ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ တင်ဆက်မှု - ဧပြီ ၅ ရက်

မြန်မာ နဲ့ ကမ္ဘာ တစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီကနေ့ အတွက် တိုက်ရိုက် တင်ဆက်မှု တွေကို ရပ်နားခွင့်ပြုပါ။

    • ဒီကနေ့ ဘီဘီစီ မြန်မာပိုင်း ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သတင်းတွေ တိုက်ရိုက် တင်ဆက် နေမှုကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။
    • လာရောက် ဖတ်ရှုကြတဲ့ ဘီဘီစီ ပရိသတ်တွေ အားလုံးကို ကျေးဇူး တင်ပါတယ်။
  2. လစ်ဗျားဝန်ကြီးချုပ်ဟောင်းကိုဗစ်-၁၉ကြောင့်ကွယ်လွန်

    လစ်ဗျားဝန်ကြီးချုပ်ဟောင်း မာမွတ်ဂျစ်ဘရီရယ်လ်ဟာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးကွယ်လွန်သွားခဲ့ပါတယ်။သူဟာအီဂျစ်ကဆေးရုံတစ်ရုံမှာကွယ်လွန်ခဲ့တယ်လို့လစ်ဗျားမီဒီယာတွေမှာဖော်ပြထားပါတယ်။

    သူ့ရဲ့နိုင်ငံရေးပါတီ National Forces' Alliance က မတ်လ ၂၆ ရက်မှာ သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ကြေညာခဲ့ပါတယ်။

    အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ သူဟာ လစ်ဗျားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီကို ဆန့်ကျင်ခဲ့တဲ့ အုံကြွမှုကာလအတွင်းမှာ လစ်ဗျား အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီကို ခဏတာ ခေါင်းဆောင်ခဲ့ပါတယ်။

    မာမွတ်ဂျစ်ဘရီရယ်လ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မာမွတ်ဂျစ်ဘရီရယ်လ်
  3. ရာသီဥတုသာယာတိုင်း အပြင်မထွက်ကြဖို့ ရဲတွေလိုက် သတိပေး

    Social distancing ဆိုတဲ့လူချင်းနီးနီးကပ်ကပ်မနေပဲခွဲနေကြဖို့အစိုးရရဲ့တိုက်တွန်းညွှန်ကြားချက်တွေကိုမလိုက်နာရင်လောလောဆယ်ခွင့်ပြုထားတဲ့အပြင်ထွက်လေ့ကျင့်ခန်းလုပ်ခွင့်ကိုပါပိတ်ပင်ဖို့စဉ်းစားရလိမ့်မယ်လို့ယူကေကျန်းမာရေးဝန်ကြီးကသတိပေးထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတွေကရာသီဥတုအေးမြမှုန်မှိုင်းနေရာကဒီစနေတနင်္ဂနွေနေ့တွေမှာနေသာပြီးရာသီဥတုသာယာတာကြောင့်လူတွေအစုလိုက်အပြင်မထွက်ဖို့ကိုလည်းသတိပေးထားပြီး ပန်းခြံတွေ၊ ကမ်းခြေတွေမှာ ရဲတွေ လိုက်လှည့်လည်ပြီး သတိပေးတာ လူစုခွဲခိုင်းတာတွေ လုပ်ခဲ့ပါတယ်။

    ရဲက လူစုခွဲခိုင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လန်ဒန်ဂရင်းနစ်ပန်းခြံထဲက စုံတွဲကို ရဲက စစ်မေး
    ပန်းခြံထဲက ရဲတွေ

    ဓာတ်ပုံ ရင်းမြစ်, Richard Perriman

    ဓာတ်ပုံ ပုံစာ, ပန်းခြံတွေမှာ လူတွေ မစုအောင်ရဲတွေ လိုက်ကြည့်နေ
    ယူကေက ဝေးမောက်သ်ကမ်းခြေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကမ်းခြေတွေမှာတော့ ခါတိုင်းထက် အများကြီး နည်းပေမယ့် လမ်းလျှောက်သူတွေ ရှိနေပါသေးတယ်
  4. တားမြစ်မိန့်ကြောင့် မန္တလေးက အခြေခံလူတန်းစားတွေအတွက် ကျပ်တစ်ဘီလျံ ထောက်ပံ့မယ်

    မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးသွားလာခွင့်အပါအဝင် အဝင်အထွက်တွေကို ဧပြီ ၇ ရက်ကစပြီး တားမြစ်ကန့်သတ်မှာဖြစ်ပါတယ်။

    အဲဒီလို ကန့်သတ်တဲ့အခါမှာ အခြေခံလူတန်းစားတွေကိုမထိခိုက်စေဖို့ ကျပ် တစ်ဘီလျံ အသုံးပြုသွားမယ်လို့ မန္တလေးတိုင်း ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ဘီဘီစီကို ပြောပါတယ်။

    " ဝင်ငွေနည်းပါးတဲ့ နိုင်ငံသားတွေအတွက် အစိုးရက အခြေခံစားသောက်ကုန်တွေထောက်ပံ့နိုင်အောင် ကြိုးပမ်းစီစဉ်ထားပါတယ်။ အဲဒီအတွက် တိုင်းဒေသကြီးရန်ပုံငွေက တစ်ဘီလျံ မတည်သုံးစွဲဖို့၊ တစ်ခါ အလှူရှင်များကိုလည်း ဖိတ်ခေါ်ထားပါတယ်" လို့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ရှင်းပြပါတယ်။

    အဲဒီလိုထောက်ပံ့နိုင်ဖို့ မန္တလေးတိုင်းအတွင်းက အခြေခံလူတန်းစားတွေကို စာရင်းဇယားကောက်ယူထားရှိပြီးဖြစ်ပြီး သူတို့ကို စားရေရိက္ခာများပေးပို့ရာမှာ ရောဂါပိုးမပျံ့နှံ့တဲ့နည်းတွေနဲ့ ဖြန့်ဖြူးပေးဖို့ကိုပါ တစ်ပါတည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလိုစီစဉ်ရာမှာ မိသားစုတစ်စုအတွက် အိတ်ငယ်လေးတွေနဲ့ ဖန်တီးထုပ်ပိုးပြီး တစ်ခါတည်း ဖြန့်ဖြူးပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံအတွင်း ကူးစက်မှု local transmission ကို အထူး ဂရုစိုက်ဖို့ လိုအပ်လာလို့ မန္တလေးမှာ အသွားအလာ ထပ်မံ တင်းကြပ်မယ်လို့ မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောပြီးနောက် ဧပြီ ၄ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။

    ဧပြီ ၇ ရက် အင်္ဂါနေ့က စပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ကိုနှစ်ပတ် ရပ်နားမှာဖြစ်ပြီး စားသောက်ကုန် နဲ့ ဆေးဝါးမပြတ်လပ်ဖို့ ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းကိုတော့ ဆက်လက်ခွင့်ပြုထားမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်နဲ့ဆေး၊ ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းနဲ့ စက်ရုံတွေကလွဲပြီး ကျန်လုပ်ငန်းတွေ ပိတ်ထားမှာ ဖြစ်ပါတယ်။

    မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးနဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ လေးထောင်ကျော် ရှိနေပါတယ်။

    ဝင်ငွေနည်းပါးတဲ့ နိုင်ငံသားတွေအတွက် အစိုးရက အခြေခံစားသောက်ကုန်တွေထောက်ပံ့နိုင်အောင် ကြိုးပမ်းစီစဉ်ထား

    ဓာတ်ပုံ ရင်းမြစ်, MPA

  5. ပြည်ပကပြန်လာသူတွေကို သီးသန့်စောင့်ကြည့်ရာမှာ စည်းကမ်းမလိုက်နာသူတွေကို အမှုဖွင့်

    မြန်မာနိုင်ငံမှာ ပြည်ပကပြန်လာသူတွေကို ၁၄ ရက်ကြာ သီးသန့်ခွဲခြားစောင့်ကြည့်တဲ့အခါမှာ စည်းကမ်းမလိုက်နာသူတွေကို အမှုဖွင့်အရေးယူတာ တွေ ပြုလုပ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ပဲခူးတိုင်း သနပ်ပင်မြို့နယ်နဲ့ သာယာဝတီမြို့နယ်တို့မှာ အဲဒီလို စည်းကမ်းမလိုက်နာသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

