စစ်ကောင်စီကြိုးပမ်းလာတဲ့ ရဲတပ်သားသစ် စုဆောင်းမှု

ရေးသားခဲ့သည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဟာ ရန်ကုန်မြို့လယ်က ကားနဲ့လာရင် တစ်နာရီလောက်သာမောင်းရတဲ့ နေရာဖြစ်ပါတယ်။

အဲဒီ နေရာမှာရှိတဲ့ ရဲစခန်းအချို့ဟာ မြို့ပြပြောက်ကျားတွေ မကြာခဏတိုက်ခိုက်ခံရလို့ ပုံမှန်မလည်ပတ်နိုင်ဖြစ်နေတာကြာပြီလို့ ဒဂုံမြို့သစ် ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ရဲစခန်းတွေမှာ ဘန်ကာတွေ သဲအိတ်တွေနဲ့ ကာထားပြီးတော့ အမှတ် ၄၉ ရပ်ကွက် ထားဝယ်ချောင် နယ်မြေရဲစခန်းဆိုရင် ရဲစခန်းအဝင်လမ်းကိုတောင် ပိတ်ထားတယ်လို့ ဒဂုံမြို့သစ် ၄၉ ရပ်ကွက်နေထိုင်သူတွေက ပြောပါတယ်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ၄၅ ရပ်ကွက်အနီးမှာ ရှိတဲ့ ဒဂုံမြို့သစ် ရဲစခန်းဆိုရင် စခန်းရှေ့ ကျန်စစ်သားလမ်း အဝင်အထွက်ကို သံစည်းကြိုးတွေ တိုင်ကီတွေနဲ့ နှစ်ဖက်ပိတ်ထားပြီးတော့ ရဲစခန်းကိုလာရင် စစ်ဆေးမေးမြန်းတာတွေ လုပ်ပြီးမှ ဝင်လို့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဂုံမြို့သစ်က ရဲစခန်းတွေအပါအဝင်နိုင်ငံအနှံ့က ရဲစခန်းအချို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မြို့ပြပြောက်ကျားတွေ PDFတွေ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရတဲ့နေရာတွေ ဖြစ်လာခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နေပြည်တော်မှာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့လို့ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ဖြစ်စဥ်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ကျည်အစစ်နဲ့ စတင်ပစ်ခတ်ခဲ့တာ ကြောင့် ဆန္ဒပြသူတစ်ဦး ပထမဆုံး စတင်သေဆုံးခဲ့တာလို့ စစ်ကောင်စီဆန့်ကျင်သူတွေက ယူဆမှုရှိပါတယ်။

ရန်ကုန်မြို့က စစ်အာဏာသိမ်းဆန့်ကျင်မှု လှုပ်ရှားသူတွေကို‌ ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပါဝင်လေ့ရှိပြီး ရဲတပ်ဖွဲ့ဝင်တွေ ရဲကားတွေကို မကြာခဏတိုက်ခိုက်ခံရမှုတွေ ရှိသလို သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ၇က်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့၊ လမ်းဆုံတောင်ဘက်အထွက် ၊ ကျွဲဆွဲကျောင်းတောင်ဘက် ဆိုင်ဘုတ်အနီး မုံရွာ-တန့်ဆည်-ကလေးဝ ကားလမ်း စုပေါင်းစစ်ဆေးရေးဂိတ်နားမှာ အဲ့ဒီနေ့ မနက် ၆ နာရီဝန်းကျင်က လှည့်ကင်းကား ၁ စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ ရဲတွေ သေဆုံးပြီး သေနတ်ပျောက်ဆုံးတာ ဖြစ်ပွားခဲ့တယ်လို့ တန့်ဆည်ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ပြည်ထဲရေးဝန်ကြီးဌာနက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၄၆ ရုံးအတွက် ရဲအင်အား ၇၀၀၀ကျော် တိုးချဲ့ဖွဲ့စည်းခွင့်ပြုပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေတွေကြောင့် ရဲတပ်ဖွဲ့ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်လိုသူတွေ ရှိပါ့မလားဆိုတာကလည်း တွေးစရာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအရ ရဲအရာရှိ ငါးထောင်ကျော်နဲ့ ရဲအမှုထမ်း တစ်သိန်းခုနှစ်သောင်းကျော် ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ ဖွဲ့စည်းပုံကိုမှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၄၆ ရုံးအတွက် အရာရှိနဲ့ ရဲအင်အား စုစုပေါင်း ၇၀၀၀ကျော် တိုးချဲ့ ဖွဲ့စည်းခွင့်ပြုလိုက်တဲ့အကြောင်း မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဖွဲ့စည်းပုံအရ အင်အား တစ်သိန်းရှစ်သောင်းကျော်အထိ ရှိနေပါတယ်။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ ရဲတပ်ဖွဲ့ဟာ ဖွဲ့စည်းပုံအပြည့်အတိုင်းတောင် မခန့်ထားနိုင်ဘူးလို့ ရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ အရာရှိတွေနေရာကို အရင်ကတော့ စစ်တပ်ဘက်က အရာရှိတွေနဲ့ ခန့်လေ့ရှိတာကြောင့် စစ်တပ်ဘက်ကလည်း ရဲတပ်ဖွဲ့ဘက်ကို ပြောင်းလာနိုင်ခြေရှိကြောင်းလည်း အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ရဲတပ်ဖွဲ့ဥပဒေကိုပါ ပြင်ဆင်ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်နေတာတောင်မှ ရဲချုပ် ကို ခန့်ရင် တပ်ချုပ်ရဲ့သဘောတူညီချက်ရမှ ခန့်အပ်ရမယ်လို့ ပြောင်းလဲခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရဲတွေဟာ စစ်တပ်နဲ့အတူ PDF နဲ့ မြို့ပြပြောက်ကျားတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့အတွက် ရဲတပ်ဖွဲ့ထဲဝင်ချင်တဲ့ သူရှားလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

