ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖေဖေါ်ဝါရီ ၂၂ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ သတိပေး

ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ ပင်စင်စားတွေ လစာမထုတ်နိုင်အောင်တားဆီး၊ နှောင့်ယှက်၊ အဓမ္မဖိအားပေးမယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြကြောင်းလည်း စွပ်စွဲထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းမှာ တပ်မတော်သားတစ်ဦး ပူးပေါင်း

    ‌စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က သပိတ်စစ်ကြောင်းမှာ တပ်ကြပ်ကြီးအဆင့်ရှိ တပ်မတော်သားတစ်ဦးပူးပေါင်း ပါဝင်လာပါတယ်။ တပ်ကြပ်ကြီးစာရေး သန်းလွင်ဟာ ဖေဖော်ဝါရီ ၁၈ ရက်၊ မနက် ၉ နာရီလောက်မှာ ဝတ်စုံပြည့်နဲ့ ပူးပေါင်းလာတာဖြစ်ပြီး ပြည်သူတွေနဲ့အတူ တနာရီကျော်ကြာ ဆန္ဒပြသပိတ်မှာ ပါဝင်ခဲ့တာပါ။

    "သူ့ကြောင့် ပြည်သူတွေကို ဒုက္ခမရောက်စေချင်ဘူးလို့ ပြောတယ်။ ဝတ်စုံပြည့်နဲ့ ဝင်ရောက်ပူးပေါင်းပြီး CDM လုပ်ဆောင်တယ်။ နောက် အရပ်ဝတ်လဲပြီး သူ့ဘာသာထွက်သွားတာဗျ။ သူထွက်သွားပြီးတော့မှ အရပ်ဝတ်နဲ့ ရဲတွေက လာ‌စုံစမ်းပါတယ်" လို့ မုံရွာ‌မြို့က ကိုသန်းကျော်ဦးက ဘီဘီစီကို ပြောပြပါတယ်။

    ပြည်သူ့တပ်မတော်သားတွေကို ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့၊ အာဏာသိမ်းတရားမဝင်စစ်အုပ်စုကိုအလုပ်အကျွေးပြုမလား၊ ပြည်သူလူထုနဲ့ နိုင်ငံကိုကာကွယ်မလားဆိုတာ တပ်မတော်သားတွေအနေနဲ့ သေချာစဉ်းစားစေချင်တယ်လို့ ပူးပေါင်းလာတဲ့ တပ်မ‌တော်သားက သပိတ်အတွင်း မိန့်ခွန်းမှာ ပြောခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မုံရွာမြို့က သပိတ်စစ်ကြောင်းကတော့ရဲအင်အားတွေ‌နဲ့ စောင့်ကြည့်နေပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ်လို့ ဒေသခံက ပြောပါတယ်။

  2. ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင်တို့ကို အောင်မြေသာစံတရားရုံးမှာ ရုံးထုတ်မှာမို့ ပြည်သူတွေစောင့်ဆိုင်းနေ

    ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် အောင်မြေသာစံမြို့နယ် တရားရုံးမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင်ကို ရုံးထုတ်မယ်ဆိုပြီး သတင်းထွက်ပေါ်နေပါတယ်။ ဒါကြောင့် ပြည်သူလူထုက မြို့နယ်တရားရုံးရှေ့ကိုရောက်ရှိစုဝေးနေကြပြီး ဒီနှစ်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ ဆွဲဆိုမယ်လို့သိရပေမယ့် မြို့တော်ဝန်ကို ဆွဲဆိုမယ့် ပုဒ်မတော့ မသိသေးပါဘူး။

  3. ဆိုက်ဘာတိုက်ပွဲ အသွင် ပေါ်ပေါက်လာ

    အာဏာသိမ်း စစ်ကောင်စီ ချုပ်ကိုင်ထားတဲ့ အင်တာနက်၀က်ဘ်ဆိုက် စာမျက်နှာတွေ အတိုက်အခိုက် ခံခဲ့ရပြီးတဲ့နောက် ညပိုင်းမှာတော့ ၄ ည ဆက် အဖြစ် တတိုင်းပြည်လုံးကို စစ်တပ်က အင်တာနက် ဖြတ်တောက်ပါတယ်။

    ဆက်သွယ်ရေးနဲ့ အွန်လိုင်း သုံးစွဲမှုကို စိစစ် တင်းကျပ်မယ့် ဥပဒေတွေ ထွက်လာအောင် စိုင်းပြင်းရင်းမှာပဲ အင်တာနက် ဖြတ်တာတွေ ညစဥ်ရက်ဆက် စစ်တပ်ဘက်က ပြုလုပ်နေပါတယ်။

    ဒီအချိန်မှာ မြန်မာဟက်ကာများ အုပ်စုက ဗဟိုဘဏ်၊ စစ်တပ်၊ MRTV ရုပ်သံ၊ ဆိပ်ကမ်းအာဏာပိုင်၊ အစားအသောက်နဲ့ ဆေး၀ါး စတဲ့ စစ်တပ်ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ ၀က်ဘ်ဆိုက် စာမျက်နှာတွေ အလုပ်မလုပ်နိုင်အောင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာပြည်မှာ တရားမျှတမှု ရရှိရေး အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ အဲဒီ ဟက်ကာအဖွဲ့က သူတို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးပါတယ်။

