အလင်္ကာပုလဲပန်း ၊ ၀သန်ရှင်းတမ်း

မိုးရာသီကို ဝသန်လို့ခေါ်တာဟာ ပါဠိစကားလုံး ဝဿာနက ဆင်းသက်လာတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, getty images

ဓာတ်ပုံ ပုံစာ, မိုးရာသီကို ဝသန်လို့ခေါ်တာဟာ ပါဠိစကားလုံး ဝဿာနက ဆင်းသက်လာတာဖြစ်
ရေးသားခဲ့သည်။

လူတော်တော်များများ မှားတတ်ကြတဲ့ စကားလုံးလေးတလုံးက ဝသန္တပါ။ မိုးရာသီဝသန္တလို့ ကဗျာများမှာတောင် မကြာခဏ ဖွဲ့ဆိုမှားလေ့ရှိတတ်ကြပါတယ်။

တော်ရုံတန်ရုံကဗျာတွေမဟုတ်။ မင်းလှရာဇကျော်ထင်ရဲ့ စန္ဒကိန္နရီပျို့နဲ့ တောင်တွင်းဦးကြော့ရဲ့ ဒဟတ်ပန်းဘွဲ့တို့မှာတောင် ဝသန္တကို မိုးရာသီလို့ မှားရေးထားတာတွေ့မိပါတယ်။

မှားလဲမှားချင်စရာပ။ တော်တော်ရှုပ်တာကိုး။ ဗမာစင်စစ် ဧကန်ဖြစ်ပါလျက်ကယ်နဲ့ ဗမာစာတော်တော်ခက်တာပဲလို့ ပြောရမှာကလဲ ရှက်စရာ။ ဘယ်သူ့ကို အပြစ်တင်ရမှန်းလဲ မသိ။ ဘယ်သူ့ကိုမှ အပြစ်မတင်၊ မောင်တင် ကိုယ့်ကိုယ်ကိုယ်ပင် သနားလှချည်ရဲ့လေလို့ ရွှေမန်းတင်မောင်လိုသာ ဟစ်လို့အော်လိုက်ချင်ပါတော့တယ်။

ဝသန္တဆိုတာ မိုးမဟုတ်။ နွေဖြစ်ပါတယ်။ ဂိမှာန သို့မဟုတ် ဂိမှာန် လို့ခေါ်တဲ့ နွေရာသီထက်စောတဲ့ နွေဦးကာလကို ဝသန္တလို့ ခေါ်တာပါ။ အနောက်နိုင်ငံများမှာ စပရင်းလို့ခေါ်တဲ့ နွေဦးရာသီမျိုးပါ။ ဂိမှာန်ကို ဂိန်မှန်လို့ အသံထွက်ပါတယ်။

ပါဠိဘာသာမှာ ဥတုကို ၆ ပါးခွဲတဲ့အခါ ဝသန္တပါလာတာဖြစ်ပါတယ်။ ပါဠိရာသီ ၆ ပါးက ဟေမန္တ၊ သိသိရ၊ ဝသန္တ၊ ဂိမှာန၊ ဝဿာန၊ သရဒ ဆိုတဲ့ ခြောက်ပါး ဖြစ်ပါတယ်။ အဲဒီ ၆ ပါးကို ၂ လစီခွဲပါတယ်။ ဝသန္တက တပေါင်းလပြည့်ကျော် ၁ ရက်နေ့ကနေ ကဆုန်လပြည့်အထိဖြစ်ပါတယ်။ အဲဒီရာသီဟာ နွေဦးပါ။ ဝဿာနကမှ မိုး သို့မဟုတ် မိုးဦးရာသီဖြစ်ပါတယ်။

