ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုးပြီး တရားစွဲ

သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅ နဲ့ထပ်တိုးပြီးတရားစွဲခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြစ်ကြီးနားမှာ စစ်ကားတွေ ရောက်လာပြီး ပစ်ခတ်ဖြိုခွင်း

    မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံအနီး ဝိုင်းထားတဲ့လူစုကို ရဲကား နဲ့ စစ်ကား၊ တင့်ကားတွေရောက်လာပြီး ပစ်ခတ်ဖြိုခွင်းနေတယ်လို့ သိရပါတယ်။

    အနည်းဆုံး ၃ ချက်ထက်မနည်း စတင် ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ သိရပြီး ရဲနဲ့စစ်ကားတွေက လမ်းကို ပိတ် နေရာယူထားကြပါတယ်။

    အစောပိုင်းကတော့ မြစ်ကြီးနား EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံအနီးမှာ ဝိုင်းထားတဲ့လူစုကို ရဲနဲ့ စစ်တပ်က ပုဒ်မ ၁၄၄ အရ လူစုခွဲဖို့ အသံချဲ့စက်နဲ့အော်နေတာကို ဒေသခံမီဒီယာတွေက တိုက်ရိုက်ထုတ်လွှင့်မှုမှာ တွေ့ရပါတယ်။

    မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံထဲ ရောက်နေတဲ့ စစ်သားတွေကို အပြင်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာဖြစ်ပြီး စစ်သားတွေ မထွက်မချင်း မပြန်ဘူးလို့ ဆန္ဒပြသူတွေက ပြောနေကြတာပါ။

    ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား နှစ်ဘက်အခြေအနေ တင်းမာနေပြီး ဖမ်းဆီးဖြိုခွဲမယ့် အနေအထား တွေ့ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့နာရီပိုင်းကတော့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG က ဝင်ရောက်ဖြေရှင်းပေးပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။

  2. မုံရွာက ပုဂ္ဂလိက ဘဏ်တွေအနီးမှာ စစ်တပ်နဲ့ ရဲတွေနေရာယူထား

    စစ်ကိုင်းတိုင်းမုံရွာမြို့က ပုဂ္ဂလိက ဘဏ်တွေမှာ စစ်တပ်နဲ့ ရဲတွေက ဖေဖော်ဝါရီလ ၁၄ ရက်ပိုင်းက စပြီး လုံခြုံရေး ယူထားတာကို တွေ့ရကြောင်း မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ မုံရွာမြို့ အစိုးရဘဏ်တွေက ဝန်ထမ်းတွေက ပါဝင်နေခဲ့ကြပေမဲ့ ပြီးခဲ့တဲ့သောကြာနေ့အထိ ပုဂ္ဂလိကဘဏ်တွေကတော့ ဖွင့်လှစ်နေဆဲ ဖြစ်ပါတယ်။

    မနက်ဖြန် ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရုံးဖွင့်ချိန်မှာ ပုဂ္ဂလိကဘဏ်တွေက ဝန်ထမ်းအချို့လည်း အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်လာဖို့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

  3. တပ်မတော်နဲ့ အာဏာသိမ်းဋီကာ၊ ဒဂုံရိပ်သာမှ နေပြည်တော်သို့

  4. တိုကျိုက စံချိန်တင် အကြီးဆုံး မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဂျပန်နိုင်ငံမှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ လူ လေးထောင်ကျော် တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံမှာ စံချိန်တင်ရလောက်အောင် လူတက်ရောက်ခဲ့တဲ့ ပွဲ ဖြစ်တယ်လို့ စီစဉ်သူတွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

    ဆန္ဒပြသူတွေဟာ ရှီဘူရာနဲ့ အိုမိုတက်ဆန်ဒို ရပ်ကွက်တဝိုက်မှာ ချီတက် ဆန္ဒပြခဲ့ကြပြီး “မြန်မာနိုင်ငံကို ကယ်တင်ပါ” “လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုများ ရပ်ဆိုင်းပါ” “အဖမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ခေါင်းဆောင်များကို လွှတ်ပေးရေး ကူညီပါ” အစရှိတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

    ဒီဆန္ဒပြပွဲမှာ ဂျပန်ရောက် မြန်မာနိုင်ငံသား အများစုနဲ့အတူ ဂျပန်နိုင်ငံသားတချို့လည်း ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကြောင့် နှာခေါင်းစည်းတွေ ဝတ်ထားကြပြီး အများစုက အော်ဟစ်ကြွေးကြော်တာမျိုး မလုပ်ဘဲ ငြိမ်ငြိမ်သက်သက် ချီတက်ခဲ့ကြပါတယ်။

  5. ဖမ်းထားသူ ၃၀ဝ ကျော်ကို ချက်ချင်းပြန်လွှတ်ဖို့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို HRW တောင်းဆို

