အလင်္ကာပုလဲပန်း၊ ဝေါဟာရတို့ရဲ့ လူမှုရေးသဘောဆောင်တဲ့ အဓိပ္ပာယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
မုဒိမ်းဆိုတဲ့စကားလုံးက တော်တော်ရိုင်းတယ်လို့ ထင်သတဲ့။ လူကြီးတယောက်ကပြောဖူးတယ်။ သိပ်မရိုင်းတဲ့ တခြားစကားလုံးနဲ့ ဖလှယ်ပြီး သုံးဖို့ ဆွေးနွေးဖူးတယ်။ ဘယ်စကားလုံးမှ သိပ်မဟန်ပါဘူး။
တကယ်တော့ ရိုင်းစိုင်း ရုန့်ရင်းတဲ့ အပြုအမူတခုကို ဘယ်စကားလုံးနဲ့ ဖလှယ်သုံးသုံး သုံးတဲ့စကားလုံးပါ ကြာရင် ရိုင်းသွားတာပါပဲ။ တချို့က အင်္ဂလိပ်လို Rape လုပ်တယ်လို့ ပြောရင် နည်းနည်း ယဉ်ကျေးတယ်လို့ ထင်ကြတယ်။ အဲဒါမှန်ပါတယ်။ အင်္ဂလိပ်လိုသုံးရင် နည်းနည်း အရိုင်း သက်သာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အင်္ဂလိပ်စကားလုံးက ကိုယ်နဲ့ အသားမကျသေးလို့၊ နည်းနည်း စိမ်းလို့ပါ။ ဒီစကားလုံးနဲ့ ဒီအပြုအမူကို လူ့အဖွဲ့အစည်းလူ့အသိုင်းအဝိုင်းမှာ ခဏခဏတွဲပြီးသုံးလေ့မရှိသေး၊ လူအားလုံးက တထပ်တည်းမခံစားမိသေးလို့ အရိုင်းသက်သာတာပါပဲ။
ဥပမာ လိင်ဆက်ဆံတယ်ဆိုတဲ့အရာကို ပါဠိလို လိင်ဆက်ဆံတယ်လို့ပြောတော့ သိပ်မဆိုးဘူး။ အင်္ဂလိပ်လို sex လုပ်တယ်လို့ပြောရင်လည်း လူကြားထဲပြောဝံ့တယ်။ ဗမာစကားစစ်စစ်သုံးပြီး လအက္ခရာနဲ့ အိုးသရတွဲပြီး လူကြားထဲပြောဖို့ရာတော့ နှုတ်ကထွက်ဖို့ အလွန်ခက်ပါတယ်။ ဒီအဓိပ္ပာယ် အတူတူပဲဟာကို ဘာလို့ တခုကရိုင်းပြီး တခုက ယဉ်နေရတာလဲ။ ဘာ့ကြောင့်လဲဆိုတော့ စကားလုံးတွေမှာ ဘာသာစကား အဓိပ္ပာယ်သာမက လူမှုရေး လက္ခဏာပါရှိနေလို့ပါ။ အဓိပ္ပာယ်တူပေမဲ့ လူမှုရေးလက္ခဏာမတူလို့ အရိုင်းအယဉ်မှာ ရေချိန်အနိမ့်အမြင့်ကွာနေတာပါ။ ကိုယ့်ပတ်ဝန်းကျင်ကလူအားလုံးနားလည်တဲ့ဘာသာစကား၊ လူ့အဖွဲ့အစည်းက ရိုင်းတယ်လို့ လက်ခံထားပြီးသား စကားကိုသုံးရင် ပိုရိုင်းတယ်လို့ခံစားရပါတယ်။ ဒါဟာ လူမှုအဖွဲ့အစည်းရဲ့ လူမှုရေးအရိပ်ထိုးထင်ဟပ်မှု ကွာခြားလို့ပါ။ လူမှုရေးသက်ရောက်မှု ကွာဟလို့ပါ။
