စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ - ဖေ့ဘွတ်ခ်ကို ကန့်သတ်ဖို့ လုပ်မယ်ဆိုတာ အပါအဝင် ထူးခြားချက်များ

no tag
ရေးသားခဲ့သည်။

ဖေ့ဘွတ်ခ်ကို ကန့်သတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီလို ကန့်သတ်နိုင်ရေး နည်းလမ်းတွေ ဆောင်ရွက်ရာမှာ ဖေဘွတ်ခ်ပေါ်မှာ တင်နေတဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေကိုလည်း ကန့်သတ် ထိန်းချုပ်တော့မယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အင်တာနက် လူမှုကွန်ရက် ဖေ့ဘွတ်ခ်ကို အစားထိုးနိုင်မယ့် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေတဲ့အကြောင်းလည်း သူကပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းမှာ အင်တာနက်ဖြတ်တောက်မှုတွေ လုပ်ခဲ့သလို အင်တာနက် ပြန်ဖွင့်ပေးချိန်မှာလည်း မြန်မာလူထုအသုံးများတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေဘွတ်ခ်ကိုပါ စစ်ကောင်စီက ထိန်းချုပ်ဖို့လုပ်ခဲ့ပါတယ်။

မြန်မာပြည်တွင်း ဖေ့ဘွတ်ခ်ဟာ အမျိုးသားရေးစရိုက်လက္ခဏာအပေါ်မှာရော၊ ယဥ်ကျေးမှုအပေါ်မှာရော တော်တော်လေးလွှမ်းမိုးမှုရှိတာ၊ နောက် စံနှုန်းနဲ့ မကိုက်တာတွေကို ပယ်ဖျက်နေတယ်လို့ဆိုပေမဲ့ အမျိုးဘာသာ၊ သာသနာနဲ့ ဆက်နွှယ်တွေတာဆိုရင် ဖယ်ရှားခံနေရတုန်းဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက ဆူပူလှုံ့ဆော်မှုတွေကို အများဆုံးလှုံ့ဆော်နေတာဟာ ဖေ့ဘွတ်ခ်ကဖြစ်တယ်လို့ စစ်ကောင်စီက ပြော

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံက ဆူပူလှုံ့ဆော်မှုတွေကို အများဆုံးလှုံ့ဆော်နေတာဟာ ဖေ့ဘွတ်ခ်ကဖြစ်တယ်လို့ စစ်ကောင်စီက ပြော

ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ် သွားရောက်ယှဥ်ပြိုင်တဲ့အဖွဲ့ ဆုရတဲ့အခါ နိုင်ငံတော်သီချင်းဖွင့်ပြီး ဂုဏ်ပြုခံရတဲ့ရုပ်သံကို တပ်ဘက်ကရော၊ အရပ်ဘက်ကပါ ဖေ့ဘွတ်ခ်ပေါ် တင်တဲ့အခါ ခဏခဏ ဖြုတ်ချခံရတာကို ထောက်ပြပြီး ဖေ့ဘွတ်ခ်ရဲ့ စံနှုန်းတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက မေးခွန်းထုတ်ခဲ့ပါတယ်။

ဖေ့ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေခဲ့ပေမဲ့ VPN ကျော်ပြီး သုံးစွဲနေတာမျိုးကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ဆိုရှယ်ပလက်ဖောင်း အသစ်တစ်ခုကို ဖန်တီးဖို့ လုပ်နေတယ်လို့ ဒီကနေ့ သြဂုတ် ၁၇ ရက်မှာလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖေ့ဘွတ်ခ်မှာ စစ်ကောင်စီ ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး တင်တဲ့ပိုစ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။

ဖေဘွတ်ခ်ကို ထိန်းချုပ်ပြီး လူမှုကွန်ရက်အသစ်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအချို့ ရယ်၊ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဖန်တီးနေပြီလို့ ဆိုပေမယ့် စစ်တပ်ကဖန်တီးနေတဲ့ လူမှုကွန်ရက်အသစ်ကို ဘယ်အချိန်မှာ စတင်အသုံးပြုမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ အတွင်း မြိုင်မြို့နယ် ဒါန်းပင်ကန်မှာ မီးရှို့သတ်ခံခဲ့ရတဲ့ အမျိုးသမီး သူနာပြုတစ်ဦးရဲ့ အလောင်း