    သနပ်ပင်၊ ဆယ်ဧကကျေးရွာက မူလတန်းကျောင်းတစ်ကျောင်းမှာ နေရပ်ကို ပြန်ရောက်လာသူ ၁၃ ဦးကိုသီးသန့်ခွဲခြားစောင့်ကြည့်ခဲ့ပြီး အဲဒီထဲက အမျိုးသား ၃ ဦးရဲ့ အဆောင်ကို ဦးလေးတော်စပ်သူက အရက်မူးပြီး ရောက်လာတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

    သူဟာ အဆောင်အခန်းတံခါးကို ကန်ဖွင့်ပြီး ဝင်ရောက် ဆဲဆိုခဲ့တာကြောင့် ဧပြီ ၃ ရက်ညနေပိုင်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    သာယာဝတီက အထက်တန်းကျောင်းတစ်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ပြည်ပက ပြန်လာသူတွေကို စောင့်ကြည့်တဲ့ ပြည်သူလူထုအခြေပြုကန့်သတ်စခန်း ၁ မှာလည်း ထိုင်းက ပြန်လာတဲ့သူတစ်ဦးဟာ အရက်သောက်စားမူးယစ်ပြီး သူ့ကိုစောင့်ကြည့်လူနာအဖြစ် ထားရှိတာကိုမကျေနပ်တဲ့အတွက် အလှူရှင်တွေ ကျွေးမွေးတဲ့ ထမင်းဟင်းတွေကို လွှင့်ပစ်တာ၊ ဆဲဆိုတာတွေလုပ်ခဲ့လို့ ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းတမူးမြို့နယ်အတွင်း လူစုလူဝေးမလုပ်ရဘူးဆိုတဲ့ ဒေသန္တရအမိန့်ကိုမလိုက်နာဘဲ မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ သတို့သားကို ထောင် ၆ လနဲ့ ဒဏ်ငွေ ၁၀ သိန်းပေးဆောင်ဖို့ တမူးမြို့နယ်တရားရုံးက ဧပြီ ၃ ရက်က အမိန့်ချခဲ့ပါတယ်။

    အဲဒီသတို့သားဟာအမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး မတ် ၂၈ ရက်နေ့က ခမိတ်ကျေးရွာအုပ်စုထဲမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့ တမူးမြို့နယ် ပြန်ကြားရေးရုံးက ထုတ်ပြန်ထားပါတယ်။

    သူဟာ မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) အရ ထောင် ၆ လနဲ့ လဝက ဥပဒေအရ ကျပ် ၁၀ သိန်းပေးဆောင်ရမှာဖြစ်ပါတယ်။ ကျပ် ၁၀ သိန်းမပေးဆောင်နိုင်ရင် ထောင်ခြောက်လ ကျခံရမှာဖြစ်ပြီး သူက ဒဏ်ငွေ ပေးဆောင်ခဲ့ပါတယ်။

    သတိုးသားရဲ့ဖခင်ကိုလည်း အမေရိကန်နိုင်ငံသား သားဖြစ်သူ နေအိမ်မှာ တည်းခိုနေထိုင်တာကို သတင်းပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး ဒဏ်ငွေ ၁၀ သိန်းပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။

    ဒါ့အပြင် ဧရာဝတီတိုင်းဘက်မှာလည်း ပြည်ပက ပြန်လာသူတွေကို သီးသန့်ခွဲခြားစောင့်ကြည့်တဲ့နေရာကနေ ထွက်ပြေးတဲ့အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ပြီး စောင့်ကြည့်ကာလ ၂ ပတ်ပြည့်တာနဲ့ ထောင်သုံးလ ကျခံဖို့ အာဏာပိုင်တွေက အမိန့်ချခဲ့ပါတယ်။

