ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ- အမေရိကန်နိုင်ငံရေးပုံရိပ်ပြောင်းပေးမယ့် အမျိုးသမီးများ
- ရေးသားသူ, လူစီရောဂျား
- ရာထူးတာဝန်, ဘီဘီစီ ပုံပြသတင်းပညာအဖွဲ့
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၄
ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန် ဆိုတဲ့ လူဖြူအမျိုးသားနှစ်ယောက်ကြားက သမ္မတပြိုင်ပွဲအကြောင်းကိုသာ အမေရိကန်ရွေးကောက်ပွဲသတင်းတွေမှာ အာရုံစိုက် ဖော်ပြခဲ့ကြပါတယ်။
အမေရိကန်တဝန်း ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာတော့ ကမာလာ ဟဲရစ် ပထမဆုံး အမျိုးသမီးဒုသမ္မတအဖြစ် တက်လာတာကို တွေ့ရတဲ့အပြင် အမျိုးသမီးတွေ စံချိန်တင်အောင် ကွန်ဂရက် လွှတ်တော်ထဲ ဝင်လာတာကိုလည်း မြင်ရပါတယ်။
နောက်နှစ် ကွန်ဂရက်သက်တမ်းအသစ် မစခင်မှာ စံချိန်ကျိုးခဲ့တဲ့ ကိန်းဂဏန်းတွေကို ကြည့်ရအောင်ပါ။
၁။ အနည်းဆုံး အမျိုးသမီး ၁၃၅ ယောက် ၂ဝ၂၁ မှာ လွှတ်တော်ထဲ ရောက်လာမယ်
အမေရိကန်လူဦးရေရဲ့ ထက်ဝက်ကျော် ရှိတဲ့ အမျိုးသမီးတွေဟာ လက်ရှိလွှတ်တော်နှစ်ရပ်မှာတော့ လေးပုံတပုံအောက်ပဲ ရွေးကောက်ခံ ထားရပါသေးတယ်။
ဒါပေမဲ့လည်း ဇန်နဝါရီမှာ ၁၁၇ ခုမြောက် လွှတ်တော်သက်တမ်းစတဲ့အခါ အနည်းဆုံး အမျိုးသမီးအမတ် ၁၃၅ ယောက်တောင် ရှိလာလိမ့်မယ် ဆိုပြီး ရက်ဂါးစ် တက္ကသိုလ် အမေရိကန် အမျိုးသမီးနဲ့ နိုင်ငံရေး စင်တာ (CAWP) ကထုတ်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ဒီထဲမှာ ဒီမိုကရက်အမတ် ၁ဝ၃ ယောက်နဲ့ ရီပတ်ဘလစ်ကန်က ၃၂ ယောက်ပါပါတယ်။
၅၃၅ နေရာ ရှိတဲ့ လွှတ်တော်နှစ်ရပ်မှာ အမျိုးသမီးတွေက လေးပုံတပုံကျော် နေရာရလာနိုင်ပြီး နောက်ထပ်လည်း ပေါ်ထွက်လာနိုင်ပါသေးတယ်။
တချို့နေရာတွေက အမတ်လောင်းရွေးချယ်မှုတွေက မကြေညာရသေးလို့ ဖြစ်ပါတယ်။
ဒီနှစ်မှာ အမျိုးသမီး အမတ်တွေ ဒီလိုတိုးပွားလာတာဟာ အမျိုးသမီး ကိုယ်စားပြုမှု ပိုကောင်းလာတာကို ပြနေပါတယ်။ အရင့်အရင် ကွန်ဂရက်လွှတ်တော်တွေမှာလည်း အမျိုးသမီးအမတ်ဦးရေက တကြိမ်ထက် တကြိမ် ပိုများလာခဲ့ပြီး တချို့နှစ်တွေမှာဆိုရင် တဟုန်ထိုးတောင် တက်လာခဲ့ပါတယ်။
