အလင်္ကာပုလဲပန်း ၊ တောင်ပြိုကမ်းပြို၊ ထောင်ပုံရာပုံ၊ ဂဂနန

ကျောင်းသူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, getty images

    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီ အလင်္ကာပုလဲပန်း
  • ရေးသားခဲ့သည်။

တောင်ပြိုကမ်းပြို၊ သောင်ပြိုကမ်းပြို

စာနယ်ဇင်းတွေထဲမှာ အရေးအသား ၂ မျိုးကွဲပြားနေတဲ့ စကားလုံး တလုံးရှိပါတယ်။ ရွေးကောက်ပွဲနီးတဲ့ ကာလတွေမှာ အဲဒီစကားလုံးကို ပိုတွေ့ရတတ်ပါတယ်။ အဲဒီစကားလုံးကို တချို့က “တောင်ပြိုကမ်းပြို”လို့ ရေးပြီး၊ တချို့က “သောင်ပြိုကမ်းပြို”လို့ ရေးကြပါတယ်။ ကိုယ့်အယူအဆနဲ့ကိုယ် ကိုယ်သန်ရာကိုယ်ယူရေးနေကြလို့ ၂ မျိုး သိသိသာသာ ကွဲပြားနေပါတယ်။

တချို့က တောင်ပြိုတာပဲကြားဖူးတယ်။ သောင်ပြိုတာ မကြားဖူးဘူးလို့ဆိုပြီး တောင်ပြိုကမ်းပြိုကို အမှန်ယူကြပါတယ်။ တချို့ကတော့ တောင်ကြီးက ပြိုဖို့ခက်တယ်၊ သောင်ပဲပြိုတာ ဖြစ်လောက်တယ်ဆိုပြီး သောင်ပြိုကမ်းပြိုလို့ ရေးကြပါတယ်။

အခုသတ်ပုံကျမ်းပြင်ဆင်ချက်မှာ တခုကို ပြတ်ပြတ်သားသား သတ်မှတ်ပြဋ္ဌာန်းပေးလိုက်ပါတယ်။ သတ်ပုံကျမ်းက သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စကားလုံးကတော့ “တောင်ပြိုကမ်းပြို” ဖြစ်ပါတယ်။

သောင်ပြိုကမ်းပြိုကို ပယ်ပြီး ဘာ့ကြောင့် တောင်ပြိုကမ်းပြိုကို သတ်မှတ်ပြဋ္ဌာန်းလိုက်တာလဲဆိုတာ သတ်ပုံကျမ်းပြုစုသူ၊ တည်းဖြတ်သူတွေထဲမှာ တယောက်အပါအဝင်ဖြစ်တဲ့ မြန်မာစာအဖွဲ့က ဆရာကြီး ဦးထွန်းတင့်ကို မေးမြန်းကြည့်ပါတယ်။

“တောင်ပြိုကမ်းပြို၊ သောင်ပြိုကမ်းပြိုဆိုတဲ့ ဝေါဟာရက ဟိုးရှေးတုန်းကတည်းက ရှိခဲ့တဲ့ ဝေါဟာရ မဟုတ်ဘူးဗျ။ ဒီကောင်ပေါ်လာတာ သိပ်မကြာသေးဘူး။ အဲသလိုယူဆရတယ်။ တကယ်လို့ ကျွန်တော်အမှတ်မမှားဘူးဆိုရင်၊ မှတ်မိသလောက်တော့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ NLD ကတောင်ပြိုကမ်းပြို နိုင်ခဲ့တယ်လို့ ဦးဝင်းတင်က စပြီး သုံးစွဲခဲ့တယ်။ သူသုံးတော့ တောင်ပြိုကမ်းပြိုလို့ တဝမ်းပူနဲ့ပဲသုံးခဲ့တယ်။ ဦးဝင်းတင်က သူ့ဖာသာ စတင်တီထွင်ပြီး သုံးလိုက်မဟုတ်ဘဲ၊ အရင် တနေရာရာမှာ အသုံးရှိလို့ လိုက်သုံးတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။”