မုဒိမ်းကျင့်တာကို ယဉ်ကျေးအောင် တခြားဘယ်လိုစကားလုံးသုံးသုံး ကြာလာရင် အဲဒီစကားလုံးဟာလဲ ရိုင်းသွားမှာပဲ။ အသားကျသွားရင် လူမှုရေး သက်ရောက်မှုရှိလာလို့ပါပဲ။ လူမှုရေး အရိပ်ထင်ဟပ်သွားလို့ပါပဲ။ လုပ်ရပ်နဲ့ စကားလုံးကို လူအားလုံးရဲ့ စိတ်ထဲမှာ တထပ်တည်းဖြစ်သွားအောင် ခံစားမိလာတဲ့ အချိန်မှာ အဲဒီစကားလုံးဟာ ရိုင်းသွားမှာပဲ။ လူ့အဖွဲ့အစည်းက အဲဒီစကားလုံးအပေါ်မှာ သဘောထားပီပီပြင်ပြင် ထင်ဟပ်လာတဲ့အခါ အဲဒီစကားလုံးဟာ ရိုင်းသွားမှာပဲ။
ဥပမာ မုဒိမ်းကျင့်တယ် ဆိုတဲ့စကားကို ယဉ်ကျေးအောင်ဆိုပြီး စပယ်ပန်းခူးတယ်လို့ ပြင်သုံးကြည့်ပါလား။ ကြာလာရင် အဲဒီစပယ်ပန်းခူးတယ်ဆိုတာပါ ရိုင်းသွားမှာပဲ။ ဒါမှမဟုတ် ရေခဲမုန့်စားတယ်လို့ပြောကြည့်ဦးမလား။ ကြာလာရင် ရေခဲမုန့်စားတယ်ဆိုတာ တော်တော်ရိုင်းပါလားလို့ ထင်လာမှာ မုချပဲ။ စသုံးကာစမှာယဉ်ကျေးတယ်လို့ထင်ရပေမဲ့ ကြာလာတာနဲ့အမျှ လူ့အဖွဲ့အစည်းနဲ့ အဲဒီစကားအသားကျသွားတာနဲ့အမျှ အဲဒီစကားလုံးဟာ ရိုင်းတယ်လို့ ထင်လာမှာပါပဲ။
တကယ်တော့ မုဒိမ်းဆိုတဲ့စကားက အဓိပ္ပာယ်ရိုင်းပေမဲ့ ရင်းမြစ်က ရိုင်းမှ မရိုင်းတာ။ အဓိပ္ပာယ်က လူမှုရေးသဘောပါတယ်။ ဒီနေ့ခေတ်မှာ အများနားလည်တဲ့ အပြုအမူဆိုးကို တိုက်ရိုက်ဖော်ပြတယ်။
ဒီနေ့ခေတ်အဓိပ္ပာယ်ဖွင့်ဆိုချက်က လူတယောက်ကို တခြားလူတယောက်က သဘောမတူဘဲ အတင်းအဓမ္မလိင်ဆက်ဆံတာကိုပြောတာ ဆိုတော့ အဲဒီအဓိပ္ပာယ်က ရိုင်းပြီပေါ့။ ခရီးဆောင်မြန်မာအဘိဓာန်ရဲ့ ဒုတိယအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “အလိုမတူသောမိန်းမကို ကာမကျူးလွန်ခြင်း”လို့ အဓိပ္ပာယ်ပေးထားပါတယ်။ အဲဒါကို စပယ်ပန်းခူးသည် လို့ပြောင်းသုံးလည်း စပယ်ပန်းခူးသည်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုရင် စပယ်ပန်းခူးသည်ဆိုသည်မှာ “အလိုမတူသောမိန်းမကို ကာမကျူးလွန်ခြင်း”လို့ပဲ အဓိပ္ပာယ်ပြန်ရမှာဆိုတော့ အဓိပ္ပာယ်ချင်းက အတူတူပဲ။ ဒီတော့ စကားလုံးအသားကျသွားတဲ့တနေ့မှာ ရိုင်းမြဲရိုင်းမှာပဲ။ အခုခေတ်မှာ မုဒိမ်းရဲ့ အဓိပ္ပာယ်ဟာ အဘိဓာန်ပေးတဲ့ အဓိပ္ပာယ်ထက်တောင် ကျယ်ပြန့်လာပြီလို့ ထင်ပါတယ်။ အခုခေတ်မှာ မုဒိမ်းရဲ့ အဓိပ္ပာယ်ဟာ “လူတယောက်ကအခြားလူတယောက်ကို အလိုမတူဘဲ ကာမကျူးလွန်ခြင်း” လို့ အဓိပ္ပာယ်ဖွင့်ရမယ် ထင်ပါတယ်။ ဆိုလိုတာက အလိုမတူသောမိန်းမကို ကာမကျူးလွန်မှ မုဒိမ်းမှုလို့ခေါ်တာ မဟုတ်ဘဲ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဘယ်သူ့ကိုမဆို အလိုမတူဘဲ ကာမကျူးလွန်ရင် မုဒိမ်းမှုလို့ အခုခေတ်မှာ ခေါ်နေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရင်းမြစ်သို့မဟုတ် အနက်ဆိုတာကတော့ တမျိုး။ ဟိုးယခင်မူလရှိခဲ့တဲ့ စကားလုံးတလုံးစီရဲ့ အနက်ကိုပြောတာ။ အဲဒီအနက်ကို လိုက်ရင် မုဒိမ်းဆိုတာ မရိုင်းဘူး။ တချိန်တုန်းကဆိုရင် မုဒိမ်းဆိုတဲ့စကားဟာ အခုလို အဓိပ္ပာယ်တောင် မထွက်ဘူး။ မုဒိမ်းတန္တလို့ တွဲသုံးတတ်တယ်။ အရင်က မုဒိမ်းဆိုတာ လုယက်တာ၊ ဓားမြတိုက်တာကိုပြောတာ။ မုဒိမ်းသမားဆိုတာ ခိုးသား၊ ဓားပြကိုပြောတာ။ ခရီးဆောင်မြန်မာအဘိဓာန်မှာပေးတဲ့ ပထမအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဲဒီအဓိပ္ပာယ်ကို ဖော်ပြထားပါတယ်။ “ခိုးသားဓားပြ”ပါတဲ့။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ မုဒိမ်းသမားလို့ဆိုလိုက်ရင် ဒုတိယအဓိပ္ပာယ်ကိုသာ လူအများကပြေးမြင်နေကြပြီ။ ခိုးသားဓားပြကိုများပြောတာလားလို့ မစဉ်းစားမိကြတော့ဘူး။ ခိုးသားဓားပြကို မုဒိမ်းသမားလို့ ခေါ်တဲ့ အသုံးဟာ တဖြည်းဖြည်း တိမ်ကောစပြုလာပါပြီ။ ဒါဟာ အဓိပ္ပာယ်ရွေ့လျားလာတာပါ။ စကားလုံးရဲ့ အနက်ရင်းမြစ်က ပြောင်းလဲရိုးမရှိပေမဲ့ အဓိပ္ပာယ်ဆိုတာက ပြောင်းလဲတတ်တယ်။ လူမှုရေး သဘောဆောင်တယ်။ လူတွေသုံးပုံစွဲပုံပြောင်းရင် အဓိပ္ပာယ်ကပြောင်းသွားတတ်တယ်။ အရင်က မုဒိမ်းဆိုတာ ခိုးသား၊ ဓားပြနဲ့တွဲသုံးတော့ မုဒိမ်းအဓိပ္ပာယ်ဟာ လုတယ်ခိုးတယ်လို့ပဲ အဓိပ္ပာယ်ထွက်တယ်။ အခု မုဒိမ်းဆိုတာကို သားမယားပြုကျင့်တာနဲ့ တွဲသုံးတော့ အဲဒီအဓိပ္ပာယ်ထွက်သွားတာပဲ။
