ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ရေးနည်းနာ အပေါ် စစ်ကောင်စီ ဘယ်လောက် ပုံအောထားလဲ
အမေရိကန် ကွန်ဂရက်စ် လွှတ်တော် သုတေသန ဌာန၊ အာရှရေးရာ အစီအစဥ်မှာ နှစ်ရှည် တာဝန်ထမ်းခဲ့ပြီး လက်ရှိမှာလည်း ဝါရှင်တန် ဒီစီ မြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန CSIS ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသီ တစ်ဦးဖြစ်တဲ့ ဒေါက်တာ မိုက်ကယ်မာတင်က စစ်တပ်ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဘီဘီစီကို အခုလို ပြောပါတယ်။
"သေဒဏ်စီရင် သတ်ဖြတ်တာတွေ လုပ်လာတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ်တွေ ထပ်တိုးနေတယ် ဆိုတဲ့ လုပ်ရပ်တွေဟာ အာဏာသိမ်း စစ်တပ်အနေနဲ့ ဘယ်လောက်တောင် ဆောက်တည်ရာမရ၊ အလွန်အကျွံတွေ ပြုမူ နေကြတာလဲ ဆိုတာကို ဖော်ပြ နေပါတယ်။
သူတို့ တွေ့ကြုံ နေရတဲ့ ပြဿနာဟာ အာဏာကို ဆက်လက် ဆုပ်ကိုင် ထားနိုင်ရေး ဆိုတာထက် ပိုပါတယ်။ သူတို့ ရင်ဆိုင် နေရတာဟာ Existential crisis လို့ ခေါ်တဲ့ ဖြစ်တည်မှု အကျပ်အတည်းကြီး ဆိုက်ရောက်နေတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ အနာဂတ် မြန်မာပြည်မှာ သူတို့ အတွက် နေရာ မရှိတော့ပါဘူး၊ သူတို့ ရှိဖို့ မလိုအပ်တော့ပါဘူး။
အဲဒီလို ဖြစ်တည်မှု အကျပ်အတည်း ဆိုက်ရောက်နေတဲ့ စစ်တပ်ဟာ ဒီ ပြဿနာ အကျပ်အတည်းကြီးကို ခုနပြောတဲ့ သတ်ဖြတ်မှုမျိုး၊ ထောင်ဒဏ်တွေ ချမှတ်မှုမျိုးတွေနဲ့ ဂယောင်ခြောက်ခြား တုံ့ပြန်နေကြတာ ဖြစ်ပါတယ်" ဆိုပြီး ဒေါက်တာ မာတင်က သုံးသပ်ပါတယ်။
စစ်တပ်မှာ စိုးရွံ့မှုတွေ ရှိနေတယ်၊ အခြေအနေတွေ အပေါ် စနစ်တကျ မတုံ့ပြန်နိုင်ဘဲ အပူတပြင်း ဆောက်တည်ရာမရ ဖြစ်နေတယ် ဆိုတဲ့ သုံးသပ်မှုတွေ အပေါ် သဘောမတူဘဲ ကွဲပြားတဲ့ အမြင်မျိုးတွေကိုလည်း သုတေသီ တချို့ထံမှာ တွေ့ရပါတယ်။
အာရှ-ပစိဖိတ် ဒေသတလွှား လက်နက်ကိုင် ပုန်ကန်မှုနဲ့ စစ်ရေး အခြေအနေတွေ အကြောင်း အထူးပြု လေ့လာတဲ့ သုတေသီ အန်ထော်နီ ဒေးဗစ်စ် ကတော့ သူတို့ မလိုချင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့တိုင်း အဲဒီလိုမျိုး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဆိုတာမျိုးဟာ မြန်မာစစ်တပ်ရဲ့ အခြေခံ ဖွဲ့စည်းမှု ဒီအဲန်အေထဲမှာကို မပါဝင်ဘူးလို့ ဆိုပါတယ်။