ပဌမငါးခုန်ဆရာတော် ရေးသားပြုစုတဲ့ မဟာဗုဒ္ဓဝင်ဝတ္ထုတော်ကြီး ပထမတွဲထဲမှာ “ထိုအရှင်ဥဒါယီသည် တပေါင်းလပြည့်နေ့၌ ဆောင်းလလည်းလွန်ပြီ၊ ဝသန္တကာလည်း ရောက်ပြီဟု” လို့ ရေးသားထားပါတယ်။ ဒီကိုးကားချက်ကို ဦးထွန်းမြင့်ရဲ့ ပါဠိသက် ဝေါဟာရ အဘိဓာန်ထဲက ပြန်ကူးထားတာပါ။ တပေါင်းလပြည့်နေ့ အလွန်၊ ဆောင်းအလွန်ဟာ ဝသန္တလို့ အလွန်ထင်ရှားရှင်းလင်းစွာ ရေးသားထားတာကို တွေ့နိုင်ပါတယ်။

တကယ်တော့ ကိုယ့်ဘာသာစကားစစ်စစ်မဟုတ်ဘဲ ပါဠိဘာသာက ဆင်းသက်လာတဲ့ စကားဖြစ်နေလို့လဲ ပိုခက်ရတာပါ။

ဗမာလူမျိုးများဟာ တခြားဘာသာစကားကို ကိုယ့်ဘာသာထဲ သွတ်သွင်းတဲ့အခါ ကိုယ့်မူကိုယ့်ဟန် ကိုယ်သဏ္ဌာန်နဲ့ ကိုက်ညီဆီလျော်အောင် ပြုပြင်မွမ်းမံလေ့ရှိပါတယ်။ ပါဠိမှာ က်၊ င်၊ စ် စတဲ့ အသတ်တွေ မရှိပါဘူး။ အသတ်အစား ပါဠိမှာလုံးဆင့်ကိုသာသုံးပါတယ်။ ဥပမာ ကသတ်နဲ့ သတ်မဲ့အစား ကနဲ့နှစ်လုံးဆင့်ပြီး သုံးပါတယ်။ ယက္ခ၊ စက္က။ စသတ်နဲ့ သတ်မဲ့အစား စလုံးနဲ့ဆင့်ပြီး သုံးပါတယ်။ သစ္စာ။ တသတ်နဲ့ သတ်မဲ့အစား တဝမ်းပူနဲ့ဆင့်ပါတယ်။ မေတ္တာ။ ဗမာစကားစစ်စစ်မှာက လုံးဆင့် ပါဌ်ဆင့် မရှိပါဘူး။ လုံးဆင့် ပါဌ်ဆင့်အစား အသတ်ကို ဗမာစာက သုံးပါတယ်။ ပါဠိစကားလုံးတွေကို ဗမာက ကိုယ့်ဘာသာထဲ သွတ်သွင်းတဲ့အခါ တချို့စကားလုံးတွေကို သူ့မူလအတိုင်း နှစ်လုံးဆင့်နဲ့ သွတ်သွင်းပေမဲ့ တချို့စကားလုံးတွေကို အသတ်နဲ့ပြောင်း မြန်မာမှုပြုပြီး သွတ်သွင်းပါတယ်။

နွေဦးဝသန်ဆိုတဲ့စကားဟာ ပါဠိစကား ဝသန္တက ဆင်းသက်လာတာပါ

ဓာတ်ပုံ ရင်းမြစ်, getty images

ဓာတ်ပုံ ပုံစာ, နွေဦးဝသန်ဆိုတဲ့စကားဟာ ပါဠိစကား ဝသန္တက ဆင်းသက်လာတာပါ

အဲသလို မြန်မာမှုပြုသွတ်သွင်းလိုက်တဲ့ စကားလုံးထဲမှာ ဝသန်ဆိုတဲ့ စကားလုံးလဲ ပါဝင်ပါတယ်။ ဝသန္တ နွေဦးရာသီဆိုတဲ့ စကားကို ဗမာက မြန်မာမှုပြုသွတ်သွင်းလိုက်တဲ့ အခါ ဝသန်ဖြစ်လာပါတယ်။ ဒီတော့ နွေဦးဟာ ဝသန်ဖြစ်လာပါတယ်။

မိုးဦးရာသီက ဝဿာနပါ။ ၀ဿာနကို မြန်မာမှုပြုလိုက်တော့လဲ ဝသန်ပဲ ဖြစ်လာပြန်ပါတယ်။ တကယ်တော့ ဝဿာနကို မြန်မာမှုပြုတာဟာ ဝဿာန်လို့ ပြုရင် ပိုပြီးဆီလျော်ပေမဲ့ ကံမကောင်းချင်တော့ ဝသန်မိုးဦးအသုံးက အလွန်ကို တွင်ကျယ်သွားပါတယ်။