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖမ်းဆီးထားခဲ့တဲ့သူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ပုဒ်မတပ်ပြီး ဖမ်းဆီးနေမှုကို ပြန်လည် ရုပ်သိမ်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တောင်းဆိုလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းအရ အဖမ်းခံနေရသေးသူ ၃၀၃ ဦး ရှိတယ်လို့ ဆိုပါတယ်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မှတ်တမ်းပြုစုထားတဲ့ အဖမ်းခံရသူစာရင်းကို HRW က ကိုးကားခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၃၂၆ ယောက်ထက် မနည်း အဖမ်းခံခဲ့ရာက ၃၀၃ ဦး ကျန်နေသေးပြီး စာရင်းထဲမှာ မပါဝင်သေးတဲ့ နောက်ထပ် အဖမ်းခံရသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

    အဖမ်းခံရသူတွေထဲမှာ နိုင်ငံရေးခေါင်းဆောင်တွေသာမက အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ဆရာဝန်တွေ အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေလည်း ပါဝင်နေပါတယ်။

  6. စစ်ကားတစ်စီးကို မြစ်ကြီးနားက ဆန္ဒပြသူတွေ ဝိုင်းထား

    မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံအား စစ်သားတွေဝင်နေလို့ လူစုလူဝေးနဲ့ စောင့်ကြည့်နေခဲ့ကြပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပြီးတားဆီးထားခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေလယ်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်သွားခဲ့ပါတယ်။

    ရဲတွေပြန်သွားပေမဲ့ မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံ ကိုဝိုင်းထားတဲ့ လူအုပ်ကတော့စစ်သားတွေပြန်ထွက်ဖို့ သံပုံးတီးပြီး တောင်းဆိုနေကြပါတယ်။

    အဲ့ဒီနောက်မှာ စစ်ကားတစ်စီးဟာ ဆန္ဒပြတဲ့ လူအုပ်အနီးကို ရောက်လာခဲ့ပြီး လူအုပ်စုက အဲ့ဒီစစ်ကားကို ဝိုင်းထားပြီး သံပုံးတွေတီးနေကြပါတယ်။

    စစ်ကားထဲက စစ်သားတွေကတော့ ဆန္ဒပြတဲ့လူအုပ်ကို ဖုန်းနဲ့ ဗွီဒီယိုရိုက်ပြီး မှတ်တမ်းတင်နေတာ တွေ့ရပါတယ်။

    မိနစ် အနည်းငယ် အကြာမှာတော့ ပိတ်ထားတဲ့စစ်ကားကို ဆန္ဒပြသူတွေက ဖွင့်ပေးခဲ့လို့ စစ်ကားပြန်ထွက်သွားပါတယ်။

    ငြိမ်းချမ်းရေးအကျိုးဆောင်ကတော့ PCG က ဝင်ညှိပေးနေပြီးတော့မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံက စစ်သားတွေကတော့လူစုခွဲပေးရင်ပြန်ပေးမယ်လို့ပြောကြောင်း နဲ့လူစုခွဲပေးဖို့ မေတ္တာရပ်ခံနေပါတယ်။

    လူတွေကတော့ စစ်သားတွေမထွက်မချင်း ဆန္ဒပြသွားမယ်ဆိုပြီးဆက်လက် ဆန္ဒထုတ်ဖော်နေကြပါတယ်။

  7. ရခိုင်မှာ CDM လှုပ်ရှားမှု ပါသူတွေဖမ်းဆီးမှုတွေရှိနေ

    စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ဖမ်းဆီးထားတဲ့အပြင် အလုပ်မသွားဘဲ ဆန္ဒပြတဲ့ Civil Disobedience Movement လှုပ်ရှားသူတွေကိုပါ ဖမ်းဆီးအရေးယူမှုတွေ ရှိနေပါတယ်။

    ဖမ်းဆီးခံထားရသူတွေထဲက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေကို ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ သက်ဆိုင်ရာမြို့နယ်တွေက ရဲတပ်ဖွဲ့တွေမှာ အမှုဖွင့် အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။ ဝန်ကြီးချုပ်၊ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေနဲ့ NLD ပါတီဝင်တချို့ကိုတော့ တပ်တွင်းထဲမှာ ချုပ်နှောင်ထားပြီး အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့ မိသားစုတွေနဲ့ ပါတီဝင်တွေက ပြောပါတယ်။

    ဖမ်းဆီးခံရသူ အနည်းဆုံး ၁၃ ဦး ခန့်ရှိတယ်လို့လည်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ကိုသန်းလှက ပြောပါတယ်။

    ရခိုင်မှာ ဖမ်းဆီးခံရသူ အများစုကတော့ NLD ပါတီဝင်တွေဖြစ်ကြတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

    ဖမ်းဆီးခံရသူ‌တွေမှာ သံတွဲ မာန်အောင်နဲ့ အမ်းမြို့တို့က လူတွေ ပါဝင်ပါတယ်။

    ပါတီဝင်တွေကိုအခုလို ဖမ်းဆီးနေတာဟာ NLD ပါတီကို အပြတ်အသတ် ချေမှုန်းနေတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးက ပြောပါတယ်။

