါးအမြဲဖွင့်ထား၊ ကျဆုံးအာဇာနည်တွေအတွက်ဂုဏ်ပြုကာလ ၁ လသတ်မှတ်မယ်လို့ CRPH ရဲ့ဝန်ကြီးကြေညာ

    အလုပ်မတက် ရုံးမသွားတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်လိုသူတွေကို မတ် ၈ ရက်နောက်ဆုံးတံခါးပိတ်မယ်လို့ မူလကကြေညာခဲ့ပေမယ့် CDM ဝင်လိုသူအားလုံးအတွက် တံခါးအမြဲတမ်းဖွင့်ထားမယ်လို့ CRPH က ခန့်အပ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက မတ် ၈ရက်နေ့မှာ ပြန်လည်ကြေညာခဲ့ပါတယ်။

    ဒ့ါအပြင် မတ် ၇ ရက်ညပိုင်းက ရန်ကုန်မြို့က ဆေးရုံတွေနဲ့ ကျောင်းအချို့မှာ တပ်စွဲပြီး ပစ်ခတ်တာတွေ ရှိခဲ့တဲ့အတွက်လည်း ဝန်ထမ်းတွေ CDM မှာ ပိုပြီးပါဝင်လာနိုင်မှာလို့လည်း သူကဆိုပါတယ်။

    လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးရာမှာလည်း တစ်စိတ်တစ်ဝမ်းတည်းရှိပြီး ဘုံရည်မှန်းချက် တူညီကြတယ်လို့လည်းဆိုပါတယ်။

    တစ်ဆက်တည်းမှာပဲ ၂၀၂၁ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ကျဆုံးသွားခဲ့သူတွေအတွက် ဝမ်းနည်းတဲ့အနေနဲ့ ဂုဏ်ပြုအထိမ်းအမှတ်ကာလကို ၁ လ သတ်မှတ်လိုက်တယ်လို့လည်း သိရပါတယ်။

    ၁ လတာ ကာလအတွင်း အလံတိုင်တဝက်လွှင့်ထူခြင်း၊ အထိမ်းအမှတ်ကျောက်စာတိုင်စိုက်ထူတာတွေ၊ ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပတာတွေအပြင် နေ့စဉ် မနက် ၉နာရီတိုင်းမှာ ကမ္ဘာမကြေဘူးနဲ့ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုတာတွေကို လုပ်သွားမယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

  13. မြန်မာရဲတွေ ပြန်ပို့ဖို့ အိန္ဒိယကိုစာပို့တောင်းဆို

  14. မြန်မာ့အရေးတရုတ်ကကြားဝင်လိုကြောင်းပြောဆို

  15. လှိုင်မြို့နယ် NLD ပါတီဝင်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွား

    ရန်ကုန်တိုင်း လှိုင်မြို့နယ် NLD ပါတီဝင်ဦးပီတာကို မတ်လ ၇ ရက်နေ့ ညပိုင်းက စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးသွားတဲ့ အကြောင်း သူရဲ့သားဖြစ်သူ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ပြောပါတယ်။

    လှိုင်မြို့နယ်က ဦးပီတာနေအိမ်ကို ဝင်ရောက်ဖျက်ဆီးပြီး သေနတ်တွေ ချိန်ပြီး ဖမ်းခေါ်သွားကြောင်းနဲ့ ဖမ်းဆီးရာမှာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ လည်း ပြောပါတယ် ။

    ဦးပီတာဟာ ၁၉၉၀ က NLD လှိုင်မြို့နယ် အမတ် ဦးစောမြသိန်း ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သလို မြို့နယ် လူငယ်တာဝန်ခံလည်း ဖြစ်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်က လည်း နိုင်ငံရေးလှုပ်ရှားမှု နဲ့ အကျဥ်းထောင်မှာ ၄ နှစ်တိတိ ထိမ်းသိမ်းခံရဖူးတဲ့ နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦးလည်းဖြစ်ပါတယ် ။