    ၀က်ဘ်ဆိုက်ကို ထွင်းဖောက်ပြီး သတင်းအချက်အလက် ရယူတာမျိုး မဟုတ်ပဲ၊ အချိန်အတိုင်းအတာ တစ်ခုအထိ ပုံမှန်လုပ်ငန်း လုပ်ဆောင်လို့ မရအောင် အနှောင့်အယှက်ပေးတဲ့ ပုံစံ ဖြစ်တယ်လို့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    ဒီလိုပုံစံမျိုးကို “Hacktivism” လို့ ခေါ်ပြီး၊ အဓိက ရည်ရွယ်ချက်ကတော့ သူတို့ပေးချင်တဲ့ သတင်းစကားကို အများသိစေရန် လုပ်ဆောင်တဲ့ ပုံစံဖြစ်တယ်လို့ ဩစတြေးလျ RMIT တက္ကသိုလ်က ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ မက်၀ါရင်က ဆိုပါတယ်။

    မြန်မာပြည်မှာ ည သန်းခေါင်ကျော် ၁ နာရီက စပြီး မနက် ၉ နာရီ အထိ အင်တာနက် ဖြတ်တာမျိုုး အာဏာသိမ်းစစ်တပ်က အနည်းဆုံးလာမယ့် သီတင်းပတ်ထဲထိ လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေက ဆိုပါတယ်။

    ဘာလို့အခုလို ဖြတ်တောက်နေတာလဲ၊ အဲဒီကာလ အပိုင်းအခြားအတွင်းမှာ ဘာတွေ လုပ်နေတာလဲ ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ပြီးခဲ့တဲ့ အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ အစိုးရပိုင် MPT ကတ်ထည့်ထားတဲ့ ဖုန်းတွေမှာ မက်ဆေ့ချ် အလိုအလျောက် ပြန်စာတွေကို တရုတ်လို ရေးထားတာတွေ လက်ခံရနေတယ်လို့ ကိုယ်တွေ့ ကြုံသူတွေက ပြောကြပါတယ်။

    အရင်ရက်တွေကတည်းက အာဏာသိမ်း မြန်မာစစ်တပ်ဟာ အင်တာနက် နည်းပညာနဲ့ ပတ်သက်ပြီး လုံခြုံရေး စနစ်မြှင့်တင်တာ အပါအ၀င် လူအများကို ထိန်းချုပ်စောင့်ကြည့်နိုင်အောင် တရုတ် ပညာရှင်တွေရဲ့ အကူအညီရယူနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေ လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။

    ကူမင်းနဲ့လည်း နေ့စဥ် လေယာဥ် အတက်အဆင်းတွေ ရှိနေတာကို ထောက်ပြပြီး အာဏာသိမ်း မြန်မာ စစ်တပ်ဟာ တရုတ်ဆီက အကူအညီတွေ ရနေတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။

    တရုတ်သံရုံးကတော့ အဲဒီလို ပြောဆိုမှုတွေကို ငြင်းပယ်ထားပါတယ်။

  4. မြန်မာရဲကိုင်တဲ့ ဒရုန်းဖျက်သေနတ် စင်္ကာပူ ကုမ္ပဏီဆီကရ

    မြန်မာရဲတပ်ဖွဲ့ အသုံးပြုတဲ့ လက်နက်တွေထဲ ဒရုန်းတွေကို ပစ်ချတဲ့ သေနတ်လည်း ပါ၀င်တာ တွေ့ရပါတယ်။

    မြန်မာရဲတွေကိုင်တဲ့ ဒရုန်းဖျက်သေနတ်ဟာ စင်္ကာပူ အခြေစိုက်TRD ကုမ္ပဏီ ထုတ် ဖြစ်တယ်လို့Justice for Myanmar အဖွဲ့က ပြောပါတယ်။

    TRD ဟာ ၂၀၁၁ ကတည်းက စင်္ကာပူမှာ မှတ်ပုံတင်ထားတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးသုံး နည်းပညာမြင့် လက်နက်တွေ ထုတ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

    TRD အနေနဲ့ ဒရုန်းဖျက်လက်နက်တွေ ထုတ်လုပ်ရေးကို အဓိကထားလုပ်နေတာ ၅ နှစ် ကျော်နေပြီလို့ သူတို့ ကုမ္ပဏီ ၀က်ဘ်ဆိုက်မှာ ရေးထားပါတယ်။

    သူတို့ရဲ့ အဓိက ဖောက်သည်တွေဟာ ဒေသတွင်း အရှေ့တောင် အာရှနိုင်ငံတွေက ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

    TRD ရဲ့ ကုမ္ပဏီရုံးခန်း မြန်မာပြည်မှာ ရှိတယ်ဆိုပြီး Justice for Myanmar အဖွဲ့က ပြောပါတယ်။

