မြန်မာနိုင်ငံရေးသရုပ်မှန် သို့မဟုတ် စစ်အာဏာသိမ်းမှုကို ငြင်းပယ်ခြင်း

ရေးသားခဲ့သည်။

တကျော့ပြန် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်ပဋိပက္ခိနဲ့ လုံခြုံရေး ဆိုင်ရာ ပျက်ယွင်းမှုတွေ၊ စီးပွားရေးကျဆင်းမှုနဲ့ လက်ရှိ ပေါ်ပေါက်နေတဲ့ အထွေထွေ အကျပ်အတည်းတွေကို ကြည့်ရင် တိုင်းပြည်ဟာ မကြုံစဖူး စိုးရိမ်စရာ အနေအထားမျိုးမှာ ရောက်နေပြီ ဆိုတဲ့ ပြည်တွင်းပြည်ပ သတိပေးသံတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေချိန် ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့အရေးအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှာ မတူတဲ့ နည်းနာတွေနဲ့ ချည်းကပ်ဆောင်ရွက် နေပုံတွေနဲ့ ပတ်သက်ပြီး အမျိုးအစား ၃ မျိုး ပိုင်းခြားလို့ ရတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ၂၀၁၆ ကနေ ၂၀၂၀ အထိ ဆောင်ရွက်ခဲ့တဲ့ စကော့မာဆီရယ်က အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP အတွက်ရေးတဲ့ သူ့ရဲ့ ဆောင်းပါးထဲ ဖော်ပြ ထားပါတယ်။

ပထမဆုံး အနေနဲ့ အာဏာသိမ်း စစ်တပ်ကို အားပေးထောက်ခံနေတဲ့ အရှက်တရား ကင်းမဲ့တဲ့ အုပ်စု ဆိုပြီး မစ္စတာ မာဆီရယ် ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ အုပ်စုထဲမှာ နေပြည်တော် စစ်ဗိုလ်ချုပ်တွေနဲ့ကြား ဆက်ဆံရေး ခိုင်မာနေကြတဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယ တို့ကို ထည့်သွင်းထားပါတယ်။

ရုရှားနဲ့ တရုတ်တို့ဆိုရင် သူတို့ရဲ့ အကျိုးစီးပွားကလွဲပြီး ဘာကိုမှ မငဲ့ကွက် ထည့်မတွက်ပဲ မြန်မာ စစ်တပ်ကို လက်နက်တွေ ပံ့ပိုးရောင်းချ ပေးနေတယ်လို့ မစ္စတာ မာဆီရယ်က ဆိုပါတယ်။

ဒုတိယ အုပ်စု အနေနဲ့ အာဆီယံ အုပ်စုလို့ မစ္စတာ မာဆီရယ်က ပိုင်းခြားပြီး အဲဒီ အာဆီယံ အုပ်စုကိုယ်၌ မြန်မာ့အရေး အပေါ် တူညီတဲ့ ရှုမြင်မှု၊ သဘောထားတွေ မရှိဘဲ ကွဲပြားနေတဲ့ အတွက် သွေးကွဲနေတဲ့ အာဆီယံလို့ မစ္စတာ မာဆီရယ်က ညွှန်းဆိုပါတယ်။

အဲဒီ သွေးကွဲနေတဲ့ အာဆီယံဟာ အဓိပ္ပာယ်မပြည့်ဝ၊ အင်မတန်ဝေဝါးလှတဲ့ မြန်မာ့အရေး ဘုံသဘောထား ၅ ချက် ဆိုတာကို ဆက်ပြောနေပြီး၊ တကယ်တော့ အဲဒီ ဘုံသဘောထား ၅ ချက် ဆိုတာ မွေးဖွားကတည်း အသက်ဝင်ပြီး မွေးလာတာမဟုတ်ပဲ သေဆုံးနှင့်ပြီး ဖြစ်တယ်လို့ မစ္စတာ မာဆီရယ်က ဆိုပါတယ်။