ဒီလို အမျိုးသမီးအမတ်ဦးရေတက်လာတာကိုလည်း ကွန်ဂရက်ရွေးကောက်ပွဲ ၁၅ ကြိမ်မြောက်ထိ ဆက်တိုက် ကြုံတွေ့ရတာ ဖြစ်ပါတယ်။
၂ဝ၁၈ ကြားရွေးကောက်ပွဲတွေမှာဆိုရင်လည်း ဒီမိုကရက်အမတ်လောင်း လေးပုံသုံးပုံလောက်က မိန်းမတွေ ဖြစ်ကြပါတယ်။
တခါ နောက်နှစ်ကစပြီး ရီပတ်ဘလစ်ကန်ဘက်မှာလည်း အမျိုးသမီးအမတ် ဦးရေ အများဆုံး ထမ်းဆောင်ဖို့ ရှိနေပါတယ်။
နောက်ကြေညာမယ့် ရလဒ်တွေအရ ရီပတ်ဘလစ်ကန် အမျိုးသမီး အမတ်တွေလည်း ထပ်ထွက်လာနိုင်ပါသေးတယ်။ မနှစ်က ဆီးနိတ်မှာ နေရာလွတ်သွားလို့ ခန့်ခဲ့တဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ကယ်လီ လိုဖလာ ဆိုရင်လည်း ဇန်နဝါရီမှာ ကျင်းပမယ့် ဂျော်ဂျီယာပြည်နယ်က နောက်တကျော့ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ရာဖဲ ဝါးနော့နဲ့ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
အောက်လွှတ်တော်မှာတော့ ရီပတ်ဘလစ်ကန် အမျိုးသမီးအမတ်က ၁၃ ယောက်ကနေ ၂၄ ယောက်ထိ တက်လာခဲ့ပြီး ပိုမိုကွဲပြားတဲ့ နောက်ခံကလာသူတွေကို ရွေးကောက်ဖို့ ကြိုးစားတဲ့ ပါတီရဲ့ အားထုတ်မှု ရလဒ်ဖြစ်ပါတယ်။
ဒီထဲက ၁၃ ယောက်ဟာဆိုရင်လည်း အရင်က တခါမှ အရွေးမခံရဖူးသေးတဲ့ အမတ်သစ်တွေ ဖြစ်ကြပါတယ်။
ဒါပေမဲ့လည်း ဒီမိုကရက်ဘက်ကတော့ ဇန်နဝါရီကစပြီး အမျိုးသမီးအမတ် ၈၇ ယောက်နဲ့ အထက် တိုးလာဖို့ ရှိနေပါတယ်။
ဒီလို အမျိုးသမီးအမတ်ဦးရေ တိုးတက်လာတာဟာ ကြိုးစားပမ်းစား အားထုတ်ခဲ့လို့ ဖြစ်တယ်လို့လည်း CAWP ရဲ့ ဒါရိုက်တာ ဒက်ဘီဝဲ့လ်ရှ်က ပြောပါတယ်။
"အောင်ပွဲဆိုတာ သူ့ဘာသာ ပေါ်လာတာ မဟုတ်ပါဘူး၊ ပါတီတွေ၊ အလှူရှင်တွေ၊ ထောက်ခံသူတွေနဲ့ မဲပေးသူတွေအပေါ်မှာ စိုက်လိုက်မတ်တတ် အာရုံစိုက်ရပါတယ်။ ဒီနှစ် ရီပတ်ဘလစ်ကန် အမျိုးသမီးအမတ်တွေ ပိုများလာတာကို ကြည့်ရင် ဒါကို သိနိုင်ပါတယ် " လို့ သူက ပြောပါတယ်။