    ဘယ် နိုင်ငံတကာ ကုမ္ပဏီတွေက မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ အဆက်အဆံ လုပ်နေပြီး၊ မြန်မာစစ်တပ်ကို အကျိုးရှိနေစေလဲ ဆိုတာကို Justice for Myanmar အဖွဲ့က ဖော်ထုတ်နေတာ ဖြစ်ပါတယ်။

    မြန်မာပြည်မှာ လက်ရှိ ပေါ်ပေါက်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုကြီးကို မှတ်တမ်းတင်ထားတဲ့ ပုံတွေမှာ ဒရုန်းကို အသုံးပြုပြီး ရိုက်ထားတဲ့ ပုံတွေလည်း တွေ့နေရပါတယ်။

    ဒီတော့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေကို ဒရုန်းဖျက် လက်နက် တပ်ဆင်ပေးတဲ့ လုပ်ရပ်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု၊ CDM လှုပ်ရှားမှုတွေကို ဖြိုခွဲရေး ဖြစ်သွားစေတာပဲလို့ ၀ေဖန်သူတွေက ပြောကြတာ ဖြစ်ပါတယ်။

  5. စစ်ကောင်စီရဲ့ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ ခံရသူပေါင်း အယောက် ၅၀၀ နီးပါးရှိ

    ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကစလို့ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့ အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ် ခံရသူ စုစုပေါင်းလိုက်ရင် ၄၉၅ ယောက် ရှိတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ပါတယ်။

    ဒီထဲမှာ ပြန်လွတ်လာတဲ့သူ ၃၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။

    အာဏာသိမ်း စစ်ကောင်စီဟာ CDM ၀န်ထမ်း သပိတ်ထဲ ပါ၀င်တဲ့သူ၊ ဦးဆောင်သူ ဆော်ဩသူလို့ သူတို့ယူဆတဲ့သူတွေကို ပစ်မှတ်ထား နေပါတယ်။

    ဒါ့အပြင်၊ လမ်းပေါ်မှာ အင်အားသုံးပြီး ဖြိုခွဲတာမျိုးတွေလည်း ပြုလုပ်နေတာမှာ ဗုဒ္ဓဟူးနေ့ ၊ ၁၇ ရက် ဖေဖေါ်၀ါရီကဆိုရင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မှာ ဆန္ဒပြ လူငယ် ၃ ယောက် အဖမ်းခံရပြီး၊ မန္တလေး ဘူတာကြီးနားမှာလည်း မီးရထား၀န်ထမ်း သပိတ်ကို ပစ်ခတ် ဖြိုခွဲတဲ့ အထိ ပြုလုပ်လာပါတယ်။

    အင်အားသုံး ပစ်ခတ်ဖြိုခွဲတာတွေကို နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ မြောင်းမြ စတဲ့ နေရာတွေမှာ အာဏာသိမ်း စစ်တပ်က ခုရက်ပိုင်းတွေ အတွင်း ဆက်တိုက် လုပ်ဆောင်လာပါတယ်။

    ရန်ကုန်မှာတော့ သိန်းပေါင်းများစွာ ပါ၀င်တဲ့ ဆန္ဒပြ လူပင်လယ်ကြီး မြို့တခွင်လွှမ်းသွားတာကို တွေ့မြင်ခဲ့ရပြီး၊ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေ ကြားကပဲ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု နောက်တွန့်မသွားပဲ အကြီးမားဆုံး အင်အားနဲ့ လမ်းတွေပေါ် ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

    ရန်ကုန်လမ်းမတွေရဲ့ အချက်အခြာ နေရာတွေမှာ ကားတွေ စက်ပျက်တယ် ဆိုပြီး ထိုးရပ်ကာ၊ စက်ဖုံးဖွင့်ရင်း၊ လမ်းတွေပိတ်ဆို့ထားတဲ့ လှုပ်ရှားမှုဟာ ကမ္ဘာ့ မီဒီယာတွေထက် ပျံ့နှံ့သွားပါတယ်။

    စစ်ကောင်စီကတော့ သူတို့ရဲ့ တရား၀င် အသိအမှတ် အပြုမခံရတဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ထက်မှာ ယာဥ်ပိတ်ဆို့မှုကြောင့် ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ အခက်အခဲတွေ ဖြစ်စေလို့ အများပြည်သူ မကျေမနပ်တွေ ဖြစ်ကြတယ်လို့ ရေးသားပါတယ်။

    မြို့ရဲ့ လမ်းမတွေထက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူပင်လယ်ကြီး လွှမ်းမိုးသွားခဲ့တာကိုတော့ နှုတ်ဆိတ်နေတာ တွေ့ရပါတယ်။

    အခုချိန်ထိတော့ အာဏာသိမ်း စစ်ခေါင်းစီဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ တောင်းဆိုမှု ဖြစ်တဲ့ ဖမ်းထားတဲ့ တရား၀င် အစိုးရ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေးကိုလည်း လျစ်လျုရှုထားပါတယ်။