ဓာတ်ပုံ ရင်းမြစ်, ရေစကြို‌မြောက်ပိုင်း ဒေသကာကွယ်ရေး

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ဇွန်လ အတွင်း မြိုင်မြို့နယ် ဒါန်းပင်ကန်မှာ မီးရှို့သတ်ခံခဲ့ရတဲ့ အမျိုးသမီး သူနာပြုတစ်ဦးရဲ့ အလောင်း

အာဏာသိမ်းပြီး PDFတွေ သတ်လို့ သေဆုံးသူ သုံးထောင်ကျော်ပြီလို့ဆို

စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်နဲ့ ၆ လကျော် ကာလအတွင်း PDFတွေ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၄၈၃ ဦး ရှိသွားပြီလို့ စစ်ကောင်စီက ပြောပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် ကနေ ၂၀၂၂ ဇူလိုင် ၂၃ ရက်နေ့အထိ သေဆုံးခဲ့သူတွေစာရင်းဖြစ်ပြီး သေဆုံးသူတွေထဲမှာ ၂၆၉၀ ဟာ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ အုပ်ချုပ်ရေးပိုင်းက သေဆုံးခဲ့သူ ၅၇၇ ဦး ရှိပြီး ဒုတိယ အများဆုံးဖြစ်ပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိပေမယ့် ဒီစာရင်းမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

လူ ၃၀၀၀ ကျော်ဒဏ်ရာရခဲ့ပြီး ပစ်ခတ်မိုင်းခွဲခံရမှုပေါင်း ၇၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် နိုင်ငံအနှံ့မှာ သေဆုံးခဲ့သူတွေရှိခဲ့ပြီး ဒီအရေအတွက် စာရင်းကိုတော့ ဖော်ပြတာ မတွေ့ရပါဘူး။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ် သြဂုတ်လမတိုင်ခင် ရွေးကောက်ပွဲ ကျင်းပဖို့ဆိုပြီး ကော်မရှင်အသစ်ဖွဲ့ခဲ့ပြီး ဒီကော်မရှင်ကသမ္မတ အတိုင်ပင်ခံ အပါအဝင် လူ ၂၃၀ ကျော်ကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရားစွဲထား

ဓာတ်ပုံ ရင်းမြစ်, Screen Shot

ဓာတ်ပုံ ပုံစာ, စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ် သြဂုတ်လမတိုင်ခင် ရွေးကောက်ပွဲ ကျင်းပဖို့ဆိုပြီး ကော်မရှင်အသစ်ဖွဲ့ခဲ့ပြီး ဒီကော်မရှင်ကသမ္မတ အတိုင်ပင်ခံ အပါအဝင် လူ ၂၃၀ ကျော်ကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရားစွဲထား

သမ္မတ အတိုင်ပင်ခံ အပါအဝင် လူ ၂၃၀ ကျော်ကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားစွဲထား

သမ္မတနဲ့ အတိုင်ပင်ခံအပါဝင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်သူ ၂၃၀ ကျော်ကို အမှုတွဲပေါင်း ၁၉၅ မှု နဲ့ တရားစွဲထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့ တရားမဲ့ပြုမှုတွေမှာ ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူတွေကို အရေးယူဆောင်ရွက်နေပြီး အဲ့ဒီထဲမှာ ကျူးလွန်သူ ၂၃၉ ယောက်ကို ၁၉၅ မှုနဲ့ တရားစွဲဆိုထားပြီး ဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

အဲ့ဒီအထဲမှာ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ယခင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေ ပါတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

" ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု ကျူးလွန်သူတွေကို အရေးယူပြီး ဒါကို နမူနာယူကာ စနစ်အပါဝင် လိုအပ်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို ပြင်ဆင်သွားမှာ ဖြစ်ပါတယ် "လို့ သူက ပြောပါတယ်။

စစ်တပ်ဘက်က မဲမသမာမှုတွေ၊ ရွေးကောက်ပွဲမသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့ကြတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေဘက်ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲက တရားမျှတပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ တုံ့ပြန်ထားကြပါတယ်။

လက်ရှိမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ အသုံးပြုတယ်ဆိုပြီး စစ်ကောင်စီရဲ့ကော်မရှင်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ အပြီးသတ်လျှောက်လဲချက်ကို လာမယ့်သီတင်းပတ်မှာ တင်ပြရဖို့ရှိပါတယ်။