“တောင်ကလဲ ကမ်းနဲ့တွဲတတ်တယ်။ သောင်ကလဲ ကမ်းနဲ့တွဲတတ်တယ်။ အဲဒီတော့ အမှတ်မှားကြရာကနေ တောင်ပြိုကမ်းပြိုနဲ့ သောင်ပြိုကမ်းပြိုဆိုပြီး နှစ်မျိုးဖြစ်သွားတာပါ။ ဒါပေမဲ့ ပြိုတယ်ဆိုတာကို သုံးတဲ့အခါကျတော့ ဘာကပြိုတတ်သလဲဆိုတော့ တောင်ကပဲပြိုလေ့ရှိတာပေါ့ဗျာ။ တောင်သာလျှင်ပြိုတာပေါ့။ သောင်ကတော့ ပြိုတယ်လို့ သိပ်သုံးလေ့မရှိဘူးပေါ့ဗျာ။ ဘာ့ကြောင့်လဲဆိုတော့ သောင်ဆိုတာဟာ သဲသောင်။ သဲသောင်က ဘယ်မှာမှ အမြင့်ကြီး မရှိဘူး။ ယာယီပြန်ပေါ်လာတဲ့ သဲသောင်ဟာ နိမ့်နိမ့်လေးပဲရှိတယ်။ အမြင့်ကြီး သိပ်မရှိဘူး။ ဒီတော့ သူကပျောက်ပျက်သွားတာပဲဖြစ်ကောင်းဖြစ်မယ်။ ပြိုသွားတယ်လို့မရှိဘူး။ ဒါ့ကြောင့် တောင်ကတော့ပြိုနိုင်တယ်၊ ကမ်းကလဲပြိုနိုင်တယ်ဆိုပြီး တောင်ပြိုကမ်းပြိုကို သတ်မှတ်ပြဋ္ဌာန်းလိုက်တာပါ။”

ဒါ့အပြင် ဒီစကားလုံးဟာ ဘာသာပြန်စကားလို့ ဆရာကြီး ဦးထွန်းတင့်က ယူဆပါတယ်။ အင်္ဂလိပ်စကား landslide ကိုဘာသာပြန်ထားတဲ့ စကားလုံးမို့ တောင်ပြိုကမ်းပြိုက အမှန်ဆိုတာ ပိုသေချာတယ်လို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ်အနိုင်ရတဲ့အခါ အင်္ဂလိပ်ဘာသာစကားမှာ landslide victory လို့သုံးလေ့ရှိပါတယ်။ အဲဒီ landslide ရဲ့ မူလအဓိပ္ပာယ်က တောင်ပြိုတာပါ။ ၁၉၆၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒေါက်တာဘဟန်အဘိဓာန်မှာ landslide ကိုတောင်ကမ်းပါးပြိုကျခြင်းလို့ အဓိပ္ပာယ်ပေးထားပါတယ်။ ဒါကိုပဲ ဆရာဦးဝင်းတင်က ကြိယာဝိသေသနအဖြစ်သုံးတဲ့အခါ တောင်ပြိုကမ်းပြိုဆိုတဲ့စကားလုံးကို အသုံးပြုလိုက်တာ ဖြစ်နိုင်ပါတယ်။

တောင်ပြိုကမ်းပြိုဆိုတဲ့စကားကို စသုံးသူဟာ ဆရာဦးဝင်းတင်ဖြစ်နိုင်ပါတယ်။ landslide ကိုတောင်ကမ်းပါးပြိုတယ်လို့ ဘာသာပြန်တာကတော့ ဆရာဦးဝင်းတင်ပထမဦးဆုံးမဟုတ်ပါဘူး။

တောင်ပြိုကမ်းပြိုဆိုတဲ့စကားဟာ landslide ကလာတယ်ဆိုတာ လွဲနိုင်စရာမရှိသလောက် သေချာနေပါတယ်။ ဒါ့ကြောင့် သောင်ပြိုကမ်းပြိုဟာအမှန်မဟုတ်ဘဲ တောင်ပြိုကမ်းပြိုကသာ အမှန်ဖြစ်တယ်ဆိုတာကလည်း မလွဲနိုင်သလောက်နည်းပါး သေချာနေပါတယ်။