ဟောင်ကောင် အခြေစိုက် အေးရှားတိုင်းမ်စ် သတင်းဌာနအတွက် အန်ထော်နီ ဒေးဗစ်စ် သြဂုတ်လကုန်မှာ ရေးတဲ့ ဆောင်းပါးထဲမှာ မြန်မာစစ်တပ်ဟာ သူတို့ တွေ့ကြုံနေရတဲ့ တိုက်ပွဲတွေဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး ဆိုတာ သဘောပေါက်ထား ပေမယ့်၊ အနောက်တိုင်းသုတေသီတချို့နဲ့ ဒေသတွင်း အကဲခတ်တချို့ ပြောနေကြသလိုမျိုး ဆောက်တည်ရာမဲ့ ဆိုတာမျိုး မဟုတ်ဘူးလို့ ဆိုထားပါတယ်။
စိတ်ပိုင်းဖြတ်ထားတဲ့ စစ်တပ်
အန်ထော်နီ ဒေးဗစ်စ် ကတော့ နေပြည်တော်ကို ချုပ်ကိုင်ထားတဲ့ အာဏာသိမ်း စစ်တပ်ဟာ တိုင်းပြည်ရဲ့ ကြမ္မာကို သူတို့ စိတ်တိုင်းကျသာ ဆက်လက် ပဲ့ကိုင် မောင်းနှင်သွားဖို့ စိတ်ပိုင်းဖြတ်ထားနှင့်ပြီး ဖြစ်တယ်လို့ သူ့ရဲ့ ဆောင်းပါးထဲမှာ ရေးပါတယ်။
အခု ကြုံတွေ့ နေရတဲ့ စစ်ရေး အန်တုမှုတွေဟာ အနှစ် ၆၀ အတွင်း အပြင်းထန်ဆုံး ဖြစ်တယ် ဆိုတဲ့ အချက်ကိုတော့ စစ်ခေါင်းဆောင်တွေ သေချာပေါက် မျက်မှောက် ပြုထားကြတာ တွေ့ရတယ်လို့ အန်တော်နီ ဒေးဗစ်စ် က ဆိုပါတယ်။
ဒါ့ကြောင့်လည်း စစ်တပ်က သူတို့ ရင်ဆိုင် နေရတဲ့ အန်တုမှု မှန်သမျှ၊ လူအများရဲ့ ထကြွမှု မှန်သမျှကို အဆုံးစွန် ချေဖျက်သွားမယ် ဆိုတဲ့ သူတို့ရဲ့ လမ်းကြောင်းကို အခိုင်အမာ ချမှတ်ထားပြီး၊ အဲဒီလို စစ်ရေးလမ်းမျိုးသာမက ဘယ်လို နိုင်ငံရေး လမ်းမျိုး ဆက်လက် ချမှတ်မလဲ ဆိုတာကိုပါ ပေါ်လွင်အောင် လုပ်ဆောင်နေတယ်လို့ အန်ထော်နီ ဒေးဗစ်စ်က ထောက်ပြပါတယ်။
ဒီအချက်တွေကို ကြည့်ရင် စစ်တပ်ဟာ ဆောက်တည်ရာမဲ့ ဖြစ်နေတာ မဟုတ်ဘဲ သူတို့ အတွင်း အင်မတန် သွေးစည်းညီညွတ်မှု ရှိတယ်၊ စည်းစနစ်တကျ ရှိတယ်ဆိုတာကို ပြနေတယ်လို့ အန်ထော်နီ ဒေးဗစ်စ်က ဆန်းစစ်ပါတယ်။
အခု သီတင်းပတ်တွေမှာ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ ဖိအားတွေဟာ ပိုလို့တောင် တိုးမြင့်လာပါတယ်။ အဲဒါတွေ အပေါ် စစ်တပ်ရဲ့ တုံ့ပြန်မှုကတော့ သူတို့ရဲ့ အပြုအမူတွေကို ကိုယ်ရှိန်သတ်တာမျိုး၊ အပေးယူလမ်းကြောင်း အတွက် လမ်းစဖွင့်တာမျိုးတွေ မဟုတ်ဘူးလို့ အန်ထော်နီ ဒေးဗစ်စ်က ပြောပါတယ်။
နိုင်ငံတကာက ဖိအားပိုပေးလေ မြန်မာ အာဏာသိမ်း စစ်တပ်ဟာ သူတို့ရဲ့ အမှတ် သင်္ကတလည်းဖြစ်၊ အခြေခံ အတွေးအမြင်လို့လည်း ပြောနိုင်တဲ့ နိုင်ငံခြားသားမုန်း ရောဂါ ပိုဆိုးရွားလာပြီး ဒေါသတွေ ပိုထွက်၊ ပိုရန်လိုလာတော့တာပဲလို့ အန်ထော်နီ ဒေးဗစ်စ်က ဆိုပါတယ်။