စွပ်စွဲချက်နဲ့ ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရော သမ္မတကပါ အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး အတိုင်ပင်ခံက မဲစာရင်းများမှန်ကန်ရေး ဖွဲ့စည်းခဲ့တဲ့အဖွဲ့တွေနဲ့ ပတ်သက်လို့ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှု၀င်ကြီးကြပ်ရေး အပါအ၀င် ဌာနစုံကတာ၀န်ရှိသူတွေနဲ့ ပါ၀င်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီသာ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီ ခေါင်းဆောင်နဲ့တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီ ခေါင်းဆောင်နဲ့တွေ့ဆုံ

ကုလ အထူးကိုယ်စားလှယ် မြန်မာခရီးစဥ်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဥ်နဲ့ပတ်သတ်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။

''တွေ့ဆုံမှုကနေ ကောင်းမွန်တဲ့ရလဒ်ရဖို့ မျှော်လင့်ထားတယ်လို့ ကျွန်တော်တို့ ပြောဆိုလိုပါတယ်'' လို့ သူကပြောပါတယ်။

အထူးကိုယ်စားလှယ်ဟာ လက်ရှိ မြန်မာနိုင်ငံအစိုးရနဲ့ တရားဝင် တွေ့ဆုံတာ ဖြစ်ပါတယ်လို့လည်း သူက ထပ်လောင်းပြောသွားပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဥ်ကို စစ်ကောင်စီဘက်က လိုရာစွဲသုံးတာမျိုး မဖြစ်အောင် သတိထားသင့်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရွေးကောက်ပွဲမှာ အားလုံးကို ပီအာလုပ်မှာ မဟုတ်

စစ်ကောင်စီက ကျင်းပမယ့်လာမယ့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် သုံးမယ်လို့ စစ်ကောင်စီက ပြောထားပေမယ့် အားလုံးကို ပီအာ လုပ်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီ‌ ပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်သူအကုန်ယူစနစ်နဲ့ကျင့်သုံးလာတဲ့ ရွေးကောက်ပွဲပုံစံကနေ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမယ့် လွှတ်တော်ရွေးကောက်ပွဲ အမျိုးအစားတွေကို စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူ ဦးခင်မောင်ဦးက ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က အတိအလင်း ထုတ်ပြောခဲ့ပြီးမှာ အခုလို စစ်ကောင်စီက အခုလို ထပ်ပြောခဲ့တာဖြစ်ပါတယ်။

လွှတ်တော် တစ်ရပ် သို့မဟုတ် နှစ်ရပ်ကို ပီအာစနစ် လုပ်မှာဖြစ်ပြီး အားလုံးကိုလုပ်မှာ မဟုတ်ဘူးလို့လည်း စစ်ကောင်စီ ပြောခွင့်ရက ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေဟာ တိုင်းဒေသကြီးအလိုက် အချိုးကျခွဲထားတဲ့ အမျိုးသားလွှတ်တော် ၊ မြို့နယ်အလိုက် အခြေပြုထားတဲ့ ပြည်သူ့လွှတ်တော်၊ တစ်မြို့နယ်ကို ၂ ဦး သတ်မှတ်ထားတဲ့ တိုင်းဒေသကြီးလွှတ်တော်တို့ရှိပြီး ဘယ်လွှတ်တော်မှာ ပီအာစနစ်သုံးမယ်ဆိုတာကို တိတိကျကျ ပြောသွားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသာမှုတွေရှိတယ်ဆိုပြီး အကြောင်းပြကာ စစ်ကောင်စီက အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ မဲဆန္ဒရှင်စာရင်းတွေထဲက မဲမသမာမှုဖြစ်ပွားခဲ့တဲ့ မဲဆန္ဒရှင် အရေအတွက် ၁၁သန်း သုံးသိန်းကျော်အထိ ရှိခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆန္ဒမဲလက်မှတ်တွေကို မြေပြင် ဖွင့်ဖောက် စစ်ဆေးရာ မဲရုံတိုင်းက မဲတွေ လျော့နည်းပျောက်ဆုံးတာ၊ တရားမဝင် အပိုရှိနေတာတွေကို တွေ့ခဲ့ရတယ်လို့ စစ်ကောင်စီက သူတို့ကြေညာချက်ထဲမှာ ထည့်သွင်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်‌နောက်ပိုင်း ရွေးကောက်ပွဲ ၄ ကြိမ် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့တာ နှစ်ကြိမ်ရှိခဲ့ပါတယ်။