အခုတော့ မြန်မာစာအဖွဲ့ကလည်း “တောင်ပြိုကမ်းပြို”ကသာ အမှန်လို့ သတ်မှတ်ပြဋ္ဌာန်းလိုက်ပါပြီ။

တောင်ပုံရာပုံ၊ ထောင်ပုံရာပုံ

သတ်ပုံကျမ်းရဲ့ အခုအသစ်ပြဋ္ဌာန်းချက်မှာ တောင်ပုံရာပုံဆိုတဲ့စကားနဲ့ ထောင်ပုံရာပုံဆိုတဲ့ စကား နှစ်မျိုးစလုံးကို အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။

ထောင်ပုံရာပုံဆိုတဲ့စကားက ၁၀၀၀ ပုံ ၁၀၀ ပုံတွေပုံထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တဲ့ အတွက် အလွန်ဆီလျော်ပါတယ်။ ရှင်းလဲ ရှင်းပါတယ်။

အနက်အဓိပ္ပာယ်ပိုရှိတယ်လို့ ထင်ရတယ်လို့လဲ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။

ဒါပေမဲ့ လက်တွေ့လူအများကြားမှာ ထောင်ပုံရာပုံလို့ သုံးစွဲပြောဆိုတဲ့သူ တော်တော်နည်းပါးလှပါတယ်။ လူအများက တောင်ပုံရာပုံလို့သာ သုံးစွဲကြပါတယ်။ ဒါ့ကြောင့် လူသုံးများတဲ့အတွက် တောင်ပုံရာပုံကို အတည်ပြုပြဋ္ဌာန်းပေးထားတာလို့ ဆိုပါတယ်။ တောင်ပုံရာပုံ ဆိုတဲ့စကားကတော့ တောင်ကြီးလိုပုံနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ “ရာ” ဆိုတာကတော့ နေရာဌာနကို ရည်ညွှန်းတာဖြစ်နိုင်တယ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။

အထက်တန်းကျောင်းသားကျောင်းသူတွေ

ဓာတ်ပုံ ရင်းမြစ်, getty images

ဂဃနဏ၊ ဂဂနန

သတ်ပုံကျမ်းပြဋ္ဌာန်းချက်ထဲမှာ ရင်းမြစ်အဓိပ္ပာယ်အရ မှားယွင်းနေတယ်လို့ မြန်မာစာပညာရှင်အများက တညီတညွတ်တည်း လက်ခံထားကြတဲ့ စကားလုံးတလုံးက “ဂဃနဏ” ဖြစ်ပါတယ်။ “ဂဃနဏ”ကမှားတယ်၊ “ဂဂနန”ကသာအမှန်လို့ မြန်မာစာပညာရှင်တိုင်းလောက်က ပြောဆိုကြပေမဲ့ သတ်ပုံကျမ်းပြဋ္ဌာန်းချက်ကတော့ အခုချိန်အထိ “ဂဃနဏ” ပဲဖြစ်နေပါသေးတယ်။ ဘာ့ကြောင့် “ဂဃနဏ”ကို ပြဋ္ဌာန်းထားသလဲဆိုတော့ လူသုံးများနေလို့ ပြဋ္ဌာန်းပေးထားတာလို့ဆိုပါတယ်။

“ဂဂနန”ကသာ အမှန်လို့ယူဆကြသူတွေထဲမှာ သတ်ပုံကျမ်းပြဋ္ဌာန်းတဲ့ မြန်မာစာအဖွဲ့ရဲ့ အဖွဲ့ဝင်ပုဂ္ဂိုလ်လဲဖြစ်ပြီး သတ်ပုံကျမ်းပြုစုရေးမှာ အဓိကပုဂ္ဂိုလ်လဲ ဖြစ်တဲ့ ဆရာကြီးဦးထွန်းတင့်ကိုယ်တိုင် အပါအဝင်ဖြစ်ပါတယ်။ ဆရာမောင်သာနိုးကလည်း “ဂဂနန”ကသာ အမှန်ဖြစ်ကြောင်း ဘီဘီစီကို အလင်္ကာပုလဲပန်း ရေဒီယိုအစီအစဥ်မှာ ပြောဆိုခဲ့ဖူးပါတယ်။ တခြားမြန်မာစာပညာရှင်အများကလဲ “ဂဂနန”ကသာအမှန်လို့လက်ခံထားကြပါတယ်။