တတိယ အုပ်စုကိုတော့ အနောက်အုပ်စုလို့ မစ္စတာ မာဆီရယ်က ပြောပြီး သူတို့တွေဟာ စစ်အာဏာ သိမ်းမှုကို အပြင်းအထန် ဆန့်ကျင်တဲ့ ရပ်တည်မှုကို ပြသတယ်၊ စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်တယ်၊ စာနာမှု အကူအညီတွေ ကမ်းလှမ်းတယ်၊ ဒါပေမဲ့ ပျက်ကွက်နေတာကတော့ ပြည်သူတွေရဲ့ လက်နက်ကိုင် အုံကြွမှု အပေါ် နားလည် သဘောပေါက်မှု မရှိ၊ ခိုင်မာ ပြတ်သားတဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေ မချမှတ်နိုင် ဖြစ်နေပြီး မအောင်မြင်တဲ့ အာဆီယံအစီအမံ အပေါ် ထောက်ခံပါတယ်ပဲ ပြောနေတဲ့ အုပ်စုလို့ မစ္စတာ မာဆီရယ်က ဝေဖန်ပါတယ်။

အငြိမ်းစား ဝါရင့် သံတမန် စကော့မာဆီရယ်ဟာ စတန်းဖို့ဒ်တက္ကသိုလ် နိုင်ငံတကာလေ့လာရေး ဌာနမှာ သုတေသီ အဖြစ် လက်ရှိ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ သူဟာ မတ်လ ၂၀၀၆ က စပြီး မေ ၂၀၂၀ အထိ အင်အား အယောက် ၅၀၀ ကျော်ရှိတဲ့ ရန်ကုန် အမေရိကန်သံအဖွဲ့ကို ဦးဆောင်မှု ပေးခဲ့သူ ဖြစ်ပါတယ်။

အဲဒီကာလတွေဟာ ရိုဟင်ဂျာ အကျပ်အတည်း အကြီးအကျယ် ပေါ်ပေါက် လာတဲ့ ကာလ အပိုင်းအခြား ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက်ရော၊ အမေရိကန်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး မှာပါ အခက်ခဲတွေ စိန်ခေါ်မှုတွေ ကြီးမားခဲ့တဲ့ ကာလ ဖြစ်ပါတယ်။

တကျော့ပြန် စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်နေတဲ့ အခြေအနေတွေ အကြောင်းတွေ အပါအဝင် မြန်မာ့အရေး အပေါ် ဆက်လက် အာရုံစိုက်လေ့လာနေတဲ့ စကော့မာဆီရယ်ကို လက်ရှိ မြန်မာ့အရေး အပေါ် နိုင်ငံတကာ မိသားစု အနေနဲ့ အကောင်းဆုံး ဘာတွေလုပ်ပေးနိုင်လဲ၊ လုပ်ပေးသင့်လဲ ဆိုတာတွေကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ မြန်မာ့ဒီမိုကရေစီအရေးအတွက် အားပေးလိုတယ်ဆိုရင် စပြီး လုပ်သင့်တာက ပြည်တွင်းက အခြေအနေတွေကို အမှန်အတိုင်း နားလည်သဘောပေါက်ဖို့နဲ့ ပိုင်းခြား ဆန်းစစ်နိုင်ဖို့ ဖြစ်တယ်ဆိုပြီး စကော့ အမြဲပဲ တိုက်တွန်းတာကို သတိထားမိပါတယ်။ ဒီတော့ စကော့ သဘောပေါက်ထားတဲ့ အခြေအနေမှန်တွေက ဘာလဲ ... အဲဒါကို ဘယ်လို ဆန်းစစ်ထားတာလဲ။

