မောင်တောမှာ အေအေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့အကြား ဒီကနေ့ ဇူလိုင်လ ၁၈ရက် မနက်ပိုင်းက တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံကျေးရွာသားတွေကတော့ သူတို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပြောဆိုကြပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မောင်တောမြောက်ပိုင်းက မြဝတီနဲ့ တရိန်းကျေးရွာအကြားမှာ ဖြစ်ပွားခဲ့ကြတာပါ။

ရခိုင်ပြည်နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေခဲ့ပြီး ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ ချင်းပြည်နယ် ပလက်ဝနယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ဇူလိုင် ၁၈ရက်နေ့ မနက်ပိုင်းကစတဲ့ မောင်တောတိုက်ပွဲဖြစဥ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကလည်း အချိန်ကြာမြင့်စွာရှိခဲ့တယ်လို့ ဒေသခံကျေးရွာသားတွေက ပြောဆိုကြပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားမှုကြောင့် အဲ့ဒီအနီးဝန်းကျင်မှာရှိတဲ့ကျေးရွာသားတွေဟာ ကျေးရွာစာသင်ကျောင်းတွေနဲ့ သူတို့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး နောက်ထပ်တိုက်ပွဲတွေ ဆက်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ် မြောက်ပိုင်းမှာ လုံခြုံရေးအခြေအနေ ဆိုးနေတဲ့အတွက် အခုလအတွင်း နိုင်ငံတာကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေကို သွားလာခွင့် ယာယီပိတ်ပင်ထားတာတွေလည်း ရှိနေတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်က ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ကားတစ်စီးလည်း မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။

တိုက်ပွဲ အခြေအနေတွေကို နှစ်ဖက်တပ်တွေရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်ဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများစုတို့မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဖက်စစ်ရေး တင်းမာမှုတွေရှိနေကြသလို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုတွေလည်း မြင့်တက်လာနေပါတယ်။

အခုလိုဖမ်းဆီးမှုတွေကြား အရပ်သားတွေဖမ်းဆီးခံနေကြရသလို အများစုကတော့ ပုဒ်မ ၅၀၅ နဲ့အမှုဖွင့် တရားစွဲဆိုခံနေကြရတာလည်းဖြစ်ပါတယ်။

မနေ့ကတော့ ပုဏ္ဏားကျွန်းမြို့နယ်က အုပ်ချုပ်ရေးမှူး ဦးလှရွှေကို အေအေဘက်က ဖမ်းဆီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ အေအေတို့ကြားမှာ အရင်ကတည်းက ထားခဲ့ကြတဲ့ Gentleman Agreement နဲ့သာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကို ရပ်တန့်ထားတာဖြစ်ပြီး အခြားသဘော တူညီမှု တစ်စုံတစ်ရာကိုစာချုပ် စာတမ်းလက်မှတ်ရေးထိုး သဘောတူထားတာ မရှိဘဲ အေအေအနေနဲ့ ရပ်တည်နေတာလို့ သိရပါတယ်။