ဘာ့ကြောင့် “ဂဂနန”က အမှန်ဖြစ်ပါသလဲ။

ဆရာကြီးဦးထွန်းတင့်ရဲ့ ရှင်းပြချက်ကဒီလိုပါ။

“သူ့ရဲ့ တကယ်ရင်းမြစ်က ကကြီး ၂ လုံး နငယ် နှစ်လုံးပေါ့။ “ကကနန”ပါ။ “ကကနန” ဆိုတာကတော့ ကြိယာဝိသေသနဖြစ်သွားပြီပေါ့။ သူ့ရဲ့ ကြိယာကတော့ “ကန”ပေါ့။ “ကနတယ်”၊ “ကနသည်” ပေါ့။ “ကန”ဆိုတာ အသံထွက်တော့ “ဂန” ထွက်ပါတယ်။ “ဂနသေချာတယ်”လို့ ကျွန်တော်တို့ပြောတဲ့ “ဂန”ပေါ့။ “ကန”က ရင်းမြစ်ပဲ။ “ကန”မှာ ဘာအဓိပ္ပာယ်ရှိသလဲဆိုတော့ မြန်မာစကားမှာ အသံတသံထွက်တိုင်းထွက်တိုင်း အနက်ရှိတယ်။ ဒါ့ကြောင့်မို့ မြန်မာစကားကို ဧကဝဏ္ဏဘာသာစကားဆိုပြီးပြောတယ်။ စကားတလုံးမှာ အနက်တခုရှိတယ်။ “ဂန” ဆိုရာမှာလဲ ရင်းမြစ်ကတော့ “ကန”ပေါ့ဗျာ။ အဲဒီ”ကန”မှာ ကကြီးကလည်း အနက်ရှိတယ်။ နငယ်ကလည်း အနက်ရှိတယ်။ ကကြီးက ထိမိတာကိုပြောတယ်။ ဆက်စပ်တာကိုပြောတယ်။ “လှည်းကသည်” ဆိုတဲ့ “က” ဆိုရင် “ကတယ်”ဆိုတာဟာ လှည်းနဲ့နွားနဲ့ ထိတာ ဆက်စပ်တာကိုပြောတာပဲ။ “ဆင်က”၊ “မြင်းက”တယ်ဆိုတာလည်း ဆင်နဲ့ထိတာတွဲတာ၊ မြင်းနဲ့ ထိတာတွဲတာကို ပြောတာပဲ။ “က”ဆိုတာ ထိတာတွဲတာဆိုတဲ့ အနက်ရှိတယ်။ နငယ်ကရော ဘာအဓိပ္ပာယ်လဲဆိုတော့ နငယ်ကလဲ ထိတာမိတာပဲ။ အကောင်းဆုံးသာဓကက ဘယ်မှာယူမလဲဆိုတော့ ပေါရာဏလို့ပြောနေကြတဲ့ “မယ်န” ဆိုတဲ့ စကားလုံးလေးပေါ့။ ရှမ်းပြည်အင်းလေးတို့ဘာတို့မှာဆိုရင် ဒီနေ့အထိ သံမှိုကို မယ်နလို့သုံးတယ်။ ကျွန်တော်တို့ ယောနယ်မှာလဲ သုံးပါတယ်။ ယောဘက်မှာ ဘယ်လိုနေရာမျိုးမှာ အဓိကသုံးသလဲဆိုတော့ မြန်မာပန်းပဲဖိုတွေကလုပ်တဲ့ လေးထောင့် သံမှိုကြီးတွေကို “မယ်န”လို့ခေါ်တယ်။ မယ်ဆိုတာက မဲတာ၊ မြဲတာ၊ စွဲတာ။ နကလဲ စွဲတာ၊မြဲတာ၊ ဆက်စပ်တာပဲ။ မယ်နဟာ ထိမိဆက်စပ်တာဆိုတော့ အခုပြောတဲ့ “သံ”ပါပဲ။ “သံ”ဆိုတာကလဲ ဆက်စပ်တာပဲ။ သံတမန်ဆိုတဲ့ သံဟာ ဘာပြောတာလဲဆိုတော့ ဆက်စပ်တာပဲ။ တိုင်းပြည်တပြည်နဲ့ တပြည်ကို ဆက်စပ်ပေးတဲ့ အရာရှိဟာ သံအရာရှိပဲ။ ပျဉ်ပြားနှစ်ချပ်ကို ဆက်စပ်ပေးတဲ့အရာဟာလဲ “သံ”ပဲ။ အဲဒီတော့ သံဆိုတာ အရင်တုန်းကတော့ မယ်နခေါ်တယ်။ ဆက်စပ်တယ်ထိမိတယ်လို့ အဓိပ္ပာယ်ရတယ်။