စကော့မာဆီရယ်။ ။ ဒီနေရာမှာ ကျွန်တော် အဓိက အာရုံစိုက် ထောက်ပြလိုတဲ့ အရာရှိပါတယ်။ သိတဲ့ အတိုင်းပဲ မြန်မာပြည်ရဲ့ မျက်မှောက်အနေအထား ပြောကြပြီ ဆိုရင် နာရီပေါင်းများစွာ ကြာနိုင်ပြီး၊ ကျွန်တော့်ထက်ပိုပြီး ပြောနိုင်တဲ့သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အလေးထားပြီး ချေဖျက်သင့်တဲ့ ချည်းကပ်ပုံတစ်မျိုးကို ပြည်ပက ပုဂ္ဂိုလ် တချို့ထံမှာ တွေ့နေရပါတယ်။

သူတို့ဟာ မြန်မာ့အရေးအတွက် စိတ်ကောင်းစေတနာတွေ အရင်းခံပြီး ပြောတာမျိုး ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့်၊ မြန်မာပြည် မျက်မှောက် အခြေအနေကို သူတို့ ပုံဖော်ထားပုံက ... လက်ရှိ မြန်မာ့အရေးဟာ မတူတဲ့ အုပ်စု အဖွဲ့တွေကြား အာဏာရယူဖို့ရာ ယှဥ်ပြိုင် အားထုတ်နေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ အဲဒါကို ကျွန်တော် သဘောမတူပါဘူး။ မြန်မာ့ အကျပ်အတည်းဟာ မတူတဲ့ အုပ်စုတွေကြား ပေါ်ပေါက်နေတဲ့ ပြဿနာ မဟုတ်ပါဘူး။

လက်ရှိ ပြဿနာဟာ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းက တိုင်းပြည်ရဲ့ အာဏာကို အဓမ္မ ရယူ သိမ်းပိုက်ထားတာ ဖြစ်ပြီး၊ ဒါဟာ ဥပဒေကြောင်း အရလည်း တရားဝင်မှု မရှိ၊ လူအများရဲ့ အားပေး ထောက်ခံမှုလည်း မရှိပဲ ပြည်သူအများစုကြီးက ဆန့်ကျင် တွန်းလှန် နေကြတာ ဖြစ်ပါတယ်။

အဲဒီ့ အရင်းခံ အကြောင်းအရာကနေ သွေဖြည်ပြီး ... "ငါတို့ကတော့ ဘယ်ဘက်ကနေမှ ရပ်တည်တာ မဟုတ်ဘူး၊ မတူတဲ့ အုပ်စုတွေကြား အပေးအယူ အလျှော့အတင်းတွေ လုပ်ပြီး သဘောတူမှု ရလာအောင် လုပ်ပေးရမယ်" ဆိုတဲ့ သဘောထား အမြင်မျိုးကို ကျွန်တော်ကတော့ လုံးလုံး နားမလည်နိုင်ပါဘူး။

အဲဒီ အမြင်မျိုးကနေ တဆင့် "ဒိုင်ယာလော့ဂ် နည်းအားဖြင့် သဘောတူမှု ရယူပါ" ဆိုတဲ့ ဘယ်တော့မှ ဖြစ်မလာမယ့် လမ်းကို တွန်းအားပေးကြတာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာ့အရေးဟာ မတူတဲ့ အုပ်စုတွေကြား ဆွေးနွေး ညှိနှိုင်း အဖြေရှာပြီး သဘောတူ ရယူပါ ဆိုတာနဲ့ ကွဲပြားပါတယ်။ စစ်အာဏာသိမ်းတာကို ပြည်သူ အများစုကြီးက ဝိုင်းဝန်း ဆန့်ကျင် နေကြတာ ဖြစ်တယ် ဆိုတဲ့ အခြေခံအကြောင်းအရင်းကြီးကို ဦးစွာ သဘောပေါက် သိမြင်ရမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒိုင်ယာလော့ဂ်နည်းလမ်းဆိုတာ ထင်မြင်ယောင် ယုံမှတ်မှားမှု ဖြစ်တယ်၊ ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုရင်၊ ဘယ်လို နည်းလမ်း သုံးရမလဲလို့ စကော့က ပြောတာလဲ ခင်ဗျ .... ယူကရိန်း အရေးလို မဟုတ်ပဲ မြန်မာ့အရေးမှာတော့ အမေရိကန် အပါအဝင် ဘယ် အနောက်အုပ်စု နိုင်ငံကမှ လက်နက်တွေ ပေးတာမျိုး၊ စစ်ရေးအရ စွက်ဖက်မှာ မဟုတ်ဘူး ဆိုတဲ့ အချက်အပေါ် အားလုံး သိမြင်ထားကြတာ မဟုတ်လား။ ဒိုင်ယာလော့ဂ်နည်းလည်း မဟုတ်၊ စစ်ရေးနည်းနဲ့လည်း မကူညီဆိုရင် ဘယ်လို လမ်းကြောင်းမျိုး ရှိနေလို့လဲ စကော့ရေ ... ။