  6. ‘We want democracy’ စာသားကို ရေပိုက်နဲ့ထိုးပြီးဖျက်- နေပြည်တော်

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြလူငယ်တွေ နေပြည်တော်ရဲ့ လမ်းမပေါ် ‘we want democracy’ ဒီမိုကရေစီလိုချင်တယ် စာသား ဆေးသုတ်ရေးချယ်မှုကို ရဲတွေလာရောက်ဟန့်တားပြီး အဓိကရုဏ်းဖြိုခွဲရေး ရေပိုက်နဲ့ထိုးပြီး ဖျက်ပစ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့၊ ၁၇.၂.၂၀၂၁။

  7. လေကြောင်းထိန်းတွေရဲ့ CDM ဖြိုခွဲခံရပြီလား

    မြန်မာပြည်ပေါ် ဖြတ်ပျံတဲ့ လေယာဥ်တွေ အတွက် မူလ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေ အားလုံး ပုံမှန်ပြန် အလုပ်လုပ်နေတယ် ဆိုပြီး စောင့်ကြည့်လေ့လာသူတချို့ ပြောကြတာ ကြားသိနေရပါတယ်။

    ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ လေကြောင်းထိန်း ၀န်ထမ်းတွေ အများစု CDM ထဲ ပါ၀င်ကြတဲ့အတွက်၊ တိုင်းပြည်ဖြတ်ကျော် လေယာဥ်လမ်းကြောင်းတွေ ရပ်ထားရပြီး၊ အရေးအကြောင်းကြုံလာရင် အသုံးပြုတဲ့ လမ်းကြောင်း ၅ ခု မှာသာ လှုပ်ရှားမှုတွေ ရှိနေခဲ့တယ်လို့ စောင့်ကြည့်သူတွေက ပြောကြပါတယ်။

    အခုအခါမှာတော့ ပုံမှန်လမ်းကြောင်းတွေ ပြန်အလုပ်လုပ်နေတာကို သတိထားမိလာကြတာ ဖြစ်ပါတယ်။ CDM ထဲပါတဲ့ လေကြောင်းထိန်း၀န်ထမ်းတွေကို ပြန်အလုပ်ဆင်းဖို့ စစ်ကောင်စီက ဖိအားပေးနေတယ် ဆိုတဲ့ အကြောင်းလည်း ကိုယ်တိုင် CDM ထဲ ပါသူတစ်ဦးက ဘီဘီစီကို ပြောထားတာ ရှိပါတယ်။

    စစ်ကောင်စီ လုပ်ဆောင်နေတာကို ကြည့်ရင်လည်း ၀န်ထမ်းတွေရဲ့ CDM မအောင်မြင်အောင် နည်းပေါင်းစုံ သုံးဖြိုခွဲနေတာကို တွေ့နေရပြီး CDM ထဲ ပါ၀င်အောင် တိုက်တွန်း နေသူတွေကိုပါ ဖမ်းမိန့်တွေ ထုတ်တဲ့အထိ လုပ်ဆောင်နေပါတယ်။ #ဘီဘီစီမြန်မာပိုင်း

  8. မန္တလေး ပစ်ခတ်ဖြိုခွဲမှု

    မန္တလေး မီးရထား ၀န်ထမ်း အိမ်ရာကို ရဲတပ်ဖွဲ့က ပစ်ခတ်နေတဲ့ ဗီဒီယိုဖိုင်တွေဖြစ်ပါတယ်။ ဘီဘီစီ ရရှိထားတဲ့ ဗီဒီယိုတွေထဲ တချို့နေရာတွေမှာ ကျယ်လောင်တဲ့ ပစ်ခတ်သံတွေ ပါ၀င်နေတာကို ကြိုတင် သတိပေးပါတယ်။မန္တလေးဘူတာကြီးအနီးမှာ ညနေပိုင်း ရထားထွက်မယ်လို့ သတင်းရလို့ မီးရထား ဝန်ထမ်းတွေနဲ့ ဆန္ဒပြသူတွေက ပိတ်ဆို့ ဆန္ဒပြနေခဲ့ကြပါတယ်။ညအချိန်မှာတော့ ခုလို ပစ်ခတ်တဲ့ အထိ ရဲက အင်အားသုံးလာတာ ဖြစ်ပါတယ်။ဘူတာ၀င်း အနီးက ပရဟိတမင်းခေါင်အဖွဲ့အသင်း ကားတွေကိုလည်း အုတ်တံတိုင်း ကျော်တက်ပြီး အပစ်ခံရတဲ့ အတွက် ကားတွေ ထိမှန်သလို ပရဟိတသမားတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

  9. မန္တလေးဘူတာကြီးအနီးမှာ ပစ်ခတ်ဖြိုခွင်းနေ

    မန္တလေးဘူတာကြီးအနီးမှာ ပြီးခဲ့တဲ့နာရီပိုင်းက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းနေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ နာရီပိုင်းအထိ မန္တလေးဘူတာကြီးအနီးမှာ ရထားလမ်းပိတ်ပြီး ဆန္ဒပြမှုတွေရှိခဲ့ပြီး လူစုလူဝေးတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

