ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရဲချုပ်ခန့်အပ်မှုမှာ တပ်ချုပ် ဘာကြောင့် ပါလာရသလဲ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် မတ် လ ၂၅ ရက်မှာ လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်ပါတယ်။
ဒီဥပဒေထဲမှာ သမ္မတဟာ ရဲချုပ်ကို ခန့်အပ်ရင်ပဲဖြစ်ဖြစ်၊ ထုတ်ပယ်ရင်ပဲဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ညှိနှိုင်းရမယ် ဆိုတဲ့အချက်ကို ထည့်သွင်းလာပါတယ်။
ဒါဟာ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို ခန့်ဖို့ သမ္မတက တပ်ချုပ်ဆီက အမည်စာရင်းတောင်းရတဲ့ အခြေအနေနဲ့ဆင်တူနေတာလည်း ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်'' လို့ ပြဋ္ဌာန်းထားတဲ့ကြား ရဲချုပ်ခန့်အပ်မှုမှာ တပ်ချုပ်က ဘာကြောင့် ပါဝင်လာရတာပါလဲ။
ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု နဲ့ ဆက်နွယ်နေတဲ့အကြောင်း ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဖုန်းမကိုင်တော့တဲ့ ရဲချုပ်
NLD အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ရဲချုပ် အောင်ဝင်းဦး ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့သူ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ကို ပြည်ထဲရေးဝန်ကြီးနေရာကနေ ဖယ်ရှားလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အစားထိုးခဲ့ပါတယ်။
အာဏာသိမ်းဖို့ရက်ပိုင်းအလိုမှာ လွှတ်တော်တက်မယ့် အမတ်တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့ နေပြည်တော်မှာ ရဲတပ်ဖွဲ့လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။
ဒါကို အမတ်တွေနေထိုင်တဲ့ စည်ပင်ဧည့်ရိပ်သာနဲ့ လွှတ်တော်မှာ လုံခြုံရေးယူထားမှုမှာ မြင်သာစေပါတယ်။
ဒါပေမဲ့လည်း တပ်နဲ့ ရဲ ကြား သေနတ် တစ်ချက်မဖောက်ဖြစ်ခဲ့ဘဲ အာဏာသိမ်းနိုင်ခဲ့ပေမယ့် ရဲချုပ်လည်း ဖယ်ရှားခံခဲ့ရပါတယ်။
''အဲ့ဒီညက ပြည်ထဲရေးဝန်ကြီး ဖုန်းဆက်တာ ရဲချုပ်က ဖုန်းလုံးဝမကိုင်တော့ဘူး'' လို့ ဘီဘီစီရဲ့ တပ်တွင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၂ရက်မှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ကို ပြည်ထဲရေးဒုဝန်ကြီးခန့်ပြီး ရဲချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်စေခဲ့ပါတယ်။
''ဒီဥပဒေကလည်း ရဲချုပ်ရာထူးအတွက် အဓိကပါပဲ'' လို့ အထက်ပါအရင်းအမြစ်က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေမှာ သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းပြီးမှ ရဲချုပ်ကို ခန့်အပ်တာ၊ပြောင်းရွှေ့တာ၊အငြိမ်းစားပေးတာ၊ထုတ်ပယ်တာ မျိုးလုပ်နိုင်တယ်လို့ ပါဝင်ပါတယ်။
ပြည်ထဲရေးဝန်ကြီးကတော့ ဒုရဲချုပ်တွေကို ခန့်နိုင်မှာဖြစ်ပြီး သမ္မတ၊တပ်ချုပ်တို့နဲ့ ညှိနှိုင်းရမယ်ဆိုတာမျိုး ရေးထားတာမတွေ့ရပါဘူး။
ဒါ့အပြင် အစိုးရအဖွဲ့ဟာ ရဲတပ်ဖွဲ့ကို လိုအပ်လို့ ပြင်ဆင်ဖွဲ့စည်းချင်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားကိုရယူရမယ်လို့လည်း ဒီဥပဒေသစ်မှာ ပါဝင်လာပါတယ်။
ရဲချုပ်ဘယ်လိုခန့်ခဲ့သလဲ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရခေတ်မှာ ပြည်သူတွေ မှတ်မှတ်ထင်ထင်ရှိနေခဲ့ကြတဲ့ ရဲချုပ်က ဗိုလ်မှူးချုပ်ခင်ရီ ပဲဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးလည်း ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေ ပုဒ်မ ၂၀၈ အရ ရဲချုပ်ကို ခန့်အပ်ပါတယ်။ ရဲချုပ်ဇော်ဝင်း ခန့်အပ်မှုမှာ ဒီပုဒ်မကို အသုံးပြုခဲ့တာပါ။
သမ္မတဦးထင်ကျော်လက်ထက်မှာ ရဲချုပ် အောင်ဝင်းဦးကို အလားတူခန့်အပ်ခဲ့တာပါ။