စကော့မာဆီရယ်။ ။ အချက် ၂ ချက် ရှိပါတယ်။ ပထမအချက်ကတော့ ကျွန်တော့်ရဲ့ သဘောထား အမြင်က ဘယ်ပေါ်မှာ အခြေခံတာလဲ ဆိုရင် ..... မြန်မာနိုင်ငံ အနေနဲ့ လက်ရှိ အခြေအနေတွေကနေ ရုန်းထွက် ကျော်လွန်ပြီး ငြိမ်းချမ်းတည်ငြိမ်မှု ရဖို့ဆိုတာ စစ်တပ်ကို အင်အားသုံး ဖိအားပေးပြီး မောင်းထုတ် နိုင်မှသာ မျှော်လင့်ချက် ရှိပါလိမ့်မယ်။

ဘယ်လိုနည်းမျိုး သုံးရင် ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ မတူတဲ့ ဖြစ်နိုင်ခြေ အမျိုးမျိုး scenario အမျိုးမျိုးတွေ ရှိပါတယ်။ ကျွန်တော် ပြောနေတာက အဲဒီလို scenario တွေထဲက တစ်ခု အနေနဲ့ ခန့်မှန်းတွက်ဆ ပြောတာမျိုး မဟုတ်ပါဘူး။

မြန်မာပြည်အတွက် အပြုသဘော ဆောင်တဲ့ ရလဒ် အဖြေကို လိုချင်လား ... စစ်တပ်ကို မောင်းထုတ်နိုင်မှ ဖြစ်မယ် .... ဒီ အချက်ဟာ အခြေခံ အချက်ပဲ ဆိုပြီး ပြောနေတာ ဖြစ်ပါတယ်။ ဒီတော့ စစ်တပ်ကို မောင်းထုတ်ရမယ် ဆိုတာ ဘာကို ဆိုလိုလဲ .... စစ်တပ်ကို အင်အားသုံး ဖိအားပေးပြီး မောင်းထုတ်ရမယ် ဆိုတာ စစ်မျက်နှာပြင်မှာ စစ်ခင်းပြီး အနိုင်ယူမှ ရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်သက်ကို ကျွန်တော် မရည်ညွှန်းပါဘူး။

စစ်ရေးအရ အနိုင်ယူဆိုတဲ့ လမ်းဟာ မလွယ်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ တွန်းလှန်နေကြတဲ့ ပုံစံအမျိုးမျိုးတွေ၊ CDM လှုပ်ရှားမှုတွေ၊ နိုင်ငံတကာရဲ့ တညီတညွတ်တည်းသော ပိတ်ဆို့ အရေးယူမှုတွေ၊ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရ အဖြစ် အသိအမှတ် မပြုပဲ တရားဝင်မှု လုံးဝ မပေးတာတွေ ... စတဲ့ အဘက်ဘက်သော စုပေါင်း လုပ်ဆောက်မှုတွေဟာ လုံလောက်တဲ့ ပမာဏအထိ ရောက်လာမယ် ဆိုရင် စစ်တပ်ဟာ သေချာပေါက် ထွက်ပေါက် ရှာဖွေ လာရမှာ ဖြစ်ပါတယ်။