    မတ်လ၆ရက်ညကလည်း စစ်ကောင်စီလုံခြုံရေးတပ်တွေက ဦးစည်သူမောင်ရဲ့ ၂၀၂၀ ရွှေးကောက်ပွဲအောင်နိုင်ရေးမှာ ပါဝင်ဆောင်ရွှက်ခဲ့သူ ပန်းဘဲတန်းမြို့နယ်က NLDအဖွဲ့ဝင် ဦးခင်မောင်လတ် နေအိမ်မှာ လာရောက်ဖမ်းဆီးပြီးနောက်တစ်‌နေ့မှာ သေဆုံးသွား တဲ့အတွက်မတ်လ ၇ ရက်ဒီနေ့ ညနေပိုင်းက ရေဝေး သုသာန်မှာ အစ္စလာမ် ဘာသာထုံးစံ အတိုင်း သင်္ဂြိုဟ်ခဲ့ပါတယ်။

  16. ရန်ကုန်မြို့အနှံ့ ညပိုင်း သေနတ်သံတွေ ကြားနေရ

    ရန်ကုန်မြို့က မြို့နယ်အချို့မှာ ည ၈နာရီနောက်ပိုင်း သေနတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဘီဘီစီက မေးကြည့်သလောက်ကတော့ တောင်ဥက္ကလာ ၊မြောက်ဥက္ကလာ၊ ကမာရွတ်၊ရွှေပြည်သာ၊ ကြည့်မြင်တိုင် ချော်တွင်းကုန်းနဲ့ ပါရမီ မီးပွိုင့်အနီး မှာလည်း သေနတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြပါတယ်။

    လှိုင်သာယာ ကျန်စစ်သားအိမ်ရာ မှာတော့ သေနတ်သံ မကြားရဘဲ ဒရုန်းတွေ ကောင်းကင်မှာ ပျံနေတာတွေ့ရတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မြောက်ဥက္ကလာပ မှာတော့ သေနတ်တွေဖောက်တဲ့ အပြင် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေက ဆဲဆိုပြီး ထွက်ခဲ့လေ လို့ စိန်ခေါ်သွားကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

  17. ဝေဘာဂီ ဆေးရုံအနီး ညပိုင်း ပစ်ခတ်မှုဖြစ် တစ်ဦးဒဏ်ရာရ

    မြောက်ဥက္ကလာပ ဝေဘာဂီ ဆေးရုံအတွင်း ဝင်ရောက်တပ်စွဲဖို့ပြင်နေတဲ့ စစ်တပ်ကို ရပ်ကွက်လူထုက ကန့်ကွက်နေကြပြီးတော့ ပြီးခဲ့တဲ့မိနစ်ပိုင်းက ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် လူတစ်ဦးဒဏ်ရာရှိသွားတယ်လို့ ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

    ပစ်ခတ်မှုတွေရှိနေဆဲဖြစ်ပြီး စစ်ကားတွေအ များအပြားထပ်ရောက်လာပြီးလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်။

  18. စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရွာတွေပါ ဆန္ဒပြ

    မြန်မာနိုင်ငံမှာ ရက်ပေါင်း ၃၀ ကျော်လာပြီ ဖြစ်တဲ့ အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေးဆန္ဒပြ မှုတွေဟာ မြို့ကြီးတွေမှာသာမက ဘဲ ကျေးရွာတွေကပါ ဆန္ဒပြလာကြပါတယ်။

    မတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်နဲ့ ရေဖြူမှာ ကျေးရွာတွေက စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြကြသလို မ‌‌ကွေးမြို့နယ် ပုထိုးကျေးရွာမှာ လည်း စစ်ကောင်စီ ဆန့်ကျင်ရေး အတွက် ဆန္ဒပြခဲ့ကြပါတယ်။

    စစ်ကောင်စီကို ဆန့်ကျင်တဲ့ မြို့ပေါ်က နေ့စဥ် ဆန္ဒပြပွဲတွေကို ရဲနဲ့ စစ်တပ်တို့က ပစ်ခတ်ဖြိုခွင်းနေပါတယ်။