ဒီနှစ် ရွေးကောက်ပွဲမှာ ဒီလို အမျိုးသမီးတွေ ပိုအရွေးခံလာရတာဟာ တကယ်တော့ ၂ဝ၁၈ သက်တမ်းတဝက် ရွေးကောက်ပွဲမှာ ကွန်ဂရက်ထဲ ဝင်လာတဲ့ ဒီမိုကရက် အမျိုးသမီးအမတ် အုပ်စုကြီးရဲ့ အရှိန်ပါပါတယ်။ ဒီထဲမှာ အောက်လွှတ်တော်က သူရဲကောင်း အုပ်စု ဆိုတဲ့ နာမည်ကြီး အမျိုးသမီးတွေ ပါပါတယ်။ သူတို့ကတော့ နယူးယော့က အလက်ဇန္ဒရီးရား အိုကာစီယို ကောတက်ဇ်၊ မင်နီဆိုတာက အီလ်ဟန် အိုမာ ၊ မက်ဆာချူးဆက်က အိုင်ယားနား ပရက်စလီနဲ့ မစ်ရှီဂန်က ရာရှီဒါ တလိဘ် တို့ ဖြစ်ပါတယ်။
ဒီလို နှစ်နှစ်အတွင်း အမေရိကန် လွှတ်တော်ထဲ အမျိုးသမီးတွေ သိသိသာသာ တိုးပွားလာတာတောင်မှ အမျိုးသားတွေက လေးပုံသုံးပုံလောက် ရှိနေပါ သေးတယ်။
နောက်နှစ် အဲဒီမှာ အမျိုးသမီး ၁၃၅ ယောက် ရှိမယ့်အချိန်မှာ အမျိုးသားက လေးရာ ရှိမှာ ဖြစ်ပါတယ်။
၂။ အမတ်သစ်တွေထဲမှာ လူဖြူမဟုတ်သူ ၄၇ ယောက်ပါတယ်
ဒီလို အမျိုးသမီးအမတ်တိုးလာချိန်မှာ ၂ဝ၂ဝ ရွေးကောက်ပွဲက ထပ်ပေါ်ထွက်လာတာကတော့ လူမျိုးမတူတဲ့ အမျိုးသမီးအမတ်ဦးရေ တိုးလာတာ ဖြစ်ပါတယ်။
လူမည်း၊ စပိန်နွယ်ဖွား၊ အာရှနဲ့ ပစိဖိတ်ကျွန်းသူ၊ အမေရိကန်တိုင်းရင်းသူ စတဲ့ လူဖြူမဟုတ်တဲ့ အမျိုးသမီးအမတ်က စုစုပေါင်း ၄၇ ယောက်ရှိပါတယ်။ ဒီထဲက တယောက်ကလွဲပြီး ကျန်တဲ့သူတွေက ဒီမိုကရက်တွေ ဖြစ်ပါတယ်။
ဒီလို စံချိန်တင် ဝင်လာတဲ့ လူမျိုးစုံအမတ်တွေထဲမှာ အမေရိကန်တိုင်းရင်းသူတွေ အများအပြား ပါလာခဲ့ပါတယ်။
နယူးမက္ကဆီကိုမှာ ရီပတ်ဘလစ်ကန်ပါတီက ချရော့ကီးမျိုးနွယ်ဝင် အီဗတ် ဟာရဲလ်က လက်ရှိ အမျိုးသမီး ဒီမိုကရက်အမတ် ဆိုချီးလ် တောရက်စ် စမောလ်ကို နိုင်သလို ဒီမိုကရက်ဘက်က လဂူနာ ပက်ဘလို မျိုးနွယ်စုဝင် ဒဘ် ဟာလန်းလည်း နယူးမက္ကဆီကိုကနေ ဆက်အရွေးခံရပါတယ်။ နောက် ကန်းဆပ်က ဟိုချန့်မျိုးနွယ်ဝင် ရှရီးစ် ဒေးဗစ်လည်း အောက်လွှတ်တော်မှာ ဆက်ပြီး နိုင်ပါတယ်။
မစ္စဟာရဲလ်နဲ့ မစ္စဟာလန်းတို့ နိုင်ပွဲကြောင့် နယူးမက္ကဆီကိုဟာ လူဖြူမဟုတ်တဲ့ အမျိုးသမီးသုံးယောက်ကို ပထမဆုံးအကြိမ် အမေရိကန် အောက်လွှတ်တော် အတွက် တင်မြှောက်နိုင်တဲ့ ပြည်နယ် ဖြစ်လာပါတယ်။