တချိန်က မုဒိမ်းရဲ့ အဓိပ္ပာယ်ဟာ ခိုးသား၊ ဓားပြလို့ ဖွင့်ဆိုရလိမ့်မယ်။ အခုတော့ မုဒိမ်းရဲ့ အဓိပ္ပာယ်ဟာ အလိုမတူပဲ ကာမကျူးလွန်သည်လို့ အဓိပ္ပာယ်ဖွင့်ဆိုရလိမ့်မယ်။ အသုံးပြောင်းတာနဲ့ အဓိပ္ပာယ် ပြောင်းသွားတယ်။
အမူတိမ်းတဲ့ သူ
မုဒိမ်းရဲ့ ရင်းမြစ်ကို မြန်မာစာအဖွဲ့ဝင် ဆရာကြီးဦးထွန်းတင့်နည်းနဲ့ ဒီလိုကြံဆကြည့်ပါတယ်။ ဗမာစကားဟာ တက်ကျသံ ဘာသာစကားဖြစ်တဲ့အတွက် အနက်ကို ကြံဆရင် တက်ကျသံတွေကို လိုက်ကြည့်တာဟာ အနက်ရှာတဲ့ နည်းတနည်းပဲ။ မုကို သူ့ရဲ့ တက်ကျသံတွေမှာလိုက်ရှာကြည့်ရင် မု၊မူ၊မူးဆိုပြီး တွေ့ရတယ်။ အဲဒီအထဲက မူဟာ မုဒိမ်းက မုရဲ့ အနက်ဖြစ်ပါတယ်။ မူဟာ အမူအယာကိုပြောတာပါ။ အမူအကျင့်ကိုပြောတာပါ။ ဒိမ်းရဲ့အနက်ကိုကြည့်မယ်ဆိုရင်တော့ ဒိမ့်၊ ဒိမ်၊ ဒိမ်းနဲ့သွားကြည့်လို့ မရဘူး။ တခြားနည်းတနည်းနဲ့ ထပ်စဉ်းစားဖို့လိုတယ်။ တတိယအက္ခရာ၊ စတုတ္ထအက္ခရာတွေမှာ မြန်မာအနက်မရှိဘူး။ အဲဒီတော့ သူနဲ့ ဝဂ်တူ၊ အုပ်စုတူထဲက ပထမအက္ခရာနဲ့ ဒုတိယအက္ခရာကို ကြည့်ရတယ်။ ဒီတော့ တိမ်းနဲ့ထိမ်းဆိုတဲ့ စကားလုံးနှစ်လုံးကို တွေ့ရမယ်။ ဘယ်စကားလုံးက ဖြစ်နိုင်သလဲလို့ စဉ်းစားကြည့်တဲ့အခါ တိမ်းဟာဖြစ်နိုင်တာကို တွေ့ရတယ်။ မုဒိမ်းဆိုတာ မူတိမ်းပါပဲ။ မူတိမ်းဆိုတာ အမူအကျင့် တိမ်းစောင်းမှားယွင်းတာကို ပြောတာပါ။ မှားတဲ့အမူအကျင့်၊ မှားတဲ့ အကျင့်အကြံကိုပြောတာပါပဲ။ ဒီတော့ ခိုးတာ၊ လုတာကလည်း မှားတဲ့အမူအကျင့်ပဲ။ သူတပါးကို အတင်းအဓမ္မ လိင်ဆက်ဆံတာကလည်း မှားတဲ့အကျင့်ပဲ။ နှစ်ခုစလုံးမှာ သုံးလို့ဖြစ်တာပေါ့။ မုဒိမ်းရဲ့ မူလအဓိပ္ပာယ်ဟာ မှားသောအကျင့်၊ တိမ်းစောင်းသောအကျင့်၊ အကျင့်ဆိုးလို့ ဆိုရုံမျှသာ ဖြစ်တဲ့အတွက် မရိုင်းရုံမက တော်တော်ကြီး ယဉ်ကျေးလှသော စကားလုံးတလုံး ဖြစ်ပါတယ်။
သို့သော်လည်း စောစောကပြောခဲ့တဲ့အတိုင်းပါပဲ။ ဒီအပြုအမူကြီးကို သုံးတဲ့စကားလုံးဟာ ဘယ်လောက်ယဉ်ယဉ် ဘယ်လောက်နုနု ဒီအဓိပ္ပာယ်ကြီးကို ဆောင်မှတော့ ကြာလာရင် အဲဒီစကားလုံးဟာလည်း ရိုင်းသွားမှာပါပဲ။