သူတို့ လက်နက်ချလာလိမ့်မယ် ဆိုပြီး "surrender" ဆိုတဲ့ စကားလုံးမျိုး ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ လုံလောက်တဲ့ ဖိအား ပမာဏမျိုး အောက်မှာ တကယ်တမ်း ရောက်လာပြီး သူတို့ အတွက် ထွက်ပေါက်တော့ လိုနေပြီဆိုတဲ့ အခြေအနေကို ရောက်လာတဲ့ အခါမှ အဓိပ္ပာယ်ရှိတဲ့ ဒိုင်ယာလော့ဂ်ဆိုတာ ရနိုင်မှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ဒိုင်ယာလော့ဂ်ဆိုတာ အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်နေကြတဲ့ ပြည်သူများရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီပြီး သူတို့ လက်သင့်ခံနိုင်မယ့်၊ လိုလားချက်တွေကို အကောင်အထည် ဖော်နိုင်စွမ်း ရှိမယ့် တွေ့ဆုံဆွေးနွေးမှုကို ဆိုလိုပါတယ်။

ဘီဘီစီ။ ။ ဒီတော့ နိုင်ငံတကာကို စကော့ တိုက်တွန်းနေတဲ့ မြန်မာ့အရေးမှာ ချမှတ် ကိုင်စွဲသင့်ပြီဆိုတဲ့ ပိုပြီး ခိုင်မာပြတ်သားတဲ့ မူဝါဒမျိုးတွေ ဆိုတာ ဘာကို ဆိုလိုပါသလဲ ... ။

စကော့မာဆီရယ်။ ။ အခုနက ပြောသလို ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီမယ့် သဘောတူမှုတွေ ဘယ်အချိန်ကျမှ ရလာနိုင်မလဲ ဆိုရင် .... စစ်တပ်ဟာ စစ်မြေပြင်မှာရော၊ စီးပွားရေး၊ သံတမန်ရေး၊ နိုင်ငံတကာ အလယ် တရားဝင်မှု စတဲ့ ဘက်ပေါင်းစုံမှာ လုံလောက်အောင် ဖိစီးခံရတဲ့ အနေအထား ရောက်တဲ့ အခါမှ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ နိုင်ငံတကာ အနေနဲ့ ပိုပြီး ပြတ်သားတဲ့ ခိုင်မာတဲ့ ရပ်တည်မှုမျိုးတွေ ရှိဖို့ လိုပြီလို့ ကျွန်တော် ပြောဆိုရတာ ဖြစ်ပါတယ်။ ဒီတော့ စီးပွားရေး ပိတ်ဆို့ ကန့်သတ်တဲ့ အရေးယူမှုတွေကို ဖိဖိစီးစီး ထိထိရောက်ရောက် လုပ်ဆောင်တာတွေ၊ စစ်ကောင်စီကို တရားဝင်မှု လုံးဝ မပေးတာတွေလိုမျိုး လက်ရှိ လုပ်ဆောင်နေတာတွေ အပြင် ဘာတွေပိုပြီး ပြတ်သားဖို့ လိုနေပြီလဲ .... ဒါကို ကျွန်တာ် အဓိက ဆိုလိုပါတယ်။

NUG ကို ထောက်ပံ့မှု ပေးပုံ ပေးနည်း နည်းနာသစ်တွေ ဖန်တီးလာဖို့ လိုပါတယ်။ ဒီမိုကရေစီ အင်အားစုတွေ အပေါ် ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့မှု ပိုပြီး ပေးဖို့ ကျွန်တော် တိုက်တွန်းရတာ အခြေခံ အကြောင်း နှစ်ချက် ရှိပါတယ်။ ပထမ တစ်ချက်ကတော့ ... သူတို့မှာ ရန်ပုံငွေ အင်အားပိုပြီး ရှိလေ ... သူတို့ရဲ့ လှုပ်ရှားမှုတွေ ပိုပြီး အားကောင်းနိုင်မှာ ဖြစ်လေ ဆိုတာ ထင်ရှားပါတယ်။ နောက်တစ်ခုကတော့ စစ်တပ်ကို ဖယ်ရှားရေး ဆိုတဲ့ ရည်မှန်းချက်နဲ့ အတူ တပါတည်း တွဲပြီး လုပ်ဆောင်ရမယ့် ကြီးမားတဲ့ တာဝန်လည်း ဒီမိုကရေစီ အင်အားစုတွေ အတွင်းမှာ ရှိနေပါတယ်။

အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ဘယ်လို ထုစစ် ပုံဖော်ကြမလဲ ဆိုတဲ့ ဘုံသဘောထား အတွေးအမြင်တွေ၊ ရည်မှန်းချက်တွေ ဒီမိုကရေစီ အင်အားစုတွေ အတွင်း စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ခိုင်ခိုင်မာမာ ဆောက်တည် ထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ စစ်တပ်အုပ်စီးမှုလွန်ကာလ အနာဂတ် မြန်မာပြည်ရေး အတွက် စဥ်ဆက်မပြတ် လုပ်ဆောင် နေရမယ့် အရေးကြီးတဲ့ တာဝန် ဖြစ်ပါတယ်။ ဒီအတွက်လည်း ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့ အကူအညီတွေက အစ ဒီမိုကရေစီ အင်အားစုတွေ အတွင်း ဆွေးနွေး ညှိနှိုင်းမှုတွေ၊ ထိတွေ့မှုတွေ ဆက်လက် ဖြစ်ထွန်းနေဖို့ နိုင်ငံတကာက အားပေး ကူညီရမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒီလို ဒီမိုကရေစီ အင်အားစုတွေ ဘက် ပြတ်ပြတ်သားသား ရပ်တည် ၊ စစ်တပ်ကို ဖိအားပေး ဖယ်ရှား ဆိုတဲ့ လမ်းဟာ ရုရှားနဲ့ တရုတ်ဘက်ကို ပိုပြီး တွန်းပို့ရာ မရောက်ဘူးလား။ ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုခွင့် ခရီဒဲန်ရှဲလ် ကိစ္စကလည်း မကြာခင်မှာပဲ တကျော့ပြန် ရှိလာတော့မှာ မဟုတ်လား။ နောက်ပြီး ရှိလက်စ တရုတ်၊ ရုရှား အပါအဝင် နိုင်ငံတကာရဲ့ ကျောထောက်နောက်ခံ ပြုမှုရထားတဲ့ အာဆီယံ ဘုံ သဘောထား ၅ ချက် ကိုရော ဘယ်လို သဘောထားသင့်တယ်လို့ ရှုမြင်ထားလဲ စကော့ရေ .... ။

စကော့မာဆီရယ်။ ။ ဘယ်လို နည်းနာမျိုး ချည်းကပ်မှုမျိုး ဖြစ်ဖြစ် အန္တရာယ်ယူ စွန့်စား လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဘာမှ မလုပ်ပဲ နေရင်လည်း မြန်မာ့အရေးဟာ ပိုလို့တောင် အန္တရာယ်ကြီးနေတဲ့ အတွက် ၊ ကျွန်တော်ကတော့ ပိုပြီး သတ္တိရှိတဲ့ မူဝါဒ "Bolder Policies" တွေ ကိုင်စွဲပါ ဆိုပြီး ပြောနေတာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ မြင်တာာကတော့ လက်ရှိ အနေအထားမှာကို နေပြည်တော် စစ်ဗိုလ်ချုပ်တွေဟာ မော်စကိုနဲ့ အတော်လေး နီးစပ်နှင့်ပြီး ဖြစ်ပါတယ်။ ဒီဘက်က လုပ်ဆောင်ချက်တွေကြောင့် သူတို့တွေကြား ပိုပြီး နီးစပ်သွားမလား ဆိုပြီး တွန့်ဆုတ်နေဖို့ မလိုအပ်ဘူး ထင်ပါတယ်။ တရုတ်အစိုးရရဲ့ ရပ်တည်မှုကို ကြည့်ရင်လည်း သူတို့ဟာ တရုတ်ပြည်ရဲ့ အကျိုးစီးပွားကို ဗဟိုပြုပြီးတော့ပဲ စဥ်းစား လုပ်ဆောင် ကြတာ ဖြစ်ပါတယ်။ သူတို့အပေါ် တိုက်ရိုက် ခြိမ်းခြောက်မှု ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို တရုတ်အစိုးရ အဓိက အာရုံစိုက် ပါတယ်။