  8. ဒေါက်တာအေးမောင်က ထောင်ထဲမှာနေခဲ့ရတဲ့အချိန်တွေကို ဒေါ်အောင်ဆန်းစုကြည်ပြောစကားနဲ့ ရှင်းပြ

    သူ့ကိုလွှတ်ပေးဖို့တောင်းဆိုတဲ့ ရခိုင်ပြည်သူတွေ၊ရက္ခိုင့်တပ်တော်အေအေ(ULA/AA) အပါအဝင်ပြည်မက ပြည်သူတွေနဲ့ လွှတ်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ကြောင်း ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။ အခုလိုလွတ်မြောက်လာတာကြောင့် လုပ်စရာရှိတာတွေလုပ်လို့ရပြီ ဖြစ်ပြီး တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်လို့ သူက ခုလိုပြောပါတယ်။

    "ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အိမ်မှာတွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်ဗျ။ ဒေါက်တာအေးမောင်ရေ အချိန်တွေနှမြောဖို့ကောင်းလိုက်တာတဲ့။ အဲဒီတုန်းက ကျွန်တော်မှတ်မှတ်ရရ သူတို့ ရွေးကောက်ပွဲကိုမဝင်သေးဘူး။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ဗျ။ ဆိုတော့ အဲဒီတုန်းက သူပြောတဲ့စကားအတိုင်းပဲ ကျွန်တော်ပြန်ပြောရမှာပေါ့။ ထောင်ထဲမှာနေခဲ့ရတဲ့အချိန်တွေနှမြောဖို့ကောင်းတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ဥစ္စာတွေ လုပ်ချင်စိတ်ပေါ်ပေမယ့် မလုပ်နိုင်ခဲ့တာနှမြောတယ်။ အဲဒီတော့လွတ်လာပြီးတဲ့နောက်မှာ လေးငါးဆယ်ဆတိုးပြီးလုပ်ရတော့မှာပေါ့။ အဲဒီလိုလုပ်ဖို့လည်းအခွင့်အရေးကြုံချင်တယ်" လို့ဒေါက်တာအေးမောင်က ပြောပါတယ်။

    လတ်တလောမှာ သူတည်ထောင်ခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီကို လူငယ်လူရွယ်တွေနဲ့ လက်တွဲဦးဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မြေပြင်အခြေအနေ၊ နောင်ဖြစ်လာမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တို့ကို ပူးပေါင်းဆောင်ရွက်ပေးရမယ့်အခြေအနေ၊ မြန်မာ့နိုင်ငံရေးရဲ့ ရှုပ်ထွေးပြီးအလွန်တင်းမာတဲ့အနေအထားကနေ တိုင်းရင်းသားတွေမူလရသင့်တဲ့အခွင့်အရေးတွေ ရအောင်စနစ်တကျဆောင်ရွက်သွားမယ်လို့ ဒေါက်တာအေးမောင်က ရှေ့လုပ်ငန်းစဉ်ကိုပြောပါတယ်။

    ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ၂၀၁၉ ခုနှစ်မတ်လမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင် အနှစ် ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ ရခိုင့်ဘုရင့်အချုပ်အခြာအာဏာကျဆုံးခြင်းနှစ်ပတ်လည်အခမ်းအနားမှာဟောပြောချက်တွေကြောင့် ခုလို တရားစွဲဆိုဖမ်းဆီးထောင်ကျခဲ့တာဖြစ်ပါတယ်။

  9. မမြသွဲ့သွဲ့ခိုင် ဂုဏ်ပြုပွဲအခမ်းအနား ရန်ကုန်မှာ ကျင်းပ

    နေပြည်တော်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ပြီး စိုးရိမ်စရာဒဏ်ရာရရှိခဲ့တဲ့ ဆယ်တန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ကို ဂုဏ်ပြုတဲ့အခမ်းအနားကို ရန်ကုန်မြို့၊ လှည်းတန်းမှာ လူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ ကျည်ဆန်ထိမှန်ပြီးကတည်းက နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးကိုပို့ဆောင်ကုသခဲ့ပေမယ့် အခြေအနေ ထူးခြားတိုးတက်ကောင်းမွန်လာတာမရှိတော့ပါဘူး။ လက်ရှိအချိန်အထိ အသက်ရှူစက်တပ်ထားဆဲဖြစ်ပေမယ့် အသက်ရှင်နိုင်ခြေက ငါးရာခိုင်နှုန်းသာရှိကြောင်း မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မဖြစ်သူက ပြောကြားထားပါတယ်။

  10. နိုင်လွတ်လုံနဲ့ရပ်ကျေးဥပဒေ မလိုက်နာဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထုတ်ပြန်

    စစ်အစိုးရက ဖေဖော်ဝါရီ ၁၃ ရက် မှာ ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ နိုင်လွတ်လုံဥပဒေနဲ့ ရပ်ကျေးဥပဒေတွေကို မလိုက်နာကြဖို့ NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်လိုက်ပါတယ်။