ကွန်ဂရက်ထဲမှာတင် ဒီလို ကွဲပြားတဲ့ နောက်ခံစုံကအမတ်တွေ တိုးလာတာ မဟုတ်ဘဲ နောက်အစိုးရသစ်မှာလည်း တိုးတက်လာဖို့ ရှိနေပါတယ်။
အထက်လွှတ်တော်အမတ် ကမလာ ဟဲရစ်ကို အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီးဒုသမ္မတအဖြစ် တင်မြှောက်ဖို့ ရှိနေပါတယ်။ သူဟာ ပါတီကြီးတခုကို ကိုယ်စားပြုပြီး တက်လာတဲ့ လူဖြူမဟုတ်တဲ့ ပထမဆုံး အမျိုးသမီး အမျိုးသမီးဒုသမ္မတလောင်းလည်း ဖြစ်ပါတယ်။
၃။ အရွေးခံသူများလို့ နောက်ထပ် အမျိုးသမီးအမတ်တွေ ပေါ်ထွက်လာလိမ့်မယ်
အရင် နှစ်နှစ်ကပဲ ၂ဝ၁၈ ကြားရွေးကောက်ပွဲမှာ ကွန်ဂရက်လွှတ်တော်အတွက် ပါတီကြီးတွေက အမျိုးသမီးအမတ်လောင်းအရေအတွက်က စံချိန်ကျိုးခဲ့ပါတယ်။
အခု ဒီနှစ်မှာလည်း နောက်ထပ် အမျိုးသမီးတွေ ထပ်ဝင်တိုးခဲ့ပါတယ်။
အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်ပေါင်းအတွက် နေရာ ၅၃၅ နေရာမှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်က အမျိုးသမီး အမတ်လောင်း ၃၁၈ ယောက် ဝင်ပြိုင်ခဲ့တာပါ။
ဒါဟာ အရင် ၂ဝ၁၈ က ဝင်ပြိုင်ခဲ့တဲ့ ၂၅၇ ယောက် ထက်ပိုများပါတယ်။
ဒီ ၃၁၈ ယောက်ထဲက ၁၁၇ ယောက်က လူဖြူမဟုတ်တဲ့ အမျိုးသမီးတွေပါ။
မာရီလင် စထရစ်လန်းဟာ ဝါရှင်တန်ပြည်နယ်ကနေ ကွန်ဂရက် လွှတ်တော်ကို ပထမဆုံး ရွေးကောက်ခံရတဲ့ လူမည်း အမျိုးသမီးအမတ် ဖြစ်ပါတယ်။ သူ့လိုပဲ အဖြူမဟုတ်တဲ့ တခြားအမျိုးသမီးတွေလည်း ဒီလိုဝင်ပြိုင်ရတာကို နေသား တကျ ဖြစ်လာကြလာတယ်လို့ မစ္စ စထရစ်လန်းက ဆိုပါတယ်။
"အဖြူမဟုတ်တဲ့ မိန်းမတွေ ဒီလို ထွက်လာတာ စိတ်လှုပ်ရှားစရာပါ၊ ဒီလို ဝင်ပြိုင်တာ များလာရင် သူတို့အရွေးခံရတာလည်း များလာပါလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်မတို့လို လူတွေအတွက် ပိုပြီး အားတက်လာမှာပါ" လို့ သူက ဂွတ်မောနင်းအမေရိက ရုပ်သံအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