အခုတော့ ရဲတပ်ဖွဲ့ဥပဒေသစ်ကြောင့် ရဲချုပ်ခန့်ရင် သမ္မတဟာ တပ်ချုပ်နဲ့ ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းကို စစ်ဘက်ကအသွင်ပြောင်းတွေကပဲ နေရာယူထားကြပေမဲ့ NLD အစိုးရလက်ထက်မှာဖြစ်ခဲ့တဲ့အခြေအနေတွေကြောင့် တပ်ချုပ်ကိုယ်တိုင် ပါလာရတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဒီဥပဒေအရ ရဲချုပ်ခန့်အပ်မှုမှာ တပ်ချုပ်ပါလာပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အရင်ကထက် အခွင့်အာဏာတွေ ပိုပေးလာတာ တွေ့ရပါတယ်။
ရဲတပ်ဖွဲ့ကို အခွင့်အာဏာတွေပိုပေးထား
ဒီဥပဒေအရ စခန်းမှူးနဲ့အထက် ရဲအရာရှိတစ်ဦးဟာ လုံလောက်တဲ့အကြောင်းပြချက်နဲ့ နေအိမ်နဲ့အဆောက်အအုံတစ်ခုခုထဲ ဝင်ရောက်ရှာဖွေနိုင်တယ်ပါတယ်။
ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ပေးထားပြီး လမ်းပိတ်ဆို့မှုကစလို့ ကိုယ့်အိမ်ထဲ သံပုံးတီးတာမျိုးလို ကိစ္စတွေကိုပါ ဝရမ်းမပါဘဲ ဖမ်းခွင့် ဒီဥပဒေမှာပေးထားတာပါ။
'' ဒီဥပဒေမှာ လုံခြုံရေးအကြောင်းပြချက်အရ ဝရမ်းမလိုတေ့ာဘဲ ရဲကဖမ်းနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်ပေးထားတာ တွေ့ရပါတယ်'' လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် အစိုးရ အဆောက်အအုံတွေအပါအဝင် စျေး၊ စုပေါင်းအိမ်ရာ၊ ဟိုတယ်နဲ့ စက်ရုံအလုပ်ရုံ တွေဆောက်ရင် အဆောက်အအုံ ပုံစံနဲ့ ဖွဲ့စည်းပုံကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ပေးရမယ်လို့ ပါရှိပြီး ဒီအချက်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။
ဒီအလုပ်ဟာ အရင်က စည်ပင်သာယာရဲ့လုပ်ငန်းတာဝန်သာ ဖြစ်ပါတယ်။
''သဘောကတော့ အဆောက်အအုံတစ်ခုကို ဝင်စီးချင်ရင် လွယ်ကူအောင်လို့ ဒီအချက်ကို ထည့်ထားတာ'' လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကတော့ ဖိနှိပ်ဖမ်းဆီးမှုတွေပိုလုပ်လို့ရအောင် ရဲတပ်ဖွဲ့ကို အခုလို အခွင့်အာဏာတွေ ပိုပေးလိုက်တာလို့ ပြောဆိုနေကြတာပါ။
''ဘာဥပဒေပဲ ထုတ်ထုတ် အခုချိန်မှာ တပ်နဲ့ရဲ ရဲ့ ပုံရိပ်ကောင်းပြန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး'' လို့ အာဏာသိမ်းမှုကို ဆန့်ကျင်သူ လူငယ်တစ်ဦးက ပြောပါတယ်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ခေတ်မီလာအောင်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာအောင် ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ သင်တန်းတွေပေးခဲ့ပြီး NLD အစိုးရလက်ထက်မှာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် သင်တန်းအစီအစဥ်တွေကို အီးယူက ရပ်ဆိုင်းခဲ့ပါတယ်။
ထောင်ဒဏ်တွေ
ဒီဥပဒေထဲမှာ မှုခင်းကျဆင်းရေးအတွက် ရည်ရွယ်တဲ့ပုဒ်မတွေပါသလို အာဏာသိမ်းမှုကို လက်ရှိ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ဖမ်းဆီးထောင်ချနိုင်တဲ့ ပုဒ်မတွေလည်း ပါဝင်နေပါတယ်။
ဥပမာ ပုဒ်မ ၆၀(စ) မှာ အဆောက်အအုံ အတွင်းကဖြစ်စေ အပြင်ကဖြစ်စေ၊ အသံနဲ့ဖြစ်စေ ပြုလုပ်မှုတစ်ခုခုနဲ့ဖြစ်စေ အများပြည်သူ စိတ်ငြိုငြင်အောင်လုပ်ရင် ဝရမ်းမပါဘဲ ဖမ်းနိုင်ပြီး ထောင် ၃ လအထိ ချလို့ရပါတယ်။
ဒီပုဒ်မဟာ သံပုံးတီးတာကို အရေးယူနိုင်ဖို့ ရည်ရွယ်တာလို့ ဥပဒေလေ့လာသူတွေက သဘောပေါက်ကြပါတယ်။
ဒါ့အပြင် ရဲကမသင်္ကာလို့ မေးရင် ဖြေရမှာဖြစ်ပြီး ခိုင်ခိုင်လုံလုံမဖြေရင် ထောင်ခြောက်လအထိ ချလို့ရတဲ့ ပုဒ်မမျိုးလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။
ဒီဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၂ နှစ်ဖြစ်ပြီး ဝတ္တရားနှောင့်ယှက်မှု ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေသစ်ဟာ ရဲတွေကို အခွင့်အာဏာတွေ ကျယ်ကျယ်ပြန့်ပြန့် ပေးလိုက်တာဖြစ်လို့ မှန်ကန်စွာအသုံးချရင် တရားဥပဒေစိုးမိုးရေးအပိုင်းမှာ ဖိဖိစီးစီးဖြစ်သွားမယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
''ဒီလိုမှ မဟုတ်ဘဲ ဥပဒေကပေးတဲ့ အခွင့်အရေးတွေမှာ အလွဲသုံးခဲ့မယ်ဆိုရင် လက်လွန်ခြေလွန်လုပ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်ကို တွန်းပို့သလိုဖြစ်သွားမယ်'' လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။