    မြန်မာနိုင်ငံအတွင်းရပ်ကွက်၊ ကျေးရွာမတူတဲ့နေရာက ညဉ့်အိပ်တည်းခိုတဲ့ ဧည့်သည်တွေ အနေနဲ့ ဧည့်စာရင်းတိုင်ဖို့ လိုအပ်တဲ့အပြင် ပြန်လည်ထွက်ခွာချိန်မှာလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မှတ်တမ်းတင်ထားနိုင်ဖို့ အသိပေးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ ရပ်ကွက်သို့မဟုတ်ကျေးရွာစုအုပ်ချုပ်ရေး ဥပဒေပြင်ဆင်ချက်ကို စစ်အစိုးရက မနေ့ညက ထုတ်ပြန်ခဲ့တာပါ။

    အဲဒီပြင်ဆင်ချက်ထဲမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာယာယီအုပ်ချုပ်ရေးမှူးတွေကို ပြည်နယ် ဒါမှမဟုတ် နေပြည်တော်ကောင်စီရဲ့ သဘောတူညီချက်နဲ့ တာဝန်ပေးနိုင်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပြီး ဧည့်စာရင်းတိုင်ဖို့နဲ့ ထွက်ခွာချိန် အသိပေးဖို့ ပျက်ကွက်ခဲ့ရင် ငွေဒဏ်တစ်သောင်းသို့မဟုတ် ထောင်ဒဏ် ၇ ရက်ကျခံရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

    ဒါ့အပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းတယ်လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြေညာပါတယ်။

    အဲဒီဥပဒေအရ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ ၅၊ ၇ နဲ့ ၈ တို့ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားရမယ်လို့ ဖော်ပြထားပြီး တရားရုံးခွင့်ပြုချက်မရဘဲ ၂၄ နာရီ ထက်ကျော်လွန် ချုပ်နှောင်ခွင့်မရှိဆိုတဲ့ အချက်ကို ဥပဒေက ပယ်ဖျက်ခဲ့ပါတယ်။

  11. တောင်ကုတ်မြို့နယ် NLD ပါတီဥက္ကဋ္ဌကိုဖမ်းဆီး၊ အလုပ်အမှုဆောင်တချို့ရှောင်နေရ

    ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်ကို ဖေဖော်ဝါရီ ၁၂ ရက်ညနေပိုင်းမှာ တပ်မတော်နဲ့ရဲတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သမီးဖြစ်သူ ဒေါ်မြတ်သူဇာအောင်က အတည်ပြုပြောဆိုပါတယ်။ ဦးတင်သိန်းအောင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က တောင်ကုတ်မြို့ပေါ်မှာ ပြုလုပ်ခဲ့တဲ့ အာဏာဖီဆန်မှုဆန္ဒပြပွဲ CDM လှုပ်ရှားမှု မှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် အခုလိုဖမ်းဆီးခံရတာလို့ တောင်ကုတ်ဒေသခံတွေက ပြောဆိုကြပါ တယ်။ အဲ့ဒီဆန္ဒပြမှုမှာဦးဆောင်သူတွေဖြစ်တဲ့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ NLD ပါတီဝင်ကိုသန့်ဇင်ဖြိုးတို့ကို ရဲတပ်ဖွဲ့က ဆန္ဒပြအပြီးမှာ NLD ပါတီရုံးကနေ ရဲတပ်ဖွဲ့ကလာရောက်ခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီနေ့ညနေပိုင်းမှာ ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်ကိုထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ NLD ပါတီဝင်တွေက ပြောပါတယ်။ လက်ရှိမှတော့ ဦးတင်သိန်းအောင်ကို တောင်ကုတ်မြို့မရဲစခန်းအချုပ်ထဲမှာ ချုပ်နှောင်ထားရှိပြီး အမှုဖွင့်တာတွေမလုပ်သေးကြောင်းနဲ့ မိသားစုတွေနဲ့တော့ တွေ့ခွင့်ရခဲ့တယ်လို့ သမီးဖြစ်သူ ဒေါ်မြတ်သူဇာအောင်က ပြောပါတယ်။ “သောကြာနေ့မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာဦးဆောင်တယ်ဆိုပြီးတော့ အိမ်မှာလာရှာတယ်။ မတွေ့ဘူး။ ပြီးတော့ ကျွန်မအဖေခဏရောက်နေတဲ့ ဝေဠုဝန်မဟာစည်တောရကျောင်းမှာ တွေ့ပြီးတော့ ဖမ်းသွားတယ်လို့သိရပါတယ်။ တောင်ကုတ်ကရဲစခန်းမှာပဲ ကျွန်မအဖေကိုဖမ်းသွားတယ်လို့သိရပါတယ်။ အမှုဖွင့်တာတွေတော့မရှိသေးဘူး။ ဒီတိုင်းပဲချုပ်နှောင်ထားတယ်။ ဘယ်ဥပဒေပုဒ်မတွေနဲ့အရေးယူမယ်ဆိုတာတော့မသိရသေးဘူး”လို့ ဒေါ်မြတ်သူဇာအောင်က ပြောပါတယ်။ ဦးတင်သိန်းအောင်ဟာ အသက် ၇၂ နှစ်ရှိပြီဖြစ်ကာ ကျန်းမာရေးမကောင်းသူလည်းဖြစ်ပြီး သွေးတိုးနဲ့ ဂေါက်ရောဂါဝေဒနာ တွေကို ခံစားနေရသူဖြစ်ကာ ဆေးဝါးတွေနဲ့မှီခိုနေရသူဖြစ်တဲ့အတွက် စိုးရိမ်နေရတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ မနက်ဖြန် တနင်္လာနေ့မှာ ရုံးထုတ်တဲ့အခါမှာ ဦးတင်သိန်းအောင်ကို ဘယ်ပုဒ်မတွေနဲ့ အရေးယူမှုတွေပြုလုပ်လာမလဲ ဒီတိုင်းပဲ မတရားထိန်းသိမ်းထားမလားဆိုတာကိုတော့ မိသားစုတွေအနေနဲ့ စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။ ပါတီဥက္ကဌနဲ့ ဆန္ဒပြပွဲဦးဆောင်သူနှစ်ဦးဖမ်းဆီးခံရပြီးတဲ့နောက်မှာ မြို့နယ်အလုပ်အမှုဆောင်တွေကိုလည်း ရှာဖွေမှုတွေ ရှိနေတဲ့အတွက် လုံခြုံမယ့်နေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။