အဲဒီတော့ နွေဦးကလဲ ဝသန်၊ မိုးဦးကလဲ ဝသန် ဖြစ်သွားတဲ့ အတွက် ဝသန်အရှုပ်တော်ပုံ ပေါ်ပေါက်လာရတာပါ။

ဆရာရွှေပြည်အေးရေးဖွဲ့ပြီး ကိုမြကြီးသီဆိုတဲ့ မိုးသီချင်းဆိုရင် အလွန်ရေပန်းစားပါတယ်။ သီချင်းအစမှာကိုက “ဝသန်ခါမှီ၊ လရာသီ၊ ပြာရီရစ်ဝိုင်း၊ မှိုင်းလဲ့လဲ့၊ ဆိုင်းနွဲ့နွဲ့၊ သိုင်းဖွဲ့လို့ဟန်ချီ၊ မင်းလွင်ဆီညိုရောင်မှောင်ခိုး၊ မိုးလအခါမှီ၊ ဖြိုးဖြိုးလျလျ၊ စွေလှသည်။” လို့စထားပါတယ်။

ဂီတနက်သန်ကိုစောညိန်းရေးပြီး မောင်မောင်ညွန့်သီဆိုတဲ့ နွေနှောင်းဝသန်ဆိုရင်လဲ “နွေနှောင်းရက်ကျန်၊ ဝသန်ပေါ်ဦးခါ၊ အုံ့ပြမှိုင်းဆန်း၊ ယုဂန်ဗွေမြနန်းမှာ” လို့စထားပါတယ်။ အဲသလို ဥပမာပေါင်းမြောက်မြားစွာ တေးသီချင်း၊ပျို့၊ကဗျာ၊လင်္ကာတွေထဲမှာ ရှိပါတယ်။

ဝသန်မိုးရာသီဆိုတာကို ခုမှပယ်ဖို့ ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။

ဒီတော့ မြန်မာစာအဖွဲ့က မိုးကို ဝသန်လို့ ရေးချင်လဲ ဆက်ရေးကြပါ။ မိုးလဲ ဝသန်၊ နွေလဲ ဝသန် နှစ်ခုစလုံးမှန်တယ်လို့ ပြဋ္ဌာန်းပေးလိုက်ပါတယ်။

မြန်မာအဘိဓာန်မှာ ဝသန်ဆိုတာ မိုးဥတုလို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။ ဝဿာနဥတုလို့လဲ တဆက်တည်းဖော်ပြထားပါတယ်။ ပါဠိဝဿာနက ဆင်းသက်လာတယ်လို့လဲ ဖော်ပြထားပါတယ်။

အဲဒီစကားလုံးရဲ့အောက်မှာ တဆက်တည်းပဲ ဝသန်ဆိုတာ နွေဦးလို့ အဓိပ္ပာယ်ဖွင့်ထားပြန်ပါတယ်။ ဝသန္တလို့လဲ ဖော်ပြထားပါတယ်။ ပါဠိဝသန္တကဆင်းသက်တယ်လို့လဲ ဖော်ပြထားပါတယ်။

ဒီတော့ အခုတွေ့ရှိချက်တွေအရ ဆိုရင် ဝသန်မိုးဦးလို့ပြောမယ်ဆိုရင် မှန်တယ်။ ကန့်ကွက်စရာ မရှိဘူး။ ဝသန်နွေဦးလို့ပြောမယ်ဆိုရင်လဲ မှန်တာပဲ။ ကန့်ကွက်စရာ မရှိဘူး။ ဝသန္တမိုးရာသီလို့ပြောရင်တော့ မှားတယ်။ ဝသန္တဟာ နွေရာသီလို့ပဲ နိဂုံးချုပ် ကောက်ချက်ဆွဲရပါလိမ့်မယ်။

