ပစ်ခတ်မှု ဖမ်းဆီးမှုတွေကြားက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲများ

ရေးသားခဲ့သည်။

သေနတ်များ၊ ဗုံးများ ၊ သတ်ဖြတ်မှု၊ ဒလန်ရှင်းလင်းရေး၊ ရွာလုံးကျွတ်နေအိမ်မီးရှို့မှုနဲ့ သေဒဏ်စတဲ့ စိတ်မချမ်းမြေ့စရာ သတင်းတွေအများစုကို မြင်တွေ့ရတဲ့ မြန်မာ ဆိုရှယ်မီဒီယာလှုမှုကွန်ရက်မှာတော့ ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့ကျရောက်တဲ့ မွေးနေ့မှာ ကျန်းမာချမ်းသာပါစေဆိုတဲ့ ဆုတောင်းစကားတွေ ဒီသတင်းတွေကြားမှာ ခါတိုင်းထက်ကို ထူးထူးခြားခြား တွေ့နေရပါတယ်။

လူတစ်ဦးရဲ့ ပျမ်းမျှ သက်တမ်းတိုဟာ ၆၅နှစ် ခန့်သာရှိတဲ့ မြန်မာနိုင်ငံမှာတော့ အသက်၇၇ နှစ်အရွယ်ဟာ အားလုံးရဲ့ အမေအရွယ်ဖြစ်လို့ သူ့နာမည်ရှေ့မှာ အမေ တပ်ပြီးတော့ ဆုတောင်းမေတ္တာ ပို့သကြတာ တွေ့ရပါတယ်။

ဒီလိုဆုတောင်းတာဟာ သာမန်မွေးနေ့ဆုတောင်းလို့ ထင်ရပေမယ့် မြန်မာနိုင်ငံပြည်တွင်းက ဆိုရှယ်လူမှုကွန်ရက်မှာ သူ့အတွက် ဆုတောင်းစာတင်ရသူတွေဟာ စာတစ်ကြောင်းနဲ့ စစ်ကောင်စီက ဖမ်းဆီးခံရပြီး ဘဝပျက်သွားနိုင်တာမို့ ဘဝနဲ့ ရင်းပြီးပို့သတဲ့ မေတ္တာဆုတောင်းလို့လည်း ဆုတောင်းသူအချို့က ပြောကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံတွင်းက တောရော မြို့ပါမကျန် သူ့ရဲ့ အသက် ၇၇ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲပြုလုပ်တဲ့ အကြောင်း စာတွေ ပုံတွေက ဆိုရှယ်လူမှုကွန်ရက်မှာ ခါတိုင်းထက် သိသိသာသာ ပိုပြီးတွေ့လာရဆဲ ဖြစ်ပါတယ်။

ဒါတွေကတော့ သူတို့အားလုံး အမေစုလို့ ခေါ်ကြတဲ့ ဖမ်းဆီးထိမ်းသိန်းခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသတဲ့ ဆုတောင်းတွေ ဖြစ်ကြပါတယ်။

"အမေ့ အပေါ်ထားတဲ့ မေတ္တာက ဘယ်အရာကမှ တားဆီးလို့ မရဘူး"လို့ ဆိုရှယ်လူမှုကွန်ရက်မှာ ဆုတောင်းစာတင်ခဲ့သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ မန္တလေးမှာ ဇွန်လ ၁၉ ရက်နေ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အမျိုးသမီးအချို့ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်တဲ့ သတင်းအချို့မှာ တွေ့ရပါတယ်။

စစ်ကောင်စီဘက်က တော့ ဇွန်လ ၁၉ ရက်နေ့ ပစ်ခတ်မှု ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒီကနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ်ဖားကန့် မြို့နယ်လုံးခင်းကျေးရွာထဲက မှော်ဘုံ မဒန်ယန်ကျေးရွာမှာတော့ နေ့လယ်ပိုင်း လက်နက်ကြီးနဲ့အပစ်ခံခဲ့ရလို့ လူ ၃ ဦးဒဏ်ရာရခဲတယ်လို့ သိရပါတယ်။