  12. ၀န်ကြီးချုပ် ဦးညီပုရဲ့ ကိုယ်ရေးအရာရှိ ဂွမြို့နေအိမ်မှာ ဖမ်းဆီးခံရ

    ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ ကိုယ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးကြည်စိုးထွန်းကို ဖေဖော်ဝါရီ ၁၂ ရက်ညနေပိုင်းက ဂွမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရတယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက အတည်ပြု ပြောဆိုကြပါတယ်။

    ဦးကြည်စိုးထွန်းဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တာဝန်ကျ နေသူဖြစ်ကာ အာဏာသိမ်းမှုဖြစ်ပွားတဲ့ကာလမှာ သူ့ရဲ့ဇာတိဖြစ်တဲ့ ဂွမြို့နယ် ချင်းကုန်းကျေးရွာကိုရောက်ရှိနေချိန်မှာ တပ်မတော်နဲ့ရဲတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

    အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝန်ကြီးတချိုု့တို့ ဂွမြို့ကိုရောက်ရှိနေချိန် အစိုးရရိပ်သာမှာတည်းခိုနေတုန်း ဖမ်းဆီးခံလိုက်ရပြီး နောက်တစ်ရက်နေ့မှာ နေအိမ်အကျယ်ချုပ်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

    ဂွမြို့က သူ့ရဲ့နေအိမ်မှာ နယ်အကျယ်ချုပ်နဲ့နေထိုင်ရင်း ၈ ရက်အကြာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ည ၁၀ နာရီ မိနစ် ၂၀ မှာ တပ်မတော်က ပြန်လည်ထိန်းသိမ်းခြင်းခံလိုက်ရတာဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁၀ ရက်နေ့ညမှာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေအပါအဝင် ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့တဲ့ နေရာတွေက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအားလုံးကို တပ်မတော်ဘက်က ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတတယ်။

    ဒါ့အပြင် ဂွမြို့နယ်မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM ဆန္ဒပြမှုမှာပါဝင်ခဲ့ကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းတစ်ဦး အပါအဝင် အရပ်သားတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဂွမြို့ခံ ဦးဟိန်းမင်းဇော်က ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလူနီဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ တာဝန်ကနှုတ်ထွက်ထားတာဖြစ်ပြီး ဖမ်းဆီးမယ့်သတင်းကြားသိရတဲ့အတွက် ရှောင်နေရင်း ဂွမြို့တစ်ဖက်ကမ်း မကျည်းငူကျေးရွာဆိပ်ကမ်း လှေဆိပ်မှာ ဆန္ဒပြပွဲဦးဆောင်သူ ကိုအောင်မင်းစိုးနဲ့အတူ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေကြတဲ့ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မာန်အောင်၊ အမ်း စတဲ့မြို့နယ်တွေမှာ ပါဝင်သူတွေကိုလိုက်လံဖမ်းဆီးမှုတွေရှိနေပြီး ဒီနေ့အထိဆိုရင် ဖမ်းဆီးခံထားရသူ အနည်းဆုံး ၂၀ ဦးဝန်းကျင်ရှိနေပြီဖြစ်ကာ ဖမ်းဆီးခံရသူတွေထဲမှာ ဝန်ထမ်းတွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။

    ဆန္ဒပြမှုကြောင့် ဖမ်းဆီးထားသူတွေအားလုံးကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့တွေမှာ ချုပ်နှောင်ထားရှိပြီး ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