အဲသလို ကောက်ချက်ဆွဲလိုက်တဲ့အခါ နွေဦးဝသန်၊ နွေဦးဝသန္တကို အကိုးအကားပြုဖို့ရာ၊ ပျို့၊ ကဗျာ၊ သီချင်းတွေကို လိုက်ရှာပါတယ်။ ရက်အနည်းငယ်အချိန်ယူပြီး ရှာတာတောင် နွေဦးဝသန်၊ နွေဦးဝသန္တကို ရှာမတွေ့ပါဘူး။ ရှေ့ပိုင်းမှာ ကိုးကားခဲ့တဲ့ မဟာဗုဒ္ဓဝင် ဝတ္ထုတော်ကြီးမှာသာ တွေ့မိပါတယ်။ တခြားတေးသီချင်း၊ ပျို့၊ ကဗျာတွေထဲမှာ နွေဦးဝသန်ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ တော်တော်ရှားပါတယ်။

ရှာတဲ့နွေဦးဝသန်ကို မတွေ့ပေမဲ့ မရှာတဲ့ မိုးဦးဝသန္တကို တော်တော်ရှေးကျတဲ့ စာပေထဲမှာသွားတွေ့ရပါတယ်။

ပထမတခုက စန္ဒကိန္နရီပျို့ပါ။ မင်းလှရာဇကျော်ထင် ဦးရွှေခြည် ရေးသားတဲ့ စန္ဒကိန္နရီပျို့ထဲမှာ “မိုးဝသန္တ၊ ပဇ္ဇုန္နဟု၊ အမ္ဗုန္ဓနတ်”လို့ ရေးထားပါတယ်။ မိုး ဝသန္တလို့လဲ တွဲရေးထားပါတယ်။ ပဇ္ဇုန္န မိုးနတ်သားဆိုတဲ့ စကားကိုလဲ နောက်က ထည့်ထားလိုက်ပါသေးတယ်။ မိုးကို ဝသန္တလို့ဆိုချင်တာ အလွန်ထင်ရှားပါတယ်။

ခရီးဆောင်မြန်မာအဘိဓာန်မှာ ဝသန်ကို အဓိပ္ပာယ် နှစ်မျိုးဖွင့်ဆို
ဓာတ်ပုံ ပုံစာ, ခရီးဆောင်မြန်မာအဘိဓာန်မှာ ဝသန်ကို အဓိပ္ပာယ် နှစ်မျိုးဖွင့်ဆို

ဒုတိယတခုကလဲ ပေါ့သေးသေးမဟုတ်ပါဘူး။ ဦးကြော့ရဲ့ ဒဟတ်ပန်းဘွဲ့ကဗျာပါ။ “ဇလပ်ဝါ ခတ္တာခပါတဲ့၊ စာတန်ဆောင်၊ ဝါခေါင်လတွင်မှ၊ ပွင့်ဖူးကြချိန်အမှန်၊ ဝသန္တလေချိုဖြန်း” လို့ထည့်သွင်းစပ်ဆိုထားပါတယ်။ ဝါခေါင်လကို ဝသန္တလို့ ဆိုထားပြန်ပါတယ်။ တကယ်တော့ ဝသန္တဟာ တပေါင်းလပြည့်ကျော် ၁ ရက်ကနေ ကဆုန်လပြည့်အထိပဲ အကျုံးဝင်တာပါ။

စန္ဒကိန္နရီပျို့ မှားတယ်၊ ဒဟတ်ပန်း မှားတယ်လို့ ပြောဖို့ဆိုတာ အလွန်တာဝန်ကြီးပါတယ်။

ဒါ့ကြောင့် ဆရာကြီးဦးထွန်းတင့်ကို ချက်ချင်း ဖုန်းဆက်ရပါတယ်။

မေး- “ကျွန်တော်ဆရာကြီး ရှင်းပြတာကိုလဲ သေသေချာချာ စဥ်းစားပါတယ်။ သဘောပေါက်ပါတယ်။ မြန်မာစာအဘိဓာန်မှာလဲ ပြန်ကြည့်ပါတယ်။ ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာလဲ ဖတ်ပါတယ်။ ဒါပေမဲ့ အခက်အခဲက စန္ဒကိန္နရီပျို့နဲ့ ဦးကြော့ရဲ့ဒဟတ်ပန်းမှာ မိုးရာသီကို ဝသန္တလို့ ရေးထားတာတွေ တွေ့နေရပါတယ်။ ဒီတော့ စန္ဒကိန္နရီပျို့နဲ့ ဒဟတ်ပန်းမှာ အဲသလိုရေးထားတာကို မှားတယ်လို့ ဆိုနိုင်မလား ဆရာကြီး။”