    ပစ်ခတ်သံတွေ အချက်၂၀ ကျော် ကြားနေခဲ့ရသလို ပစ်ခတ်ဖြိုခွင်းမှုတွေဟာ ည ၈ နာရီနောက်ပိုင်းမှာ ဖြစ်ခဲ့တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

    မန္တလေးဘူတာကြီးအနီးမှာ ညနေပိုင်း ရထားထွက်မယ်လို့ သတင်းရလို့ မီးရထား ဝန်ထမ်းတွေနဲ့ ဆန္ဒပြသူတွေက ပိတ်ဆို့ ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။

    ဘူတာ၀င်း အနောက်ဘက် ၇၉ လမ်းနဲ့ ၃၄ လမ်းထောင့်က ပရဟိတမင်းခေါင်အဖွဲ့အသင်း ကားတွေကိုလည်း အုတ်တံတိုင်း ကျော်တက်ပြီး အပစ်ခံရကြောင်း၊ ကားတွေအပစ်ခံရပြီး ပရဟိတသမားတစ်ဦး ဦးခေါင်းနဲ့ပေါင်ကို ထိမှန်သွားကြောင်း၊ အပြင်ထွက်တာနဲ့ ပစ်နေလို့ ပရဟိတသမားတွေ ရုံးထဲမှာ ပိတ်မိနေကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။

  10. မန္တလေး ဘူတာကြီးမှာ ရထားလမ်း ပိတ် ဆန္ဒပြ

    မန္တလေးဘူတာကြီးကနေ ရထားထွက်မယ် ဆိုတဲ့ သတင်းကြောင့် မီးရထား ဝန်ထမ်းတွေနဲ့ လူတချို့က ဒီကနေ့ နေ့လယ်ပိုင်းက ရထားလမ်းကို ပိတ်ဆို့ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ဒါ့အပြင် မီးရထား စက်ခေါင်းမောင်း (၄)ဦးကိုလည်း ဖမ်းဆီးထားတယ် ဆိုတဲ့သတင်းတွေကြောင့် (၇၈)လမ်းပေါ်မှာ ထိုင်သပိတ် လုပ်ပြီး ဆန္ဒထုတ်ဖော်မှုတွေလည်း ရှိပါတယ်။

  11. တပ်မ‌တော် ဝက်ဆိုက်တွေ တိုက်ခိုက်ခံရ

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော် သတင်းမှန်ပြန်ကြားရေးနဲ့ ဗဟိုဘဏ် ဝက်ဆိုက်တွေ တိုက်ခိုက်ခံရတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ဒီကနေ့ နေ့လယ်ပိုင်းမှာ အခုလို တိုက်ခိုက်ခံ ခဲ့ရတာဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဝက်ဆိုက်တို့ကို တပ်မတော်မှ ကွန်ပျူတာပညာရှင်များ ကြိုးပမ်းမှုကြောင့် နာရီပိုင်းအတွင်းလုပ်ငန်း ပြန်လည် လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဗဟိုဘဏ် ဝက်ဆိုက် ပြန်လည် လည်ပတ်စေဖို့အတွက် မူလဆောင်ရွက်ပေးတဲ့ ကုမ္ပဏီကိုခေါ်ယူပြီး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းကဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ အခု တိုက်ခိုက်ခံရတဲ့ ဝက်ဆိုက်တွေဟာ သာမန် သတင်းထုတ်ပြန်‌ရေးဝက်ဆိုက်တွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

  12. အနုပညာရှင် ၆ ဦးကို ပုဒ်မ၅၀၅-က နဲ့ အမှုဖွင့်

    သရုပ်ဆောင် ပြေတီဦး၊ လူမင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဝိုင်း၊ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ဟာထင်ပေါ်ကျော်ကြားမှုကို အသုံးပြုပြီး ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်အောင်၊ ဆူပူဆန္ဒပြမှုမှာ ပါဝင်အောင် လှုံ့ဆော်တယ်ဆိုပြီး ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ဖေ့စ်ဘွတ်ခ်ကနေ ကြေညာပါတယ်။

    သူတို့ကို လက်ခံထားသူတွေကိုလည်း အရေးယူမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ အဲဒီကြေညာစာမှာ ပါပါတယ်။

  13. ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ စစ်ကောင်စီကို တရုတ်ပြော

    ဖမ်းဆီးထားသူ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ မြန်မာ စစ်ကောင်စီကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာန အချို့ရဲ့ မေးမြန်းမှုတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တရုတ်သံအမတ်ကြီးက ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ဖမ်းဆီးခံရခြင်းအပေါ် များစွာဂရုပြုကြောင်း၊ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ ပြည်သူများရဲ့ဆန္ဒနဲ့ အကျိုးစီးပွားနဲ့အညီ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပြန်လည်သင့်မြတ်ရေးကို အားပေးကြောင်း ပြောကြားခဲ့တယ်လို့ သံရုံးကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ယခုရက်ပိုင်းမှာ တရုတ်လေယာဉ်‌တွေနဲ့ နည်းပညာသမားတွေ မြန်မာနိုင်ငံကို ပို့ဆောင်တဲ့သတင်းတွေ လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့နေပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ တပ်မတော်ကို ကူညီပြီး Firewall တည်ဆောက်တဲ့အကြောင်း၊ တရုတ်စစ်သားတွေ မြန်မာနိုင်ငံ လမ်းမပေါ်တွေမှာ တွေ့ရတဲ့အကြောင်း စတဲ့သတင်းတွေဟာ လုံးဝအခြေအမြစ်မရှိပါကြောင်းနဲ့ ဒီလေယာဉ်တွေဟာ တရုတ်-မြန်မာအကြား ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ်၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို တင်ပို့တဲ့ ပင်လယ်စာ စတဲ့ကုန်ပစ္စည်းတွေ ဖြစ်တယ်လို့ သံအမတ်ကြီးကပြောခဲ့ပါတယ်။