ကုလသမဂ္ဂ မျက်နှာစာမှာ ဖြစ်လာနိုင်တာတွေနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆီမှာ ဘယ်လို သဘောထား အမြင်မျိုးတွေ ရှိနေလဲ ဆိုတာတော့ ကျွန်တော် သူနဲ့ကြား မဆွေးနွေးကြည့်ရသေးပါဘူး။ သူ့မှာလည်း သူ့ကိုယ်ပိုင် အမြင်တွေ ရှိနေနိုင်ပါတယ်။

အာဆီယံ ဘုံသဘောထား ၅ ချက်နဲ့ ပတ်သက်လို့ကတော့ ကျွန့်တော့်ရဲ့ အမြင်က ရှင်းပါတယ်။ လုံးဝ ဖျက်သိမ်းပြီး၊ အဲဒီလမ်းကို စွန့်လွှတ်လိုက်ကြဖို့ပဲ ဖြစ်ပါတယ်။ သူတို့ အခု တစ်နှစ်ခွဲကျော် ကာလ ကြိုးစားခဲ့တာတွေ အတွက် အာဆီယံအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘယ်လို တိုးတက်မှုမျိုးမှ မရ၊ ဘာတစ်ခုမှ မအောင်မြင်ခဲ့တာ ထင်ရှားပါတယ်။

အဲဒီ အာဆီယံ ဘုံသဘောထားတွေဆိုတာ မြန်မာ့ပြည်တွင်းရေးရဲ့ သရုပ်မှန်နဲ့ အတော်လေး ကင်းကွာတဲ့ အမြင်တွေ၊ ချည်းကပ်မှုတွေ အပေါ် အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်တဲ့ အတွက် အလုပ်မဖြစ်တာပါ။ စစ်ဗိုလ်ချုပ်တွေနဲ့ကြား လက်ရှိ အခြေအနေမှာ အဓိပ္ပာယ်ရှိတဲ့ ညှိနှိုင်းမှုတွေ၊ သဘောတူမှုတွေ လုပ်နိုင်မယ် ဆိုတဲ့ အယူအဆ အမှားပေါ်မှာ အခြေခံ တည်ဆောက် ထားတာ ဖြစ်ပါတယ်။

ဒီ အာဆီယံ လမ်းကြောင်း ရှိနေသမျှ လူတွေကို လှည့်ဖြားနေရာ ရောက်ပါတယ်။ ဘယ်လိုမျိုး အာရုံအမှားတွေ ဖြစ်လာစေသလဲ ဆိုရင် .... မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး လုပ်ငန်းစဥ် တစ်ခု process တစ်ခု ပေါ်ပေါက် နေတယ် ဆိုပြီး တခြား ကြိုးပမ်း အားထုတ်မှုတွေ မလုပ်ကြတော့တဲ့ အန္တရာယ်မျိုး ကြီးကြီးမားမား ဖြစ်လာစေပါတယ်။ အဲဒီ အာရုံအမှား အီလူးရှင်း တွေ ကွာကျသွားစေဖို့ကတော့ အာဆီယံ သဘောတူမှု ၅ ချက် ဆိုတာကို ဖျက်သိမ်းလိုက်ဖို့ပါပဲ။