  13. ထားဝယ်က ဆန္ဒပြပွဲမှာ ရဲတချို့ ပူးပေါင်းပါဝင်လာ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြုလုပ်ရာ ရဲတပ်ဖွဲ့ဝင်တချို့ပူးပေါင်းပါဝင်လာပါတယ်။ ဒီရဲတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ(ထားဝယ်) ဆိုတဲ့ ဗီနိုင်းတွေကိုင်ဆောင်ထားပြီး ဆန္ဒပြပွဲမှာ ပါဝင်လာတာကိုတွေ့ရပါတယ်။ ထားဝယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၇ ရက်) မှာ စတင်ခဲ့တာဖြစ်ပြီး နောက်တစ်ရက်ဖေဖော်ဝါရီ ၈ ရက်မှာတော့ ဝန်ထမ်းတွေက ဦးဆောင်ပြီး Civil Disobedience Movement CDM လှုပ်ရှားမှု သပိတ်စစ်ကြောင်းစခဲ့ပါတယ်။ စစချင်းမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ကျန်တဲ့ ဌာန ဆိုင်ရာဝန်ထမ်းတွေလည်း ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေကတော့ သီးသန့်သပိတ်စစ်ကြောင်းလည်း ထွက်လေ့ရှိတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေပေါ်ပေါက်နေပြီး နေပြည်တော်၊ မကွေး၊ လွိုင်ကော်၊ မြိတ်နဲ့ ထားဝယ်မှာ ရဲတပ်ဖွဲ့ဝ်တချို့ရဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။ အဲဒီလို ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးမခံရအောင် ပြည်သူတွေက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်၊ လွိုင်ကော်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြမှုအတွင်း ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သန္ဓေတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ ဒေသခံတွေ အလုပ်အကိုင်ရအောင် အရန်အင်အားစုဖွဲ့ထားမှုသာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

  14. မကွေးမှာ အရပ်ထဲ၀င်လာတဲ့ မျက်နှာစိမ်း စစ်၀တ်စုံနဲ့သူတွေကို ၀ိုင်းဖမ်း

    မကွေးမြို့မှာလည်း ညဘက် လုံခြုံရေးကြောင့်ကြ နေကြတဲ့ ပြည်သူတွေဟာ အရပ်ထဲ သူစိမ်း၀င်လို့ ၊ စု၀ေးကြ၊ ၀ိုင်းဖမ်းကြတာမျိုး မနေ့ စနေညက ဖြစ်ခဲ့ပါတယ်။

    မြင်သာရပ်ကွက်ထဲ ဖြစ်ခဲ့တာပါ။ လူတွေကို ပိုပြီး ထိတ်လန့်သွားစေတာက ဖမ်းမိတဲ့ သူတွေထဲ အနည်းဆုံး နှစ်ယောက်လောက်ဟာ စစ်၀တ်စစ်စားနဲ့ ဖြစ်ပါတယ်။

    သူတို့က သေနတ်ထုတ်ပြတယ် ဆိုတဲ့ ပြောစကားတွေကြောင့်လူအုပ်ကြီးဟာ ပိုပြီး ဒေါသထွက်လာကြပါတယ်။

    စစ်မေးကြည့်တဲ့ အခါ ကိုယ်ပိုင် နံပါတ်တွေ၊ ရာထူးအဆင့်တွေ ပြောကြလို့ စစ်မှုထမ်း အစစ်ပဲလို့ အခင်းဖြစ်ရာ အနီး နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သူတို့ပြောတာကတော့ အဲဒီရပ်ကွက်ထဲ နေသူတစ်ဦးနဲ့ အရက်အတူသောက်ရင်း ပြန်လိုက်ပို့တာလို့ လူအုပ်ကို ရှင်းပြပါတယ်။

    အိမ်ရှင်ရယ်၊ စစ်၀တ်စုံနဲ့ သူ နှစ်ယောက်ရယ် အပြင်၊ အရပ်၀တ်နဲ့သူ တစ်ယောက်လည်း ပါ၀င်ပါတယ်။

    လူအုပ်ကတော့ ရပ်ကွက်ထဲ မသမာမှု ကျုးလွန်မယ့်သူကို လာပြီး နေရာချတာဆိုပြီး စွပ်စွဲနေကြတယ်လို့ အဲဒီ အရပ်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    နောက်တော့ ရဲတပ်ဖွဲ့ ရောက်လာပြီး၊ လူအုပ်က ဖမ်းမိထားသူတွေကို ခေါ်ဆောင်သွားပါတယ်။

  15. CDM လှုပ်ရှားမှုအရှိန်လျော့ကျမှာကို စိုးရိမ်မှုတွေရှိနေ

    အရပ်သားနိုင်ငံ့ဝန်ထမ်းတွေက စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ ရုံးမတက်ရေးCivil Disobience Movementဟာ အရှိန်တက်လာနေပြီး CDM လုပ်တဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေက ညပိုင်းတွေမှာ လိုက်လံဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်လာနေပါတယ်။

    အဲဒီလို လိုက်လံဖမ်းဆီးတာတွေကြောင့်ပြည်သူလူထု ကရပ်ကွက်အလိုက် မြို့နယ်အလိုက် အကာအကွယ်ပေးတာတွေလုပ်နေကြတာလည်းရှိပါတယ်။

    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ထမ်းတွေ ရုံးပြန်တက်ကြဖို့နဲ့ ဒီအခြေအနေကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