  19. နေပြည်တော် ရဲဌာနချုပ်က ဒုရဲအုပ်တစ်ဦး CDM မှာပါဝင်လာ

    နေပြည်တော် ရဲဌာနချုပ်က ဒုရဲအုပ် တစ်ဦးဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြ CDM လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။

    CDM မှာပါဝင်လာတဲ့ သူကတော့ နေပြည်တော် ရဲဌာနချုပ်က ဒုရဲအုပ် ဝေလင်းဦးဖြစ်ပြီးတော့ရဲထောက်ပံ့ရေးဌာန ကြီးမှာ တာဝန်ထမ်းဆောင်နေ သူလို့ သိရပါတယ်။

    သူ ပါဝင်ရတဲ့ အကြောင်းကတော့ ဆန္ဒပြသူတွေကို အနိုင်အထက်လူစုခွဲဖို့ ဖိအားပေးတာနဲ့ ရဲတပ်ဖွဲ့ဝင် မဟုတ်သူတွေကို ရဲ ယူနီဖောင်းဝတ်ပြီး အနိုင်အထက်ဖြိုခွဲမှု တွေလုပ်တာကို မကျေနပ်လို့ ဖြစ်တယ်လို့ ပြောပါတယ်။

    ဒါ့အပြင် ရန်ကုန်မှာ လည်း CDM ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်းတွေ့ရပါတယ်။

    ဒီနေ့မနက်ပိုင်း ရန်ကုန်မြို့လယ် မှာ ဆန္ဒပြလူငယ် ၃ ဦးကို စစ်ယူနီဖောင်းဝတ်တွေက အပြင်းအထန် ဝိုင်းရိုက်နေတာကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဝင်ပြီးတားဆီးတဲ့ ရုပ်သံတစ်ခုက လည်း ဆိုရှယ်မီဒီယာ ကွန်ရက်မှာ ပျံ့နှံ့ နေပါတယ်။

    CDM လုပ်နေတဲ့ ရဲတပ်ဖွဲကဝင်တွေက အကူအညီပေးနေသူတွေ ဆီက သတင်းအရ CDM ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၈၀၀ ကျော် ရှိပြီ လို့သိရပါတယ်။

  20. ရန်ကုန် နဲ့ မန္တလေး မှာ လူတစ်ရာကျော် အဖမ်းခံရ

    ရန်ကုန် မန္တလေး ပုဂံ မှာ စစ်ကောင်စီ ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို ဒီနေ့ အင်အားသုံးဖြိုခွင်းပြီး ရိုက်နှက် ဖမ်းဆီးခံရတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက နေတစ်ဆင့် သိရပါတယ်။

    ရန်ကုန်က ၄၆ လမ်း ရွှေပြည်သာ မြို့နယ်တို့မှာဖြိုခွဲတာအပြင် ဖမ်းဆီးမှုတွေလည်းရှိခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

    မန္တလေးမှာလည်း ၂၂ လမ်းသပိတ် ဖြိုခွင်းခံရပြီး လူ ၇၀ ခန့်ဖမ်းဆီးခံခဲ့ ရသလို ရန်ကုန်ရွှေပြည်သာ မှာ ၄၀ ခန့်နဲ့ ရန်ကုန်မြို့ ၄၆ လမ်းမှာ ဖြိုခွင်းမှုမှာ ရေကျော်စျေးထဲ အထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ကနဦး သတင်းရရှိထားပါတယ်။

    ဖမ်းဆီးခံရသူ အချို့မှာ ဒဏ်ရာရရှိထားသူများပါဝင်နေကြောင်း နဲ့ အချို့နေရာတွေမှာတော့ လူစုပြီး ပြန်လည် ဆန္ဒပြနေကြတယ်လို့သိရပါတယ်။

    ရန်ကုန်တိုင်း တိုက်ကြီးမှာလည်း မတ်လ ၇ ရက်နေ့က စစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေရှိပြီး လူ၂၀ ခန့် အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက ကနဦးသိရှိရပါတယ်။