  14. မြန်မာအရေး အာဆီယံဆွေးနွေးဖို့ အင်ဒိုနီးရှား တိုက်တွန်း

    မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားဆွေးနွေးဖို့ ကူညီပေးရေး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဘုရင် ဆူလ်တန် ဟာဆန်နယ်လ် ဘိုလ်ကီးယားကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီက ဘရူနိုင်းနိုင်ငံ မြို့တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ တိုက်တွန်းခဲ့ပါတယ်။

    အင်ဒိုနီးရှားအနေနဲ့ ကြားဝင်မစွက်ဖက်ရေး မူဝါဒကို ကျင့်သုံးပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံမှုနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အကျိုးကို ဦးစားပေး ဆောင်ရွက်မယ်လို့ တွေ့ဆုံမှုအပြီး အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ မစ္စမာဆူဒီက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားတို့က အထူးအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ပြည်တွင်းရေးကိစ္စတွေကို ကြားဝင်မစွက်ရေး မူဝါဒနဲ့ စစ်တပ်အာဏာလွှဲပြောင်းရယူတာကို မတူညီတဲ့ သဘောထားတုံ့ပြန်မှုတွေကြောင့် အဲဒီလို တွေ့ဆုံစည်းဝေးမှုမျိုးဟာ ရှားပါးပြီး ဒီလို အစည်းအဝေးပြုလုပ်နိုင်ဖို့ကလည်း စိန်ခေါ်မှုတွေ ရှိပါတယ်။

  15. နေပြည်တော်မှာအဖမ်းခံရသူတွေ မိသားစုနဲ့ ဆက်သွယ်မရ ဖြစ်နေ

    နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲက ဒေသခံအချို့ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်ရုံး အမှတ် (၁) ရှေ့မှာဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ရပါတယ်။

    ဖမ်းဆီးခံထားရတာ ၃ ရက်ကြာပြီဖြစ်ပေမဲ့ သူတို့ကိုဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာ အခုထိ အဆက်အသွယ်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

    နေပြည်တော်မှာ အစိုးရဝန်ထမ်းအချို့အပါအဝင် လူ၆၀ ကျော်နဲ့ မန္တလေး ဘဏ် ၁ ရှေ့က လူ ၂၀ အပါအဝင် စုစုပေါင်း ၂၉ ဦးကို ဆူပူဆန္ဒပြမှုများနဲ့ ဆက်စပ်ပြီး ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီအထဲမှာ နေပြည်တော်က ၂၇ ဦးကိုတော့ စစ်ဆေးမှုတွေပြုလုပ်ပြီးပြန်လွှတ်ပေးခဲတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

    အဖမ်းခံရသူတချို့ဟာ ရုံးရှေ့ ဆန္ဒပြနေစဥ် လူ ၃၀ ခန့် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပြီးတော့ အခုအထိ အဆက်အသွယ်မရဖြစ်နေလို့ မိသားစုတွေက စိတ်ပူနေတယ်လို့ပြောပါတယ်။

  16. စစ်ကောင်စီရောင်းချတဲ့ ‌ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ CRPH ထုတ်ပြန်

    အာဏာသိမ်းစစ်ကောင်စီရောင်းချနေတဲ့ ‌ငွေတိုက်စာချုပ်တွေကိုမဝယ်ကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက CRPH က ထုတ်ပြန်လိုက်ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တဲ့ အတွက်ငွေတိုက်စာချုပ်များ ရောင်းချခြင်း အပါအဝင် မည်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းကိုမျှ လုပ်ပိုင်ခွင့် မရှိဘူးလို့လည်း ၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကပြောပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက အစိုးရငွေတိုက်စာချုပ်များ ရောင်းချခြင်းကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကန့်ကွက်ကြောင်းနဲ့ လုပ်ငန်းရှင်များကလည်း ဝယ်ယူခြင်းမပြုကြဖို့ကိုလည်း သတိပေးထားပါတယ်။

    အစိုးရတစ်ရပ်ဟာ ‌ငွေတိုက်စာချုပ်တွေကို ငွေလိုတဲ့ အခါမှာ အခုလိုထုတ်ရောင်းလေ့ရှိပါတယ်။