    ဒါကြောင့် CDM လုပ်တဲ့ဝန်ထမ်းတွေကြား အကြောက်တရားဖြစ်လာပြီး ဒီလှုပ်ရှားမှု အရှိန်လျော့ကျသွားမှာကို စိုးရိမ်တယ်လို့ CDM ကိုအားပေးဝန်းရံသူတွေကပြောကြပါတယ်။ လက်ရှိမှာ CDM မှာ ပါဝင်တဲ့နိုင်ငံ့ဝန်ထမ်းတွေနဲ့သူတို့ရဲ့မိသားစုတွေ အခက်အခဲမဖြစ်စေဖို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေက ဦးဆောင်ပြီး ရန်ပုံငွေထူထောင်တာတွေလည်းတွေ့ရပါတယ်။ တခါ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်တွေအချို့ကလည်း CDM မှာ ပါဝင်တဲ့နိုင်ငံ့ဝန်ထမ်းတွေကို ထောက်ပံ့ဖို့လုပ်လာကြပါတယ်။

  16. ၈၈ ကာလက လက်ရာတွေနဲ့ တထပ်ထဲလား

    မီးကွင်း အပစ်ခံရမှာ၊ သောက်ရေကန် ဆေးခတ်ခံရမှာမျိူးကို စိုးရွံ့နေရပြီး လူတွေကြား ကြောက်စိတ် အသွင်းခံရ၊ မလုံခြုံစိတ် အသွင်းခံရတာကို ၈၈ ကာလ ဖြတ်သန်းခဲ့သူတွေကတော့၊ အဲဒီ အချိန်နဲ့ လက်ရာ ခြေရာကတော့ တစ်ထပ်တည်းပဲလို့ ပြောဆိုကြပါတယ်။

    လက်ရှိ ပေါ်ပေါက်နေတဲ့ ဆန္ဒပြမှုတွေ တတိုင်းပြည်လုံးနဲ့ ခြုံကြည့်ရင် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေတာကို၊ အခြေအနေ ရှုပ်ထွေးအောင်၊ လူတွေအုံကြွ ပေါက်ကွဲလာအောင်၊ ရပ်ကွက်ထဲ မသင်္ကာသူတွေကို ဖမ်းမိရင် ဒေါသစိတ်နဲ့ လက်လွန်ခြေလွန်လုပ်ပစ်လိုက်တာမျိုးတွေ ဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ ကြိုးကိုင် စီမံနေကြသူတွေ ရှိတယ်ဆိုတဲ့ ယူဆချက်တွေဟာ လူတွေကြား ပျံ့နှံ့ နေပါတယ်။

    ဒီ အချိန်မှာ စစ်အာဏာပိုင်တွေကတော့ ဧည့်စာရင်းတိုင်ရမယ့် စနစ်ကို ပြန်အသက်သွင်းပါတယ်။

    ဒါ့အပြင်၊ စစ်အစိုးရတွေ အဆက်ဆက် ဒီမိုကရေစီရေး လှုပ်ရှားတဲ့ သူတွေနောက် ထောက်လှမ်းရေး တကောက်ကောက်လိုက်၊ မျက်လုံးဒေါက်ထောက် ကြည့်တာမျိုးတွေ၊ နေအိမ်ထဲ ကြိုက်တဲ့အချိန် ကြိုက်သလို၀င် ဖမ်းတာမျိုးတွေလို အကြောက်တရားနဲ့ ထိန်းချုပ်ထားတဲ့ လူမှု၀န်းကျင် အဖြစ်က လွတ်မြောက်နိုင်ဖို့ ရည်ရွယ်ပြီး လူတကိုယ်ရေချင်းစီရဲ့ လွတ်လပ်ပိုင်ခွင့်ကို အာမခံဖို့ ရည်ရွယ် ပြဌာန်းနိုင်ခဲ့တဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု၊ လွတ်လပ်မှုတွေကို အကာအကွယ် ပေးတဲ့ ဥပဒေပါ အရေးကြီးတဲ့ ပုဒ်မတွေကိုလည်း အခု စစ်အစိုးရ လက်သစ်က ဖျက်ပစ်လိုက်ပါတယ်။

    လူတစ်ယောက် ပြစ်မှု ကျုးလွန်ထားတယ်လို့ သံသယရှိတဲ့ အခါ၊ အိမ်ထဲ ၀င်ရှာချင်ရင် ဒေသန္တရ အာဏာပိုင်တွေ၊ သက်သေတွေပါမှ၊ ၀ရမ်းပါမှ ၀င်ရမယ် ဆိုတာမျိုးတွေကို ဖျက်ပြစ်လိုက်တာပါ။ ဖမ်းတဲ့အခါ၊ ပုဒ်မမတပ်နိုင်ရင်၊ တရားရုံး ခွင့်ပြုချက် မရှိရင် ၂၄ နာရီထက် ကျော် ပြီး မချုပ်ရဘူး ဆိုတဲ့ ပုဒ်မကိုပါ ဖျက်ပစ်တာ ဖြစ်ပါတယ်။