၂ဝ၁၈ တုန်းက အောက်လွှတ်တော်မှာ အမျိုးသမီး အမတ်လောင်း ၂၃၄ ယောက် ဝင်ပြိုင်ပြီး အရင်အကြိမ်ထက် ၄ဝ ရာခိုင်နှုန်းကျော် ပိုများခဲ့ပါတယ်။
ဒီနှစ်မှာတော့ အဲဒီမှာ ၂၉၈ ယောက် ဝင်ပြိုင်ပြီး ၂၇ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့တာပါ။
ဒီမှာလည်း ဒီမိုကရက်ပါတီက ၂ဝ၄ ယောက် ဝင်ပြိုင်ပြီး ရီပတ်ဘလစ်ကန်က ၉၄ ယောက် ဝင်ပြိုင်တယ်လို့ အရ CAWP စစ်တမ်းအရ သိရပါတယ်။ ပါတီချင်းအလိုက်မှာလည်း ၂ဝ၁၈ ထက် ပိုပြီး အရေအတွက် များပါတယ်။
ဒီလို အောက်လွှတ်တော်မှာ အမျိုးသမီးအမတ်လောင်းတွေ ပိုများလာခဲ့ပေမယ့် အထက်လွှတ်တော်မှာတော့ ဝင်ပြိုင်သူ နည်းခဲ့ပါတယ်။ အဲဒီမှာ ၂ဝ ပဲ ဝင်ပြိုင်တဲ့အတွက် မနှစ်ကထက် သုံးယောက်ပိုနည်းခဲ့ပါတယ်။
ဒီမှာ ၁၂ ယောက်က ဒီမိုကရက်ဘက်က ဝင်ပြိုင်ပြီး ရှစ်ယောက်က ရီပတ်ဘလစ်ကန်က ဖြစ်ပါတယ်။
၄။ အမျိုးသမီးအမတ်သစ်တွေက လွှတ်တော် အနေအထားကို ပြောင်းနေတယ်
အမေရိကန်တလွှားမှာ သမိုင်းတင်လောက်အောင် လူမျိုးစုံက အမျိုးသမီးတွေ နိုင်ငံရေးစင်မြင့်မှာ ပေါ်ထွက်နေကြပါတယ်။
မစ်ဇူရီ ပြည်နယ်က ကိုရီဘုရှ် အရင်ပတ် ရွေးကောက်ပွဲမှာ နိုင်ပြီးနောက် ပြည်နယ်ရဲ့ ပထမဆုံး လူဖြူမဟုတ်တဲ့ လူမည်း အမျိုးသမီးအမတ် အဖြစ် အမေရိကန် ကွန်ဂရက်ကို ရောက်လာဖို့ ရှိနေပါတယ်။
သူနာပြုနဲ့ တရားဟောဆရာ ဖြစ်တဲ့ ကိုရီဟာ ၂ဝ၁၄ က ဖာဂူဆန်မှာ ရဲက အကြမ်းဖက် နှိမ်နင်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ အတွင်း အရေးပါတဲ့ အခန်းက ပါဝင်ခဲ့ပါတယ်။ အခု ပြည်နယ် ပထမခရိုင်ကို ကိုယ်စားပြုပြီး သူ အမေရိကန် အောက်လွှတ်တော်မှာ တင်မြှောက်ခံရပါတယ်။
ဝါရှင်တန်ပြည်နယ်က ပထမဆုံး အမျိုးသမီးအမတ်ကိုလည်း ကွန်ဂရက် လွှတ်တော်ကို ပို့ဖို့ရှိပါတယ်။ မာရီလင် စထရစ်လန်းဟာ ဝါရှင်တန်ပြည်နယ် တာကိုမာမှာ ဒီမိုကရက် မြို့တော်ဝန်အဖြစ် နှစ်ကြိမ် အရွေးခံခဲ့ရသူ ဖြစ်ပြီး ဝါရှင်တန်ရဲ့ ဒသမခရိုင် ရွေးကောက်ပွဲမှာ ကွန်ဂရက်အတွက် တင်မြှောက်ခံခဲ့ရတာပါ။