စစ်တပ်ရဲ့ ရန်လိုပုံတွေကို စစ်မျက်နှာတွေမှာ အထင်းသား တွေ့ရတယ်လို့ အန်ထော်နီ ဒေးဗစ်စ် က ထောက်ပြပြီး ပုံမှန်ဆိုရင် မုတ်သုံရာသီ စစ်ဆင်ရေး လျော့သွားလေ့ရှိတဲ့ မေကနေ အောက်တိုဘာကြား မိုးတွင်းကာလတွေမှာကို စစ်တပ်ဟာ စစ်ဆင်ရေးတွေ တိုးမြှင့် လုပ်ကိုင်နေတယ်လို့လည်း အန်ထော်နီ ဒေးဗစ်စ်က သူ့ ဆောင်းပါးထဲမှာ ရေးထားပါတယ်။
စစ်ရေး အခိုင်အမာ တည်ဆောက်ထား
အခုနှစ်ထဲမှာ မုတ်သုံမိုးတွေ ပိုသည်းထန်နေပေမယ့် စစ်တပ်ရဲ့ မြေပြင် စစ်ဆင်ရေး လျော့မသွားသလို၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုပြီး ပြင်းထန်ခဲ့တယ်လို့ အန်ထော်နီ ဒေးဗစ်စ်က ဆိုပါတယ်။
တစ်ဖက်အဖွဲ့အစည်း တပ်တွေရဲ့အနီးမှာ ကိုယ့်ရဲ့ တပ်ဖွဲ့ နီးနီးကပ်ကပ် ရှိနေချိန် လုပ်ဆောင်ရတဲ့ close air support CAS လို့ ခေါ်တဲ့ လေကြောင်းပစ်ကူပေးတဲ့ စစ်ဆင်ရေးတွေကို အာဏာသိမ်း စစ်တပ်ရဲ့ ရုရှားလုပ် စစ်ရဟတ်ယာဥ်တွေ၊ တိုက်လေယာဥ်တွေက အခုလတွေမှာ တောက်လျှောက် လုပ်ဆောင် နေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ရခက်တဲ့ မကွေး၊ စစ်ကိုင်း တခွင် ဒေသခံ ကာကွယ်ရေး ပျောက်ကြားတွေ ထိန်းချုပ်ထားတဲ့ နယ်တွေထဲ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေ ခြံရံထားတဲ့ Mi 17 ပို့ဆောင်ရေး ရဟတ်ယာဥ်တွေသုံးပြီး စစ်သားတွေကို ချပေးနေခဲ့တယ်လို့လည်း အန်ထော်နီ ဒေးဗစ်စ်က ဆိုပါတယ်။
လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေ အပေါ် စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ အာဏာသိမ်း စစ်တပ်ဘက်က ဘယ်လောက် အခိုင်အမာ တည်ဆောက်ထားသလဲ၊ စနစ်တကျ ပြင်ဆင်ထားသလဲ ဆိုတာကို ဒေသခံ ပြည်သူ့စစ် အဖွဲ့တွေကို အဆင့်တိုးမြှင့် ဖွဲ့စည်း ထားရှိလာတဲ့ အကြောင်းကိုလည်း အန်ထော်နီ ဒေးဗစ်စ်က သူ့ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။
အရင်က ရပ်ရွာတွေထဲ ပျူစောထီး ဆိုပြီး အခေါ်များ အသိများတဲ့ ပြည်သူ့ စစ်အသွင် လက်နက် တပ်ဆင် ပေးထားသူတွေကို ပြည်သူ့ လုံခြုံရေး အဖွဲ့ PST - Peoples Security Team ဆိုတဲ့ ခေါင်းစဥ်အောက် အခု ပိုပြီး စနစ်တကျနဲ့ ထူထောင် ထားရှိလာတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ အခိုင်အမာ အရန်အင်အားတွေဖြစ်တဲ့ စစ်မှုထမ်းဟောင်း အဖွဲ့က သူတွေ၊ မီးသတ်တွေ၊ ဘာသာရေး သဘောထားတင်းမာတဲ့ အဖွဲ့ကသူတွေ၊ စစ်တပ်အားပေး နိုင်ငံရေးပါတီက သူတွေ အားလုံးထဲကနေ လူအင်အားရယူပြီး အဲဒီ PST အဖွဲ့တွေ ထူထောင်ထားတာ ဖြစ်တယ်လို့ အန်ထော်နီ ဒေးဗစ်စ် ရဲ့ ဆောင်းပါးထဲ ရေးသားထားပါတယ်။