    ဧည့်စာရင်း စနစ်ကို ပယ်ဖျက်တုန်းကနဲ့ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို အလေးထားတဲ့ ဥပဒေ ပြဌာန်းတုန်းက လူ့အခွင့်အရေးသမားတွေ၊ ဒီမိုကရေစီ စံတန်ဖိုးကို အလေးထားသူတွေက ကြိုဆိုကြပေမယ့်၊ ပြင်းပြင်းထန်ထန် ၀ေဖန်ကြသူတွေလည်း ရှိခဲ့ပါတယ်။

    အဓိကကတော့ ပြင်းထန်တဲ့ အမျိုးသားရေး အမြင်ကို အခြေခံပြီး ဒါမှမဟုတ် အကြောင်းပြပြီး ၀ေဖန်တာပါ။

    တိုင်းပြည်ထဲ တရားမ၀င် ၀င်ရောက်ကြသူတွေ သူတို့ရဲ့ အခေါ် ခိုး၀င်တွေ လွတ်လွတ်လပ်လပ် ၀င်လာနိုင်၊ သွားလာ လှုပ်ရှားနိုင်အောင် လမ်းဖွင့် ပေးတာပဲ ဆိုပြီး ၀ေဖန်ခဲ့တာ ဖြစ်ပါတယ်။

    အခု စစ်ကောင်စီကတော့ သူတို့ကို ထောက်ခံတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေလို့ ခံယူကြသူတွေ သဘောကျစေနိုင်တဲ့ ဥပဒေ ပြင်ဆင်ချက်တွေကို အာဏာသိမ်းပြီး သီတင်း နှစ်ပတ် အတွင်း ပြုလုပ်လာပါတယ်။

    ဥပဒေစိုးမိုးစေဖို့၊ ရပ်ရွာတည်ငြိမ် အေးချမ်းအောင် ပိုပြီး လုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ အကြောင်းပြချက်မျိုးတွေ ရှိနေနိုင်ပေမယ့်၊. လက်တွေ့မှာ ရန်ကုန် အပါအ၀င် မြန်မာပြည်တလွှားမှာ ညဘက် လူစိမ်း၀င်မှာကြောက်ရ၊ မီးကွင်းပစ်ခံမှာရကြောက်ရနဲ့ ကျီးလန့်စာစား အိပ်ရေးပျက်ရတဲ့ ညတွေ ဆက်နေပြီလို ပြောဆိုနေပါတယ်။

    ဥပဒေစိုးမိုးအောင် ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်နိုင်ဖို့ အခုလို ပြင်ဆင်ချက်တွေ လုပ်တာဆိုရင် လူတွေ ကြောက်လန့် နေကြတဲ့ ကိုယ့်ရပ်ရွာကို မီးရှို့မယ့်သူ၊ အန္တရာယ်ပြုမယ့်သူကို ပစ်မှတ်ထား ကိုင်တွယ်မှာလား၊ အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင် အံတုနေတဲ့ လူထု လှုပ်ရှားမှုကို ဖြိုခွဲဖို့လား ဆိုတဲ့ မေးခွန်းမျိုးလည်း ထွက်လာစေပါတယ်။

  17. လူစိမ်း၀င်မှု မသင်္ကာသူတွေကို လက်ရဖမ်းဆီးမှုတွေ ဆက်ဖြစ်

    ရန်ကုန်မှာ ညဘက် မလုံခြုံမှု၊ လူစိမ်း၀င်မှုတွေ စနေညကလည်း ဆက်က်ပြီး ဖြစ်နေခဲ့ပါတယ်။ ရဲလက်နက်ကိုင်တွေရဲ့ လူဖမ်းပွဲထက် ကျော်လွန်ပြီး၊မီးကွင်းပစ်ဖို့၊ မီးရှို့ဖို့ ၀င်လာသူတွေကို ဖမ်းမိနေတယ် ဆိုတဲ့ သတင်းတွေ မြို့အနှံ့က ကြားနေရပါတယ်။

    ရွှေပြည်သာမှာ လူစိမ်း ၁၅ ယောက်လောက် ၀င်လာလို့ သံပုံးတွေတီး၊ လူတွေ နောက်ကလိုက်ဖမ်းရတယ်လို့ ပြောတဲ့သူ ရှိပါတယ်။

    သာကေတမှာ မီးရှို့ခံရတယ်၊ တောင်ညွန့်မှာ ဗြောင်းဆန်နေတာပဲ၊ စမ်းချောင်းမှာလည်း ပွက်လောရိုက်လို့ အတူတူပဲ ဆိုတဲ့ အသံတွေ ရန်ကုန်အနှံ့က ကြားနေရပါတယ်။

    အများသောက်တဲ့ ရေကန်တွေကို ဆေးခတ်ဖို့ကြိုးစား တာမျိုးလည်း ရှိတယ်ဆိုတဲ့ ကနဦး သတင်းတွေလည်း သိထားရပြီး၊ ဘီဘီစီ အနေနဲ့ သီးသန့် အတည်ပြုနိုင်ဖို့ ကြိုးစား နေပါတယ်။

  18. စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုးပြီး တရားစွဲ

  19. မင်္ဂလာပါ။ ဘီဘီစီရဲ့ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။