  6. ကိုရိုနာဗိုင်းရပ်စ်ကြောင့် တုပ်ကွေးဆေး ဂျပန်တိုးထုတ်မယ်

    ကိုဗစ်-၁၉ ရောဂါကုသနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ယူဆထားကြတဲ့ တုပ်ကွေးဆေးတစ်မျိုးကို တိုးထုတ်မယ်လို့ ဂျပန်က ပြောပါတယ်။

    ဒီဆေးက Avigan ဒါမှမဟုတ် favipiravir လို့ ခေါ်ပါတယ်။ ဒီဆေးကို ကိုရိုနာဗိုင်းရပ်စ်စတင် ပြန့်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မှာ အစောပိုင်းလူနာတွေ ကုသရာမှာ သုံးခဲ့ပါတယ်။

    နိုင်ငံတွင်း စမ်းသပ်မှု နှစ်ကြိမ်အရ ဒီဆေးက လူနာတွေကို ပိုပြီးမြန်မြန်သက်သာအောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဂျပန်မီဒီယာတွေရဲ့အဆိုအရ ဂျပန်က ဆေးထုတ်လုပ်မှုကို အခုထုတ်နေတာထက် သုံးဆပိုထုတ်မယ်လို့ သိရပါတယ်။ အဲဒီလိုထုတ်လုပ်နိုင်ရင် လူနှစ်သန်းကို ကုသနိုင်မှာ ဖြစ်ပါတယ်။

    ဒီဆေးကို Fujifilm ကင်မရာကုမ္ပဏီရဲ့ လုပ်ငန်းခွဲတစ်ခုကနေ ထုတ်တာဖြစ်ပါတယ်။ ဒီဆေးကို လူနဲ့စမ်းသပ်ကုသမှု စတင်နေပြီ ဖြစ်ပြီး အဲဒါကို ဇွန်လကုန်အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဆေးကို အတည်ပြုချက်ရဖို့ လိုနေသေးသလို ဘေးထွက်ဆိုးကျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။

    ဂျပန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  7. သတင်းထူး, ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ်မတွေ့

    အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီ ၅ ရက် ဓာတ်ခွဲ အဖြေတွေအရ မြန်မာနိုင်ငံက စောင့်ကြည့်လူနာနဲ့ ဆေးရုံတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်နေသူ ၅၅ ဦးလုံးမှာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

    မြန်မာနိုင်ငံမှာ အခုထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁ ဦး ရှိပြီး သေဆုံးသူ တစ်ဦးရှိပါတယ်။

  8. ဗိုင်းရပ်စ်တိုက်ဖျက်ဖို့ လစာလျှော့ယူမယ့် သမ္မတ

    ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို တိုက်ဖျက်ရာမှာ သုံးဖို့ မာလာဝီသမ္မတ ပီတာ မူသာရီးကားက သူရတဲ့ လစာ တစ်လ ဒေါ်လာ ၃၆၀၀ ထဲက ဆယ်ရာခိုင်နှုန်းကို သုံးလ လျှော့ယူသွားမယ်လို့ ပြောပါတယ်။ အစိုးရဝန်ကြီးတွေလည်း သူတို့ရဲ့ လစာ ဆယ်ရာခိုင်နှုန်းကို လျှော့ယူကြမှာ ဖြစ်ပါတယ်။

    အာဖရိကတိုက်က မာလာဝီမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ ပထမဆုံး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူကို တွေ့ခဲ့ရပြီး အဲဒီနောက် သမ္မတက နိုင်ငံတော်မှာ အရေးပေါ် အခြေအနေကြေညာခဲ့ပါတယ်။

    နိုင်ငံမှာ အားလုံးပိတ်ဆို့ထားလိုက်တဲ့ lockdown မလုပ်ပေမယ့်ကျောင်းတွေ၊အစိုးရရုံးတွေပိတ်ပြီးလူ၁၀၀ထက်ပိုစုမယ့်အသုဘအခမ်းအနား၊ဘုရားကျောင်း၊နိုင်ငံရေးဟောပြောပွဲတွေအားလုံးကိုပိတ်ထားလိုက်ပါတယ်။