နောက် အနည်းဆုံး ပြည်နယ်နှစ်ခုကလည်း ပထမဆုံး ရီပတ်ဘလစ်ကန် အမျိုးသမီးအမတ်တွေ အောက်လွှတ်တော်ကို ဝင်လာဖို့ ရှိနေပါတယ်။
အက်ရှ်လေ ဟင်ဆန်က လက်ရှိ ဒီမိုကရက်အမတ် အက်ဘီ ဖင်ကနာကို အိုင်အိုဝါမှာ နိုင်သလို နန်စီမေ့စ်ကလည်း လက်ရှိ ဒီမိုကရက်အမတ် ဂျိုး ကန်နင်ဟမ်ကို တောင်ကယ်ရိုလိုင်းနားမှာ နိုင်ခဲ့ပါတယ်။
ဒီအချိန်မှာပဲ ဝိုင်ယိုမင်းပြည်နယ်ကလည်း သူတို့ရဲ့ ပထမဆုံး အမျိုးသမီးအမတ်ကို အထက်လွှတ်တော်အတွက် ရွေးကောက်ခဲ့ကြပါတယ်။ ရီပတ်ဘလစ်ကန် ပါတီအတွက် စင်သီယာ လွန်းမစ်က ဒီမိုကရက်ပြိုင်ဘက် မရက်ဗ် ဘန်ဒေးဗစ်ကို နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ပထမဆုံးနဲ့ စံချိန်တင်တဲ့ နှစ်မှာပဲ အမျိုးသမီးအမတ်တွေဟာ ၂ဝ၂၁ လွှတ်တော်ရဲ့ လေးပုံတပုံကျော်ပဲ အရွေးခံရပါသေးပါတယ်။
အမေရိကန် နိုင်ငံရေးမှာ အမျိုးသမီး ပါဝင်ကိုယ်စားပြုမှုဟာ အချိန်ကြာကြာ ဆက်ပြီး ရုန်းကန် လှုပ်ရှားရမယ့်ပုံ ရှိတယ်လို့လည်း CAWP က ဒက်ဘီဝဲ့လ်ရှ်က ပြောပါတယ်။
၂ဝ၁၈ မှာ ဒီမိုကရက်ကနေ အမျိုးသမီးအမတ်တွေ တင်နိုင်ခဲ့တာနဲ့ ဒီတခါမှာ ရီပတ်ဘလစ်ကန်ဘက်က အမျိုးသမီးတွေ များလာတာတွေ ရှိပေမယ့် တန်းတူကိုယ်စားပြုမှု ရှိဖို့ကတော့ နှစ်ဘက်စလုံးက လာရမယ်လို့ သူက ဆိုပါတယ်။
သေချာတာ တခုကတော့ ဒီအသစ်ရွေးကောက်လိုက်တဲ့ နှစ်ပါတီလုံးက အမျိုးသမီး အမတ်တွေဟာ ဇန်နဝါရီလကစပြီး နောက်မျိုးဆက်တွေအတွက် ဥပဒေတွေ ပေါ်ထွက်လာဖို့ ကူညီရတော့မှာ ဖြစ်ပါတယ်။
မှတ်ချက်။ ကွန်ဂရက် ကိန်းဂဏန်းတွေထဲ ၂ဝ၂ဝ ရွေးကောက်ပွဲ ဝင်မပြိုင်တဲ့ လက်ရှိ ဆီးနိတ် အမျိုးသမီးအမတ်တွေ ပါပေမယ့် ဒု သမ္မတဖြစ်သွားတဲ့ ကမလာဟဲရစ်တော့ မပါပါဘူး။ နောက် လွှတ်တော်ထဲမှာ မဲမပေးတဲ့ အောက်လွှတ်တော်က ကိုယ်စားလှယ် ခြောက်ယောက်လည်း မပါပါဘူး။ သူတို့ကို ဝါရှင်တန် ဒီစီ၊ ပွာတိုရီကို နဲ့ တခြား အမေရိကန် နယ်မြေ လေးခုက ရွေးချယ်တာ ဖြစ်ပါတယ်။
အိုင်းရင်း ဒဲလာ အာရီးနပ်စ်၊ ဆာနာ ဂျပ်စမီနဲ့ မိုက်ဟေးလ်စ်တို့က ဒီဇိုင်းနဲ့ ဂရက်ဖစ် ဆွဲပေးပါတယ်။