အဖမ်းအဆီးတွေများတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကလမ်းတွေပေါ်ကို တက်ပြီး နေကောင်းကျန်းမာစေဖို့ ဆုတောင်းသပိတ်လုပ်တာ တွေ့ရပါတယ်။

မုံရွာ တစ်ဖက်ကမ်း ဆားလင်းကြီးမှာတော့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက ဆုတောင်းပြီး မွေးနေ့ကိတ်ခွဲခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ဆန့်ကျင်တဲ့ ကရင်၊ ကယား၊ စစ်ကိုင်းနဲ့ ထားဝယ်စတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့စွမ်းအားတပ်ပေါင်းစု၊ ဒေသန္တရ ပြောက်ကျားတပ်ဖွဲ့တွေ၊ ထောက်ပို့တပ်ဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြတာပါ။

မွေးနေ့အထိမ်းအမှတ် ကဗျာရွတ်တာတွေအပြင် စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ကြတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက ကနီ၊ ယင်းမာပင်ဘက်မှာ မွေးနေ့အထိမ်းအမှတ် အဖြစ် အာဏာသိမ်းဆန့်ကျင်ရေးချီတက်ဆန္ဒပြခဲ့ကြသလို ရွှေဘို၊ ဆားလင်းကြီး၊ တမူးဘက်မှာတော့ မွေးနေ့အလှူပြုလုပ်ပေးကြတာကို ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ ဒေသတချို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ဖို့ မွေးနေ့ဆုတောင်းတာတွေကိုလည်း ဖော်ပြထားကြပါတယ်။

ဒီရက်ပိုင်း စစ်ကောင်စီရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း ဒီကနေ့အတွင်း မွေးနေ့အထိမ်းအမှတ် သပိတ်လှုပ်ရှားမှု သုံးနေရာထက်မနည်း လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို မွေးနေ့ကျင်းပနေတဲ့ လုံးခင်းကျေးရွာအုပ်စုထဲက မှော်ဘုံ၊ မဒဲန်ယန်ရွာလမ်းမပေါ်က နေအိမ်တွေပေါ် လက်နက်ကြီးပစ်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေထဲက အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတဲ့အ‌ကြောင်း လိုက်ပါကူညီခဲ့တဲ့ မြင့်မြတ်သူလူမှုကူညီရေးအသင်း၊ တာဝန်ရှိသူတစ်ဦးပြောပါတယ်။

ပြည်တွင်းက မြို့ရွာ အချို့မှာ မွေးနေ့ဆုတောင်းတာတွေရှိခဲ့သလို တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်း သြစတေးလျ၊နယ်သာလန် ယူကေ စတဲ့ ပြည်ပနိုင်ငံတွေမှာပါ မွေးနေ့အထိမ်းအမှတ် ပြုလုပ်နေကြပြီး ပန်းသပိတ် လှုပ်ရှားမှုတွေလည်း ရှိပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်းသူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ မွေးနေ့ဆုတောင်းစာ ဖော်ပြခဲ့ပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ NUG အစိုးရ တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို အွန်လိုင်းကနေတစ်ဆင့် ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဇောင်းပေးပြောကြားခဲ့ပြီး ဒါကြောင့်လည်း ပြည်သူလူထုတွေက သူ့ကို ချစ်ခင်ကြတာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာဖို့ ပြည်သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဘဝခရီးလမ်း ဖြတ်သန်းနိုင်ဖို့နဲ့ ဒီမိုကရေစီ အောင်ပွဲရဖို့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးနေတဲ့ လုပ်ဆောင်မှုတွေကို တန်ဖိုးထား လေးစား ဂုဏ်ပြုတဲ့အကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

မွေးနေ့ရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်ထဲက စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းတာခံထားရပြီး အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ စတဲ့ ကြီးလေးတဲ့ ပုဒ်မတွေနဲ့ အပါအဝင် ပုဒ်မ ၁၉ ခုနဲ့ ရားစွဲဆိုခံ ထားရပြီး ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရကာ အချို့အမှုတွေကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ပါတယ်။