    မာလာဝီသမ္မတ ပီတာမူကာရီးသား

    ဓာတ်ပုံ ရင်းမြစ်, ွGetty Images

    ဓာတ်ပုံ ပုံစာ, လစာသုံးလ ဆယ်ရာခိုင်နှုန်းလျှော့ယူမယ်
  9. ပြည်ပက လာအလုပ်လုပ်သူတွေကြား ကူးစက်မှုများ

    စင်္ကာပူက အသစ်ကူးစက်မှုတွေ့ရသူတွေအထဲမှာ အများစုက ပြည်ပကနေ လာရောက်အလုပ်လုပ်နေကြသူတွေဖြစ်ပြီး အဲဒီလို အလုပ်သမားတွေနေကြတဲ့ အဆောင်နှစ်ဆောင်ကလူတွေကို ၁၄ ရက်ကြာ အပြင်မထွက်စေပဲ ကန့်သတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

    နောက်ဆုံး ကူးစက်ခံသူ ၁၂၀ ထဲမှာ ၁၁၆ ယောက်က ပြည်တွင်းမှာပဲ ကူးစက်ခံရသူတွေဖြစ်ပြီး ကျန်တဲ့ လေးယောက်ကပဲ ပြည်ပက ပြန်လာသူတွေ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

  10. စင်္ကာပူမှာ ပိုးတွေ့သူ အရေအတွက် ခုန်တက်

    စင်္ကာပူမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တစ်ရက်အတွင်း ၁၂၀ အထိ ခုန်တက်သွားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနရဲ့သတင်းမှာဖော်ပြထားပါတယ်။

    တရုတ်မှာကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီးတဲ့နောက်ရောဂါပိုးတွေ့ရတယ်လို့အစောဆုံးကြေညာတဲ့နိုင်ငံတွေထဲမှာစင်္ကာပူလည်းပါခဲ့ပါတယ်။ဒါပေမယ့်အစိုးရကရောဂါပိုးစစ်ဆေးမှုတွေကိုတင်းတင်းကျပ်ကျပ်လုပ်ပြီးပိုးရှိသူတွေနဲ့ထိတွေ့နိုင်သူတွေကိုလည်းတင်းကျပ်တဲ့စောင့်ကြည့်ကိုင်တွယ်မှုတွေလုပ်ခဲ့လို့ပိုးကူးစက်မှုကိုထိန်းနိုင်ခဲ့ပါတယ်။ဒါပေမယ့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ပြည်ပကပြန်ဝင်လာသူတွေကြောင့်အာရှမှာရောဂါပိုးနောက်တစ်ကျော့ပြန်ခေါင်းထောင်လာနိုင်မယ်လို့မတ်လအကုန်ပိုင်းကသတိပေးထားပါတယ်။

    စင်္ကာပူမှာ ဆေးစစ်ခံဖု့ စောင့်နေသူတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဆေးစစ်မှုတွေကို တင်းတင်းကျပ်ကျပ်လုပ်ခဲ့
  11. စပိန်မှာ လူသေဆုံးမှု ကျဆင်းလာ

    စပိန်မှာ တစ်ရက်အတွင်း လူသေဆုံးမှုနှုန်း သုံးရက်ဆက်ကျဆင်းပြီး တစ်ရက်အတွင်း သေဆုံးသူ ၆၇၄ ဦးရှိခဲ့ပါတယ်။

    သေဆုံးသူ စုစုပေါင်း ၁၂,၄၁၈ ဦးရှိပြီ ဖြစ်ပြီး အတည်ပြုကူးစက်သူက ၁၃၀,၇၅၉ ဦးရှိပါပြီ။

    ဒါ့အပြင် ဒီကနေ့ သေဆုံးသူ အရေအတွက်က ၁၀ ရက်တာကာလအတွင်း သေဆုံးမှုနှုန်း အနည်းဆုံးလည်း ဖြစ်ပါတယ်။ အဲဒါက မတ်လ ၂၆ ရက် က စရင် တစ်ရက်အတွင်း လူ ၇၀၀ အောက် သေဆုံးမှုကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

    ဒါပေမဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က နိုင်ငံမှာ အသွားအလာပိတ်ပင်ထားမှု lockdown လုပ်ထားတာကို ဧပြီ ၂၆ ရက်အထိ သုံးပတ်ထပ်တိုးလိုက်ပါတယ်။