အဲဒီ PST အဖွဲ့တွေ အနေနဲ့ စစ်နဲ့ ရဲ တပ်ရင်း တပ်ဖွဲ့တွေ စစ်ရှိန် ဆထက်တပိုး တိုးမြှင့် လာနိုင်လောက်အောင် တကယ့်ကို ထိထိရောက်ရောက် အထောက်အပံ့ ဖြစ်လာစေမလား ဆိုတာကတော့ တပ်အပ် မပြောနိုင်သေးဘူးလို့ အန်ထော်နီ ဒေးဗစ်စ်က ဆိုပါတယ်။
စစ်တပ်ရဲ့ အားနည်းချက်
စစ်တပ်တွေ့ကြုံနေရတဲ့ စစ်ရေး အရ ဖိစီးခံရမှုတွေ၊ အကျဥ်းအကျပ်တွေ ပမာဏကြီးကြီးမားမား ရှိနေတာကို အန်ထော်နီ ဒေးဗစ်စ် သဘောတူပါတယ်။
စစ်တပ်ရဲ့ အကျအရှုံး ဘယ်လောက်များပြား နေတယ်၊ တစ်နေ့တစ်နေ့ ဘယ်လောက် သေဆုံးနေတယ် ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေး သဘော အတည်မပြု နိုင်တဲ့ ကိန်းဂဏန်းတွေကို အသာထားဦး၊ ပေါ်ပေါက်နေတဲ့ စစ်ရေး အရှိန် ပြင်းထန်မှုတွေကနေ အထိအခိုက် အကျဆုံး နည်းမှာ မဟုတ်ကြောင်း အန်ထော်နီ ဒေးဗစ်စ်က ပြောပါတယ်။
တစ်ခါ၊ စစ်တပ်မှာ လူသစ် စုဆောင်းနိုင်မှု အင်မတန် ကျဆင်းသွားကြောင်း ဖော်ပြနေတဲ့ ပေါက်ကြားလာတဲ့ တရားဝင် စာရွက်စာတမ်း စာရင်းဇယားတွေ ရှိနေတယ်လို့ အန်ထော်နီ ဒေးဗစ်စ်က ဆိုပါတယ်။ စစ်ဆင်ရေးတွေမှာ အခရာလို့ ပြောနိုင်တဲ့ လက်တွေ့ ဦးဆောင် တိုက်ရတဲ့ အရာရှိငယ်တွေ၊ ပြန်တမ်းဝင်မဟုတ်တဲ့ အရာခံတွေ၊ အကြပ်တွေရဲ့ အရေအတွက်ဟာလည်း အတော်လေး ချိနဲ့နေတယ်လို့ ဆိုပါတယ်။
ဒီအချိန်မှာပဲ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာလည်း အရင် ဆယ်စုနှစ် အဆက်ဆက်တုန်းကလို နယ်စပ်ဒေသတွေ၊ လူမျိုးစု တိုင်းရင်းသား နယ်မြေတွေမှာပဲ စစ်ဆင် နေရတာ မဟုတ်ဘဲ မြန်မာနိုင်ငံ တလွှား ဖြန့်ကျက် ထားရတာ ဖြစ်ပါတယ်။
စစ်တပ်မှာ ဒီလို အခြေအနေမျိုးတွေ၊ အားနည်းချက်တွေ ရှိနေတဲ့ အပေါ် လက်နက်ကိုင် တော်လှန်နေတဲ့ အင်အားစုတွေဘက်က ဘယ်လောက် အသုံးချနိုင်မလဲ၊ အောင်မြင်မှုတွေ တည်ဆောက် ရယူ နိုင်မလဲ ဆိုတာကတော့ အတော်လေးကို မပေါ်လွင်သေးဘူး၊ ပြောလို့ မရသေးဘူး ဆိုပြီး အန်ထော်နီ ဒေးဗစ်စ်က သုံးသပ်ပါတယ်။