ဒေါက်တာထွန်းတင့်-“မိုးဝသန္တလို့ ရေးထားတာကတော့ မှားတယ်လို့ပဲ ပြောရမှာဗျ။ မှားတယ်လို့ ပြောရဲရမှာပေါ့လေ။ တကယ်လဲ မှန်မှ မမှန်တာ။ စန္ဒကိန္နရီရေးတဲ့ ဦးရွှေခြည်က ပါဠိစာလုံးတွေကို သူလွတ်လွတ်လပ်လပ်နဲ့ အများကြီး သုံးတယ်ဗျ။ အဲသလိုသုံးပေမဲ့ သူကပါဠိဆရာ မဟုတ်ဘူး။ ပါဠိဒီလောက်ကျွမ်းကျင်တာ မဟုတ်ဘူး။ ဦးရွှေခြည်ရေးလို့ မှန်ရမယ်လို့ သွားပြောလို့ မရဘူး။ သူ့ထဲမှာ တခြားချော်တာလေးတွေလဲ ပါတယ်ဗျ။ တကယ်တော့ မိုးကို ပြောချင်ရင် မိုးဝဿာနလို့ပြောရမှာဗျ။”

မေး- “မိုးဝဿာနလို့ ပြောပြန်ရင်လဲ ကာရန်တော့ ကိုက်တယ်။ ဒါပေမဲ့ နနှစ်ခုထပ်တာတော့ မလှဘူးပေါ့နော်။”

ဒေါက်တာထွန်းတင့် - “မလှဘူး။ ဝဂ်နင်းပေါ့ဗျာ။ ဦးရွှေခြည်က အဲသလို မိုးဝဿာန၊ ပဇ္ဇုန္နလို့ ရေးထားတာကို နနှစ်လုံးထပ်နေတယ်ဆိုပြီး အယ်ဒီတာတွေ၊ ပုံနှိပ်တိုက်တွေက ပြင်လိုက်တာ မဟုတ်ဘူးလို့လဲ အပြတ်တော့ ပြောမရဘူး။ ဦးရွှေခြည်ကို လိုက်မေးရမလို ဖြစ်နေပြီ။ ဦးကြော့လဲ အဲသလိုပဲပေါ့။ သူတို့ကိုယ်တိုင် အဲသလို ရေးခဲ့တာ ဟုတ်မဟုတ်ဆိုတာက အနည်းဆုံးတော့ ပေမူကို ပြန်ရှာကြည့်ရမှာ။ ပေမူကို ပြန်ရှာကြည့်ရင်တောင် သူတို့ပိုင်ပေမူဟုတ်ရဲ့လား၊ သူတို့စိစစ်တည်းဖြတ်ခဲ့တာ ဟုတ်ရဲ့လားဆိုတာ သေချာအောင်ကြည့်ဖို့လိုသေးတာလေ။”

မေး- “ဒီတော့ ဝသန်ကို မိုးလို့ ပြောလို့ရတယ်။ ဝသန်ကိုနွေဦးလို့ ပြောလို့ ရတယ်။ ဝဿာန်၊ ဝဿာနကို မိုးလို့ ပြောလို့လဲရတယ်။ မိုးဝသန္တလို့ပြောရင်တော့ ဦးရွှေခြည်ပဲ ဖြစ်ဖြစ်၊ ဦးကြော့ပဲ ဖြစ်ဖြစ်မှားတယ်လို့ ပြောလို့ ရမလား။”

ဒေါက်တာထွန်းတင့် - “ရပါတယ်။ ပြောပါ။ ကျွန်တော်တာဝန်ယူပါတယ်။”