"ဝင်တဲ့သူတော့နည်းလိမ့်မယ် ဒါပေမဲ့ နည်းမျိုးစုံသုံးပြီး သူတို့က ဝင်လို့ရအောင်လုပ်မှပဲ"လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေနည်းတူ အသက် ၆၂ နှစ်ပြည့်မှ သက်ပြည့်ပင်စင်ယူရမယ့်အကြောင်း ဥပဒေ ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း အရင်က တပ်မတော်သားတွေပဲ ခံစားခွင့်ရှိတဲ့ ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့် တာဝန်စားရိတ်ကို ယခုလကစလို့ ခံစားခွင့်ပြု့ခဲပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဌာနချုပ်၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့၊တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့တွေအပြင် သီးခြားလုပ်ငန်းတာဝန်ဆောင်ရွက်ရန် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့အမျိုးအစား(၁၆)ခုအထိ ရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အေအေရဲ့ အုပ်ချုပ်မှု ယန္တရားက အသက်ဝင်နေပြီး စစ်ကောင်စီ ရဲစခန်းတွေနဲ့ တရားရုံးတွေကို သွားတဲ့သူ မရှိသလောက်ဘဲလို့ ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။

"အေအေရဲ့ ရဲတပ်ဖွဲ့က မြို့ပေါ်မှာပဲ မရှိတာ ကျေးရွာတွေမှာ တိုင်လိုက်ရင်ချက်ခြင်းရောက်လာတယ် အမှုတွေ အမြန်ဆုံးဖြတ်တယ် ရဲစခန်းကမြို့ပေါ်လောက်ပဲ ရှိတော့တာ"လို့ ရသေ့တောင်မြို့ခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ရခိုင်မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏဖမ်ဆီးခံရမှုတွေလည်း ပုဏ္ဏားကျွန်း စစ်တွေ ပေါက်တော မြောက်ဦးမြို့နယ်တွေမှာဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေဟာ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မြို့နယ်တချို့မှာတော့ လည်ပတ်မှုအချို့ရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၉ ရပ်ကွက် ထားဝယ်ချောင်ရဲစခန်းဟာ မကြာခဏတိုက်ခိုက်ခံရသလို အထဲမှာ ရဲတပ်ဖွဲ့ဝင်တွေရှိနေတယ်ဆိုတာကို မသိနိုင်တဲ့ အခြေအနေလို့ ‌ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိ ရဲတပ်ဖွဲ့စခန်းတွေမှာနေတဲ့ သူတွေတောင် အပြင်ကို သတိနဲ့ သွားလာနေရပြီးတော့ အချို့ပစ်ခတ်ခံရတွေရှိနေတော့ ရဲတပ်သား အသစ်တွေ အသက်စွန့်ပြီး ဝင်လာဖို့ကတော့ ရှိတော့ရှိမယ် နည်းလိမ့်မယ်လို့ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။