အနည်းဆုံး ရှေ့လာမယ့် တစ်နှစ် အထိတော့ မြန်မာပြည်ထဲ ပြည်တွင်းစစ်ဟာ ဆက်ပြီး အရှိန်နဲ့ တောက်လောင် နေဦးမှာ ဖြစ်ပြီး အရှုံးအနိုင်ဆိုတာကလည်း အခု အနေအထား အတိုင်းပဲ မပြတ်သားဘဲ ရှိနေလိမ့်ဦးမယ်လို့ အန်ထော်နီ ဒေးဗစ်စ်က ဆန်းစစ်ထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အာဏာသိမ်း စစ်တပ်လိုမျိုး ခိုင်မာညီညွတ်တဲ့ တစ်ခုတည်းသော အမိန့်ပေး ယန္တရားနဲ့ နည်းဗျူဟာ မဟာဗျူဟာ ချမှတ်ထား နိုင်ခြင်း မရှိဘူးလို့လည်း အန်ထော်နီ ဒေးဗစ်စ်က ဆိုပါတယ်။
အဲဒီလို တစ်ခုတည်းသော အမိန့်ပေး ယန္တရားနဲ့ ချမှတ်ထားတဲ့ ဗျူဟာကို အကောင်အထည် ဖော်ဆောင်တဲ့ အခါမှာလည်း အာဏာသိမ်း စစ်တပ်ရဲ့ တပ်ရင်း တပ်ဖွဲ့တွေဟာ ကိုယ်ပိုင် ဆင်ခြင် တွေးခေါ်စဥ်းစားမှု ဆိုတာတွေကို သုံးတာမျိုး မဟုတ်ဘဲ တိုက်ဆိုတဲ့ အရာကို တိုက်ဖို့ပဲ သိတဲ့ အလေ့အကျင့်နဲ့ စစ်ပွဲတွေကို ဆင်နွှဲတာ ဖြစ်တယ်လို့ အန်ထော်နီ ဒေးဗစ်စ်0က ဆိုပါတယ်။
နေရာအနှံ့ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်တပ်
ရခိုင်မှာ အေအေနဲ့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ပေါ်ပေါက် နေချိန်မှာပဲ စစ်ကောင်စီတပ်တွေ အနေနဲ့ ကရင်ထဲက တချို့ နေရာတွေလည်း ကေအဲန်ယူ၊ ပီဒီအက်ဖ် တပ်ဖွဲ့တွေနဲ့ကြား တိုက်ပွဲတွေ ဩဂုတ်လ နှောင်းပိုင်း ရက်တွေမှာ တိုက်ပွဲတွေ နေ့စဥ် ရက်ဆက် ရှိနေပါတယ်။
ရခိုင်မှာ ပြန်လည် ပေါ်ပေါက် နေတဲ့ တိုက်ပွဲတွေရဲ့ အခြေအနေကို ကြည့်ရင် ဩဂုတ်လကုန်ပိုင်း ထိတွေ့ ပစ်ခတ်မှုတွေ ပေါ်ပေါက် နေတဲ့ နေရာဟာ မေယုမြစ် အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ရသေ့တောင် မြို့နယ်ထဲမှာ ဖြစ်ပါတယ်။
ရသေ့တောင်မြို့ မြောက်ဘက် ၁၀ မိုင် ဝန်းကျင် အကွာ စစ်ကောင်စီ တပ်စခန်း ရှိတဲ့ မညှင်းတောင်ရွာအနီး ပစ်ခတ်တိုက်ခိုက်မှုတွေ ပေါ်ပေါက် နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေရာဟာ ပြီးခဲ့တဲ့ ၂ နှစ် ကျော် တုန်းကလည်း အေအေနဲ့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ အခု လက်ရှိ အခြေအနေကို ကြည့်ရင် အေအေတပ်ဖွဲ့တွေဟာ ကုန်းတွင်းပိုင်း နေရာတွေကို ဖြန့်ကြက်ထားတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိတယ် ဆိုပြီး ဒေသခံတွေက ပြောပါတယ်။
တခါ၊ ကရင်ထဲက တိုက်ပွဲတွေကို ကြည့်ရင်လည်း မြဝတီ-ဝေါလေ ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကော်ဘရာစစ်ကြောင်းတို့ကြား တိုက်ပွဲတွေဟာ ဩဂုတ်လကုန်ရက် ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့ အထိ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
စစ်ကောင်စီ တပ်တွေနဲ့ကြား မြဝတီ-ဝေါလေ လမ်းပိုင်းတလျှောက်မှာ ဩဂုတ်လ နောက်ဆုံး သီတင်းပတ်ထဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း အဲဒီ မြဝတီ ဝန်းကျင် အပါအဝင် ကော့ကရိတ်၊ ဖာပွန်၊ သံတောင်၊ ကြာအင်းဆိပ်ကြီး စတဲ့ မြို့နယ်တွေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ နေ့စဥ်နီးပါး ဖြစ်ပွားနေပါတယ်။
အထက်မှာ ပြောခဲ့သလို ရခိုင်နဲ့ ကရင်ထဲက တိုက်ပွဲတွေ အပြင် မကွေး၊ စစ်ကိုင်း တခွင်မှာလည်း စစ်ကောင်စီတပ်တွေဟာ ပီဒီအက်ဖ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပေါ် ပစ်မှတ်တွေ တိုက်ခိုက် ခံရမှုတွေကလည်း လျော့ကျ သွားတာမျိုး မရှိဘဲ စစ်ကောင်စီ သစ္စာခံလို့ ယူဆတဲ့ လူနဲ့ နေရာတွေ အပေါ် ပစ်မှတ်ထား သတ်ဖြတ် တိုက်ခိုက်မှုတွေဟာ နေ့စဥ် ပေါ်ပေါက်နေပါတယ်။
နိုင်ငံတကာ မျက်နှာစာမှာလည်း သံတမန်ရေး ဖိအားတွေနဲ့ ပိတ်ဆို့ အရေးယူမှုတွေ မကြုံစဖူး ပမာဏမျိုးနဲ့ တွေ့ကြုံနေရချိန်၊ ရင်ဆိုင်နေရတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ပေါ်ပေါက်ရာ နယ်မြေတွေဟာလည်း အရင် ဆယ်စုနှစ် အဆက်ဆက်ကလို လူမျိုးစု တိုင်းရင်းသားနယ်မြေတွေ၊ နယ်စပ်ဒေသတွေမှာ မဟုတ်ဘဲ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး၊ စစ်ကိုင်းလို နေရာတွေမှာပဲ စစ်ရေးနဲ့ တုံ့ပြန်မှုတွေကို အာဏာသိမ်း စစ်တပ် တွေ့ကြုံ နေရတာ ဖြစ်ပါတယ်။
ဇူလိုင်လ တတိယပတ်ထဲမှာတော့ ပြည်တွင်းပြည်ပ တုန်လှုပ်ခြောက်ခြား သွားစေတဲ့ ဖြစ်ရပ် ပေါ်ပေါက်လာပါတယ်။ သေဒဏ်ချထားတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို တကယ်ကို ကွပ်မျက်ပစ်လိုက်ပြီ ဆိုတဲ့ အကြောင်း ပေါ်ပေါက်လာပြီး နိုင်ငံတကာရဲ့ အပြင်းအထန် ပြစ်တင် ရှုတ်ချမှုတွေ ထွက်လာပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ အဲဒီ ကျူးလွန်မှုဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်း ဆိုတာမျိုး ဘယ်လိုမှ သွားလို့ မရနိုင်အောင်ထိ အလွန်အကျွံပြုမူခဲ့မှု၊ နောက်ပြန်လှည့်မရတဲ့ အမှားအယွင်း အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရပါတယ်။