    စပိန်သတင်းစာ El País နဲ့ ယူကေသတင်းစာ Guardian တို့ကနေ တဆင့် မစ္စတာ ဆန်းချက်က တခြားဥရောပ နိုင်ငံတွေကိုလည်း အခုလို ဆောင်ရွက်ထားနိုင်တာနဲ့ ကျေနပ်မနေကြဖို့ သတိပေးလိုက်ပါတယ်။

    "အခုချိန်က အမူအကျင့် ဟောင်းတွေကို ရပ်လိုက်သင့်ပါပြီ။ အခု ကျွန်တော်တို့က ခေတ်သစ်ကို ရောက်လာနေပြီဖြစ်လို့ တုံ့ပြန်မှုအသစ်တွေ လိုလာပါပြီ။ ကျွန်တော်တို့ရဲ့ ကောင်းတဲ့ တန်ဖိုးတွေကို ဆက်ထိန်းပြီး ကျန်တာတွေကို ပုံစံသစ်ပြောင်းကြပါစို့"လို့ သူက ရေးထားပါတယ်။

    "ကျွန်တော်တို့ အခုချက်ချင်းလုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ အခုကာလမှာ ဥရောပဟာ အန္တရာယ်ကျရောက်နေလို့ပါ။"

    စပိန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  12. မီတာခလျှော့ပေးဖို့ ညှိနှိုင်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

    “ ၃)မီတာခတွေ လျှော့ပေးရေး အကောင်းဆုံး နည်းလမ်း ညှိနှိုင်းနေပါတယ်။

    ၄)အင်တာနက် သုံးစွဲမှုနှုန်းထားတွေကို တယ်လီဖုန်းအော်ပရေတာများက လျှော့ချထားပေးပြီးပါပြီ။”

  13. ကိုရိုနာဗိုင်းရပ်စ်သတင်းများတိုက်ရိုက်တင်ဆင်မှုစတင်ပါပြီ။

    မင်္ဂလာပါ။ကိုဗစ်-၁၉သတင်းတွေဘီဘီစီမြန်မာပိုင်းကတိုက်ရိုက်တင်ဆက်မှုစတင်ပါပြီ။

    • မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲက လူနာနံပါတ် ၁၅ နဲ့ ၁၆ ဟာ ရောဂါဝေဒနာပြင်းထန်တဲ့အတွက် အသက်ရှူစက်ပေါ် တင်ပေးထားရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။မြန်မာနိုင်ငံမှာကူးစက်ခံရသူ၂၁ ဦးရှိပြီးတစ်ဦးသေဆုံးခဲ့ပါတယ်။
    • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်ဖို့ အဆိုပြုလာတဲ့ အဖွဲ့တစ်ဖွဲ့ကို ဆက်လက်ဆွေးနွေးဖို့ ခွင့်ပြုထားတယ်လို့ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။ကာကွယ်ဆေးထုတ်ဖို့ အဆိုပြုထားသူ ဒေါက်တာအောင်မြင့်ဟာ အရင်က ကြက်မွေးမြူရေးလောကမှာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ ကြက်တွေမှာ ဖြစ်ပွားတဲ့ လေပြွန်ရောင်ရောဂါအတွက် ကိုယ်တိုင် ကာကွယ်ဆေးထုတ်ဖူးကြောင်း Than Zaw Oo အမည်နဲ့ ဖေ့စ်ဘွတ်အကောင့် ကရေးသား ထားပါတယ်။
    • ယူကေမှာတော့အစိုးရကအိမ်ထဲမှာနေဖို့သတ်မှတ်ထားတာနဲ့လူချင်းခပ်ခွာခွာနေကြဖို့စည်းကမ်းတွေထုတ်ထားတာကိုမလိုက်နာရင်ကျန်းမာရေးအတွက် အိမ်ပြင်ထွက်လေ့ကျင့်ခန်းလုပ်ခွင့်ပေးထားတာကိုပါတားမြစ်ရဖွယ်ရှိကြောင်းကျန်းမာရေးဝန်ကြီးကသတိပေးပြောကြားပါတယ်။