  17. CDM လှုပ်ရှားမှုကြောင့်အစိုးရ အထိနာနေပြီလို့ ဆန္ဒပြခေါင်းဆောင်ပြော

    ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် အာဏာသိမ်းစစ်ကောင်စီ အစိုးရ အထိနာနေပြီလို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြတစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။

    ဘဏ်တွေ လည်ပတ်မှု ရပ်နေပြီး နောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေပါ ရပ်ဆိုင်းသွားဖို့ ရှိတယ်လို့လည်း သူကပြောပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ လှုပ်ရှားမှု ၊CDM လှုပ်ရှားမှု နဲ့ လူထုဆန္ဒပြ လှုပ်ရှားမှု စတဲ့ လှုပ်ရှားမှုကြီး ၃ ခုနဲ့ လှုပ်ရှားဆောင်ရွက်နေတယ်လို့ သူက ရှင်းပြပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းမှုဟာ ပြည်သူတွေပေးခဲ့တဲ့ မဲတွေကို စော်ကားခံလိုက်ရတာ ဖြစ်တဲ့အတွက် ပြည်သူတွေက အခုလိုပါဝင်လာကြတာ ဖြစ်တယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အစိုးရကို အာဏာပြန်အပ်တဲ့အထိ ရောက်အောင် ဒီလှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ်လို့လည်း ကိုဂျင်မီက ဘီဘီစီကို ပြောပါတယ်။

  18. ရန်ကုန်မှာ ကားလမ်းတွေပိတ်ပြီး ဆန္ဒပြ

    ရန်ကုန်မြို့က အဓိက လမ်းမကြီးတွေမှာ ကားတွေစက်ဖုံးဖွင့်ပြီး ကားလမ်းတွေပိတ်ဆို့ ဆန္ဒပြနေကြပါတယ်။

    လမ်းမကြီးတွေမှာ ကားတွေပိတ်နေလို့ ရန်ကုန်မြို့ရဲ့ သယ်ယူပိုဆောင်ရေးလုပ်ငန်း တွေအတော်များများရပ်နေပြီး တစ်နေရာကနေ တစ်နေရာကိုသွားလာလို့ မရ ဖြစ်နေပါတယ်။

    ဒါ့အပြင် ရန်ကုန်မှာက CNG ဆိုင်တွေ CDM မှာ လှုပ်ရှားမှုကြောင့် ခရီးသည်ယာဉ်တွေ ရပ်ဆိုင်းထားရပါတယ်။

    သွားလာမှု အခက်အခဲဖြစ်အောင် ဆန္ဒပြကြတာဆိုပေမယ့် မီးသတ်ကားနဲ့ လူနာတင်ကားတွေ အရေးပေါ်သွားလာနိုင်အောင်တော့ သင့်တင့်တဲ့ယာဉ်ကြောဖွင့်ပေးသင့်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။

    မြန်မာ တရုတ် နယ်စပ် မူဆယ်မှာလည်း ကုန်ကားတွေက ပိတ်ဆို့ထားလို့ နယ်စပ်ကုန်သွယ်မှုလည်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

  19. စာနယ်ဇင်းကောင်စီဝင်တွေနဲ့ သတင်းသမားတွေ အလုပ်ထွက်ကြပြီ

    မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ၅ ဦးခန့်နဲ့ မြန်မာတိုင်းမ် သတင်းစာတိုက်က သတင်းသမား ၁၀ ဦးကျော်ခန့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အလုပ်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။

    စာနယ်ဇင်းကောင်စီကနေ ဦးကျော်မင်းဆွေ၊ ဦးမြင့်ကျော်၊ ဦးဇေယျာလှိုင်၊ ဦးကျော်စွာမင်း၊ ဒေါ်ဝေမာသိမ့်တို့ နုတ်ထွက်ခဲ့ကြောင်းလတ်တလောသိရပါတယ်။

    မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကနေ နုတ်ထွက်ကြတာဟာ စာနယ်ဇင်းကောင်စီဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ပတ်သက်ပြီး ပြတ်သားတဲ့ ရပ်တည်ချက် မရှိဘူးလို ယူဆတာကြောင့် အခုလို နုတ်ထွက်ရတာဖြစ်တယ်လို့ နုတ်ထွက်ခဲ့သူတစ်ဦးက ဆိုပါတယ်။

    မနေ့က စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲကို သတင်းစာတိုက်ပိုင်ရှင်က ဖိအားပေးတာကြောင့် သတင်းထောက်တစ်ဦး တက်ရောက်ခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာတိုင်းမ် သတင်းစာတိုက်က သတင်းသမားတွေက မကျေနပ်လို့ အလုပ်ထွက်ခဲ့ကြပါတယ်။

    မြန်မာတိုင်းမ်သတင်းစာတိုက်က သတင်းစာသမား အနည်းဆုံး ၁၀ ဦးကျော်နုတ်ထွက်ခဲ့တယ်လို့ အလုပ်က နုတ်ထွက်ခဲ့သူတစ်ဦးကပြောပါတယ်။