မကောင်းတဲ့အပြုအမူနဲ့တွဲဖက်ရင် ကောင်းတဲ့စကားလုံးလည်း စွန်းထင်းညစ်ပေတတ်ပါတယ်။
မုဒိမ်းဆိုတဲ့စကားလုံးကိုတော်တော်များများ သတ်ပုံမှားတတ်ကြတယ်။ အများဆုံးမှားကြတဲ့မှားနည်းကတော့ မသတ်နဲ့နသတ်မှားကြတာပါ။ မုဒိမ်းကို မုဒိန်းလို့မှားရေးတတ်ကြပါတယ်။ အမူအကျင့်တိမ်းစောင်းတာကို မူတိမ်းလို့ခေါ်ရာကနေ မုဒိမ်းဆိုတဲ့ စကားလုံးဖြစ်လာတယ်လို့ သိထားရင်တော့ နသတ်နဲ့ မသတ်ကို နောင်မှာ မမှားနိုင်တော့ဘူးလို့ထင်ပါတယ်။
မုဒိမ်းဟာ မူတိမ်းကလာတယ်ဆိုတဲ့ကြံဆချက်နဲ့ ပတ်သက်ပြီး ဒီကြံဆချက်ဖြစ်နိုင်ခြေရှိမရှိ ဆရာကြီးဦးထွန်းတင့်ကို မေးမြန်းအတည်ပြုချက်ရယူတော့ ဆရာကြီးက သဘောတူပါတယ်။ ဒီသဘောပါပဲလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မုဆိုးလား၊ မူဆိုးလား
သူနဲ့ဆက်စပ်တဲ့ စကားလုံးတလုံးကို တွေးမိပါတယ်။ အဲဒါက မုဆိုးပါ။ တောလိုက်မုဆိုးပါ။ ဆရာကြီးကိုမေးကြည့်ပါတယ်။ တောလိုက်မုဆိုးကရော မူဆိုးကလာတာပါလားဆိုတော့ ဒါလလည်း ဟုတ်တယ်လို့ ဆရာကြီးက ဆိုပါတယ်။ တောလိုက်တာ၊ သားကောင်တွေကို သတ်ဖြတ်တာဟာ အမူအကျင့် ဆိုးတယ်လို့ သတ်မှတ်ကြတဲ့ အတွက် မူဆိုး သို့မဟုတ် မုဆိုးလို့ ခေါ်တာပါ။ ရှေးက စာဟောင်းပေဟောင်းများမှာဆိုရင် မူဆိုးလို့တောင် ရေးကြတာတချို့ကိုလည်း တွေ့ဖူးပါတယ်။
နောက်ထပ်ဆက်စပ်တဲ့စကားလုံးရှိပါသေးတယ်။ အိမ်ထောင်ပျက်တဲ့ယောက်ျား၊ မိန်းမကိုလည်း မုဆိုးဖို၊ မုဆိုးမလို့ ခေါ်ကြတယ်မဟုတ်လား။ ဒါကရော မုဆိုးလိုပဲ အမူအကျင့်ဆိုးလို့ မုဆိုးဖို၊ မုဆိုးမခေါ်တာပဲလားလို့ ဆရာကြီးဦးထွန်းတင့်ကို မေးကြည့်ပါတယ်။ ဆရာကြီးက ဒါကိုတော့ တမျိုးအနက်ဖွင့်ပါတယ်။ မုဆိုးဖို၊ မုဆိုးမဟာလဲ မူဆိုးဖို၊ မူဆိုးမကလာတာတော့ ဟုတ်ပါသတဲ့။ ဒါပေမဲ့ အမူအကျင့်ဆိုးလို့ ခေါ်တာတော့ ဟုတ်ပုံမရဘူးလို့ဆိုပါတယ်။ ဒီနေရာမှာပြောတဲ့မူဟာ အမူအကျင့်သို့မဟုတ် အပြုအမူကို ဆိုလိုဟန်မရှိဘဲ ကံမကောင်းတာ၊ ကံဆိုးတာကိုသာ ဆိုလိုတာဖြစ်ပုံရတယ်လို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ ဆရာကြီးရဲ့ ဒီယူဆချက်ဟာ မြန်မာစကားအဖွင့်ကျမ်းမှာ ဆရာကြီးဦးဖိုးလတ်ရေးသားထားတာနဲ့လည်း ကိုက်ညီပါတယ်။ ဆရာကြီးဦးဖိုးလတ်က ရှေးကဗျာတော်တော်များများကို အထောက်အထားအကိုးအကားပြပြီး “မူ”ဟာ အဖြစ်သနစ်လို့လဲ အဓိပ္ပာယ်ရကြောင်း ပြောထားပါတယ်။ ဆရာကြီးဦးဖိုးလတ်ရဲ့ အဖြစ်သနစ်နဲ့ ဆရာကြီးဦးထွန်းတင့်ရဲ့ ကံဆိုးတာဆိုတဲ့ ယူဆချက်ဟာ တထပ်တည်းလိုလိုပါပဲ။ ဒီတော့ လင်သေမယားသေများကိုခေါ်တဲ့ မုဆိုးဖို၊ မုဆိုးမဟာ ကံဆိုးဖို၊ ကံဆိုးမလို့ ဆိုလိုတဲ့ သဘောဖြစ်ပါတယ်။ ဆရာကြီးဦးဖိုးလတ်ရဲ့အယူအရ အဖြစ်ဆိုးဖို၊ အဖြစ်ဆိုးမ ဆိုတဲ့သဘောပါ။
မုဆိုးဖို၊ မုဆိုးမနဲ့ ဆက်စပ်တဲ့ စကားလုံးလေးနှစ်လုံးကိုလည်း ဆရာကြီးဦးထွန်းတင့်က ပြောပြပါတယ်။ အဖမရှိတဲ့ကလေးကို ဖတဆိုး၊ အမိမရှိတဲ့ကလေးကို မိတဆိုးလို့ခေါ်တဲ့အသုံးအနှုန်းပါ။ ဒါဟာလဲ ဖကံဆိုး၊ မိကံဆိုးလို့ခေါ်ရာကနေ ဖတဆိုး၊ မိတဆိုးလို့ဖြစ်လာတာလို့ ဆရာကြီးက ယူဆပါတယ်။ တချို့သောသူတွေကတော့ ဖသားဆိုး၊ မိသားဆိုးလို့ခေါ်ရာကနေ ဖတဆိုး၊ မိတဆိုးရယ်လို့ ဖြစ်လာတာဆိုတဲ့ ယူဆချက်မျိုးလည်းရှိကြောင်း ဆရာကြီးက ပြောပါတယ်။
ဆရာကြီးဦးဖိုးလတ်နဲ့ ဆရာကြီးဦးထွန်းတင့် တူတာကို ပြောပြသလို၊ မတူတာကိုလည်း ပြဖို့လိုအပ်ပါလိမ့်မယ်။ တောလိုက်မုဆိုးဟာ အမူအကျင့် ဆိုးသွမ်းတာကို ပြောတာလို့ ဆရာကြီးဦးထွန်းတင့်က ယူဆပါတယ်။ ဆရာကြီးဦးဖိုးလတ်က တောလိုက်မုဆိုးကိုတော့ တမျိုးကြံဆပါတယ်။ တိဗက်-မြန်မာစကား၊ တရုတ်-ထိုင်းစကားမျိုးနွယ်စုတွေကနေ ဆင်းသက်တယ်လို့ ဆရာကြီးဦးဖိုးလတ်က ရေးသားကြံဆထားပါတယ်။ အထူးသဖြင့် တရုတ်စကားနဲ့ သိပ်နီးစပ်နေတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ တရုတ်စကားမှာ မုဟာတော၊ ဆိုးဟာရှာဖွေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မုဆိုးဟာ တောထဲမှာသားကောင်ကို ရှာဖွေသူကို ဆိုလိုတာဖြစ်ပုံရတယ်လို့ ဆိုထားကြောင်းပါခင်ဗျာ။