“အဲဒီတော့ “ကန” မှာ “က”ကလဲ ထိမိတယ်။ ဆက်စပ်တယ်။ “န”ကလဲ ထိမိတယ်။ ဆက်စပ်တယ်။ အဲဒီတော့ “ကန”ဆိုတာ ထိထိမိမိဆက်စပ်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ထိထိမိမိ၊ ဆက်ဆက်စပ်စပ်၊ သေသေချာချာဆိုတဲ့ အဓိပ္ပာယ်ပဲ။ နာမဝိသေသနနဲ့ ပြောရင်တော့ ကကနနပေါ့။

“အလွန်သေချာတဲ့ စကားလုံးနဲ့ သက်သေပြရရင် အဲဒီ”ကကနန”ဟာ ဘာနဲ့ ထပ်တူဖြစ်သလဲဆိုရင် “ကကနန”ဟာ “ကျကျနန”နဲ့ အတူတူပဲဗျ။ “ကကနန”နဲ့ “ကျကျနန”ဟာ အနက်အဓိပ္ပာယ်အတူတူပဲ။ အမှန်အားဖြင့် “ကျကျနန”၊ သို့မဟုတ် “ကကနန” လို့ပြောရမယ့်ဟာပါ။ အသံထွက်တော့ “ဂဂနန”လို့ အသံထွက်တော့ ရေးချင်းရေးရင် ဂငယ်နှစ်လုံး နငယ် နှစ်လုံးနဲ့ “ဂဂနန”လို့ ရေးရမယ့်ဟာပါ။ ဒါပေမဲ့ အခုကျွန်တော်တို့က ဂငယ်ဃကြီးနငယ်ဏကြီးနဲ့ ဂဃနဏလို့ သုံးနေကြတာပေါ့။ အဲဒါလေးက တွင်တာကို အများပြည်သူမျက်စိယဥ်နေတာကို ပြဋ္ဌာန်းလိုက်တဲ့ သဘောပဲဗျ။

“ရခိုင်၊ အင်းသား၊ ယော၊ ထားဝယ်မှာ ဒါ့ကြောင့် ဆက်စပ်တဲ့ သဘောကို “န” လို့သုံးကြပါသေးတယ်။ မောင်နှင့်မယ်နှင့်ကို သူတို့ဆီမှာ မောင်နမယ်နလို့ သုံးတယ်။ ဆက်စပ်တာ၊ ထိမိတာ၊ စွဲမြဲတာ၊ မရွေ့မလျားတာကို “န”လို့သုံးတာ။ လူတယောက်ထုံထိုင်းတယ်။ မသွက်လက်ဘူးဆိုရင် အဲဒါကြောင့် “န”တယ်လို့ ပြောတာပေါ့။

“နတာကြာရင်တော့ နာတယ်ပေါ့။ နာတာကြာရင်တော့ နားသွားတာပေါ့။ မရွေ့တော့ဘူးပေါ့။ အခုရပ်နားတယ်ဆိုတာရဲ့ ရင်းမြစ်ကလဲ ဒါပါပဲ။”

ပြည်မနေမြန်မာတွေက မယ်နဆိုတာကို ရပ်ထဲရွာထဲ မသုံးတော့ပါဘူး။ ဒါပေမဲ့ သံတိုမယ်န ဆိုတဲ့ စကားကိုတော့ ဒီနေ့အထိ သုံးစွဲနေဆဲဖြစ်ပါတယ်။