    မြန်မာတိုင်းမ် သတင်းစာပိုင်ရှင်ဟာမြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီးတော့မြန်မာတိုင်းမ် အပတ်စဥ်ထုတ်နဲ့ နေ့စဥ်ထုတ် သတင်းစာတွေကို ထုတ်ဝေနေပါတယ်။

  20. တောင်ကုတ်မှာ CDM လှုပ်ရှားသူ သုံးဦးထပ်ဖမ်းခံရ

    ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM ဦးဆောင်သူကိုချစ်မောင်မောင်အပါအဝင်သုံးဦးတို့ဟာ ဖေဖော်ဝါရီ ၁၇ ရက်က တပ်မတော်ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ တောင်ကုတ်ဒေသခံ ကိုစိုးသီဟက ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီလှုပ်ရှားမှုကို မနက်ပိုင်း ၉ နာရီမှာ တောင်ကုတ်မြို့ ဘောလုံးကွင်းကနေ စတင်ထွက်ခွာလာခဲ့ကြပြီး ၁၀ မိနစ်ခန့်အကြာ စည်ပင်လမ်းထဲကိုအရောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ တပ်မတော်တပ်ဖွဲ့တွေက ကိုချစ်မောင်မောင်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့သူတွေက ပြောဆိုကြပါတယ်။

    လူအင်အား ၂၀ လောက်သာပါဝင်တဲ့ ဆန္ဒပြလူစုကို အင်အား ၅၀ ဝန်းကျင်လောက်ရှိတဲ့ တပ်မတော်တပ်ဖွဲ့တွေက ဖမ်းဆီးမှု တွေပြုလုပ်ပြီး လူစုခွဲခံလိုက်ရတယ်လို့ သိရပါတယ်။ နောက်ထပ်ဖမ်းဆီးခံရသူနှစ်ဦးကတော့ ကိုဇော်ဝင်းအောင်နဲ့ ဦးခင်သန်းတို့ဖြစ်ပြီး သူတို့နှစ်ဦးကတော့ ဆန္ဒပြတဲ့အထဲမပါဝင်ဘဲ မြို့ထဲမှာ ဆိုင်ကယ်နဲ့သွားလာနေချိန် အရပ်ဝတ်နဲ့လူ တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဖမ်းဆီးခံလိုက်ရသူ သုံးဦးတို့မှာ ကိုချစ်မောင်မောင်နဲ့ ကိုဇော်ဝင်းအောင်တို့နှစ်ဦးဟာ NLD ပါတီဝင်တွေဖြစ်ကြပြီး ဦးခင်သန်း ဆိုသူမှာ လက်သမားအလုပ်လုပ်ကိုင်နေတဲ့ သာမာန်ပြည်သူသာဖြစ်တယ်လို့ တောင်ကုတ်မြို့ခံတွေက ပြောဆိုကြပါတယ်။

    လက်ရှိမှာတော့ အဲ့ဒီဖမ်းဆီးခံထားရသူ သုံးဦးတို့ကို တောင်ကုတ်မြို့အခြေစိုက် တပ်မတော်တပ်ရင်းတစ်ခုမှာ ထိန်းသိမ်းထား ရှိပြီး အမှုဖွင့်အရေးယူတာတွေပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲဦးဆောင်သူ တွေကို တောင်ကုတ်မြို့ပေါ်မှာ ဆက်တိုက်ဖမ်းဆီးမှုတွေရှိနေသလို ဒီကနေ့ထိ CDM လှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရသူ ၆ ဦးနဲ့ ကော်မရှင်အဖွဲ့က နှစ်ဦး စုစုပေါင်း ၈ ဦးထိရှိနေပြီဖြစ်ပါတယ်။

    ဆန္ဒပြပွဲဦးဆောင်သူတွေဖြစ်တဲ့ ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုးနဲ့ ဦးတင်သိန်းအောင်တို့သုံးဦးကိုတော့ ဘေးအန္တရာယ် စီမံခန့်ခွဲ ရေးဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မိသားစုတွေဆီကနေ သိရပါတယ်။

    ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း သံတွဲမြို့ပေါ်ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသားနှစ်ဦးနဲ့ကျောင်းသူတစ်ဦးအပြင် အရပ်သား တစ်ဦး စုစုပေါင်းလေးဦးတို့လည်း ဖမ်းဆီးခံလိုက်ရပြီး ပြန်လည်လွတ်မြောက်လာတာမရှိသေးသလို ကျောင်းသားတွေကို တပ်မတော်တပ်ရင်းနှစ်ခုမှာ ချုပ်နှောင်ထားပြီး နောက်တစ်ဦးကိုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆန္ဒပြပွဲဦးဆောင် သူ မဆောင်းနှင်းဝေက ပြောပါတယ်။

    CDM လှုပ်ရှားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းက အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်တွေမှာ ဖမ်းဆီးခံရသူ ၂၀ ဦးကျော်ထိ ရှိလာနေပြီဖြစ်ပါတယ်။ တချို့မြို့နယ်တွေမှာတော့ ဖမ်းဆီးခံကြရပေမယ့် ခံဝန်လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လည်လွှတ်ပေး တာတွေလည်း ရှိနေတာဖြစ်ပါတယ်။